အခန်း (၁၄၈)
ဓားအင်အား
“ကမ္ဘာဦး စွမ်းအင်လား… ဘယ်လိုလုပ် သူ့ခန္ဓာကိုယ်ထဲမှာ ကမ္ဘာဦးစွမ်းအင် ရှိနေတာလဲ…”
ဘုံစောင့်ကြီးသည် ရဲချန်ဖန်က နဂါးရုပ်တုကြီးကို နောက်ဆုံး အချိန်စေ့ခါနီးတွင် ကမ္ဘာဦး စွမ်းအင်ကို အသုံးပြု၍ ဖျက်ဆီးလိုက်သည်ကို ချက်ချင်းပင် သတိပြုမိလိုက်ပြီး သူ၏ အလွန် ခက်ထန်သော မျက်နှာတွင် ကြောက်ရွံ့ တုန်လှုပ်မှုက ဖြစ်ပေါ်လာလေသည်။
“ကမ္ဘာဦး စွမ်းအင်ကို ကျွန်တော် မမျှော်လင့်ဘဲ ရရှိခဲ့တာပါ”
ရဲချန်ဖန်က မရေမရာသာ ပြန်ဖြေလိုက်လေသည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်သည် အလွန်ကြီးမားလှသည့် လျှို့ဝှက်ချက် မဟုတ်ပါလော။
“တကယ့် ပါရမီရှင်၊ ခေတ်ပြိုင် ပြိုင်ဘက်ထဲမှာ ပြိုင်ဘက်ကင်းတဲ့ အစွမ်း၊ ခိုင်မာတဲ့ တာအိုနှလုံးသား… ရဲချန်ဖန် မင်းက တကယ်ပဲ ငါတို့ဝိညာဉ်ကလန်က စောင့်မျှော်နေတဲ့သူပဲ ထင်တယ်”
တင်းမာ ခက်ထန်သော ဘုံစောင့်ကြီး မျက်ဝန်းတွင် မျှော်လင့်ချက် အလင်းရောင်များ တောက်ပ နေပြီး ရဲချန်ဖန်၏ လျှို့ဝှက်ချက် အားလုံးကို သိမြင်ချင်သည့်ပုံ ပေါ်နေလေသည်။
“ဝိညာဉ်ကလန်… ဝိညာဉ်ကလန်က ဘာမျိုးနွယ်စုပါလဲ ခင်ဗျာ…”
ရဲချန်ဖန် မျက်မှောင်များက ကြုတ်နေပြီး ထိုကဲ့သို့ နာမည်မျိုး သူမကြားဖူးချေ။ ဤသည်မှာ သူ့အတွက် ပထမဆုံး ကြားဖူးချင်းပေ။
“မင်း နောက်ဆုံး စမ်းသပ်မှု အောင်မြင်ရင် အားလုံးကို သိရမှာပါ”
ဘုံစောင့်ကြီးက ရဲချန်ဖန်ကို ပို၍ အလေးပေး လာသော်လည်း အရေးကြီးသော အချက်အလက်များကို မပြောပြသေးချေ။
“ရဲချန်ဖန် ဒါမင်းအတွက် ဆုလာဘ်ပဲ”
ဘုံစောင့်ကြီးက ပြောပြီးနောက် အဆင့်နိမ့် ကောင်းကင်အဆင့် ရတနာဓား တစ်လက်နှင့် ကျောက်တုံးတစ်တုံးကို ရဲချန်ဖန်ကို ပေးလိုက်လေသည်။ ကောင်းကင်အဆင့် ရတနာဓားသည် အလွန်အဖိုးထိုက် တန်လှရာ မဟာကောင်းကင် မီးဂိုဏ်းနှင့် တခြား မဟာဂိုဏ်းကြီး နှစ်ဂိုဏ်းတွင်ပင် ရှိသည်ဟု မကြားဖူးချေ။ ကောင်းကင်အဆင့် ရတနာ ဓားသည် ရွှေလင်းယုန်သွေးနှင့် တန်ဖိုးချင်း ယှဉ်လို့ ရပေသည်။ ကျောက်တုံးမှာမူ အလွန်ထူးခြားသော အော်ရာများ ထွက်ပေါ် နေလေသည်။ ထိုကျောက်တုံးထဲတွင် အလွန် အဖိုးထိုက်တန် လှသော၊ ပြီးပြည့်စုံသော ဓားအင်အား ပါဝင်နေ လေသည်။
သို့သော် ဒုတိယ စမ်းသပ်စစ်ဆေးမှု၏ တကယ့်ဆုလာဘ်မှာ တာအိုသိုင်းပင်။ အလယ်အလတ် အဆင့် တာအိုသိုင်းသည် အလွန်ရှားပါးပြီး တန်ဖိုးကြီးလှရာ အမြွှာညီနောင် တိုက်ကြီးတွင် မဆိုထားနှင့် ကောင်းကင် နိုင်ငံတော်တွင်ပင် အလွန်ရှားပါးသည်ဟု ဆိုနိုင်သည်။
ထို့အပြင် တရား စီရင်ခြင်း သိုင်းခုနစ်ကွက်လုံးသာ အမြင့်ဆုံးထိ အောင်မြင်အောင် လေ့ကျင့်နိုင်ပါက အဆင့်မြင့် တာအို သိုင်းအစွမ်း ထွက်ပေါ်လာမည် ဖြစ်သည်။ ဤတစ်ကြိမ်သည် ရဲချန်ဖန် အလွန်တရာမှ ကံကောင်း ကံထူးသည်ဟုပင် ပြောနိုင်လေသည်။
“ကောင်းပြီ။ မင်းအနားယူဖို့ အချိန် သုံးရက်ရတယ်။ ပြီးရင် မင်းကို နောက်ဆုံး စမ်းသပ်မှု ခံယူရမဲ့ နေရာကို ပို့ဆောင်ပေးမယ်”
ဘုံစောင့်ကြီးက ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ခင်ဗျာ…”
ရဲချန်ဖန်သည် သင့်တင့်သည့် နေရာကို ရွေးချယ်ပြီး ထိုင်ချလိုက်ကာ ဓားအင်အား ပါဝင်သည့် ကျောက်တုံးထဲ သူ၏ ဝိညာဉ်စွမ်းအင် ထည့်သွင်း လိုက်လေသည်။
“ဓားအင်အား… ဓားကျောက်တုံးထဲမှာ ဓားအလှည့်အပြောင်း ဆယ်ခုပါတယ်။ အလှည့် အပြောင်းတစ်ခု အောင်မြင်ရင် အစွမ်းက အများကြီး တိုးတက်လာမှာပဲ”
ရဲချန်ဖန် ဝိညာဉ်စွမ်းအင်က ဓားကျောက်တုံးထဲ ဝင်ရောက် သွားသည်နှင့် ဓားကျောက်တုံးထဲ ပါဝင်နေသည်ကို မြင်လိုက်ရပြီး အန္တရာယ် အငွေ့အသက်ကို ရရှိလိုက်လေသည်။ ဓားကျောက်တုံးထဲရှိ ပထမဆုံး အလှည့်အပြောင်းကို ထိတွေ့လိုက်သော်လည်း ရဲချန်ဖန်က ဓားအင်အား ဆဋ္ဌမအဆင့် ရောက်ရှိနေပြီး ဖြစ်ရာ သူ့အတွက် အနည်းငယ်သာ အကျိုးရှိ စေလေသည်။ နတ်ဦးနှောက်က ချက်ချင်း ဆင်ခြင် သုံးသပ်ပြီးနောက် ပထမဆုံး အလှည့်အပြောင်းကို နားလည်သွားလေသည်။ ထို့နောက် ရဲချန်ဖန် ဒုတိယ အလှည့်အပြောင်းကို စတင် လေ့လာတော့သည်။
“ဘုံစောင့် ရဲချန်ဖန်က နောက်ဆုံး စမ်းသပ်မှု အောင်မြင်ဖို့ အခွင့်အလမ်းက နည်းနည်းပဲ ရှိတယ်လို့ ပြောချင်တာလား…”
ဓားကျောက်တုံး လေ့လာနေသော ရဲချန်ဖန်ကို ကြည့်ပြီး ကျောက်စာစောင့်က ဘုံစောင့်ကြီးကို မေးလိုက်သည်။
“ရဲချန်ဖန်က လျှို့ဝှက်ချက်တွေ သိပ်များတယ်။ သူက ကမ္ဘာဦး စွမ်းအင်ကိုတောင် အသုံးပြု နိုင်တယ်။ သူ ဓားစက်ရုပ်နဲ့ တွေ့ရင် ကမ္ဘာဦးစွမ်းအင်ကို အသုံးပြုနိုင်တယ်။ သူသာ ကမ္ဘာဦး စွမ်းအင်ကို အသုံးပြုနိုင်သေးရင် အောင်မြင်ဖို့ အခွင့်အလမ်းက ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိတယ်။ သူ့မှာ မရှိရင်တော့ သူအောင်မြင်ဖို့ သုံးဆယ် ရာခိုင်နှုန်းလောက်ပဲ ရှိတယ်”
“ဘုံစောင့်… ငါကတော့ သူက ငါတို့ စောင့်မျှော်နေတဲ့ လူလို့ ခံစားနေမိတယ်”
“အရာအားလုံးက သူ့ရဲ့ နောက်ဆုံး စမ်းသပ်မှုပေါ် မူတည်နေပြီ။ မမေ့နဲ့ ဒီလျှို့ဝှက် ဝိညာဉ်ဘုံက ငါတို့ဝိညာဉ်ကလန်ရဲ့ ပထမဆုံး စမ်းသပ်မှု ပြုလုပ်တဲ့နေရာပဲ။ ငါတို့ စောင့်မျှော်နေတဲ့သူ ဖြစ်ချင်ရင် သူအများကြီး ကြိုးစားရဦးမယ်။ သူလျှောက်လမ်းရမဲ့လမ်းက အများကြီး ရှိနေသေးတယ်”
တစ်ရက်တာမျှ အချိန်ကုန်ဆုံး သွားပြီးနောက် ရုတ်တရက် ကောင်းကင်ဓားက ရဲချန်ဖန် ကိုယ်မှ ထွက်ပေါ်လာကာ အတွင်းနန်းတော်၏ ထိပ်ပိုင်းကို သွားရောက် ထိမှန်လေသည်။ ထို့နောက် ဓားအင်အားများက အဆက်မပြတ် ထွက်ပေါ်လာကာ အတွင်းနန်းတော်၏ အမိုးကို တိုက်ခိုက်လေ တော့သည်။
ဓားအင်အားများက ရဲချန်ဖန်ကိုယ်မှ အဆက်မပြတ် ထွက်ပေါ်နေရင်း ရဲချန်ဖန်က ဓားအင်အား အပေါ် နားလည် သဘောပေါက်မှုမှာ ပိုပို၍ တိုးလာလေသည်။ နောက်ဆုံးတွင် ရဲချန်ဖန်၏ ဓားအင်အားအပေါ် နားလည် သဘောပေါက်မှုမှာ ဆင့်ကဲပြောင်းလဲသွားပြီး ဓားအင်အား သတ္တမ အဆင့်သို့ ရောက်ရှိ သွားလေသည်။
“တစ်ရက်တည်းနဲ့ ဓားအင်အားကို အဆင့်တက်အောင် လေ့ကျင့်နိုင်တယ်။ ဒီရဲချန်ဖန်က လူရော ဟုတ်ရဲ့လား”
ရဲချန်ဖန်ကို အဆက်မပြတ် လေ့လာနေသော ကျောက်စာစောင့်က မနေနိုင်တော့ဘဲ ချီးမွမ်း လိုက်လေသည်။ နောက်တစ်ရက် ကုန်ဆုံးသွားပြီး ပြင်းထန်သော ဓားအင်အားများက ထပ်မံ ထွက်ပေါ် လာပြီး အတွင်းနန်းတော်၏ ထိပ်ပိုင်းကို ထပ်မံ ထိမှန်လေသည်။ အတွင်းနန်းတော် ထိပ်ပိုင်း အကာအကွယ်များတွင် အက်ရာများ ဖြစ်ပေါ်လာလေသည်။
“ဓားအင်အား အဋ္ဌမအဆင့်လား…”
ရဲချန်ဖန်ကို ကြည့်ရင်း ဘုံစောင့်ကြီးနှင့် ကျောက်စာစောင့် မျက်လုံးထဲတွင် အလွန်ထိတ်လန့် တုန်လှုပ်သော အမူအရာ ဖြစ်ပေါ်လာလေသည်။ သူတို့သည် မြေကမ္ဘာအဆင့် ရဲချန်ဖန်သည် ထိုမျှ ပါရမီရှိသည်ကို မယုံနိုင် ဖြစ်နေကြလေသည်။
“နောက်တစ်ရက် ကျန်နေသေးတယ်။ သူ ဓားအင်အား နဝမအဆင့်ကို ရောက်သွား နိုင်တယ်”
ရဲချန်ဖန်ကမူ လောကကြီးနှင့် အဆက်အသွယ် ပြတ်နေသည့်အလားပင် လေ့ကျင့်နေသည်။ သုံးရက် ပြည့်ခါနီးတွင် ရဲချန်ဖန် အနီးတစ်ဝိုက်ရှိ လေထုသည် တုန်ခါလာပြီး အလွန်ကြီးမားသော ဝဲကတော့ ဖြစ်ပေါ်လာသည်။
“ဓားအင်အား နဝမအဆင့်…”
ရဲချန်ဖန်၏ ပိတ်နေသော မျက်လုံးများသည် ရုတ်တရက် ပွင့်လာပြီး အဆုံးမဲ့ ထက်မြက် လှသော အလင်းက လေထုကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်ထဲသို့ပါ ဖြတ်ကျော် ဝင်ရောက်သွား လေသည်။ ရဲချန်ဖန်သည် နတ်ဦးနှောက် အကူအညီဖြင့် ဓားကျောက်တုံးကို လေ့လာသဖြင့် ဓားအင်အား နဝမအဆင့်သို့ ရောက်ရှိသွားပြီး သူ၏ အစွမ်းများက အဆပေါင်းများစွာ တိုးတက်လာပြီ ဖြစ်သည်။
“ကောင်းတယ်။ သုံးရက်နဲ့ ဓားအင်အား သုံးဆင့်ကို အောင်မြင်အောင် လေ့ကျင့်နိုင်တယ်။ မင်းရဲ့ ပါရမီက ဝိညာဉ် ကလန်ထဲမှာတောင် ထိပ်ဆုံးကပဲ”
ဘုံစောင့်ကြီးက ရဲချန်ဖန် ရှေ့တွင် ပေါ်ထွက်လာပြီး ချီးကျူးလိုက်လေသည်။
“ဆရာကြီးခင်ဗျား ကျွန်တော့်လက်ရှိ အစွမ်းနဲ့ဆို နောက်ဆုံး စမ်းသပ်မှု အောင်မြင်ဖို့ အခွင့်အလမ်း ရှိပါသလားခင်ဗျာ…”
ရဲချန်ဖန်က အစွမ်းများ အဆပေါင်းများစွာ တိုးတက် လာသော်လည်း ကောင်းကင်သားရဲ ဘုရင်အဆင့်နှင့် ဆိုလျှင် ကွာခြားနေသေးသည်ကို နားလည်ထားလေသည်။
“မင်းသာ ကမ္ဘာဦးစွမ်းအင်ကို အသုံးပြုနိုင်သေးရင် အောင်မြင်ဖို့ ရှစ်ဆယ် ရာခိုင်နှုန်းလောက် ရှိတယ်။ မင်းသာ အသုံးမပြုနိုင်ရင် သုံးဆယ် ရာခိုင်နှုန်းလောက်ပဲ အောင်မြင်ဖို့ အခွင့်အရေး ရှိတယ်”
“အောင်မြင်ဖို့ သုံးဆယ် ရာခိုင်နှုန်းလား…”
ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ပြီး သူ့မျက်နှာက လေးနက်လာသည်။
ရဲချန်ဖန်သာ နောက်ဆုံးစမ်းသပ်မှု မအောင်မြင်ပါက သူကြိုးစားခဲ့သမျှသည် သဲထဲရေသွန် ဖြစ်သွားမည် ဖြစ်သည်။ ယခု သူ့တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
“မင်း ခဏ အနားယူလိုက်။ တစ်နာရီကြာရင် နောက်ဆုံး စမ်းသပ်မှု ခံယူမဲ့နေရာကို ပို့ဆောင်မယ်”
“ကောင်းပါပြီ ခင်ဗျာ”
ရဲချန်ဖန်သည် အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ကာ နောက်ဆုံး စမ်းသပ်မှု ခံယူရန် စောင့်ဆိုင်း နေသည်။ တစ်နာရီကြာပြီးနောက် ရဲချန်ဖန်ကို အလွန် မှောင်မိုက်သော စကြဝဠာ တစ်ခုသို့ ဘုံစောင့်ကြီးက ပို့ဆောင် လိုက်လေသည်။
ရဲချန်ဖန်က သူ့တည်နေရာ ပြောင်းရွှေ့ ပို့ဆောင် ခံလိုက်ရပြီးနောက် ပတ်ဝန်းကျင်ကို လေ့လာလိုက်ရာ အလွန်ထူးဆန်းသော ကောင်းကင်ကို မြင်တွေ့လိုက်ရပြီး ကျယ်ပြန့်သော ကောင်းကင်တွင် ဓားကိုင်ဆောင်ထားသော လက်ကြီးနှစ်ဖက်ကို တွေ့လိုက်ရသည်။
ထို့နောက် အလွန် တင်းမာ ခက်ထန်သည့် မျက်နှာထားနှင့် ခံစားချက် မဲ့နေသော မျက်နှာကြီးကို တွေ့လိုက်ရသည်။ ဤသည်ကား ရဲချန်ဖန်ကို နောက်ဆုံး စမ်းသပ်မှု ပြုလုပ်မည့် ဓားဝိညာဉ် (ဝါ) ဓားစက်ရုပ်ပင်တည်း။