အပိုင်း ၂၈၈
စုန့်ရန်၏ အကြောင်းပြချက် (၁)
ကိုယ့်မိသားစုမှ လူများကို သတ်မည်တဲ့လား…
ဤကဲ့သို့ ထူးခြားသည့် တောင်းဆိုမှုမျိုးကို ဝမ်ရှန်း ကြားဖူးသည်မှာ ယခုပထမဆုံး အကြိမ်ပင်ဖြစ်၏။ သို့သော် သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ ပြီးနောက် စုန့်မိသားစုအပေါ် စုန့်ရန်၏ အတွေးကို ကြားသိလိုက် ရသောအခါ သူ စိတ်သက်သာရာတော့ ရသွားခဲ့ပေသည်။
သူတို့နှင့်အတူ လိုက်မည့် ဤဝိညာဉ်သခင်များသည် စုန့်မိသားစုနှင့် အကြီးအကဲများ၏ ထောက်တိုင်များ ဖြစ်ကြသည်။ သူတို့ကြောင့်သာ ယခုအကြီးအကဲများက ဤကဲ့သို့ အင်အား ကြီးမားနေခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုအကြီးအကဲများသည် ပျောက်ဆုံးသွားသည့် ခေါင်းဆောင်၏ သမီးပေါ် မလုပ်ရဲသည့် အရာမရှိပေ။ သူမ၏ကျင့်စဉ် လမ်းကြောင်းကို ဖောက်ဖျက်ပစ်ရုံ သာမက သူမအသက်ကိုပင် လိုချင်ခဲ့ကြသည်။
စုန့်မိသားစု၏ အကြီးအကဲများဘက်မှ ကြည့်လျှင် အစပိုင်းတွင် စုန့်ရန်သည် ဝန်ထုပ်ဝန်ပိုးတစ်ခု၊ လျင်မြန်စွာ ရှင်းထုတ်သင့်သည့် အမှိုက်တစ်ခုဖြစ်သည်။ နောက်ပိုင်း ဝမ်ရှန်းနှင့် သူမကြားမှ ဆက်ဆံရေး ပေါ်ထွက်လာသည့် အချိန်တွင် သူမသည် တန်ဖိုးရှိ ရတနာတစ်ခု နောက်တစ်ကြိမ် ပြန်ဖြစ်လာခဲ့သည်။
ရလဒ်အနေဖြင့် မိသားစုမှ သူမအား ထောက်ပံ့ပေးခဲ့ကာ နှစ်အနည်းငယ် အတွင်းမှာပင် တတိယအဆင့်မှ ပဥ္စမအဆင့် အထွတ်အထိပ် အဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ဤကဲ့သို့သော အထောက်အပံ့မျိုးကို ကြီးမားသည့် အစိတ်အပိုင်း တစ်ခုအနေဖြင့် မှတ်ယူ၍ ရပေသည်။
စုန့်ရန်ဘက်မှ ကြည့်မည် ဆိုလျှင်လည်း သူမသည် စုန့်မိသားစု ခေါင်းဆောင်၏ သမီး၊ စံအိမ်အတွင်းတွင် ပန်းပွင့် တစ်ပွင့်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။ သို့သော် သူမအဖေ ပျောက်သွားသည့် အတွက်ကြောင့် မိသားစု အကြီးအကဲများက သူမအပေါ် ပြောင်းလဲ သွားခဲ့သည်။ ဤအရာက သူမဘဝ၏ အပြောင်းအလဲ အချိုးအကွေ့ တစ်ခုဟု ပြော၍ရပေသည်။
အကြီးအကဲများသည် စုန့်ရန်အား ရန်သူတစ်ယောက်ဟု မတွေးကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အမြင်တွင် စုန့်ရန်သည် လက်ဝါး တစ်ချက်စာပင် မရှိသောကြောင့်ဖြစ်၏။ သတ်ချင်လျှင် သတ်လို့ရသည်၊ အလွတ်ပေးချင်လျှင် အလွတ်ပေးလို့ရသည်၊ အသုံးချချင်လျှင် အသုံးချ၍ရသည်။ သူတို့၏ ဤကဲ့သို့သော သဘောထားမျိုးက စုန့်ရန်အား ဒေါသထွက်စေခဲ့ကြောင်း သိသာပေသည်။ ထို့ကြောင့်သာ သူမသည် ဝမ်ရှန်းအား ဤကဲ့သို့ တောင်းဆိုလာခဲ့ခြင်း ဖြစ်၏။
“သူတို့ကို သတ်လို့ မင်းပေါ် အပြစ်ပုံ မကျလာမှာ သေချာလား”
ဝမ်ရှန်းသည် အသုံးချခံရပြီး လူသတ်သမား ဖြစ်လာမည်မျိုး အလိုမရှိပေ။ ထိုလူက စုန့်ရန် ဖြစ်နေသော်ငြား မရပါ။
လူသတ်ခြင်းသည် သေးငယ်သည့် ကိစ္စတစ်ခုမဟုတ်ပေ။ လူသတ်ခြင်းသည် အခြားနေရာများ၌ ခက်ခဲချင် ခက်ခဲနိုင်သော်လည်း ဂျင်ဒီနယ်မြေ အတွင်းတွင်မူ ဝမ်ရှန်းသည် မည်သည့် ဟာကွက်မှ မရှိဘဲ လူသတ်နိုင်သည့် နည်းလမ်းများ ၁၀၀၀၀ မက ရှိပေသည်။
သို့သော် သူတို့ ထွက်လာပြီး နောက်တွင် စုန့်မိသားစုကို ဘယ်လို ပြန်ရှင်းပြမည်နည်း… စု့န်ရန်နှင့် စုန့်လောင်ယုတို့သာ အသက်ရှင်ပြီး ကျန်သည့်လူများ အားလုံးက မတော်တဆ သေသွားသည်ဟု ပြောလျှင် ယုံနိုင်မည်လော။
စုန့်ရန် နှုတ်ခမ်း ကိုက်လိုက်သည်။ သူမ၏ မျက်ခုံးများ တွန့်ချိုးနေခြင်းက သူမစိတ်ထဲ၌ ဖြစ်ပျက်နေသည့် လွန်ဆွဲမှုကို ဖော်ပြနေသည်။ ဝမ်ရှန်း၏ မေးခွန်းကို သူမ တစ်ခေါက်မှ မစဉ်းစားမိပါ။ သို့သော် သူမရင်ထဲမှ အမုန်းတရား မီးတောက်များကိုလည်း သူမ မငြိမ်းသတ်နိုင်၊ သူမ၏ ဒေါသကို ဖြေလျော့ရန်အတွက် သူမအား အနိုင်ကျင့် လှည့်စားခဲ့ကြသည့် ထိုလူများကို သူမ သတ်ပစ်ချင်သည်။
သို့သော် သတ်ပြီးလျှင် …
ဤမေးခွန်းသည် လက်တွေ့ ရင်ဆိုင်ရမည့် မေးခွန်းဖြစ်ကာ ရှောင်လွဲ၍မရပေ။ ဝမ်ရှန်း အတွက်ကတော့ ကြောက်စရာ မရှိပေ၊ သူ ဝူရုံမြို့သို့ ပြန်သွား လိုက်သည်နှင့် စုန့်မိသားစု သူ့အား ဘာမှ မလုပ်နိုင်တော့။ အခြား အဓိက အင်အားစုများကလည်း သူ့အား ကာကွယ်ပေးဦးမည် ဖြစ်သည်။
သို့သော် သူမကရော… မိသားစု ခေါင်းဆောင်၏ သမီး၊ စုန့်သခင်မလေးက ကိုယ့်ဂိုဏ်းမှ လူများကို သတ်သည့် သစ္စာဖောက်အဖြစ် တစ်ဖန် လိုက်သတ် ခံရမည်လား…
“လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ငါ့အဖေ ချန်ထားခဲ့တဲ့ ဖန်ပုလင်းတစ်ခု ငါ ရှာတွေ့ခဲ့တယ်”
စုန့်ရန် စဉ်းစားကာ ဝမ်ရှန်းအား အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“အဲ့ပေါ်မှာ ငါ့အတွက် ရေးထားတဲ့ စာလုံးတချို့ ရှိတယ်။ အဲ့စာလုံးတွေနဲ့ လိုက်ပြီး ငါ့အဖေဘယ်မှာ ရှိနေလဲဆိုတာ ရှာလို့ရချင် ရနိုင်တယ်”
စုန့်ရန်အဖေ ပျောက်သွားခြင်းသည် ထူးခြား ဆန်းကြယ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သူသည် သူ့တစ်ယောက်တည်း ပျောက်သွားခြင်း မဟုတ်၊ မိသားစုမှ အခြားငယ်ရွယ်သည့် ဝိညာဉ်သခင်များဖြင့် ပျောက်သွားခြင်း ဖြစ်သည်။ ပျောက်သွား ပြီးနောက် သူတို့ သေဆုံးကြောင်း သတင်းလည်း မရခဲ့၊ အလောင်းလည်း မတွေ့ခဲ့။
ထို့ကြောင့် စုန့်မိသားစုသည် လူများ စေလွှတ်ကာ သူတို့ကို နေရာအနှံ့ လိုက်ရှာခဲ့သည်။ သို့သော် သူမအဖေ အုပ်စုကို ဘယ်လိုမှ ရှာမတွေ့ခဲ့။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ထိုအချိန်တွင် သူတို့သည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သွားခြင်းပင် ဖြစ်သည်။
သို့သော် ခေါင်းဆောင် တစ်ယောက် အနေဖြင့် စုန့်ရန်၏ အဖေသည် မည်သည့် အတွက်ကြောင့် ဂိုဏ်းမှ အနာဂတ် မျိုးဆက်သစ် လူငယ်များကို ခေါ်သွားခဲ့သနည်း။ ဤအဖြစ်အပျက်တွင် မည်သူမှ မသိသည့် လျှို့ဝှက်ချက်များ ရှိနေသည်လား မသိနိုင်ပေ။ ယခုဆိုလျှင် သူတို့ ပျောက်သွားသည်မှာ ၁၀ နှစ်ကျော် ကြာနေပြီ ဖြစ်သည်၊ ပျောက်ဆုံးမှုသည်လည်း ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့၏။
စုန့်ရန်အား ချန်ထားခဲ့သည့် ဖန်ပုလင်းကသာ တစ်ခုတည်းသော သဲလွန်စ ဖြစ်နိုင်သည်။ စုန့်ရန်သည် သူမ သီးသန့်ကျင့်စဉ်၌ ထိုပုလင်းကို မတော်တဆ ရှာတွေ့ခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုအကြောင်းကို သူမ တစ်ယောက်တည်းသာ သိသည်၊ အခြားမည်သူ့ကိုမှ သူမ မပြောပြခဲ့။ ယခု ဝမ်ရှန်း သူ့စိတ်ပိုင်းဖြတ်နိုင်ရန် အတွက်သာ ဤလျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်မှ ကြည့်မည်ဆိုလျှင် စုန့်ရန်သည် ဝမ်ရှန်းအပေါ် ဤမျှလောက်အထိ ယုံကြည်နိုင်ကာ ဝမ်ရှန်းအား သူမ ဘက်တော်သားဟု မှတ်ယူထားခြင်း ဖြစ်သည်။ ဝမ်ရှန်းအား သူမ မိသားစုမှ လူများကို သတ်ခိုင်းခြင်းက သူမသည် ဝမ်ရှန်းကို ထိုလူများထက် ပိုမိုယုံကြည် ခင်တွယ်ကြောင်း သိသာပေသည်။
“မင်းပြောချင်တာက မင်းအဖေနဲ့ သူခေါ်သွားတဲ့ လူတွေက ဂျင်ဒီနယ်မြေထဲမှာ ရှိပြီး အသက်ရှင် နေသေးတယ်လို့ ပြောတာလား”
သို့သော် ဝမ်ရှန်း မယုံကြည်နိုင်ပေ။
စုန့်ရန် အလေးအနက်ထား ခေါင်းညိတ် လိုက်၏။ ယုံကြည်မှုများ ထက်သန်နေသည့် စုန့်ရန်အား ကြည့်ကာ သူမ ပျော်ရွှင်မှုကို ပျက်ပြား သွားစေနိုင်သည့် စကားမျိုး သူ တကယ်ပဲ မပြောချင်ပါ။ ဖြစ်နိုင်ချေရှိသည့် ရက်စက်သော အချက်အလက်များကို ပြောလိုက်ခြင်းဖြင့် သန်မာဟန် ရှိသည့် ဤအမျိုးသမီးကို ထိခိုက် နာကျင်အောင် လုပ်မိသွားမည်ကို သူ စိုးရိမ်သည်။ သို့သော် အချို့သော ကိစ္စများသည် သူနှင့်စုန့်ရန်တို့ ဖြစ်ချင်သည့် အတိုင်း မဖြစ်နိုင်ပေ။
ဂျင်ဒီနယ်မြေ၏ အန္တရာယ်များပုံကို အခြားလူများ အားလုံးထက် ဝမ်ရှန်း ပိုသိ၏။ များပြားသည့် လူအရေအတွက်ဖြင့် ကျော်လွှားနိုင်သည့် အန္တရာယ်များ မဟုတ်ပေ။ ဒါ့ပြင် သူမအဖေနှင့် အဖွဲ့သည် ထွက်မလာသည်မှာ ၁၀ စုနှစ် ကြာပြီဖြစ်၏။ ဤအရာမှာ ပြဿနာ ဖြစ်သည်။
“ဒါပေမယ့် စုန့်မိသားစုမှာ ခေါင်းဆောင် မရှိတာ ကြာလှပြီလေ။ ပြီးတော့ သူတို့က နောက်ခေါင်းဆောင် ရွေးဖို့ လုပ်တာမျိုးလည်း မရှိဘူး။ အဲ့ဒါ ထူးဆန်းတယ်လို့ မထင်ဘူးလား”
စုန့်ရန်မှ ဝမ်ရှန်းအား ချက်ချင်း ပြန်လည် ချေပလိုက်သည်။
ဤအချက်ကို ရှင်းပြနိုင်သည့် အကြောင်းအရင်း တကယ်ကို မရှိပေ။ အကြီးအကဲများသာ ရှင်းပြနိုင်လောက်၏။ အဖြစ်အပျက် အသေးစိတ်ကို သူတို့ သိနေခြင်းလည်း ဖြစ်နိုင်သည်။ စုန့်ခေါင်းဆောင် အသက်ရှင် နေရန်လည်း များစွာ ဖြစ်နိုင်ချေရှိ၏။ မဟုတ်လျှင် သူတို့သည် ခေါင်းဆောင်နေရာ လုရန် ဒီလောက် အချိန်အကြာကြီး စောင့်နေကြမည် မဟုတ်ပေ။
သို့သော် သူတို့ခေါင်းဆောင် သမီးကို သတ်ရန် လုပ်ခဲ့ခြင်းက နားလည် နိုင်စွမ်းထက် ကျော်လွန် နေသည်။ စုန့်ခေါင်းဆောင် ထွက်လာအောင် သူ့သမီးကို အသုံးချခြင်း များလော… ထိုအရာမှာ ဖြစ်နိုင်ချေ ရှိပေသည်။ မဟုတ်လျှင် စုန့်မိသားစုသည် စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက်လောက်ကို စေလွှတ် လိုက်ရုံဖြင့် စုန့်ရန်နှင့် စုန့်လောင်ယုတို့ကို မတော်တဆ သေဆုံးသည့် ပုံစံဖြစ်အောင် လုပ်နိုင်ပေသည်။
“အဲ့ဒါတွေအပြင် မင်းက မင်းတွေးထားတဲ့ နေရာကိုလည်း သွားချင်သေးတယ် မလား…”
ဘယ်သွားရမလဲ ဆိုတာကို စုန့်ရန်က ဘာလို့ သတ်မှတ် ချင်တာလဲ ဆိုတာ ဝမ်ရှန်း နားလည် သွားခဲ့သည်။ သူမသည် နဂိုကတည်းက ကြိုတင်ပြင်ဆင် ထားခြင်းပင်ဖြစ်၏။
စုန့်ရန် မငြင်းခဲ့၊ ခေါင်းညိတ် ကာသာ ဝန်ခံ လိုက်သည်။ ဝမ်ရှန်းအား အကြောင်းအရာ များစွာ ပြောပြထားပြီး ဖြစ်သည့် အတွက်ကြောင့် အသေးစိတ် အချက်အလက် တချို့ကို ထပ်ပြောပြရုံဖြင့် ဘာမှ မထူးသွားပေ။
“ဒီထက်တော့ နည်းနည်းပိုပြီး စိတ်ချ လုံခြုံရမယ်”
တစ်ခဏ စဉ်းစားပြီးနောက် ဝမ်ရှန်း စုန့်ရန်အား ကူညီရန် ဆုံးဖြတ် လိုက်သည်။ သို့သော် စုန့်ရန်သည် အလွန် ရန်လိုနေကာ မလိုအပ်ဘဲ လူပေါင်း များစွာကို သတ်ချင်နေသည်။
“အရင်ဆုံး မင်းပြောတဲ့ နေရာကို အရင် သွားကြည့်ပြီး အဲနေရာမှာ ဘာသဲလွန်စရှိလဲ ဆိုတာ သွားကြည့်ကြမယ်။ အဲ့လိုဆိုလည်း ဘယ်လောက်မှ မနောက်ကျ သေးပါဘူး။ မင်း ဘာမှ ရှာမတွေ့ဘူးဆိုရင် လိုက်သတ်ခံစရာလည်း မလိုတော့ဘူးလေ”
ဝမ်ရှန်းက ဘေးအနည်းဆုံး ဖြေရှင်းနည်းကို ပြောခြင်းဖြစ်ကြောင်း စုန့်ရန်လည်း သိပေသည်။ စိတ်ထဲ၌ တစ်ခဏသာ ဝေခွဲမရ ဖြစ်သွားပြီးနောက် ခေါင်းညိတ်ကာ ဝမ်ရှန်း၏ ဖြေရှင်းနည်းကို သဘောတူ လိုက်သည်။ သို့သော် ဝမ်ရှန်းအား အပေးအယူ အကြောင်း ပြောရန်လည်း သူမ မမေ့ခဲ့ပေ။
“နင် ငါ့ကို အဲ့နေရာ ကူရှာပေးပြီး အရာအားလုံးကို အတည်ပြုပြီးပြီဆိုရင် ဖီးနစ်အကြောင်း ငါသိတာ အားလုံး ပြောပြမယ်”
စုန့်ရန်၏ စကားက ဝမ်ရှန်း၏ အသက်ပင် ဖြစ်သည်။ ဖီးနစ် အကြောင်းကို မှတ်တမ်းလေးသာ သိရမည် ဆိုလျှင်တောင် စုန့်ရန် အရာအားလုံးကို ရှာတွေ့ရန်အတွက် သူ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးဖြင့် ကူညီပေးသွားမည် ဖြစ်သည်။
“ဟုတ်ပြီ…”
ဝမ်ရှန်း ချက်ချင်း ခေါင်းညိတ် သဘောတူ လိုက်သည်။ အချိန် အတော်ကြာ ကြိုးစားပမ်းစား လိုက်ပြီးနောက် အိပ်မက်ထဲမှ ကောင်မလေးနှင့် နောက်တစ်လှမ်း နီးစပ်လာပြီ ဖြစ်၏။
သို့သော် ဝမ်ရှန်း အလွန် သိချင်နေသည့် အရာတစ်ခုလည်း ရှိသည်။ စုန့်ရန်၏ အဖေသည် ဂိုဏ်းမှ မထွက်သွားခင်တွင် သူနှင့်အတူ လူပေါင်း ရာချီ ခေါ်သွားခဲ့သေးသည်။ ဂျင်ဒီနယ်မြေတွင်းတွင် လူပေါင်း တစ်ရာကျော် ၁၀ နှစ် ကြာအောင် လုံလုံခြုံခြုံ နေထိုင်၍ ရသည့်နေရာ ရှိနေပါသလော။
***