Switch Mode

Chapter – 145

ကမ္ဘာဦးစွမ်းအင်၏ အစွမ်း

အခန်း (၁၄၅)
ကမ္ဘာဦးစွမ်းအင်၏ အစွမ်း

ရွှေလင်းယုန်သွေးကို ရဲချန်ဖန် မျိုချလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ခက်ထန် ကြမ်းကြုတ်သော သားရဲကြီးကို လှောင်အိမ်မှ လွှတ်လိုက်သည့်နှယ် စွမ်းအင်များက သွေးကြောထဲ ပြင်းထန်စွာ စီးဆင်းပေါက်ကွဲ နေကြလေသည်။ ပြင်းထန်သော စွမ်းအင်များကြောင့် ရဲချန်ဖန် ကိုယ်တွင်း အင်္ဂါများပင် ထိခိုက် ဒဏ်ရာရကာ သွေးများက တစ်ကိုယ်လုံးမှ ထွက်လာလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ရဲချန်ဖန် တစ်ကိုယ်လုံး ဓားနှင့်အမွှန်း ခံထားရသလို သွေးများ ထွက်နေလေသည်။

ကံကောင်းသည်မှာ ရဲချန်ဖန်က ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ထားခြင်း ဖြစ်ရာ သူ၏ ခန္ဓာကိုယ်သည် သာမန်လူများထက် အဆပေါင်းများစွာ ပိုမိုသန်စွမ်း သန်မာလေသည်။

“ဝိညာဉ်စုပ်သိုင်း… စုပ်ယူစမ်း…”

သာမန်လူများ မတွေးဝံ့လောက်သော နာကျင်မှုကို အသည်းကွဲမတတ် အောင့်ခံရင်း ရဲချန်ဖန် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ ရွှေလင်းယုန်သွေးကို သူ၏သွေးထဲ ပေါင်းစပ် စုပ်ယူနေသည်။

“ဘုံစောင့် မင်းပြောတာ သူက ဒီရွှေလင်းယုန်သွေးကို စုပ်ယူနိုင်တယ်ပေါ့ ဟုတ်လား။ ဒီရွှေလင်းယုန်သွေးမှာ နတ်ဘုရားရော့ရဲ့ သွေးတွေ စီးဆင်းနေတာ။ အများစုက သွေးကို ပါးစပ်ထဲ ထည့်လိုက်တာနဲ့ ပေါက်ကွဲ သေဆုံးသွားတာလေ။ ကြည့်ရတာ ရဲချန်ဖန် အရမ်းနာကျင်နေတဲ့ ပုံပဲ”

ကျောက်စာစောင့်က အလွန်နာကျင် ခံစားနေရပုံပေါက်သည့် ရဲချန်ဖန်ကို ကြည့်ပြီး ဘုံစောင့်ကြီးကို လှမ်းပြောလိုက်သည်။

“စိတ်ပူမနေနဲ့။ ဒီရဲချန်ဖန်က ငါတို့ ထင်ထားတာထက် ပိုအစွမ်းထက်တယ်။ သူရွှေလင်းယုန် သွေးကို စုပ်ယူနိုင်မှာပါ”

အလွန် အစွမ်းထက်လှသော ရွှေလင်းယုန်သွေးက ရဲချန်ဖန်၏ တာအိုနှလုံးသားကို ကွဲကြေစေရန် ကြိုးစားနေသည်။ သို့သော် ရုတ်တရက် ရွှေလင်းယုန် သွေးသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အရာကို တွေ့မြင်ပြီး ကြောက်လန့်နေသည့် ကလေးအလား ငြိမ်သက် သွားလေသည်။ ထိုအခိုက်အတန့်တွင် ရဲချန်ဖန် နှလုံးသားတွင် ရှိနေသာ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က သားကောင်အနံ့ရသည့် သားရဲကြီးအလား နိုးထလာပြီး များပြားလှသော အမြစ်များ ထုတ်လွှတ်ကာ ရွှေလင်းယုန်သွေးကို ဖုံးလွမ်းလိုက်ပြီး ဝါးမျိုလေတော့သည်။

“ဒါ… ဒါက ကမ္ဘာဦးစွမ်းအင်ရဲ့ အစွမ်းလား”

ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်သည် ရွှေလင်းယုန်သွေးကို စုပ်ယူပြီးနောက် အရောင်ငါးမျိုး ပါဝင်သည့် အလွန်လှပပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ ပြည့်နှက်နေသော ဆံခြည်မျှင် လောက်သာရှိသည့် အမျှင်တန်းလေး တစ်ခုက ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်မှ ထွက်ပေါ်လာသည်။ နတ်ဦးနှောက်၏ အဆိုအရ ဒီအရောင်ငါးမျိုး အမျှင်တန်းလေးသည် စကြဝဠာထဲတွင် အစွမ်း အထက်ဆုံးသော စွမ်းအားတစ်ခုထဲတွင် အပါအဝင်ဖြစ်သော ကမ္ဘာဦးစွမ်းအင်ပင် ဖြစ်သည်။

ဒဏ္ဍာရီတို့ အဆိုအရ ကမ္ဘာဦးစွမ်းအင်သည် စကြဝဠာ မဖန်ဆင်းခင်ကပင် ရှိနေသော အရာဖြစ်ပြီး အရာအားလုံးကို ကမ္ဘာဦးစွမ်းအင် အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။ ကမ္ဘာဦး စွမ်းအင်သည် နတ်ဘုရားတို့သာ အသုံးပြုနိုင်သော မဟာ့မဟာ ရတနာတစ်ပါးပင်။

“ငါဓားစက်ရုပ် စမ်းသပ်မှုမှာ ကမ္ဘာဦးစွမ်းအင်ကို အသုံးပြုရင် စမ်းသပ်မှုကို ဖြတ်ကျော် နိုင်မလား မသိဘူး”

နတ်ဦးနှောက်ကြောင့် ရဲချန်ဖန် ကမ္ဘာဦးစွမ်းအင်၏ အလွန်အစွမ်းထက်ပုံကို သိလိုက်ပြီးနောက် အလွန် အံ့အားသင့် သွားလေသည်။

“အင်း… ဟမ်… သူ့ခန္ဓာကိုယ်ထဲမှာ ဘာရှိနေတာလဲ။ ရွှေလင်းယုန် သွေးကိုတောင် ထိန်းချုပ် ထားနိုင်တယ်”

ဘေးတွင် အကဲခတ်နေသော ကျောက်စာစောင့်က အလွန်ပြင်းထန်သော နာကျင်မှုကို ခံစား နေရပုံပေါ်သော ရဲချန်ဖန် ကိုယ်ထဲရှိ ရွှေလင်းယုန်သွေးသည် ရုတ်တရုတ် ငြိမ်သက်သွားသဖြင့် အံ့အားသင့် သွားလေသည်။

“ကြည့်ရတာ ရဲချန်ဖန်ဆီမှာ လျှို့ဝှက်ထားတဲ့ အရာတွေ တော်တော်များတဲ့ပုံပဲ။ ကြည့်ရတာ သူက ငါတို့ဝိညာဉ်ကလန်က စောင့်မျှော်နေတဲ့ လူပဲနဲ့တူတယ်”

ရွှေလင်းယုန်သွေးတွင် ပါဝင်သော စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး တဖြည်းဖြည်းနှင့် ရဲချန်ဖန်၏ ဝိညာဉ် စွမ်းအင်များသည် တစ်ဟုန်ထိုး များပြား တိုးတက်လာလေ သည်။ သိပ်မကြာခင်မှာပင် ဝိညာဉ် စွမ်းအင်များသည် ပြည့်နှက်သွားသည်။

“မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့်…”

ရဲချန်ဖန်က သူ့အဆင့်ကို ဆက်၍ ဖိနှိပ်ထားရန် မဖြစ်နိုင်တော့သည်ကို တွေ့လိုက်ရပြီး ဝိညာဉ် စွမ်းအင်များက ပြည့်လျှံလာကာ မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့်သို့ ရောက်ရှိ သွားလေသည်။ ရဲချန်ဖန်က အဆင့် တက်သွားသည်နှင့် သူ့ခန္ဓာကိုယ်မှာ အလွန်ပေါ့ပါး သွားသည်ဟု ခံစားလိုက်ရပြီး ရွှေလင်းယုန် သွေးများကို ဆက်စုပ်ယူနေသည်။ နောက်ဆုံးတွင် ရွှေလင်းယုန်သွေးက ရဲချန်ဖန်ကိုယ်နဲ့ ပေါင်းစပ်သွားလေသည်။

“အင်း… နောက်ဆုံးတော့ ငါအောင်မြင်သွားပြီ”

အဆင့်တက်ပြီး ရွှေလင်းယုန်သွေးနှင့် ပေါင်းစပ် လိုက်ပြီးနောက် ရဲချန်ဖန် သက်ပြင်းချကာ ကျင့်ကြံခြင်းမှ နိုးထလာသည်။

“ဟမ်… ရွှေလင်းယုန်သွေးကို စုပ်ယူလိုက်တာတောင် မင်းက အဆင့်တစ်ဆင့်ပဲ တက်တယ် ဟုတ်လား”

ဘုံစောင့်ကြီးက ရွှေလင်းယုန် သွေးထဲတွင် အလွန် များပြားလှသော စွမ်းအင်များ ရှိသည်ကို သိရှိထားရာ ရဲချန်ဖန်လို မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်က စုပ်ယူပြီးနောက် အဆင့်တစ်ဆင့်သာ တက်သွားသည်ကို ဘာအကြောင်းကြောင့်မှန်း နားမလည်နိုင် ဖြစ်နေလေသည်။

“ဟုတ်ကဲ့… ကျွန်တော်က သူများထက် နည်းနည်း ထူးခြားပါတယ်။ ဒါကြောင့် ရွှေလင်းယုန်သွေးက ကျွန်တော့်ကို တစ်ဆင့်သာ တက်စေနိုင်တာပါ”

ရဲချန်ဖန်က သူ၏လျှို့ဝှက်ချက်ကို ပြောမပြဘဲ ယောင်ဝါးဝါးသာ ဖြေလိုက်သည်။

“အင်း… ရွှေလင်းယုန်သွေးက မင်းခန္ဓာကိုယ်ထဲ ရှိနေပြီဆိုတော့ ရွှေလင်းယုန် တောင်ပံကို မင်းခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖို့ပဲ လိုတယ်။ ရွှေလင်းယုန် တောင်ပံနဲ့ မင်းခန္ဓာကိုယ် အရင်ဆုံး ချိတ်ဆက် ထားလိုက်။ ပြီးမှ တဖြည်းဖြည်း အသားကျအောင် ပေါင်းစပ်ယူ”

ဘုံစောင့်ကြီးက ရဲချန်ဖန်က လျှို့ဝှက်ချက်ကို ထုတ်ဖော်ခြင်း မပြုသဖြင့် ဆက်လက် မမေးမြန်းဘဲ ရွှေလင်းယုန် တောင်ပံနှင့် ပေါင်းစပ်ခြင်းအတွက် ရှင်းပြနေလေသည်။

ရဲချန်ဖန်က အသက်ရှူ လေ့ကျင့်ခန်း အနည်းငယ် ပြုလိုက်ပြီးနောက် ရွှေလင်းယုန် တောင်ပံကို ထုတ်ယူလိုက်ရာ သုံးမီတာခန့် ရှည်သော ရွှေတောင်ပံတစ်စုံ ထွက်ပေါ်လာပြီး ရဲချန်ဖန်က ညာဘက် လက်ညှိုးထိပ်ကို ကိုက်ဖောက်လိုက်ရာ သွေးများ ထွက်ပေါ်လာသည်။ ထို့နောက် လက်ညှိုးကို ရွှေတောင်ပံ အစုံပေါ်သို့ ဖိနှိပ်လိုက်ပြီး သူ့ကိုယ်ထဲရှိ ရွှေလင်းယုန်သွေးနှင့် ရွှေလင်းယုန် တောင်ပံကို ချိတ်ဆက်စေရန် ကြိုးစားလိုက်သည်။

အမှန်မှာ ရဲချန်ဖန်သည် သူခံနိုင်ရည်ရှိသော ရွှေလင်းယုန် သွေး၏ ဆယ်ပုံတစ်ပုံမျှသာ စုပ်ယူ ခဲ့ပြီး ကျန်ကိုးပုံကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က စုပ်ယူ ပေးသွားခြင်း ဖြစ်သည်။ ရဲချန်ဖန်သာ ထို့ထက် ပိုစုပ်ယူခဲ့ပါက စွမ်းအင်များ ပေါက်ကွဲပြီး သေဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် ရဲချန်ဖန် ကိုယ်ထဲတွင် ရွှေလင်းယုန်သွေးမှာ အလွန်နည်းပါးနေရာ ရဲချန်ဖန် သွေးအများအပြား စီးဝင်သွား သော်လည်း ရွှေလင်းယုန် တောင်ပံနှင့် ချိတ်ဆက်နိုင်ခြင်း မရှိသေးပေ။ ကံကောင်းသည်မှာ ရဲချန်ဖန် သွေးအစွမ်းသည်လည်း အလွန် အစွမ်းထက်နေသည် ဖြစ်ရာ သွေးတစ်ဝက်လောက် ကုန်ဆုံးပြီး မူးနောက်နောက် ဖြစ်လာချိန်တွင် ရွှေလင်းယုန် တောင်ပံနှင့် ချိတ်ဆက် လိုက်နိုင်သည်။

သူ့အတွေး တစ်ချက်ဖြင့် ရွှေတောင်ပံက သူ့ကိုယ်ထဲ ဝင်ရောက် ပျောက်ကွယ်ကာ မည်သည့်အရာမှပင် မရှိသည့် အလားပင်။ သူလိုအပ်၍ ထုတ်သုံးမည့် အချိန်တွင် တွေးလိုက်ရုံနှင့် ရွှေတောင်ပံက ထွက်ပေါ်လာမည် ဖြစ်သည်။

“ရဲချန်ဖန် မင်းနားလိုက်ဦး။ ပြီးရင် ဒုတိယစမ်းသပ်မှုကို မနက်ဖြန် စတင်မယ်”

ရဲချန်ဖန် နောက်ကျောတွင် ရွှေလင်းယုန်တောင်ပံ ထွက်ပေါ်လာသည်ကို ကြည့်ပြီး ဘုံစောင့်ကြီးက ပြောလိုက်သည်။

“ဟုတ်ကဲ့ ဆရာကြီး ဘုံစောင့်သူခင်ဗျား။ ကျေးဇူးပြုပြီး ကျွန်တော့် ဝိညာဉ်သားရဲကို ကြည့်ပေးလို့ ရမလား။ ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲက ဘာလဲဆိုတာ ကျွန်တော်လည်း မသိဘူး ဖြစ်နေလို့ပါ”

ရဲချန်ဖန်က ဒုတိယ စမ်းသပ်စစ်ဆေးမှု ကျရှုံးလျှင် ဘာဖြစ်လာမလဲဆိုတာ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် သူ၏ ဝိညာဉ်သားရဲမှာ ဘာဖြစ်မလဲဟု အတန်ကြာကပင် သိချင် နေသောကြောင့် ဒုတိယစမ်းသပ်မှု မစခင် ဘုံစောင့်ကြီးကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။

“ရတယ်လေ”

“ဝှစ်…”

ရဲချန်ဖန် ဝိညာဉ်စွမ်းအင်များ ထုတ်ဖော်ပြီး ဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက်ရာ သွေးဥတစ်လုံး ထွက်ပေါ်လာသည်။

“ဥလား… မင်းရဲ့ဝိညာဉ်သားရဲက ဥလား”

ဘုံစောင့်ကြီးနှင့် ကျောက်စာစောင့်တို့က ရဲချန်ဖန်၏ ဝိညာဉ်သားရဲကို မြင်ပြီးနောက် အလွန် အံ့အားသင့် သွားလေသည်။ သူတို့သည် အရင်တုန်းက ထိုမျှထူးဆန်းသော ဝိညာဉ်သားရဲကို မမြင်ဖူးခဲ့ချေ။

“ဆရာကြီးတို့ခင်ဗျာ ကျွန်တော့် ဝိညာဉ်သားရဲဥရဲ့ အစစ်အမှန်သားရဲက ဘာလဲမသိဘူး”

ရဲချန်ဖန်က စဉ်းစားခန်း ဝင်နေသော ဘုံစောင့်ကြီးနှင့် ကျောက်စာစောင့်တို့ကို တစ်ချက်စီ ကြည့်ပြီး မေးလိုက်သည်။

“ရဲချန်ဖန် မင်းရဲ့ ဝိညာဉ်သားရဲကို ဥတစ်ခုတည်းကြည့်ပြီး ငါတို့က ဘာလဲဆိုတာ မပြောနိုင် ဘူး။ ဒါပေမဲ့ ဥထဲက ထွက်ပေါ်လာမဲ့ သားရဲက သာမန်တော့ မဟုတ်လောက်ဘူး။ အဲဒီသားရဲသာ ပေါက်ဖွားလာရင် အလွန်အစွမ်းထက် အဆင့်မြင့်တဲ့ ဝိညာဉ်သားရဲ ဖြစ်လိမ့်မယ်”

“ဒီလိုလုပ် မင်းသာ စမ်းသပ်စစ်ဆေးမှု သုံးခုလုံး အောင်မြင်ရင် မင်း ကောင်းကင် သားရဲဘုရင် အဆင့်ရောက်အောင် ငါကူညီပေးမယ်။ အဲဒီအခါကျရင် မင်းဝိညာဉ်သားရဲ ဥကလည်း ပေါက်ချင် ပေါက်လာမှာပေါ့”

ဘုံစောင့်ကြီးက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီး”

“မင်း စမ်းသပ်စစ်ဆေးမှု သုံးခုလုံး အောင်မြင်ပြီးမှ ကျေးဇူးတင်။ မင်းကျရှုံးရင် မင်းသေရမှာ”

ဘုံစောင့်ကြီးက ခံစားမှုမပါသည့်ပုံဖြင့် ပြောလိုက်လေသည်။

“ကျွန်တော် နားလည်ပါပြီ”

ရဲချန်ဖန် ဝိညာဉ်သားရဲဥကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက် အဆင်ပြေသည့် နေရာတစ်နေရာတွင် ထိုင်ကာ အနားယူနေလေသည်။ သူ့အတွက် မနက်ဖြန်တွင် အလွန်ကြီးမားသော စမ်းသပ်မှုကြီးတစ်ခု ရှိနေသည် မဟုတ်ပါလော။

Comment

Leave a Reply

Options

not work with dark mode
Reset