အပိုင်း ၂၈၆
သူတို့ကို သတ်ဖို့ကူပေး (၁)
“ဘာမှစိတ်မကောင်း ဖြစ်စရာ မလိုပါဘူး”
ဝမ်ရှန်းသည် အတိတ်ကို စိတ်ထဲ မထည့်သကဲ့သို့ ပြုံး၍ ပြောလိုက်၏။
“မင်းမိသားစု အနေဘက်က ကြည့်မယ်ဆိုရင် တချို့ကိစ္စတွေက နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် ငါ့ဘက်က ကြည့်ရင်လည်း နည်းနည်းလေး သိပ်ပြီး အဆင်မပြေ ဖြစ်တာပေါ့”
စုန့်ရန်သည် သူမကိုသူမ အတွက်ကြောင့် တောင်းပန်နေခြင်း သေချာပေါက် မဟုတ်ပေ။ စုန့်မိသားစု အတွင်းတွင် သူမ၏ နေရာသည်လည်း ရှက်စရာ ကောင်း၏။ သူမသည် မိသားစု ခေါင်းဆောင်၏ သမီးဖြစ်သည်၊ သို့သော် ခေါင်းဆောင်က ပျောက်သွားခဲ့သည်။
ဂိုဏ်းအကြီးအကဲများကို ဝမ်ရှန်းအား အနှောင့်အယှက် မပြုရန် မဖျောင်းဖျ ပေးနိုင်ရုံသာမက သူမကိုယ် သူမအတွက်ပင် တာဝန် မယူနိုင်ခဲ့ချေ။ ဝမ်ရှန်းသည် သူတို့ပြောသည့် မိသားစု စမ်းသပ်စစ်ဆေးမှုကို သူမနှင့်အတူ ကူညီဖြတ်ကျော် ပေးခဲ့သည်။ ဝမ်ရှန်းကြောင့်သာ မဟုတ်လျှင် သူမသည် ထိုအချိန် ကတည်းက သေနေခဲ့ပြီဖြစ်၏။
ယခုအချိန်တွင် စုန့်ရန်သည် ဤနေရာလာကာ တောင်းပန်စကား လာပြောနေ၏။ သို့သော် သူမကို အပြစ်တင်၍ မရကြောင်း ဝမ်ရှန်း သိပေသည်။
“တစ်ခုခု စားကြရအောင်…”
ဤစိတ်မချမ်းမြေ့စရာ ကောင်းသည့် ခေါင်းစဉ်အကြောင်း ဝမ်ရှန်း မပြောချင်ပေ။ ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်၏။
“ဒီနေရာက အစားအသောက်တွေက ကမ္ဘာပေါ်က အကောင်းဆုံး အစားအသောက်တွေလို့တော့ မပြောဘူး။ ဒါပေမယ့် ထိပ် ၁၀ နေရာထဲတော့ သေချာပေါက်ပါတယ်”
“ဟုတ်ပြီ”
ယခုစကား ခေါင်းစဉ်က အနည်းငယ် စိတ်ညစ်ညူးစရာ ကောင်းကြောင်း စုန့်ရန်လည်း သိပေသည်။ ထို့ကြောင့် မျက်နှာပြန်ပြင်ကာ ပြုံး၍ ပြောလိုက်၏။
“နင်ကြော်တဲ့ အရွက်ကြော်က တော်တော် စားကောင်းတယ်လို့ ကြားတယ်။ ငါ စားကြည့်ချင်နေတာ”
အစေခံမလေး နှစ်ယောက်သည် စာဖိုမှူးကို ကြိုတင်သတိပေး ချက်ပြုတ်စေခဲ့ပြီး ဖြစ်သည်။ သခင်မ အလောင်းအလျာကို ချက်ပြုတ် ကျွေးမွေးရမည်ဟု တွေးကြည့် မိလိုက်သောအခါ ပုံမှန်ထက် အင်အား ပိုထည့်ကာ ချက်ပြုတ်ကြသည်။
ယခုရက်ပိုင်းတွင် စုန့်ရန်သည် တစ်ယောက်တည်း သီးသန့်ကျင့်စဉ် ကျင့်နေခြင်းဖြစ်ကာ သူမ အစေခံများ ပြင်ဆင်ပေးသည့် ထမင်းဟင်းများကိုသာ စားသောက်ရသည်။ ထို့ကြောင့် ဤကဲ့သို့ အရသာရှိသည့် အစားအသောက်များကို စားခွင့်မသာခဲ့ချေ။ ယခုအချိန်တွင် သူမသည် အစားအသောက်များကို တစ်လုတ်လိုက် စားလိုက်ရုံဖြင့် သူမလျှာဖျားပင် ခါသွားခဲ့၏။
“ငါ အများကြီး စားမိအောင် နင်လုပ်တာ။ အားလုံး နင့်အမှားတွေပဲ…”
နောက်ဆုံး စွပ်ပြုတ်ကို သောက်ပြီးနောက် သူမ စားသောက်ခဲ့သည်များကို တွေးကာ စုန့်ရန် အနည်းငယ် ရှက်သွားသည်။ ထို့နောက် ဝမ်ရှန်းအား ကြည့်ကာ-
“ငါ ဗိုက်ခေါက်တွေ ထွက်လာရင် နင့်ကြောင့်ပဲ…”
အမြဲတမ်း ရဲရင့်သတ္တိ ရှိဟန် ရှိနေသည့် စုန့်ရန်သည် ရုတ်တရက် နှစ်လိုဖွယ် ကောင်းသည့် ကောင်မလေး တစ်ယောက်အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ရှန်း၏ မျက်လုံးများပင် ပြူးကျယ် သွားခဲ့၏။ သူမသည် တကယ်ကို ချစ်စဖွယ် ကောင်းခြင်း နှင့်အတူ အစွမ်းအစ ရှိသည့် အမျိုးသမီး ဟန်လည်း ဖြစ်နေသည်။ ဤကဲ့သို့သော အလှမျိုးသည် လရောင်ကို မှိန်ဖျော့စေကာ ပန်းများကိုပင် ရှက်သွေး ကြွယ်သွားစေမည့် အလှမျိုးဖြစ်သည်။
ထိုအခိုက်အတန့်မှာပင် သူတို့သည် စိတ်မချမ်းမြေ့စရာ ကောင်းသည့် စကား အကြောင်းအရာများကို ပြောခဲ့ပြီး စားသောက်စရာ ရှိသည်များကိုလည်း စားသောက်၍ ပြီးစီး သွားခဲ့လေပြီ။ ယခုအချိန်တွင် စီးပွားရေးအကြောင်း ဆွေးနွေးရန်သာ ဖြစ်သည်။ ဝမ်ရှန်းသည် အစေခံများအား လက်ဖက်ရည် ချခိုင်းကာ သူတို့ကို အပြင်ခြံဝန်း၌ စောင့်ဆိုင်း စေလိုက်သည်။
“စုန့်မိသားစုကရော ဂျင်ဒီနယ်မြေထဲ ဝင်ချင်နေတာလား”
စုန့်ရန်သည် ထိုအကြောင်းကို စပြောရန် မအီမသာ ဖြစ်နေဟန် ရှိသောကြောင့် ဝမ်ရှန်းဘက်မှ စပြောလိုက်သည်။ မည်သို့ပင်ဆိုစေ စုန့်ရန်သည် ဤနေရာသို့ ရောက်လာပြီ ဖြစ်သည့် အတွက်ကြောင့် ဤခေါင်းစဉ်သည် ရှောင်လွဲ၍ မရသည့် အကြောင်းအရာ ဖြစ်သည်။
သို့သော် ထိုစကားပြောသည့် အချိန်တွင် ဝမ်ရှန်းသည် စုန့်ရန်အား စကားအရိပ်အမြွက်ဖြင့် သတိပေးလိုက်သည်။ စကားကို သေချာ ဂရုတစိုက် ပြောရန် အချက်ပြကာ ဘေးဘက် နှစ်ဖက်ကို လက်ညှိုးထိုး အချက်ပြလိုက်၏။
ထိုနှစ်ဖက်သည် အရိပ်မိန်းမစိုးနှင့် ဟန်ဘင်းလီတို့ နေထိုင်ရာ နေရာဖြစ်သည်။ သူတို့နှစ်ယောက်သည် နံရံများကို ကျော်ကာ သူ့ခြံဝန်းထဲမှ အသံများကို ကြားနိုင်စွမ်း ရှိပေသည်။ ထို့ပြင် စုန့်ရန်သည် ဤနေရာသို့ ပေါ်ပေါ်ထင်ထင် လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူတို့ သေချာပေါက် ချောင်းနားထောင် နေပေလိမ့်မည်။
စုန့်ရန်သည်လည်း ဉာဏ်ကောင်း၏။ ဝမ်ရှန်း၏ အရိပ်အမြွက်ကို သူမ ချက်ချင်း ဖမ်းမိခဲ့သည်။ နားလည်ကြောင်း ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ အကြီးအကဲတွေက ငါ့ကို အဲ့ဒါ လာပြောခိုင်း လိုက်တာ”
ထိုအကြောင်းကို ဘာမှ ဖုံးကွယ်နေစရာ မလိုပေ။ စုန့်ရန်က ဝမ်ရှန်းကို စုန့်မိသားစုဆီသို့ ဖိတ်ကြားရန် ရောက်လာခြင်း ဖြစ်ကြောင်း မပြောလျှင်ပင် အားလုံး သိပေသည်။
“အထဲသွားဖို့ဆို အဖိုးအခက များတယ်နော်”
ဝမ်ရှန်း ဘာကိုမှ ထည့်တွက် မနေဘဲ အခြေအနေကို တဲ့တိုးသာ ဆိုလိုက်သည်။ အခြားတစ်ဖက်က သူ့ကို သူတို့ မိသားစုထဲ ဆွဲသွင်းလိုက်သည် ဖြစ်စေ၊ ဘယ်သူတွေပဲ ဖြစ်နေပါစေ ဝမ်ရှန်း အဖိုးအခကိုတော့ အလျှော့ မပေးနိုင်ပေ။
“တခြား မိသားစုတွေ ပေးသလို ငါတို့ စုန့်မိသားစုကလည်း ပေးနိုင်တယ်”
စုန့်ရန်မှ ပြောလိုက်သည်။ သူတို့နှစ်ယောက်၏ လေသံသည် မည်သည့် ပတ်သက် ဆက်နွှယ်မှုမှ မရှိသည့် အင်အားကြီး မိသားစုများ စီးပွားရေး ဆွေးနေ နေကြသကဲ့ပင် ဖြစ်၏။
သူတို့နှစ်ယောက် ပြောသည့် စကားများသည် သူတို့အား ပိုပြီး သူစိမ်းဆန်ပုံ ပေါက်နေစေသောကြောင့် သူတို့နှစ်ယောက်အတွက် အလွန်ကို အဆင်မပြေ ဖြစ်နေလေသည်။
“ပြီးတော့ စုန့်မိသားစုက အရင်က နင့်အပေါ် လုပ်ခဲ့တာတွေ အားလုံးအတွက် ပြန်ပြီး အလျော်အစား ပေးနိုင်တယ်”
စုန့်ရန်မှ နောက်တစ်ကြောင်း ထပ်ပြောလိုက်၏။ သို့သော် ထိုသို့ ပြောပြီးနောက်လည်း သူမပါးစပ်၏ လှုပ်ရှားမှုများ မရပ်တန့်ခဲ့ပေ။ သူမသည် စကားလုံး နှစ်လုံးကို အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံသာ ပြောလိုက်၏။
“ဖီးနစ်…”
စုန့်ရန်၏ နှုတ်ခမ်း လှုပ်ရှားပုံကို ဖတ်ကာ “ဖီးနစ်” ဆိုသည့် စကားလုံးကို ဝမ်ရှန်း ချက်ချင်း ဖမ်းမိသွားခဲ့သည်။ ယခုအချိန်တွင် ဝမ်ရှန်း ငြိမ်ငြိမ် မနေနိုင်တော့ပေ။
ယခုအချိန် ဝမ်ရှန်း အလုပ်ချင်ဆုံး အရာမှာ သူ့အိပ်မက်ထဲမှ ကောင်မလေးကို ရှာရန်ဖြစ်၏။ စုန့်ရန်သည် ထိုအကြောင်းသိကာ ထိုစာလုံးက တားမြစ်စာလုံး ဖြစ်သောကြောင့် ဝမ်ရှန်းအား တိတ်တိတ် နေရန်ပင် သတိပေးခဲ့သေးသည်။
ဘာလို့ တားမြစ်စာလုံး ဖြစ်ရတာလဲ ဆိုတာကို ဝမ်ရှန်း သိခဲ့ပြီးပြီဖြစ်၏။ ဂျင်ဒီနယ်မြေ၏ အဓိက အတွင်းပိုင်းက လင်မိသားစု တည်ရှိခဲ့ရာ နေရာ ဖြစ်နိုင်သည်ဟုပင် သိထားပေသည်။
တာအိုဘုန်းတော်ကြီး ကျောင်းသည် နှစ်ပေါင်း တစ်ထောင်ကျော်ကြာ လည်ပတ် ခဲ့သော်လည်း သူတို့သည် ထိုအချိန်၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည့် မိသားစုများ မဟုတ်ပေ။ ထို့ကြောင့် ကြားဖူးနားဝများကို မှတ်တမ်း တင်ထားခြင်းမျိုးသာ ရှိမည်၊ တကယ့် အဖြစ်အပျက် အမှန်ကို မသိနိုင်လောက်။ သို့သော် ထိုအချိန်၌ ပါဝင်ခဲ့သည့် အဓိက အင်အားစုများ ကတော့ ထိုအကြောင်း နှင့်ပတ်သက်၍ တော်တော်များများ သိနိုင်ပေသည်။
ယခု စုန့်ရန်သည်လည်း တစ်ခုခု သိနေဟန်ရှိ၏။ ထိုကဲ့သို့ ဆိုမှတော့ ဝမ်ရှန်း ဘာကို စောင့်နေရဦးမည်နည်း။ ချက်ချင်းပင် သဘောတူ လိုက်သည်။
“ဟုတ်ပြီ၊ မင်းကိုယ်တိုင် ဒီနေရာ ရောက်လာတယ် ဆိုမှတော့ ငါ သဘောတူ ရမှာပေါ့။ ဘယ်ချိန် ထွက်မှာလဲ၊ ဘယ်နေရာ သွားမှာလဲ”
အလျင်အမြန် ကတိပေး လိုက်ခြင်းကြောင့်က ဟန်ဘင်းလီနှင့် အရိပ်မိန်းမစိုးတို့ သက်ပြင်း ချလိုက်ကြသည်။
အိုက်ယား… လူငယ်တွေက အလှလေးတွေကို မဖြတ်ကျော် နိုင်ပါလား… အလှလေး ထွက်လာတာနဲ့ ဝမ်ရှန်း ထပ်ပြီးတောင် မတောင့်ခံနိုင်တော့ဘူး…
သို့သော် အရိပ်မိန်းမစိုးသည် ဂရုမစိုက်ပေ၊ တော်ဝင် မိသားစုသည် အကျိုးအမြတ်ကြီး ရရှိခဲ့ပြီးဖြစ်၏။ ဟန်ဘင်းလီကသာ ဤအခြေအနေအကို မြို့အရှင်အား သတင်းပြန်သွား ပို့လိုက်သည်။
အခြား မိသားစုများသည်လည်း သူတို့ထံတွင် ဝမ်ရှန်းနှင့် နီးစပ်သည့် လူများရှိလျှင် ဤနည်းလမ်းကို အသုံးပြုနိုင်၏။ စုန့်မိသားစုမှသာ ဦးစွာ လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။ သို့သော် ဂျင်ဒီနယ်မြေသည် အလွန် ကြီးမားလှပေရာ အနည်းငယ် နောက်ကောက်ကျရုံဖြင့် ဘာမှ မဖြစ်နိုင်လောက်ပေ။
ပထမဦးစွာ သွားခဲ့သည့် တော်ဝင်မိသားစုနှင့် ကိုင်ရွှယ် နန်းတော်သည်လည်း လဝက်အတွင်းတွင် ဘယ်လောက်များများ ရှာတွေ့နိုင်မည်နည်း…
ထို့အပြင် အဓိက လျှို့ဝှက်ချက်ကြီးများသည် ဂျင်ဒီနယ်မြေ၏ အလယ်အတွင်းပိုင်း၌ ရှိနေခြင်းပင်။ ရှန့်ယင်အကျဉ်းထောင်နှင့် ချီရှုန်းခန်းမတို့ ထံမှ ဘာမှ မရနိုင်ဘူး ဆိုလျှင်တောင် အသင်းတစ်သင်းအား ကောင်းကောင်း လေ့ကျင့်ပေးကာ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် ခိုင်းမည်ဆိုလျှင် နောင်တစ်ချိန်တွင် ထိုနေရာအား သွားလာရန် အခက်အခဲ မရှိတော့ဘူး မဟုတ်ပါလော။
***