Switch Mode

Chapter – 149

ရှုံးနိမ့်ခြင်းလော

အခန်း (၁၄၉)
ရှုံးနိမ့်ခြင်းလော

“ငါက မင်းရဲ့ပြိုင်ဘက်ပဲ။ မင်းရဲ့ အရိုးအသက်အရ ငါရဲ့အစွမ်းက မဟာသားရဲဘုရင် ပထမအဆင့်မှာပဲ ရှိနေမယ်။ မင်းက ငါတိုက်ခိုက်တာကို နှစ်နာရီ ခုခံပြနိုင်တယ်ရင် ဒီစမ်းသပ် စစ်ဆေးမှု အောင်မြင်ပြီ။ ပြီးတော့ ငါတို့ တိုက်ခိုက်တဲ့ အချိန်ကြရင် မင်းကြိုက်တဲ့ လက်နက်ကို အသုံးပြုခွင့် ရှိတယ်”

ဓားစက်ရုပ်သည် ပြောရင်း ရဲချန်ဖန်ဆီ တစ်လှမ်းချင်း လျှောက်လာလေသည်။

“ကဲ… စပြီ”

ဓားစက်ရုပ်က စတင်တိုက်ခိုက်ရန် ပြင်လိုက်သည်နှင့် ရဲချန်ဖန်က အသက်ဝအောင် ရှူလိုက်ကာ သူ၏ ရွှေလင်းယုန်တောင်ပံကို ဖြန့်ကြက်လိုက်ပြီး ဓားစက်ရုပ် တိုက်ခိုက်မှုကို ရှောင်တိမ်း ခုခံရန် ပြင်ဆင်လိုက်သည်။

“ယား…”

ဓားစက်ရုပ်ထံမှ အသံကြားလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ထူးဆန်းသော ဓားအရိပ်က ကောင်းကင်ကို ဖြတ်သန်းပြီး ရဲချန်ဖန်ဆီ ဝင်ရောက်လာလေသည်။ ထိုဓားအရိပ်သည် အလွန် လျင်မြန်လှရာ မည်သို့ ဝင်လာသည်ကိုပင် သိရှိရန် ခက်ခဲပေသည်။

“ဓားအင်အား နဝမအဆင့်… လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”

ရဲချန်ဖန်က တရားစီရင်ရေး သိုင်းခုနစ်ကွက်ကို လက်လွတ်စပယ် အသုံးမပြုရဲချေ။ တရား စီရင်ရေး သိုင်းသာ အသုံးပြုလိုက်ပါက ချက်ချင်းပင် သူ၏ ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားမည် ဖြစ်ရာ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်းကို မကြာခင်မှ ရရှိလာသည့် ကောင်းကင်ဓားနှင့် ပေါင်းစပ် သုံးစွဲကာ ခုခံလိုက်သည်။

သို့သော် ဓားစက်ရုပ်၏ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လှရာ သွေးအများ အပြားက ရဲချန်ဖန် လက်မောင်းမှ စီးကျလာလေသည်။ ရဲချန်ဖန်သာ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်သာ လေ့ကျင့်မထားပါက ဤဓားချက် တစ်ချက်တည်းဖြင့် ရဲချန်ဖန် အသက်ပျောက်သွားမည် ဖြစ်လေသည်။

“အရမ်း အစွမ်းထက်တယ်။ ဒီဓားစက်ရုပ် တိုက်ခိုက်မှုက အရမ်းကို ပြင်းထန်တာပဲ။ ငါ့ကိုသာ ထိမှန်သွားရင် ချက်ချင်း ငါသေဆုံးသွားမှာပဲ”

ရဲချန်ဖန် စိတ်ထဲ ကြောက်ရွံ့စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။

“ရွှီး… ရွှီး…”

ရဲချန်ဖန်က အသက်ဝအောင် ရှူနေစဉ်မှာပင် ဓားစက်ရုပ်က ထပ်မံ တိုက်ခိုက်လိုက်ရာ ဓားအလင်း သုံးခုက ရဲချန်ဖန်ဆီ ထပ်မံ ဝင်ရောက်လာသည်။ ဓားအလင်းတန်းများသည် ရဲချန်ဖန်၏ ဆုတ်လမ်း တက်လမ်း အားလုံးကို ပိတ်ဆို့ထားပြီး တိုက်ခိုက်ခြင်း ဖြစ်လေသည်။

“အသက်ဝိညာဉ် ကျင့်စဉ်… နှစ်တစ်ရာ့ငါးဆယ် အသက်စွမ်းအင် လောင်ကျွမ်းစမ်း…”

အသက်ဘေးနှင့် ရင်ဆိုင်ရချိန်တွင် ရဲချန်ဖန်သည် တုံ့ဆိုင်းမနေဘဲ နှစ်တစ်ရာ့ငါးဆယ်စာ အသက် စွမ်းအင်များကို ချက်ချင်း လောင်ကျွမ်းစေလိုက်ရာ ချက်ချင်းပင် အလွန်ပြင်းထန်သော စွမ်းအင်က ရဲချန်ဖန် ကိုယ်ထဲတွင် ပြည့်နှက်လာလေသည်။ ထိုအစွမ်းက ရဲချန်ဖန်ကို ကောင်းကင် သားရဲဘုရင် ဆဋ္ဌမအဆင့်သို့ ခဏမျှ ရောက်ရှိသွားစေ လေသည်။

ရဲချန်ဖန်က အသက် စွမ်းအင်များကို ဆက်တိုက် အသုံးပြုနေရသဖြင့် သူ့တွင် နှစ်သုံးဆယ် သက်တမ်းမျှသာ နေထိုင်ဖို့ အသက်ဓာတ်သာ ကျန်ရှိလေတော့သည်။ သို့သော် ဓားစက်ရုပ်၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် ထိုကိစ္စကို တွေးဖို့ပင် အချိန်မရှိပေ။

“ရှစ်…. ရွှစ်….”

ရဲချန်ဖန် အစွမ်းများ အစွမ်းကုန် တိုးတက်လာရာ ရွှေလင်းယုန် တောင်ပံကလည်း အလွန် လျင်မြန်စွာ လှုပ်ရှားပြီး ဓားစက်ရုပ်၏ ဓားအလင်းသုံးခုကို ရှောင်တိမ်းလိုက်သည်။ ဓားစက်ရုပ် တိုက်ခိုက်မှုကို ရှောင်တိမ်းနေချိန်မှာပင် ရဲချန်ဖန်က ဓားစက်ရုပ် တိုက်ခိုက်သည့် လမ်းကြောင်းကို မှန်းဆ လေ့လာနေသည်။ သို့မှသာ သူ အချိန်အတန်ကြာ ဆက်လက် ခုခံနိုင်မည် မဟုတ်ပါလော။

“မင်းရဲ့ မြန်နှုန်းကတော့ မဆိုးပါဘူး။ ဒါပေမဲ့ ငါ့တိုက်ခိုက်မှုကို ခုခံဖို့ မလုံလောက်သေးဘူး”

ဓားစက်ရုပ်၏ ကျောက်မျက် ရတနာကဲ့သို့ မျက်လုံးထဲမှ အလင်းတန်းက ထွက်ပေါ်လာသည်။ ဓားစက်ရုပ်၏ လက်က ထူးဆန်းသည့်ပုံဖြင့် လှုပ်ရှားသွားရာ အလွန်တောက်ပသော ဓားအလင်းက ထွက်ပေါ်လာပြီး ကြီးမားကျယ်ပြန့်သော ကောင်းကင်တွင်ပင် အက်ကွဲရာကြီး ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲရာကြီးက ကြီးမားလှသော မိစ္ဆာကြီး၏ ပါးစပ်အဖြစ် ပုံသဏ္ဌာန်ပြောင်းကာ ရဲချန်ဖန်ဆီ အလျင်အမြန် တိုးဝင်လာလေသည်။

“ဓားအင်အား နဝမအဆင့်…”

ရဲချန်ဖန်က ရှောင်တိမ်းရန် မဖြစ်နိုင်တော့သည်ကို သိလိုက်ပြီး ထိုမိစ္ဆာကြီး၏ တိုက်ခိုက်မှုကိုသာ အားလျော့ပါး သွားအောင် လုပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်မည်ကို နားလည်လိုက်သည်။ ထို့ကြောင့် ဓားအင်အား နဝမအဆင့်ကို အသုံးပြုကာ ခုခံလိုက်သည်။ ဓားအင်အား နဝမအဆင့်က မိစ္ဆာကြီးထံ တိုးဝင်သွားပြီး ခုခံလိုက်သော်လည်း ဓားအင်အား နဝမအဆင့်က မိစ္ဆာကြီး၏ တိုက်ခိုက် မှုကို အရှိန်သာ လျော့ကျသွား စေလေသည်။

ရဲချန်ဖန်က သူ့ထံဝင်လာသည့် မိစ္ဆာကြီး အရှိန်လျော့နည်း သွားသည်ကို အခွင့်အရေး ယူကာ ရွှေလင်းယုန် တောင်ပံကို အလျင်အမြန် ခတ်လိုက်ပြီး ရွှေအလင်းတန်းအဖြစ် ပြောင်းလဲကာ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်လေသည်။ ရဲချန်ဖန် ရှောင်တိမ်းလိုက်သည်နှင့် ဓားစက်ရုပ်က ထပ်မံ တိုက်ခိုက်လိုက်ရာ ဓားအလင်းတစ်ခုက လေကိုခွင်းပြီး ပြင်းထန်စွာ ရဲချန်ဖန်ဆီ ဝင်ရောက်လာလေသည်။

ဓားခုတ်လိုက်သည်နှင့် ပတ်ဝန်းကျင် တည်ရှိမှု စကြဝဠာသည် မတည်မငြိမ် ဖြစ်လာလေသည်။ ထို့ကြောင့် ရဲချန်ဖန်၏ ပျံသန်းနှုန်းမှာ လျော့ကျသွားပြီး ရှောင်တိမ်းရန် မြေမရှိတော့ဟု ခံစားလိုက်ရလေသည်။ ရဲချန်ဖန် ရွေးချယ်စရာ မရှိတော့ပဲ အံတင်းတင်း ကြိတ်ကာ ဓားအင်အား နဝမအဆင့်၊ ပေါင်နှစ်သိန်းကျော် စွမ်းအားနှင့် ဆန်းကြယ် ရေခဲဝိညာဉ် စွမ်းအင်တို့ကို ကောင်းကင်ဓားထဲ ဖြည့်သွင်း လိုက်လေသည်။

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”

ရဲချန်ဖန် အော်ဟစ် မာန်သွင်းလိုက်ပြီး အစွမ်းကုန် တိုက်ခိုက်လိုက်ရာ ရဲချန်ဖန်ကိုယ်က ကောင်းကင်ဓားနှင့် ပေါင်းစပ်သွားသလိုပင် ဥက္ကာပျံခဲအလား ဓားစက်ရုပ်၏ ဓားအလင်းတန်းဆီ တိုးဝင်သွားသည်။

“ဘုန်း…”

ဓားစက်ရုပ်၏ ဓားအလင်းတွင် ပါဝင်သော အစွမ်းက ရဲချန်ဖန် ခုခံနိုင်သည့် အစွမ်းထက် ပိုမိုနေလေရာ ရဲချန်ဖန်၏ ဓားအလင်းကို ဖျက်ဆီးရုံသာမက ဖျက်ဆီးခြင်း အစွမ်းများက ရဲချန်ဖန် ကိုယ်ထဲ ဝင်ရောက် သွားလေသည်။

ထို့ကြောင့် ရဲချန်ဖန် အနောက်သို့ မီတာ ရာပေါင်းများစွာ လွင့်စဉ် သွားသည်။ သွေးအများအပြားသည် ရဲချန်ဖန် ကိုယ်မှ တရဟော စီးကျလာပြီး သွေးကြောများကိုပါ ဖျက်ဆီးပစ် လိုက်လေသည်။ ထိုအချိန်တွင် ရဲချန်ဖန်သည် သေခြင်း အငွေ့အသက်ကို ရရှိနေလေပြီ။ ထိုသေရေးရှင်ရေး အခိုက်အတန့်သည် ရဲချန်ဖန် နှလုံးသားထဲတွင် အမြစ်ချပေါက် နေသော ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင်က ပေါ်ထွက်လာပြီး ဓားအလင်းက ဖျက်ဆီးခြင်း စွမ်းအားများကို ခုခံပေးလိုက် လေသည်။

“ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်လား…”

ရဲချန်ဖန် နဖူးပေါ်တွင် ချွေးစီးများ စီးကျနေပြီး သူသက်ပြင်းချမိ လိုက်လေသည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်သာ အချိန်မီ ထွက်မလာဘဲ သူ့သွေးကြောများကို ကာကွယ်ပေးခြင်း မရှိပါက သူ မသေဆုံးရင်တောင် ဒုက္ခတတစ်ပိုင်း ဖြစ်သွားမည်မှာ သေချာနေလေသည်။

“မင်း ငါ့ရဲ့ ဒီဓားချက်ကို ခုခံနိုင်မယ် မထင်ထားမိဘူး။ မင်းက ငါ့ရဲ့ဓားချက်ကို ထိပ်တိုက် တွေ့ဆုံပြီး ခုခံလိုက်နိုင်တာပဲ”

ဓားစက်ရုပ်က သွေးများ ရွှဲရွှဲစိုနေသည့် ရဲချန်ဖန်ကို ကြည့်ပြီး အံ့အားသင့်သည့်ဟန်မှာ အတိုင်းသား ပေါ်လွင်နေသည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က သူ့ကို ကာကွယ် ပေးထားသည့်တိုင် ရဲချန်ဖန်က ဓားစက်ရုပ်၏ တိုက်ခိုက်မှုကို နှစ်နာရီဝန်းကျင် ခုခံရမည်ကို ယုံကြည်ချက် မရှိပေ။ ယခုမှ မိနစ်ပိုင်းသာ ကုန်ဆုံးသေးသည် မဟုတ်ပါလော။

“ငါ့ရဲ့ တိုက်ခိုက်မှုကို ဘယ်လောက်ကြာကြာ ခုခံနိုင်မလဲ ကြည့်ကြတာပေါ့…”

လူသတ်စိတ်က ဓားစက်ရုပ် မျက်လုံးမှ ထွက်ပေါ်လာပြီး ဓားဖြင့် ရဲချန်ဖန် ကိုယ်ဆီ ထိုးသွင်း လိုက်လေသည်။ ထိုထိုးသွင်းချက်မှာ အလွန် လျင်မြန်လှရာ အလင်း၏ မြန်နှုန်းထက်ပင် အဆပေါင်း များစွာ လျင်မြန်နေလေသည်။ ဓားထိုးသွင်း လိုက်သည်နှင့် အလွန်ထူးဆန်းသည့် ဝဲကတော့က ကောင်းကင်တွင် ဖြစ်ပေါ်လာပြီး အရာအားလုံးကို ဝါးမျိုတော့မည့်ဟန် လည်ပတ်နေသည်။

“မကောင်းတော့ဘူး”

ဓားစက်ရုပ်၏ ဓားသူ့ဆီ နီးကပ်လာသည် နှင့်အမျှ သေမင်းက သူနှင့်နီးကပ် လာသည်ဟု ရဲချန်ဖန် ခံစားနေရသည်။ သူသာ ဤဓားချက်ကို မခုခံနိုင်ပါက သေဆုံးမည်မှာ မလွဲဧကန်ပေ။

“ရွှေလင်းယုန်သွေး လောင်ကျွမ်းစမ်း…”

ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ကာ ရွှေလင်းယုန်သွေးကို လောင်ကျွမ်းစေလိုက်ရာ သူ့မြန်နှုန်းမှာ တစ်ဟုန်ထိုး တိုးတက်လာပြီး ဓားအလင်းကို ရှောင်တိမ်းလိုက်သည်။ ရဲချန်ဖန် ခုနက ရပ်နေခဲ့သော နေရာသည် ဓားစက်ရုပ်၏ ဓားအလင်းကြောင့် ကြီးမားသော အက်ကွဲရာကြီး ဖြစ်သွား စေလေသည်။ ဓားချက်ကြောင့် ဖြစ်ပေါ်လာသော ဝဲကတော့ကြီးသည် ချက်ချင်းပင် မုန်တိုင်းကြီးအလား အသွင်ပြောင်းကာ ရဲချန်ဖန် ကိုယ်ကို ပြင်းထန်စွာ လာရောက် ထိမှန်လေသည်။

“ရွှေလင်းယုန်တောင်ပံ ခန္ဓာကိုယ် အကာအကွယ်…”

မုန်တိုင်းကြီး၏ ပြင်းထန်မှုကို ခံစားမိပြီး ရဲချန်ဖန်သည် ရွှေလင်းယုန် တောင်ပံကို ချက်ချင်း ထိန်းချုပ်ကာ သူ့ရှေ့တွင် အကာအကွယ် ပုံစံဖြင့် မုန်တိုင်းကြီး တိုက်ခတ်မှုကို ခုခံလိုက်သည်။ ရွှေလင်းယုန် တောင်ပံမှာ အလွန်ခိုင်ခံ့ မာကျောလှသော်လည်း မုန်တိုင်းကြီး၏ တိုက်ခတ်မှုကို မခုခံနိုင်ပေ။ ပြင်းထန်သော အားက ရွှေလင်းယုန်တောင်ပံကို ဖြတ်ကျော်ပြီး ရဲချန်ဖန်ကို ထိမှန်သွားရာ ရဲချန်ဖန်သည် လေမုန်တိုင်းကြီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရလေသည်။

*****
စာစဉ် (၉)
အခန်း (၁၅၀)
စမ်းသပ်မှု အောင်မြင်ခြင်း

“ဟာ…”

လေမုန်တိုင်းကြီးက ရဲချန်ဖန် ကိုယ်ကို ထိမှန်လိုက်သည်နှင့် ရုတ်တရက် ရေခဲနတ်သမီးလေး ပေးခဲ့သော အဆောင်က အသက်ဝင်လာပြီး အလွန်ခိုင်ခံ့သော အလင်းတန်း အကာအကွယ်ကို ထုတ်လွှင့်ကာ ရဲချန်ဖန်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းပြီး လေမုန်တိုင်းကြီး၏ တိုက်ခတ်မှု မခံရအောင် ကာကွယ်ပေးလိုက် လေသည်။

“ရေခဲနတ်သမီးလေး ပေးခဲ့တဲ့ အဆောင်ပဲ…”

ရေခဲနတ်သမီးလေး၏ အဆောင်သာ အချိန်မီ ထွက်ပေါ်လာ၍ အကာအကွယ် မပေးခဲ့ပါက ရဲချန်ဖန်၏ ခန္ဓာကိုယ်သည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားနိုင်လေသည်။ သူသည် အသက်အန္တရာယ်မှ လွတ်မြောက် သွားသော်လည်း ဓားစက်ရုပ်၏ နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ခုခံနိုင်ရန် မဖြစ်နိုင်ပေ။

“ငါ ဘာလုပ်ရမလဲ ဒီမှာပဲ သေရတော့မှာလား”

အလွန် အစွမ်းထက်လှသော ဓားစက်ရုပ်ကို ကြည့်ပြီး ရဲချန်ဖန် ကူညီရာမဲ့ ဖြစ်နေလေသည်။

“ဟုတ်တယ်။ ငါတစ်ချိန်လုံး အသုံးမပြုရသေးတဲ့ အရာရှိနေတာပဲ။ အဲဒါကတော့ အလုပ်ဖြစ်ကောင်း ဖြစ်မှာပဲ”

ဓားစက်ရုပ်ကို ကြည့်ပြီး ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို စဉ်းစားနေတုန်း အတွေးတစ်ခုက သူ့စိတ်ထဲ ပေါ်လာလေသည်။ သူ့အတွေးသာ လက်တွေ့ ဖြစ်လာပါက အခြေအနေကို ပြောင်းလဲနိုင်မည် ဖြစ်လေသည်။

“အောင်မြင်မလား ကျရှုံးမလား ကြည့်ရတာပေါ့ကွာ”

ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ကာ နောက်ဆုံးအကြံကို အကောင်အထည်ဖော်ရန် လုပ်ဆောင် လိုက်လေသည်။

“တရားစီရင်ရေးသိုင်း… မဟာအေးခဲခြင်း…”

ဓားစက်ရုပ်နား ကပ်ခွင့်ရစေရန် ရဲချန်ဖန်က အားကုန်ထုတ် အသုံးပြုကာ တိုက်ခိုက်လိုက်သည်။ ဓားအလင်း ဖြတ်သန်းရာ တစ်လျှောက်သည် အေးခဲသွားပြီး တစ်လောကလုံး အေးခဲသွားသည် ဟုပင် ထင်ရလေသည်။

ရဲချန်ဖန်၏ ဓားအလင်းကို ဓားစက်ရုပ်က တစ်ချက်ကြည့်လိုက်ပြီး လက်များ လှုပ်ရှားသွားရာ ကောင်းကင်နှင့် မြေကြီးပင် တုန်လှုပ်သွားစေသော ဓားအလင်းက ထွက်ပေါ်လာပြီး ရဲချန်ဖန် ဓားနှင့် ထိပ်တိုက် ထိမှန်သွားရာ အဆုံးမဲ့ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာကာ ကောင်းကင် ပေါ်တွင်ပင် အက်ရာများ ဖြစ်ပေါ်လာသည်။

ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ရဲချန်ဖန်၏ တစ်ကိုယ်လုံး အားပျက်သလို နုံးချည့်သွား သော်လည်း အားတင်းကာ ရွှေလင်းယုန် တောင်ပံကို အားပြုပြီး ဓားစက်ရုပ်နား ချဉ်းကပ်လိုက်သည်။ ဓားစက်ရုပ်နား ချဉ်းကပ်သွားခြင်းသည် ရဲချန်ဖန်အတွက် အလွန်အန္တရာယ် များလှသော်လည်း ဤသည်မှာ သူ့အတွက် နောက်ဆုံး အခွင့်အရေးပင်။

ပြင်းထန်သော ပေါက်ကွဲမှုက ဓားစက်ရုပ်ကို တုန်ခါအောင်ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ သို့သော် ရဲချန်ဖန် က တစ်ကိုယ်လုံး တုန်ခါနေကာ ဒဏ်ရာများရလျက် သူ့အနား ချဉ်းကပ်လာသည်ကို ကြည့်ပြီး ဓားစက်ရုပ် မျက်လုံးထဲတွင် လူသတ်စိတ်က ပိုမိုပြင်းထန် လာလေသည်။ ဓားစက်ရုပ်က လက်တစ်ချက် လှုပ်ရှားသွားရာ ဆေဘာဓားက ရဲချန်ဖန် ရင်ဘက်ဆီ ထိုးခွဲရန် အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် ဝင်ရောက်လာလေသည်။

“နတ်ဦးနှောက် အသေးဓား… စက်ရုပ် စိတ်ဝိညာဉ်ကို ဝါးမျိုစမ်း…”

ရဲချန်ဖန်က သူ့ရင်ဘတ်ထံ ဝင်လာသည့်ဓားကို အလျင်အမြန် တိမ်းရှောင်ရင်း နတ်ဦးနှောက်မှ ကွဲထွက် ဖြစ်ပေါ်လာသည့် နတ်ဦးနှောက် အငယ်လေးကို ထိန်းချုပ်ကာ ဓားစက်ရုပ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ဓားစက်ရုပ်၏ဓားကား အလွန် လျင်မြန်လှသည်ဖြစ်ရာ ရဲချန်ဖန် ရှောင်တိမ်း လိုက်သော်လည်း ဓားက ရဲချန်ဖန်ကို ထိမှန်သွားပြီး နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားကာ သွေးများ တရဟော စီးကျပြီး အပြင်းအထန် ဒဏ်ရာရသွားလေသည်။

ထိုအချိန်တွင် ရဲချန်ဖန် ကိုယ်မှ အလွန် လျင်မြန်လှသည့် အနီရောင် အလင်းတန်းက ထွက်ပေါ်လာပြီး ဓားစက်ရုပ်ကို သွားရောက် ထိမှန်သွားသည်။ ထိုအနီရောင် အလင်းတန်းမှာ နတ်ဦးနှောက်မှ မွေးဖွားလာသော နတ်ဦးနှောက် အသေးလေးတစ်ခု ဖြစ်လေသည်။ နတ်ဦးနှောက် အသေးသည် ဓားစက်ရုပ်ကိုယ်ထဲ ဖောက်ဝင်သွားကာ ဓားစက်ရုပ်၏ စိတ်ဝိညာဉ်ကို ဝါးမျိုလေတော့သည်။

“နတ်ဦးနှောက် အသေးက ဓားစက်ရုပ်ရဲ့ စိတ်ဝိညာဉ်ကို ဝါးမျိုနိုင်တာပဲ”

ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အော်ဟစ် ညည်းတွားနေသည့် ဓားစက်ရုပ်ကို ကြည့်ပြီး ရဲချန်ဖန် သက်ပြင်းချမိ လိုက်သည်။ ထို့နောက် ဓားစက်ရုပ်၏ တိုက်ခိုက်မှု စက်ကွင်းမှ လွတ်အောင် နောက်သို့ဆုတ်ကာ စောင့်ကြည့် နေလိုက်လေသည်။

“နတ်ဦးနှောက် အသေးက ဓားစက်ရုပ် ဝိညာဉ်ကို ဝါးမျိုနိုင်မလားဆိုတာ ငါလည်း မသိဘူး။ မဝါးမျိုနိုင်ရင်တော့ ငါလည်းသေပြီပဲ”

ရဲချန်ဖန်က ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ်ကို လှည့်ပတ်ကာ ဒဏ်ရာများကို ကုစားရင်း ဓားစက်ရုပ် အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေလေသည်။ နတ်ဦးနှောက် အသေးက ဓားစက်ရုပ် ဝိညာဉ်ကို ဝါးမျိုနိုင်ပါစေဟု ဆုတောင်းနေမိသည်။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံး သွားပြီး ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် ဓားစက်ရုပ်၏ ရုန်းကန် ညည်းတွားမှုက တဖြည်းဖြည်း အားလျော့လာလေသည်။ တဖြည်းဖြည်းနှင့် နတ်ဦးနှောက် အသေးက ဓားစက်ရုပ်၏ စိတ်ဝိညာဉ်ကို ဝါးမျိုသွားပြီး ဓားစက်ရုပ်ကို ထိန်းချုပ်လာနိုင် လေသည်။

“ဟူး… နောက်ဆုံးတော့ အောင်မြင်သွားပြီ”

ဓားစက်ရုပ်သည် လှုပ်ရှားမှု မရှိတော့ပဲ နတ်ဦးနှောက် အသေး၏ ထိန်းချုပ်မှု အောက်သို့ လုံးဝ ရောက်ရှိသွားသည်။ ရဲချန်ဖန် မျက်လုံးထဲတွင် စိတ်လှုပ်ရှား ပျော်ရွှင်မှု ဖြစ်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်တစ်နေရာတွင် အက်ကွဲရာ ဖြစ်ပေါ်ကာ ဘုံစောင့်ကြီးနှင့် ကျောက်စာ စောင့်တို့ ထွက်ပေါ်လာလေသည်။ ရဲချန်ဖန်ကို ထူးဆန်းသည့် လူသားနှယ် အံ့အားတသင့် မျက်လုံးများပြူးကာ ကြည့်နေကြလေသည်။

“မင်း… မင်း ဓားစက်ရုပ်ကို ဘယ်လိုလုပ်လိုက်တာလဲ သခင်က ဓားစက်ရုပ်ထဲ ထည့်သွင်းထားတဲ့ စိတ်ဝိညာဉ်က ပျောက်ဆုံးသွားပြီ”

“ကျွန်တော့်ဆီမှာ စိတ်ဝိညာဉ်ကို စုပ်ယူထိန်းချုပ်နိုင်တဲ့ ရတနာရှိနေလို့ပါ။ ဓားစက်ရုပ်ရဲ့ စိတ်ဝိညာဉ်ကို ကျွန်တော့်ရတနာက စုပ်ယူထိန်းချုပ် လိုက်ပါပြီ”

ရဲချန်ဖန်က အတိအကျမဖြေဘဲ ယောင်ဝါးဝါးသာ ဖြေလိုက်သည်။

“ဓားစက်ရုပ်ဝိညာဉ်ကို စုပ်ယူထိန်းချုပ်လိုက်တယ် ဟုတ်လား”

ဘုံစောင့်ကြီးက ပိုမိုတုန်လှုပ် သွားလေသည်။

“ဆရာကြီးခင်ဗျာ… အခု ဓားစက်ရုပ်က ကျွန်တော့် ထိန်းချုပ်မှုအောက် ရောက်သွားပါပြီ။ ကျွန်တော် ဒီစမ်းသပ် စစ်ဆေးမှုကို အောင်မြင်ပြီလား မသိဘူး”

ရဲချန်ဖန်က အလွန်အံ့သြ တုန်လှုပ်နေဟန် ပေါ်သည့် ဘုံစောင့်ကြီးကို ကြည့်ကာ မေးလိုက်သည်။

“အောင်မြင်တယ်”

ဘုံစောင့်ကြီး စကားဆုံးသည်နှင့် အလွန်ကြီးမားသော မျက်နှာကြီးက ကောင်းကင်ပေါ်၌ ထွက်ပေါ် လာသည်။ ထိုမျက်နှာကြီးထံမှာ မယုံကြည်နိုင်ဖွယ် ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေပြီး နတ်ဘုရား တစ်ပါးအလားပင် မြင်သူတိုင်း ကြောက်ရွံ့ အရိုအသေ ပေးချင်စိတ် ဖြစ်ပေါ်လာမည် ဖြစ်သည်။

“သခင်…”

ထိုမျက်နှာကြီးကို မြင်လိုက်သည်နှင့် ဘုံစောင့်ကြီးနှင့် ကျောက်စာစောင့်တို့သည် ဒူးထောက် ထိုင်ချကာ အရိုအသေ ပေးလိုက်လေသည်။ ရဲချန်ဖန် ထိုမျက်နှာကြီးကို မြင်လိုက်သည်နှင့် ကြောက်ရွံ့ လေးစားစိတ် ဖြစ်ပေါ်လာပြီး အလွန် အံ့အားသင့်နေလေသည်။

“နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီးနောက် နောက်ဆုံးတော့ ငါ့ရတနာတွေကို ဆက်ခံမဲ့သူ ပေါ်လာပြီပေါ့…”

ကြီးမားလှသည့် မျက်နှာကြီးက ရဲချန်ဖန်ကို ကြည့်ပြီး ကျေနပ်အားရသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

“မင်းကို ရတနာတွေ မပေးခင်… ငါမေးသမျှကို မှန်မှန်ဖြေရမယ်”

“ဟုတ်ကဲ့… ဆရာကြီး အမိန့်ရှိပါခင်ဗျာ…”

ရဲချန်ဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။

“မင်းက ငါတို့ဝိညာဉ်ကလန်ရဲ့ အမွေအနှစ်တွေ ဆက်ခံမှာဆိုတော့ ငါတို့ဝိညာဉ်ကလန်ရဲ့ သွေးကြွေးကိုလည်း ဆပ်ပေးရလိမ့်မယ်။ ပြောရမယ်ဆိုရင် မင်းက ပြန်လမ်းမရှိတဲ့ လမ်းကို လျှောက်ရမှာပဲ။ မင်းက ငါတို့ဝိညာဉ်ကလန် ကိုယ်စား သွေးကြွေးဆပ်ပေး နိုင်မှာလား”

“ဆရာကြီး ဝိညာဉ်ကလန်ရဲ့ ရန်သူက ဘယ်သူများလဲ”

ရဲချန်ဖန် အနည်းငယ် စဉ်းစားပြီး ပြန်မေးလိုက်သည်။

“မင်းက အခု အရမ်း အင်အားနည်း နေသေးတယ်။ မင်း ငါတို့ရန်သူက ဘယ်သူလဲဆိုတာ သိစရာ မလိုသေးဘူး။ မင်းကို အပြစ်မဲ့တဲ့လူတွေကို သတ်ခိုင်းမှာ မဟုတ်ဘူးဆိုတာ သိထားလိုက်။ ငါတို့ရဲ့ သွေးကြွေးကို ဆပ်ပေးဖို့ ဆန္ဒရှိရဲ့လား။ အဲဒါပဲ မင်းဖြေ”

ကြီးမားလှသည့် မျက်နှာကြီးက ပြောလိုက်လေသည်။

“ကျွန်တော် ဆန္ဒရှိပါတယ်”

ရဲချန်ဖန် ကတိပေးလိုက် လေသည်။ သူ ကတိပေးရသည့် အကြောင်းအရင်းမှာ သူ့မသိစိတ်ထဲမှ ဝိညာဉ်ကလန်နှင့် သူသည် အလွန် ရင်းနှီးနေသည်ဟု ခံစားရသည်။ ထို့အပြင် မသေခြင်းလမ်းစဉ်ကို လျှောက်လမ်းခြင်းသည် ပြန်လမ်းမရှိပေ။ သူ့ရှေ့တွင် ကြီးမားသည့် အခွင့်အရေးကြီး ရှိနေရာ မည်သို့မျှ လက်လွှတ်ရန် အကြောင်းမရှိချေ။

“ကောင်းပြီ။ ဒါဆို ကောင်းကင်တာအိုကို တိုင်တည်ပြီး မင်းသစ္စာဆို။ သစ္စာဆိုပြီးတာနဲ့ လျှို့ဝှက်ဝိညာဉ်ဘုံရဲ့ တန်ဖိုးအရှိဆုံး ရတနာကို မင်းကို ငါပေးမယ်”

“ကျွန်တော် ရဲချန်ဖန် ဝိညာဉ်ကလန်အတွက် သွေးကြွေးကို ပြန်ဆပ်ပေးပါမည်ဟု ကောင်းကင် တာအိုကို သက်သေထားပြီး သစ္စာဆိုပါသည်”

ရဲချန်ဖန်က တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာဆို လိုက်လေသည်။ ရဲချန်ဖန်၏ သစ္စာဆိုသံကြားပြီး ကြီးမားလှသည့် မျက်နှာကြီးပေါ်တွင် ကျေနပ်မှုကို အတိုင်းသား မြင်နေရလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset