အခန်း (၁၄၇)
ကမ္ဘာဦးစွမ်းအင်
ကြီးမားလှသော ထောက်တိုင်ကြီး မျက်နှာပြင်တွင် အက်ကွဲရာကြီး ဖြစ်ပေါ်လာသည်ကို ကြည့်ပြီး ရဲချန်ဖန် မျက်နှာတွင် ပျော်ရွှင်မှု ဖြစ်ပေါ်လာသည်။ အက်ကွဲရာသည် ဆယ်မီတာကျော်မျှ ကြီးမားသော်လည်း ဧရာမ ထောက်တိုင်ကြီးကြောင့် အက်ရာမှာ သေးသေးလေးဟုသာ ထင်ရလေ သည်။ ဓားအင်အား ဆဋ္ဌမအဆင့်နှင့် တာအိုသိုင်းကို ပေါင်းစပ်၍ ထပ်မံ တိုက်ခိုက်လိုက်သည်။ သို့သော် အက်ကွဲရာ ထပ်မံ ဖြစ်ပေါ်လာသော်လည်း ထောက်တိုင်ကြီး တစ်ခုလုံး ပျက်စီးစေရန် မည်သို့မျှ နီးစပ် နေခြင်း မရှိပေ။
ရဲချန်ဖန်က ရပ်နားခြင်း မရှိဘဲ အရူးတစ်ယောက်လို ထောက်တိုင်ကြီးကို တိုက်ခိုက်နေရာ ထောက်တိုင်ကြီးပေါ်တွင် ဓားရာများကို နေရာအနှံ့ မြင်နေရလေသည်။ တစ်ရက်ခန့် အရူးလို တိုက်ခိုက် ပြီးနောက် ရဲချန်ဖန် ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားသည့် အခါမှပင် ရဲချန်ဖန် မြေပြင်ပေါ် ထိုင်ချပြီး ရပ်နားလိုက်ကာ သူ လက်တွေ့ အသုံးပြုရာတွင် ရရှိလာသည့် တာအိုသိုင်းကို ပြန်၍ ဆင်ခြင်သုံးသပ် နေလေသည်။
ရဲချန်ဖန် ဆင်ခြင် သုံးသပ်နေသည်မှာ နောက်ထပ် ဆယ့်သုံးရက်ခန့်မျှ ကုန်ဆုံးသွားပြီး ရဲချန်ဖန်က နဂါးရုပ်တု ကျောက်တိုင်ကြီးကို ချိုးဖောက်ထွက်ရန် အချိန်တစ်လမှာ ကုန်ဆုံးရန် နှစ်ရက်သာ လိုတော့သည်။ ဤနှစ်ရက်အတွင်း ရဲချန်ဖန် ချိုးဖောက် ထွက်နိုင်ခြင်း မရှိပါက ရဲချန်ဖန် ထိုနေရာတွင်သာ သေဆုံး ရပေတော့မည်။
“တရားစီရင်ရေးဓား မဟာအေးခဲခြင်း…”
အချိန်နှင့် တည်နေရာ မေ့သွားပြီဟု ထင်ရလောက်အောင် ကျောက်ရုပ်အလား ထိုင်ကာ ကျင့်ကြံနေသော ရဲချန်ဖန်သည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး သူ့ကိုယ်မှ အလွန် အစွမ်းထက် လှသော ဓားအလင်းက ထွက်ပေါ်လာရာ ပတ်ဝန်းကျင် လေထုပင် အေးခဲသွားပြီး မဟာတာအိုနှင့် တုံ့ပြန်မှု ဖြစ်ပေါ်လာလေသည်။ ထို့နောက် ဓားအလင်းက ထောက်တိုင်ကြီး တစ်ခုကို သွားရောက် ထိမှန်လေသည်။
“ဝုန်း…”
အလွန်မာကျော ခိုင်ခန့်လှသော ထောက်တိုင်ကြီးသည် ရဲချန်ဖန်၏ မဟာအေးခဲခြင်း ဓားအလင်းကြောင့် ကြီးမားသော အက်ကွဲရာ ဖြစ်ပေါ်လာပြီး ပြိုကျပျက်ဆီး သွားသည်။ ဓားအလင်း ကြောင့် တစ်ကမ္ဘာလုံးကပင် တုန်ခါ နေသလိုပင်။
“ဟူး… နောက်ဆုံးတော့ ထောက်တိုင်ကြီးက ကျိုးပျက်ပြီပေါ့…”
ဆယ့်သုံးရက်မျှ လေ့ကျင့်ပြီးနောက် ရဲချန်ဖန်၏ တာအိုသိုင်းအပေါ် နားလည် သဘောပေါက်မှုမှာ ပိုမိုနက်ရှိုင်း လာသည်။ မဟာအေးခဲခြင်း အကွက်ကို ထုတ်သုံးပါက စွမ်းအင် ကုန်ဆုံးမှုမှာ အလွန် မြင့်မားလှသည်။ သူ၏ လက်ရှိ အဆင့်ဖြင့်ဆိုပါက မဟာအေးခဲခြင်း အကွက်ကို တစ်ခါ အသုံးပြု လိုက်ရုံနှင့် စွမ်းအင် အားလုံးနီးပါး ကုန်ဆုံးသွားသည်။
“အချိန်က နှစ်ရက်ပဲ ရှိတော့တယ်။ တဖြည်းဖြည်းနည်းလာပြီ”
ရဲချန်ဖန်က ကျန်နေသည့် အနက်ရောင် ထောက်တိုင်ကြီး နှစ်ခုကို ကြည့်ပြီးနောက် ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်ဖြိုး လာစေရန် လေ့ကျင့်လေတော့သည်။
“နှစ်ဆယ့်ရှစ်ရက် ရှိပြီ။ ထောက်တိုင်ကြီး တစ်ခုပဲ ချိုးဖျက်ရသေးတယ်။ ဒီနှုန်းက တော်တော် နှေးတယ်”
ဘုံစောင့်ကြီးက ရဲချန်ဖန် ပထမဆုံး ထောက်တိုင်ကြီး ချိုးဖျက် လိုက်သည်ကို ချက်ချင်း သိရှိလိုက်ပြီး ရဲချန်ဖန် စွမ်းဆောင်မှုကို အားမလိုအားမရ ဖြစ်နေလေသည်။
“ဘုံစောင့်… ရဲချန်ဖန်က ဒီနှစ်ရက်အတွင်း ကျန်နေတဲ့ ထောက်တိုင်နှစ်ခုကို ချိုးဖျက် နိုင်မယ်လို့ ထင်လား”
ကျောက်စာစောင့်က ဘုံစောင့်ကြီးကို မေးလိုက်လေသည်။
“မလွယ်ဘူး”
ဘုံစောင့်ကြီးက ခေါင်းခါယမ်း နေလေသည်။
“ရဲချန်ဖန် ပါရမီနဲ့ဆို သူ့မှာ အချိန် အလုံအလောက် ရှိမယ်ဆို သူ့အနာဂါတ်က ခန့်မှန်းလို့ မရအောင်ပဲ။ သူ့ကို ဒီအတိုင်း အသေခံခိုင်း လိုက်မယ်ဆို ဝမ်းနည်းစရာပဲ”
ရဲချန်ဖန်၏ ပါရမီကို ကျောက်စာစောင့်ကြီးက အလွန် နှစ်သက်နေရာ သူက သက်ပြင်းချပြီး ပြောလိုက်လေသည်။
“ဒါက သခင် ချမှတ်ခဲ့တဲ့ စည်းကမ်းတွေပဲ။ ငါလည်း ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီကိစ္စက ငါတို့ဝိညာဉ် ကလန်ရဲ့ အမွေအနှစ်တွေနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲ။ ငါ လက်လွတ်စပယ် လုပ်လို့ မဖြစ်နိုင်ဘူး”
ဘုံစောင့်ကြီးက စိတ်ပျက်သည့် အသံဖြင့် ပြောလိုက်လေသည်။
“ကြည့်ရတာ မင်းနဲ့ငါ အကြာကြီး ထပ်မံ အိပ်စက်ရတော့မယ်နဲ့ တူတယ်”
ကျောက်စာစောင့်က သက်ပြင်းသာ ချလိုက်ပြီး ရဲချန်ဖန်နဲ့ ပတ်သက်ပြီး သူလည်း အရမ်း မျှော်လင့်ထားခြင်း မရှိတော့ပေ။ နှစ်ရက်အတွင်း ထောက်တိုင်ကြီး နှစ်ခုကို ချိုးဖျက်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ နေ့ဝက်ခန့် ကြာပြီးနောက် ရဲချန်ဖန်၏ ကုန်ဆုံးသွားသော ဝိညာဉ် စွမ်းအင်များ ပြန်ပြည့် လာပြီး ဒုတိယမြောက် ထောက်တိုင်ကြီးဆီသို့ ဦးတည်လိုက်ကာ မဟာအေးခဲခြင်း အကွက်ကို အသုံးပြုကာ တိုက်ခိုက်လိုက်သည်။
အလွန်ကျယ်လောင်သော အသံက ဖြစ်ပေါ်လာပြီး ဓားအလင်းက ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်လိုက်သည့် အလားပင်။
“ဘုန်း…”
အလွန် ပြင်းထန်သည့် ဖျက်ဆီးမှု စွမ်းအင်ပါသည့် ဓားအလင်းက ထောက်တိုင်ကြီး မျက်နှာပြင်ကို ထိမှန်သွားရာ မီတာပေါင်းများစွာ ကြီးမားသော အက်ကွဲရာ ဖြစ်ပေါ်လာလေသည်။ သို့သော် ထောက်တိုင်ကြီးက ပြိုလဲ ပျက်စီးသွားခြင်း မရှိပေ။
“မပျက်စီးဘူးလား”
ရဲချန်ဖန်က မဟာအေးခဲခြင်း ဓားကွက်က ထောက်တိုင်ကြီးကို ပြိုလဲ ပျက်စီးသွားစေမည်ဟု ထင်မှတ်ထားရာ လက်တွေ့မှာ မီတာပေါင်း များစွာသာ အက်ကွဲ သွားစေသဖြင့် ရဲချန်ဖန်ကို စတင် စိတ်ပူပန်သွား စေလေသည်။
ဤတစ်ကြိမ်တွင် မဟာအေးခဲခြင်း ဓားကွက်က ထောက်တိုင်ကြီးကို မပျက်စီး စေရုံသာမက သူ့တွင်လည်း ထောက်တိုင်ကြီး နှစ်ခုကို ချိုးဖျက်ပစ်ရန် အချိန်မှာ အလွန် နည်းပါး နေပြီဖြစ်ရာ ရဲချန်ဖန် နောက်ထပ် ဝိညာဉ်စွမ်းအင် ပြန်ပြည့်လာချိန်တွင် ထောက်တိုင်ကြီး နှစ်ခုကို ချိုးဖောက်ထွက်ရန် ရသည့်အချိန်မှာ တစ်ရက်တောင် မလိုတော့ပေ။
“ငါလက်လျှော့လို့ မဖြစ်ဘူး။ ထွက်လို့ရတဲ့ နည်းတော့ရှိမှာပါ”
ရဲချန်ဖန် စိုးရိမ်စိတ်များကို ဘေးဖယ်လိုက်ကာ မြေပေါ် ထိုင်ချလိုက်ပြီး ထောက်တိုင်ကြီးကို ချိုးဖောက်ရန် နည်းလမ်းများကို စဉ်းစားနေလေသည်။ ရဲချန်ဖန်က ကုန်ဆုံးသွားသော ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်လာသည်နှင့် ဒုတိယ ထောက်တိုင်ကြီးကို ထပ်မံ တိုက်ခိုက်ရာ နောက်ဆုံးတွင် ဒုတိယမြောက် ထောက်တိုင်ကြီးမှာ ပြိုလဲသွားလေသည်။
“ဟေး… ရဲချန်ဖန် ဒုတိယ ထောက်တိုင်ကြီးကို ချိုးဖျက်ပစ် လိုက်နိုင်ပြီ။ ဒါပေမဲ့ သူ့မှာ အချိန်က တစ်ရက်တောင် မရှိတော့ဘူး။ ကြည့်ရတာ သူအောင်မြင်ဖို့ မဖြစ်နိုင်တော့ဘူး”
ဘုံစောင့်က ရဲချန်ဖန်အတွက် ဝမ်းနည်းသည့် အသံဖြင့် ပြောလိုက်လေသည်။
ရဲချန်ဖန်ကမူ သူ့အတွက် အချိန် သိပ်မကျန်တော့သော်လည်း ပျာယာခတ်ခြင်း အလျင်းမရှိပေ။ သူက ရသည့်အချိန်တွင် သူကုန်ဆုံးသွားသော ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်လာစေရန် ကြိုးစားနေသည်။ သတ်မှတ်သည့် အချိန် တစ်လစေ့ရန် တစ်နာရီခန့်သာ လိုတော့ချိန်တွင် ရဲချန်ဖန် ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်လာပြီး နောက်ဆုံး ကျန်နေသည့် ထောက်တိုင်ကြီး ရှေ့တွင် ရပ်လိုက်သည်။
“အောင်မြင်ခြင်း ကျရှုံးခြင်းက ဒီမှာပဲ”
ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ကာ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားရာ အလွန်ပြင်းထန် အစွမ်းထက်သော ဓားအလင်းက ထွက်ပေါ်လာသည်။
“မဟာအေးခဲခြင်း…”
ရဲချန်ဖန်က အော်ဟစ် မာန်သွင်းလိုက်ရာ သူ့အသံက ကမ္ဘာတစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ ဓားအလင်းတွင် အလွန်ပြင်းထန် အေးခဲသော အစွမ်းများ ပါဝင်နေပြီး ဓားအလင်းက နောက်ဆုံး ကျန်ရှိနေသည့် ထောက်တိုင်ကြီးကို ထိမှန်သွားသည်။ ထောက်တိုင်ကြီးတွင် အက်ကွဲရာ ဖြစ်ပေါ် လာသော်လည်း ကျိုးပဲ့သွားခြင်း မရှိပေ။
“ကမ္ဘာဦးစွမ်းအင် ကျိုးပဲ့စမ်း”
ရဲချန်ဖန်က မဟာအေးခဲခြင်း ဓားကွက်ကို အသုံးပြုလိုက်၍ သူ့တစ်ကိုယ်လုံးရှိ ဝိညာဉ် စွမ်းအင်များ ကုန်ဆုံးသွားပြီးဖြစ်ရာ အချိန်အနည်းငယ် အတွင်း ဝိညာဉ်စွမ်းအင် ပြန်ပြည့်လာရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူ၏ အစွမ်းအထက်ဆုံး ဝှက်ဖဲဖြစ်သော ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်မှ မွေးထုတ် ပေးလိုက်သည့် ကမ္ဘာဦး စွမ်းအင်ကို အသုံးပြုကာ ထောက်တိုင်ကြီးကို တိုက်ခိုက်လိုက်သည်။
ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်မှ ထွက်ပေါ်လာသည့် ကမ္ဘာဦး စွမ်းအင်သည် ဆံခြည်မျှင် တစ်ခုစာမျှသာ ရှိသော်လည်း သူ၏အစွမ်းမှာ ကောင်းကင်နှင့် မြေကြီးကိုပါ တုန်လှုပ် သွားစေသည်။ ထောက်တိုင်ကြီးကို ကမ္ဘာဦးစွမ်းအင်က ထိမှန်သွားသည်။ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပေါ်လာကာ နဂါးရုပ်တု ကျောက်တိုင်ကြီးသည် ပေါက်ကွဲသွားလေသည်။ ထို့နောက် ထွက်ပေါက် တစ်ခုက ဖြစ်ပေါ်လာလေသည်။
“အောင်မြင်သွားပြီ”
နောက်ဆုံး ကျန်နေသည့် ထောက်တိုင်ကြီးကို ကမ္ဘာဦးစွမ်းအင်က ဖျက်ဆီးလိုက်သည်ကို ကြည့်ပြီး ရဲချန်ဖန် စိတ်အေးသွားလေသည်။ ထို့နောက် ရဲချန်ဖန် နောက်ကျောတွင် ရွှေရောင်တောင်ပံ တစ်စုံ ထွက်ပေါ်လာပြီး အလွန်လျင်မြန်သည့် အရှိန်ဖြင့် ထွက်ပေါက်မှ ထွက်လိုက်ရာ အတွင်း နန်းတော်ထဲသို့ ပြန်လည်ရောက်ရှိ သွားလေသည်။