အပိုင်း ၂၈၇
သူတို့ကိုသတ်ဖို့ ကူပေး (၂)
ယခုအချိန်မှာမှ စုန့်ရန်နှင့် ပြန်လည် ပူးပေါင်းခြင်းက လေထုအခြေအနေကို အနည်းငယ်တော့ ကသိကအောက် ဖြစ်စေသည်။
ကံကောင်းသည်က ဝမ်ရှန်းသည် စုန့်ရန်အား သဘောတူခဲ့ခြင်း ဖြစ်ကာ စုန့်ရန်သည်လည်း သူမ မိသားစု၏ ယုံကြည်မှုကို အပြည့်အဝ ရရှိထားသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။
ယခုတစ်ကြိမ် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရာတွင်လည်း သူမပါ လိုက်ချင်ကြောင်း စကားရိပ် သန်းထားခဲ့သည်။ ထိုအရာက ဖြစ်သင့်ပေသည်။ စုန့်ရန်က မလိုက်ဘူး ဆိုလျှင်ပင် ဝမ်ရှန်း သူမကို အတင်းခေါ်မည်ဖြစ်၏။ စုန့်မိသားစုမှ အမြဲတမ်း လျှို့ဝှက်ထားခဲ့သည့် ဖီးနစ်အကြောင်း မှတ်တမ်းကို သူ သိရပေမည်။
ထို့နောက် ဝမ်ရှန်းသည် မြို့အရှင်စံအိမ်သို့ သွားကာ ယခုတစ်ကြိမ်တွင် စုန့်မိသားစုကို ခေါ်သွားမည် ဖြစ်ကြောင်း သတင်းသွားပေး လိုက်သည်။ အများနည်းတူ အိမ်တော်ထိန်းသည်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု အစောကတည်းက ကြိုသိထားပြီးဖြစ်လေရာ ဝမ်ရှန်း မပြောခင် ကတည်းက ကြိုတင်ပြင်ဆင် ထားပေသည်။
ဝမ်ရှန်း စုန့်ရန်နှင့် စုန့်လောင်ယုတို့ နှင့်အတူ ဝူရုံမြို့မှ ထွက်ကာ စုန့်မိသားစုထံသို့ သွားလိုက်သည်။ လက်တွေ့အားဖြင့် ဘဝကြီးသည် တကယ်ကို ပြဇာတ် ဆန်လွန်းလှသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဝမ်ရှန်းသည် စုန့်မိသားစု၏ လိုက်လံ သတ်ဖြတ်ခံရခြင်းမှ ထွက်ပြေးခဲ့ရ၏။ သို့သော် ယခုတွင်မူ စုန့်မိသားစုမှ အကြီးဆုံး မမလေးက သူ့အား တကူးတက လာရောက် ဖိတ်ကြားနေသည်။
ထို့အပြင် သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် စုန့်မိသားစုဝင် အရေအတွက်ကလည်း မနည်းပေ။ လုံလောက်သည့် အကျိုးအမြတ် ရှိနေသ၍ မိတ်ဆွေရန်သူ ဆိုတာမရှိ၊ အချိန်မရွေး ပြောင်းလဲ သွားနိုင်ကြောင်း ဝမ်ရှန်း အပြည့်အဝ သိ၏။ အမြဲတမ်း ရန်သူဆိုတာမရှိ၊ အကျိုးအမြတ်သာ ရှိပေသည်။
ရောက်သွားသည့် အချိန်တွင် စုန့်မိသားစု အကြီးအကဲ ခေါင်းဆောင် ကိုယ်တိုင် ဝမ်ရှန်းအား ထွက်တွေ့ဆုံခဲ့သည်။ သူ၏မျက်နှာသည် အလွန်ကို ပြုံးကြည် ဖော်ရွှေနေပြီး ဝမ်ရှန်းအား သတ်ရန် အမိန့်ပေးခဲ့သည့်လူ မဟုတ်သည့် အလားပင်။
ထိုနေရာတွင် အခြား အကြီးအကဲများလည်း ရှိပေသည်။ သူတို့သည် လက်ထပ် စာချုပ်ကိုပင် ဝမ်ရှန်းနှင့် စုန့်ရန်တို့ မြင်အောင် တကူးတက လာပြခဲ့သေးသည်။ ထို့နောက် သူတို့နှစ်ယောက်အား စသလိုလို နောက်သလိုလိုဖြင့် သူတို့၏ သဘောထားများကို ပြောပြနေခဲ့သည်။
ဤသည်ကိုကြည့်၍ ထိုအကြီးအကဲများက စုန့်ရန်အား သတ်ချင်ခဲ့သည်ဟု မည်သူမှ ယုံနိုင်မည် မဟုတ်ပေ။ အင်အားကြီး မိသားစုအတွင်း တောက်လောင်နေသည့် ရန်စမီးတောက်သည် ဝမ်ရှန်းရှေ့၌ ပြဇာတ်စင် တစ်ခုပမာ ဖြစ်၏။ သူ့ကမ္ဘာမြေပေါ်မှ တီဗီဒရမ်မာ ဇာတ်ကားများပင် ထိုမျှ ကောင်းမည် မဟုတ်ချေ။
စုန့်ရန်သည်လည်း အလွန် လိုက်လျောညီထွေဖြစ်စွာ ပြန်သရုပ်ဆောင်ခဲ့သည်။ မျက်နှာများ နီရဲသွားကာ ရှက်ကိုးရှက်ကန်းဖြင့် ဝမ်ရှန်းအား မဝံ့မရဲ ချောင်းကြည့် လိုက်၏။ ထို့နောက် ချက်ချင်းပင် အကြည့်ပြန်လွဲကာ အရှက်သည်းသည့် ယုန်တစ်ကောင်ဟန် ပြုမူလိုက်သည်။ သူမပုံစံကို ကြည့်လျှင် သူမနှင့် ဝမ်ရှန်းတို့သည် ချစ်ကြိုက်နေကြကာ သူမတို့အကြောင်းကို အကြီးအကဲများမှ သိသွားသည့် ပုံစံမျိုးဖြစ်နေ၏။
စုန့်ရန်၏ သရုပ်ဆောင်မှုနှင့် လိုက်လျောညီထွေ ဖြစ်အောင် ဝမ်ရှန်းလည်း ပူးပေါင်း ပေးလိုက်သည်။ ဤသို့ဖြင့် သူ့ဟန်နှင့်သူ အသီးသီး ဟန်ဆောင်နေကြကာ အဖြစ်မှန်လား အတုအယောင်လားပင် မကွဲပြားတော့ပေ။
အကြီးအကဲများ တွေးသည်မှာ စုန့်ရန်သည် သိုက်မိသားစုမှ သခင်လေးဟွားပင် တမ်းတမ်းစွဲ ကြိုက်နှစ်သက်သည့် အလှလေးဖြစ်သည်၊ ယခုအချိန်တွင် သူမသည် ဝမ်ရှန်းအား သူတို့ဘက် ပါလာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ သူတို့သည် ပျော်လွန်း၍ ပါးစပ်ပင် မပိတ်နိုင် ဖြစ်နေကြတော့၏။
ဝမ်ရှန်းက စုန့်ရန်ရှေ့၌ သက်သောင့်သက်သာရှိကြောင်း မြင်လိုက်ရသည့် အချိန်တွင် အကြီးအကဲသည် ထိုကိစ္စကို စုန့်ရန်ကိုသာ လွဲထား ပေးလိုက်သည်။
ဝမ်ရှန်းကို အကောင်းဆုံး ဧည့်သည်ဆောင်၌ ထားကာ သူ့အား ဝန်ဆောင်မှုပေးသည့် အစေခံများသည်လည်း အချောအလှလေးများသာ ဖြစ်၏။ သို့သော် စုန့်ရန်၏ သဝန်တိုဟန် သရုပ်ပြမှု အောက်တွင် ထိုအစေခံများကို အမျိုးသားများဖြင့် လဲလှယ်လိုက်သည်။ စုန့်ရန် စကားပြောရန် ဝမ်ရှန်း အခန်းအတွင်းသို့ ဝင်လာသည့် အချိန်တွင် မည်သူမှလည်း လာချောင်း နားထောင်ခြင်းမျိုး မပြုလုပ်ရဲကြပေ။
“အကြီးအကဲက နင့်ကို လူနည်းနည်းလောက် ပိုခေါ်သွားလို့ ရမလားတဲ့”
သူတို့နှစ်ယောက်တည်း ရှိသည့် အချိန်တွင် စုန့်ရန်သည် အရှိန်အဝါရှိသည့် အမျိုးသမီး တစ်ဦးအသွင် ပြန်ပြောင်း သွားခဲ့သည်။
“ငါ နင့်ကိုယ်စား သဘောတူခဲ့တယ်။ ပြီးတော့ နင့်ဘက်က အဖိုးအခကိုလည်း သူတို့ကို ပြောခဲ့တယ်”
စုန့်ရန်သည် ဝမ်ရှန်းအတွက် လေ့ကျင့်ရေး ကျင့်စဉ် သုံးခုကိုလည်း တောင်းခဲ့သေး၏။ စတုတ္ထအဆင့်၊ ပဥ္စမအဆင့်နှင့် ဆဋ္ဌမအဆင့် ကျင့်စဉ်များဖြစ်၏။ ထိုကျင့်စဉ်များ အားလုံးသည် စုန့်မိသားစု၏ အဖိုးတန် လျှို့ဝှက်ကျင့်စဉ်များ ဖြစ်သည်။ ဝမ်ရှန်း၏ လက်ရှိကျင့်စဉ် အဆင့်ကို ထည့်တွက်ကာ စုန့်ရန်ကိုယ်တိုင် အထူးတလည် ရွေးချယ်ထားသည့် ကျင့်စဉ်များလည်း ဖြစ်၏။
“ရပါတယ်” ဝမ်ရှန်းမှ ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။
ယခင်က ဆိုလျှင်တော့ လူများစွာ၏ ဘေးကင်းရေးကို ဝမ်ရှန်း အာမခံရဲမည် မဟုတ်ချေ။ သို့သော် စာလုံးကိုးလုံး မန္တန်မှ -阵 (ကျန့်)- ဟူသည့် စာလုံးကို လေ့ကျင့်နေသည့် အတွက်ကြောင့် ဂျင်ဒီနယ်မြေ အတွင်းမှ ပိုးမွှားများက သူ့အဖွဲ့ကို စတင် တိုက်ခိုက်မည် မဟုတ်ကြောင်းကို သူ အာမခံ နိုင်ပေသည်။ ကျန်သည့် သားရဲများမှာ သိပ်ပြီး ပြဿနာမရှိပေ။ သူတို့နှင့် ယှဉ်ပြိုင်သည့် အချိန်တွင်တော့ လူပိုများလေ အန္တရာယ် ပိုကင်းလေပင်ဖြစ်၏။
“ဦးလေးယုနဲ့ ငါလည်း လိုက်ချင်တယ်”
စုန့်ရန်မှ နောက်ထပ် ဆုံးဖြတ်ချက် တစ်ခုပြောကာ ဝမ်ရှန်း တုံ့ပြန်လာမည်ကို စောင့်နေလိုက်သည်။ သူမလိုက်လို့ ရကြောင်းကိုတော့ ဝမ်ရှန်း ကတိပေးခဲ့ပြီးဖြစ်၏၊ သို့သော် ယခု တစ်ကြိမ်တွင် ဦးလေးယု တိုးလာပြီဖြစ်သည်။
“ဒါပေါ့၊ မင်းလိုက်မှ ငါတို့နှစ်ယောက်က တပူးပူး တတွဲတွဲ ဖြစ်နေတယ်လို့ တခြားလူတွေ မြင်ကြမှာပေါ့” ဝမ်ရှန်းမှ ဟာသနှောကာ သဘောတူလိုက်သည်။
စုန့်ရန် အနည်းငယ် ရှက်သွားဟန်ရှိ၏၊ သူမ၏ မျက်နှာ နီရဲသွားသည်။ သို့သော် ထိုအခြင်းအရာသည် တစ်ခဏသာ ဖြစ်၏။ ခံစားချက်ကို လျစ်လျူရှုကာ သူမ နောက်ထပ် ထပ်ပြောလိုက်သည်။
“ဖြစ်နိုင်မယ်ဆိုရင်၊ ဂျင်ဒီနယ်မြေထဲ ရောက်ရင် နင် ငါ့ပြောတဲ့အတိုင်း လိုက်လုပ်ပေးလို့ ရမလား…”
စုန့်ရန် ဝမ်ရှန်း၏ မျက်လုံးများအား စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းပြောတဲ့အတိုင်း ဟုတ်လား… သေချာလို့လား…”
စုန့်ရန်အား မယုံကြည်နိုင်စွာ ကြည့်ကာ မေးလိုက်၏။
“ဂျင်ဒီနယ်မြေထဲမှာ ဘယ်လိုသွားလာ နေထိုင်ရမလဲဆိုတာ မင်း သိတယ်ဆိုတာ သေချာလို့လား…”
“မဟုတ်ပါဘူး။ အဲ့ဒါက နင်ပြောရမှာလေ”
စုန့်ရန် မျက်နှာရဲသွား၏။ သို့သော် ထပ်မံတိုက်တွန်း ပြောဆိုလိုက်သည်။
“ငါပြောချင်တာ ဘယ်သွားမယ်၊ ဘာလုပ်မယ်… အဲ့လိုမျိုးတွေ ပြောတာလေ။ ရလား..”
သူမက ပန်းတိုင်ကို သတ်မှတ်ချင်သည် ဆိုသောကြောင့် ဝမ်ရှန်း မျက်ခုံးပင့် သွားကာ စုန့်ရန်အား လေးနက်စွာ စိုက်ကြည့်လိုက်သည်။ ဝမ်ရှန်း၏ အကြည့်ကြောင့် စုန့်ရန် အနည်းငယ် မလုံမလဲ ဖြစ်သွား၏။ သို့သော် ခေါင်းမငုံ့သွားဘဲ အရှုံးမပေးချင်သည့် စိတ်ဖြင့် ဝမ်ရှန်းအား ပြန်စိုက်ကြည့် လိုက်သည်။
“မင်းဝိညာဉ်အဆင့် ဘယ်လောက်လဲ”
ရုတ်တရက် ဝမ်ရှန်းမှ ထမေးလိုက်သည်။
“ပဥ္စမအဆင့်…”
စုန့်ရန်မှ ရေရွတ်ရုံလောက်ဖြင့် ပြန်ဖြေလိုက်သည်။ ခဏအကြာ စဉ်းစားပြီးနောက် မလုံလောက်ဘူးဟု ခံစားရကာ ဖြည့်စွက် ပြောလိုက်၏။
“အထွတ်အထိပ်အဆင့်”
စုန့်ရန်၏ အဖြေအား ကြားလိုက်ရသောအခါ ဝမ်ရှန်း မျက်လုံးများ ပြူးကျယ် သွားသည်။ ဤထက်မြက်သည့် အမျိုးသမီးသည် တကယ့်ကို ပါရမီရှင် တစ်ယောက်ပင် ဖြစ်၏။ နှစ်အနည်းငယ် အတွင်းမှာပင် သူမသည် တတိယအဆင့်မှ ပဥ္စမအဆင့် အထွတ်အထိပ် အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်။ နောက်ထပ် အချိန်သာ ထပ်ပေးလိုက်မည် ဆိုလျှင် ဆဋ္ဌမအဆင့်သို့ပင် တက်သွားနိုင်ပေသည်။
ဤနှစ်အတွင်းတွင် ဝမ်ရှန်းသည်လည်း ပထမအဆင့်မှ စတုတ္ထအဆင့်သို့ တက်ခဲ့သည် ဆိုသော်ငြား ထိုအဆင့်တက်ခြင်းသည် တတိယအဆင့်မှ ပဥ္စမအဆင့် အထွတ်အထိပ် အဆင့်သို့ အဆင့်တက်ခြင်းနှင့် လုံးလုံး ကွဲပြား၏။ နောက်ပိုင်း အဆင့်တက်ခြင်းသည် အလွန် ခက်ခဲလှပေသည်။ ထိုအချိန်များတွင် စုန့်ရန်၏ ဝိညာဉ်အဆင့်သာ ဤအဆင့် ရှိနေမည်ဆိုလျှင် သိုက်ဟွမ်ဖြစ်စေ၊ သိုက်စီရီဖြစ်စေ သူမအား အနှောင့်အယှက် ပြုရဲကြမည် မဟုတ်ပေ။
“မင်းရဲ့ဝိညာဉ်အဆင့်နဲ့ အကြီးအကဲတွေက စီစဉ်ပေးလိုက်တဲ့ ဝိညာဉ်သခင်တွေကို ထိန်းချုပ်နိုင်မယ်ဆိုတာ သေချာလို့လား..”
ဝမ်ရှန်း မေးလိုက်သည်။
“ဂျင်ဒီနယ်မြေထဲ ဝင်ခဲ့တဲ့ တော်ဝင်မိသားစုနဲ့ နောက်ထပ် အင်အားစု တစ်ခုဆိုရင် သူတို့ထဲမှာ ပါတဲ့လူတွေ အားလုံးက ဆဋ္ဌမအဆင့် မဟုတ်ရင် သတ္တမအဆင့် ဝိညာဉ်တွေချည်းပဲ။ တော်ဝင်မိသားစု အဖွဲ့ထဲမှာဆိုရင် မကောင်းဆိုးဝါးအိုကြီး တစ်ကောင်တောင် ပါနေသေးတယ်။ မင်း အဲ့အဆင့်ဝိညာဉ်သခင်တွေကို ထိန်းချုပ်ပြီး မင်းစကား နားထောင်အောင် လုပ်နိုင်မှာလား…”
စုန့်ရန် နှုတ်ခမ်း ကိုက်လိုက်သည်။ ထို့နောက် စိတ်ပိုင်းဖြတ် လိုက်ဟန်ဖြင့် ဝမ်ရှန်းအား မော့ကြည့်လိုက်၏။ အစမှအဆုံးအထိ ဝမ်ရှန်း၏ တည်ငြိမ်နေသည့် ပုံစံက သူမအား ခွန်အား ပေးခဲ့ဟန်ရှိသည်။ အချိန်အတော်ကြာ ပြီးနောက်တွင် သူမသည် အားတင်း အံကြိတ်ကာ သူမ၏ နောက်ဆုံး တောင်းဆိုချက်ကို တောင်းဆို လိုက်တော့သည်။
“ဂျင်ဒီနယ်မြေထဲ ရောက်ရင် သူတို့ကို သတ်တာကို ကူပေးလို့ရမလား…”
***