အခန်း (၁၄၆)
မဟာတာအို၏အစွမ်း
“ရဲချန်ဖန် မင်းအဆင့်သင့် ဖြစ်ပြီလား”
ဘုံစောင့်ကြီးက ရဲချန်ဖန် ရှေ့တွင် ရပ်နေပြီး မေးလိုက်သည်။
“ကျွန်တော် အဆင့်သင့် ဖြစ်နေပါပြီ”
ရဲချန်ဖန် အနားယူ လိုက်ရသဖြင့် အားအင်များ ပြည့်ဝနေပြီး ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။
“ဒီလိုဆိုရင် မင်းကိုငါ သဲကန့်သတ် နယ်မြေဆီ ပို့တော့မယ်။ သဲကန့်သတ် နယ်မြေမှာ သဲကျောက်စာ တိုင်ကြီးကို မင်းတွေ့လိုက်မယ်။ သဲကျောက်စာ တိုင်ပေါ်က တာအိုအဆင့် သိုင်းပညာကို နားလည်တတ်ကျွမ်းပြီး အချိန်တစ်လအတွင်း သဲကန့်သတ် နယ်မြေကို ပိတ်ဆို့ထားတဲ့ တိုင်သုံးတိုင်နဲ့ နဂါးရုပ်တုကြီးကို ချိုးဖောက် ထွက်လာနိုင်ရမယ်။ မင်းသာ တာအိုသိုင်းကို တတ်ကျွမ်း အောင်မြင်ရင် နဂါးရုပ်တုကြီးကို ချိုးဖောက်နိုင်လိမ့်မယ်။ မချိုးဖျက်နိုင်ပဲ တစ်လကျော် သွားရင်တော့ နဂါးရုပ်တု ကြီးက အသက်ဝင်လာပြီး မင်းကို သတ်ဖြတ်လိမ့်မယ်”
ဘုံစောင့်ကြီးက ရဲချန်ဖန်ကို သေချာ သတိပေးလိုက်ပြီးနောက် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို ဖုံးလွမ်းသွားသည်။ ထို့နောက် ရဲချန်ဖန် ရောက်ရှိနေသည့် စကြဝဠာသည် ပြောင်းလဲသွားပြီး ဒုတိယစမ်းသပ်မှု ခံယူရမည့်နေရာ သဲကန့်သတ် နယ်မြေသို့ ရောက်သွားလေသည်။
“အဲဒီတိုင်ကြီး သုံးတိုင်က ငါချိုးဖျက်ရမဲ့ နဂါးရုပ်တုက တိုင်ကြီးတွေလား…”
ရဲချန်ဖန် သဲကန့်သတ် နယ်မြေတွင် ခြေချလိုက်မိသည်နှင့် မီတာ ရာပေါင်းများစွာ မြင့်မားသော တိုင်ကြီး သုံးတိုင်ပေါ်တွင် အလွန်မည်းနက်ကာ ရှေးကျပုံပေါ်သော နဂါးရုပ်တုကြီးကို မြင်တွေ့လိုက်ရလေသည်။ နဂါးရုပ်တုကြီးကို မြင်လိုက်မိသည်နှင့် ရဲချန်ဖန်သည် အလွန်ကြီးမားသော ဖိအားကို ခံစားမိ လိုက်လေသည်။ ဤမျှကြီးမားသော အစွမ်းရှိသော ရုပ်တုကြီးကို ဖန်တီးရန် မည်မျှအစွမ်းရှိရန် လိုသည်ကို ရဲချန်ဖန်ပင် မတွေးနိုင်ပေ။ နဂါးရုပ်တုကြီးမှာ တောင်ကြီးတစ်လုံး အလားပင် ရဲချန်ဖန် အပေါ် ဖိအားများ သက်ရောက် နေလေသည်။
“ဓားအင်အား ဆဋ္ဌမအဆင့်… ကျိုးပဲ့စမ်း…”
ရဲချန်ဖန် အသက်ဝအောင် ရှူကာ ဓားအင်အား ဆဋ္ဌမအဆင့်ကို ထုတ်သုံးပြီး တိုင်ကြီးတစ်ခုကို ခုတ်ချလိုက်သည်။
“ဝုန်း…”
ရဲချန်ဖန်၏ ဓားအင်အား ဆဋ္ဌမအဆင့် ပါဝင်သော ဓားအလင်းက နဂါးရုပ်တုကြီးမှ ထောက်တိုင်ကြီး တစ်ခုကို ထိမှန်သွားသော်လည်း အစင်းကြောင်းလေးပင် မကျန်ရစ်ချေ။ ရဲချန်ဖန် တိုက်ခိုက်မှုက ခြစ်ရာလေးပင် မထင်နိုင်ချေ ပါတကား။ မည်မျှပင် ချိုးဖျက်ရ ခက်မည်နည်း။
“စမ်းသပ် စစ်ဆေးမှုက တစ်ခုထက်တစ်ခု ပိုခက်လာတယ်။ ငါသာ ဒီထောက်တိုင် သုံးတိုင်နဲ့ နဂါးရုပ်တုကို ချိုးဖျက်ပြီး အပြင်ရောက်ဖို့ဆိုရင် ဆွဲအားကမ္ဘာ နံရံကို ချိုးဖျက်တဲ့ အစွမ်းထက် ပိုကြီးတဲ့အစွမ်း ရှိမှရမယ်”
ပြောရမည်ဆိုလျှင် ဒုတိယ စမ်းသပ်စစ်ဆေးမှုသည် နှစ်ခုလို့ပင် ပြောရမည်ဖြစ်သည်။ သူက တာအိုအဆင့် သိုင်းပညာကို တတ်ကျွမ်းအောင် လေ့လာရမည့်အပြင် ထောက်တိုင် သုံးခုနှင့် နဂါးရုပ်တု ကြီးကို ချိုးဖျက် ပြရပေမည်။ ရဲချန်ဖန်က ထောက်တိုင်ကြီး တစ်ခုကို စမ်းသပ်တိုက်ခိုက် လိုက်သော်လည်း သူ့လက်ရှိအစွမ်းဖြင့် အရာလေးပင် ထင်အောင် မလုပ်နိုင်ရာ အချိန်ဖြုန်း မနေတော့ဘဲ သဲကန့်သတ် နယ်မြေအလယ်ကို ဆက်လျှောက် သွားလိုက်ရာ ဆယ်မီတာကျော် မြင့်မားပြီး မှန်ကဲ့သို့ မျက်နှာပြင်မှာ အလွန်ချောမွေ့နေကာ ဝိညာဉ်စွမ်းအင်များ ထွက်နေသည့် ကျောက်စာချပ်ကြီးကို တွေ့လိုက်ရလေသည်။
ရဲချန်ဖန်က ကျောက်စာချပ်ကြီး ရှေ့တွင် ရပ်လိုက်ပြီး ဝိညာဉ် စွမ်းအင်များကို ကျောက်စာချပ်ထဲ ထည့်သွင်းလိုက်ရာ ရုတ်တရက် အလွန်များပြားသော သတင်း အချက်အလက်များက ရဲချန်ဖန် စိတ်ဝိညာဉ် နယ်ပယ်ထဲ ဝင်ရောက် လာလေသည်။ ထိုသတင်း အချက်အလက်များက အလယ်အလတ်အဆင့် အံ့ဖွယ် ဆန်းကြယ်လှသည့် တာအို သိုင်းပညာရပ်ပင်။
“တရားစီရင်ရေး သိုင်းခုနစ်ကွက်…”
မဟာတာအို ပါဝင်သော အလယ်အလတ် အဆင့် တာအိုသိုင်း။ တရားစီရင်ရေး တာအိုသိုင်းတွင် မဟာအေးခဲခြင်း၊ မိုးကြိုးနိုင်၊ လခြမ်း၊ နေကွယ်လပျောက်၊ ကောင်းကင်နိုင်၊ ပျက်သုဉ်းခြင်းနှင့် စီရင်ခြင်းဟူ၍ သိုင်းခုနစ်ကွက် ပါဝင်လေသည်။ သူသာ သိုင်းတစ်ခုလုံးကို အမြင့်ဆုံး အဆင့်ထိ ရောက်အောင် လေ့ကျင့်နိုင်ပါက အဆင့်မြင့် တာအိုသိုင်းအစွမ်း အထိပါ ထုတ်သုံးနိုင်မည် ဖြစ်သည်။
သိုင်းကပင် အလယ်အလတ် တာအိုသိုင်းဖြစ်ပြီး အလွန် လွှမ်းမိုးနိုင်စွမ်း ရှိနေပြီဖြစ်ရာ သူသာ တရားစီရင်ရေး သိုင်းသာ အောင်မြင်ပါက အမြွှာညီနောင် တိုက်ကြီးတွင် နာမည်တစ်လုံးဖြင့် ကျော်ကြားသူ ဖြစ်လာပေတော့မည်။ သူ့စိတ်လှုပ်ရှားမှုသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး နတ်ဦးနှောက် အသုံးပြုကာ သိုင်းကို စတင် လေ့လာတော့သည်။ ရဲချန်ဖန်တွင် နတ်ဦးနှောက် မရှိပါက စတင် လေ့လာရန် မဆိုထားနှင့် သိုင်းတစ်ခုလုံးကို မှတ်မိရန် မဖြစ်နိုင်ပေ။ နတ်ဦးနှောက် အသုံးပြုသည့် တိုင်သိုင်းကို အစီစဉ်တကျ ဖြစ်လာစေရန် နေ့ဝက်မျှ အချိန်ယူလိုက် ရလေသည်။
“မဟာတာအိုရဲ့ အစွမ်း…”
ရဲချန်ဖန်က နတ်ဦးနှောက် အကူအညီဖြင့် သိုင်းကို တဖြည်းဖြည်း နားလည်လာနေစဉ် မဟာတာအို၏ နားလည်မှုကိုပါ သူစတင် သဘောပေါက် လာသည်။ တာအိုသည် တစ်ခုမှ နှစ်ခု၊ နှစ်ခုမှ သုံးခု၊ သုံးခုမှ အရာပေါင်းများစွာ မွေးဖွားလာပြီး ထို့နောက် သက်ရှိ အရာအားလုံးကို ဖန်တီးထားခြင်း ဖြစ်သည်။ တာအိုသည် လောကနိရာမ ဥပဒေသအားလုံးပင် ဖြစ်သည်။ ရဲချန်ဖန် လက်ရှိအစွမ်းနှင့် ဆိုလျှင် တာအိုကို အပြည့်အဝ နားလည်ရန် မဖြစ်နိုင်သေးပေ။
ရဲချန်ဖန် ကံကောင်းသည်မှာ တရားစီရင်ရေး သိုင်းကို အောင်မြင်ရန် တာအိုကို နားလည်ရန် အနည်းငယ်သာ လိုအပ်ပေသည်။ ထိုအနည်းငယ်သော မဟာတာအို အစွမ်းသည်ပင် အလွန် အစွမ်းထက်လှရာ ရဲချန်ဖန်ကို အလွန် အစွမ်းထက်သော တန်ခိုးရှင် ဖြစ်လာစေလိမ့်မည် ဖြစ်သည်။
ရဲချန်ဖန်က အလယ်အလတ် တာအိုသိုင်းကို နားလည် တတ်ကျွမ်းစေရန် လေ့လာနေစဉ် အချိန်က တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားလေသည်။ ထိုအချိန်တွင် လျှို့ဝှက်ဝိညာဉ်ဘုံ အပြင်ဘက်တွင် ရဲချန်ဖန်ကို ဖမ်းဆီးရန် စောင့်ဆိုင်းနေသော မဟာဂိုဏ်းကြီး သုံးဂိုဏ်းသည် တဖြည်းဖြည်း စိတ်မရှည် ဖြစ်လာနေသည်။
“ဓားခန်းမ သခင် နောက်တစ်လ ကုန်သွားပြီ။ ရဲချန်ဖန်က အခုထိ မထွက်လာသေးဘူး။ မင်းပြောတဲ့အတိုင်း ရဲချန်ဖန် လျှို့ဝှက်ဝိညာဉ်ဘုံထဲ သေသွားတာ ဖြစ်နိုင်တယ်”
အနက်ရောင် ဝတ်စုံနှင့် မျက်နှာ မကြည်မသာ ဖြစ်နေသော မဟာလေမုန်တိုင်း ကျေးရွာက အကြီးအကဲက ဓားခန်းမ သခင်ကို ပြောလိုက်သည်။
“ဟုတ်တယ်။ ငါတို့ မဟာကောင်းကင မီးဂိုဏ်းရဲ့ မှတ်တမ်းမှတ်ရာတွေ အရဆို လျှို့ဝှက် ဝိညာဉ်ဘုံ ပိတ်သွားတာနဲ့ ဘယ်သူမှ အချိန်အရာကြီးအထဲမှာ အသက် ဆက်မရှင်နိုင်ဘူး”
ဓားခန်းမ သခင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဓားခန်းမ သခင် ကျွန်တော်တို့ ဒီမှာ ဆက်စောင့်နေသင့်လား”
“လိုတယ်။ ရဲချန်ဖန်က ဒီလျှို့ဝှက်ဝိညာဉ်ဘုံက ထွက်လာတာလဲ ဖြစ်နိုင်တာပဲ။ ဖြစ်နိုင်ချေက နည်းပေမဲ့ ငါတို့ ပေါ့ဆလို့မဖြစ်ဘူး။ ရဲချန်ဖန်ဆီက ရတနာတွေက ငါတို့ မဟာကောင်းကင် မီးဂိုဏ်း တစ်ခုလုံးကို အစွမ်းထက်လာ နိုင်စေတယ်”
“အကြီးအကဲတွေ… မင်းရယ် မီးအကြီးအကဲရယ်က ဒီမှာ ဆက်စောင့်နေကြ။ ငါ ဒီရတနာတွေကို မဟာကောင်းကင် မီးဂိုဏ်းကို ပြန်ပို့တော့မယ်။ စိတ်ချပါ။ မင်းတို့နဲ့ ထိုက်တန်တဲ့ ဆုလာဘ် ရစေရမယ်”
ဓားခန်းမ သခင်က အကြီးအကဲ နင်ဇီနှင့် မီးအကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်။
“ဒါဆိုလည်း ကျွန်တော်တို့ ဒီမှာ တစ်နှစ်ပြည့်တဲ့ အထိ စောင့်နေပါ့မယ်။ တစ်နှစ်ပြည့်တဲ့အထိ ရဲချန်ဖန် ထွက်မလာရင် ကျွန်တော်တို့ ပြန်လာခဲ့မယ်”
အကြီးအကဲ နင်ဇီက ပြောလိုက်သည်။
“ကောင်းတယ်။ မဟာကောင်းကင် မီးဂိုဏ်းက လူတွေ အမိန့်နာခံကြ။ ငါတို့ဂိုဏ်းကို ပြန်ကြမယ်”
ဓားခန်းမ သခင်က အမိန့်ပေးလိုက်သည်။
“ရဲချန်ဖန် ရှင်တကယ်ပဲ လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ သေသွားပြီလား”
ဖုယုရွှယ်က လျှို့ဝှက် ဝိညာဉ်ဘုံ ပျောက်ကွယ် သွားသည့်နေရာကို ကြည့်ပြီး အမျိုးအမည် မသိသော ဝေဒနာကို ခံစားလိုက်ရလေသည်။ ရဲချန်ဖန် ပုံရိပ်က သူမအတွေးထဲတွင် ပေါ်လာလေသည်။ တစ်ဖက်တွင် မဟာလေမုန်တိုင်း ကျေးရွာနှင့် မဟာမိုးကြိုး ဂိုဏ်းမှ လူများသည်လည်း စိတ်ရှည်မှု ကုန်ဆုံးကာ သူတို့၏ ဂိုဏ်းသားများနှင့် လျှို့ဝှက်ဝိညာဉ်ဘုံ တည်နေရာမှ ထွက်ခွာကာ သက်ဆိုင်ရာ ဂိုဏ်းများသို့ ပြန်သွားကြလေသည်။
အချိန်သည် ကုန်ဆုံးသွားပြီးနောက် ဆယ့်ငါးရက်မျှ ကုန်ဆုံးသွားသည်။ ဆယ့်ငါးရက်မျှ လေ့လာပြီးနောက် မဟာတာအို သဘောတရားကို အနည်းငယ် ရဲချန်ဖန် ခံစားလာမိလေသည်။ ထိုခံစားချက်သည် ယောင်ဝါးဝါးလေးမျှသာ ဖြစ်သော်လည်း ရဲချန်ဖန်က မဟာအေးခဲခြင်း သိုင်းကွက်ကို လေ့ကျင့်အောင်မြင် သွားသည်။ မဟာ အေးခဲခြင်းသည် ရေတာအို၏ အစွမ်းများ ပါဝင်နေရာ သူ့လို ဓားတာအိုကို လေ့ကျင့်သူက ဓားသိုင်းထဲ ပေါင်းစပ်လိုက် နိုင်ပါက သူ၏ ဓားချက်တိုင်းသည် အရာရာကို အေးခဲသွား နိုင်လေသည်။
“ရေတာအို… ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေမှာလည်း ရေတာအို အစွမ်းတွေ ပါဝင်နေတာပဲ။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုနိုင်ရင် ငါဒီသိုင်းကွက်ကို ပိုမိုထိရောက် နားလည်အောင် လုပ်နိုင်မှာပဲ”
ရဲချန်ဖန်က နည်းလမ်းမျိုးစုံ ကြံဆကာ တရားစီရင်ရေး သိုင်းကို အောင်မြင်အောင် လေ့ကျင့်ရန် ကြိုးစားနေသည်။ ယေဘုယျအားဖြင့် မဟာသားရဲဘုရင် အဆင့်ရောက်မှသာ တာအိုအစွမ်းကို စတင်ခံစား နားလည်နိုင်စွမ်း ရှိသည်ဟု ပြောနိုင်သည်။
သို့သော် ရဲချန်ဖန်က နတ်ဦးနှောက် အကူအညီဖြင့် တာအို၏ လေးနက်သော သဘောတရားကို နားလည်အောင် ကြိုးစားနေသည်။ ရဲချန်ဖန် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြု၍ မဟာအေခဲခြင်း သိုင်းကွက်ကို နားလည်ရန် လေ့လာနေစဉ် သူ့စိတ်ထဲတွင် အလွန်ထူးခြား ဆန်းကြယ်သော လှိုင်းလုံးကြီးများက သူ့ကို တုံ့ပြန်မှုကို ခံစားလိုက်ရ လေသည်။
“မဟာအေးခဲခြင်းလား…”
ရဲချန်ဖန်၏ ရေတာအိုကို နားလည် သဘောပေါက်မှု မြင့်မား လာသည်နှင့်အမျှ ရဲချန်ဖန်က ဓားအင်အားနှင့် ရေတာအို အစွမ်းကို အနည်းငယ်မျှ ပေါင်းစည်း လိုက်နိုင်ပြီ ဖြစ်သည်။ သူ၏ နားလည်မှုသည် အစွန်အဖျားလေးမျှသာ ဖြစ်သော်လည်း ဓားအင်အား ဆဋ္ဌမအဆင့်ကို ရေတာအို သဘောတရား ပေါင်းထည့်နိုင်သည်မှာ သာမန် တန်ခိုးရှင်များ စိတ်ကူးယဉ်ခွင့် မရှိနိုင်သောအရာ ဖြစ်ရာ ရဲချန်ဖန်က အလွန်ထူးခြားသော အလားအလာများနှင့် ပါရမီရှင် ဖြစ်ကြောင်း ပြသနေလေ သည်။
ရုတ်တရက် ရဲချန်ဖန်ကိုယ်မှ အလွန် အစွမ်းထက်လှသည့် ဓားအလင်းက ထွက်ပေါ်လာပြီး အဝေး၌ ရှိသော ထောက်တိုင်ကြီးကို သွားရောက် ထိမှန်လေသည်။ အက်ကွဲသံများ ဖြစ်ပေါ်လာကာ နားကွဲမတတ် အသံများက အချိန်အတန်ကြာ တိတ်သွားခြင်း မရှိပေ။