အခန်း (၁၄၄)
ရွှေလင်းယုန် တောင်ပံ
“ဒီဆွဲအားကမ္ဘာ နံရံကို ချိုးဖောက်ဖို့ ဘယ်လောင်တောင် အစွမ်းရှိဖို့ လိုမှာလဲ”
ရဲချန်ဖန်မှာ သူအားကုန်သုံး တိုက်ခိုက်နေသော်လည်း ဆွဲအားကမ္ဘာ နံရံမှာ ကျိုးပျက်ခြင်း မရှိသည့်အတွက် စိတ်ရှုပ်သော အမူအရာ ဖြစ်ပေါ်လာသည်။ ဆွဲအားကမ္ဘာ နံရံက သူထင်သည်ထက် အဆပေါင်းများစွာ အစွမ်းထက်နေသည် မဟုတ်ပါလော။
“ကြည့်ရတာ ဒီနည်းလမ်းပဲ ရှိတော့တယ်။ ဒီနည်းလမ်းသာ ကျရှုံးရင် ငါ့အတွက် အခွင့်အရေး သိပ်မရှိတော့ဘူး”
ရဲချန်ဖန် အံများကြိတ်ကာ သူ့နောက်ဆုံး နိုင်ကွက်ဖြစ်သော အသက်ဝိညာဉ် ကျင့်စဉ်ကို လှည့်ပတ် အသုံးပြုလိုက်ရာ ချက်ချင်းပင် နှစ်ငါးဆယ်စာ အသက်စွမ်းအင်များ လောင်ကျွမ်းသွားပြီး ကောင်းကင် သားရဲဘုရင် ပထမအဆင့်သို့ ရောက်ရှိသွားသည်။
ရဲချန်ဖန်က ဆွဲအားကမ္ဘာ နံရံများကို တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအင်များ၊ ခန္ဓာကိုယ် စွမ်းအားများ ပေါင်းစပ်၍ ရိုက်ချလိုက်သည်။ လက်ဝါးသည် နံရံကို ပြင်းထန်စွာ ထိမှန်သွားပြီး နံရံမှာ လိမ်တွန့်ကာ ကွဲကြေသွားသည်။
“ကျိုးပျက်သွားပြီလား…”
ရဲချန်ဖန် သက်ပြင်းချလိုက်မိသည်။ သို့သော် တစ်ချိန်တည်းမှာပင် ကျိုးပျက်သွားသည်ဟု ထင်ရသော ဆွဲအားကမ္ဘာ နံရံဆီမှ အင်အား ကြီးမားလှသော တူကြီးဖြင့် ရိုက်ချလိုက်သည့်နှယ် ရဲချန်ဖန်ကို လာရောက် ထိမှန်သွားသည်။ ရဲချန်ဖန် လေထဲလွင့်စဉ်ပြီး မြေကြီးနဲ့ ပြင်းထန်စွာ ဆောင့်မိ သွားလေသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီဆွဲအားကမ္ဘာ နံရံကို ဒီအတိုင်း အားသုံးပြီး ချိုးဖောက်လို့ မရနိုင် တာလား”
ကျိုးပျက်သွားသော ဆွဲအားကမ္ဘာ နံရံသည် ချက်ချင်းပင် အကောင်းပကတိ ဖြစ်သွားပြီး ရဲချန်ဖန် အတော်လေး စိတ်ညစ်သွားသည်။ ဖြစ်နိုင်ခြေများကို စဉ်းစားပြီး စိတ်အေးအေး ထားကာ ဝိညာဉ် စွမ်းအင်များကို နံရံထဲပို့လွှတ်ကာ နတ်ဦးနှောက်ဖြင့် ဆင်ခြင်လိုက်လေသည်။
အချိန်နှင့်အမျှ ဆွဲအားကမ္ဘာမှ ဆွဲအားများသည် ပိုပို၍ ပြင်းထန်လာသည်။ ရဲချန်ဖန်ကမူ အသက်မဲ့သည့်အလား တစ်နေရာတည်းမှာပင် မျက်လုံးမှိတ်ကာ ဝိညာဉ်စွမ်းအင်များ ပို့လွှတ်ကာ နံရံကို ချိုးဖောက်မည့် နည်းလမ်းကို ရှာဖွေနေသည်။
“နှစ်ဆယ့်နှစ်ရက် ရှိသွားပြီ။ ရဲချန်ဖန် အခုထိနံရံကို မချိုးဖောက် နိုင်သေးဘူး။ ကြည့်ရတာ ကျွန်တော်တို့ စောင့်မျှော်နေတဲ့သူက သူမဟုတ်ဘူးနဲ့ တူတယ်”
ကျောက်စာစောင့်က ဆွဲအားကမ္ဘာ နံရံကို ချိုးဖောက်ရန် မည်မျှ ခက်ခဲသည်ကို သိရှိထားရာ သူက စိတ်ပျက်လက်ပျက် ခေါင်းခါယမ်း လိုက်လေသည်။
“မဟုတ်ဘူး။ သူ့မှာ အခွင့်အရေး ရှိသေးတယ်”
ရဲချန်ဖန်၏ လှုပ်ရှားမူ အသေးစိတ်ကို ဆွဲအားကမ္ဘာထဲ ရောက်သည့် အချိန်မှစ၍ ဘုံစောင့်ကြီးက အဆက်မပြတ် အကဲခတ်နေရာ သာမန်နည်းလမ်းဖြင့် ဆွဲအားကမ္ဘာ နံရံကို ချိုးဖောက်ရန် မဖြစ်နိုင်ကြောင်း ရဲချန်ဖန် သိသွားသည်ကို ဘုံစောင့်ကြီးက မြင်နေရလေသည်။
“အသက်ဝိညာဉ် ကျင့်စဉ် နှစ်ငါးဆယ် အသက်စွမ်းအင် လောင်ကျွမ်းစမ်း…”
ရဲချန်ဖန်က အော်ဟစ် မာန်သွင်းကာ အသက်စွမ်းအင်များကို လောင်ကျွမ်းစေလိုက်ရာ အစွမ်းများ တိုးတက် လာလေသည်။ ရဲချန်ဖန်သည် အသက်ဝိညာဉ် ကျင့်စဉ်ကို သုံးခါတိုင်တိုင် အသုံးပြုထားသဖြင့် အသက်စွမ်းအင် နှစ်တစ်ရာ့ငါးဆယ်စာ ကုန်ဆုံးသွားပြီ ဖြစ်သည်။
သို့သော် သူ့တွင် တခြားရွေးချယ်စရာ နည်းလမ်း ရှိမနေပေ။ သူ ဆွဲအားကမ္ဘာ နံရံကို ချိုးဖောက်ရန် ဘာမဆို လုပ်ရပေတော့မည်။ မဟုတ်ပါက ဒီဆွဲအားကမ္ဘာထဲတွင် သူသေဆုံး သွားရပေလိမ့်မည်။
“ဓားအင်အား ဆဋ္ဌမအဆင့် ကျိုးပဲ့စမ်း…”
ကြောက်မက်ဖွယ် ဓားအင်အားက ပေါ်ထွက်လာပြီး ဆွဲအားကမ္ဘာ နံရံကို ထိမှန်သွားသည်။ ချက်ချင်းပင် ပြင်းထန်သောအားက နံရံကို ထိမှန်သွားသောကြောင့် အက်ကွဲရာ အသေးလေးတစ်ခု ဖြစ်ပေါ်လာသည်။
“ဟုတ်တာပေါ့ ဒီနေရာက နံရံရဲ့ အားအနည်းဆုံး နေရာပဲ”
အက်ကွဲကြောင်းလေးကို ကြည့်ပြီး ရဲချန်ဖန် တုံ့ဆိုင်းခြင်း မရှိဘဲ တစ်ကိုယ်လုံးမှ လွှတ်သည့်မြားနှယ် လေထဲဝဲပျံကာ နံရံကို တိုက်ခိုက်လိုက်သည်။ ညာလက်ဝါးတွင် ပေါင်တစ်သိန်း ရှစ်သောင်းကျော်အားကို ဖြည့်သွင်းလျက် တိမ်ခွင်းလက်ဝါးကို အသုံးပြုကာ ရိုက်ချလိုက်သည်။
တိမ်ခွင်းလက်ဝါးတွင် ကြောက်မယ်ဖွယ် စွမ်းအင်များ ပါဝင်ကာ နံရံပေါ်ရှိ အက်ကွဲကြောင်းကို ထိမှန်သည်နှင့် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာသည်။ ရဲချန်ဖန်သည် သက်ပြင်း ချလိုက်မိပြီး ချက်ချင်းပင် အက်ကွဲကြောင်းထဲ ဖြတ်သန်းလိုက်ရာ ဆွဲအားကမ္ဘာ အပြင်ဘက်မှ နတ်ဘုရား ကျောင်းကြီးထဲ ပြန်ရောက်သွားလေသည်။
“ရဲချန်ဖန် မင်း ဆွဲအားကမ္ဘာကနေ ထွက်လာနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်”
ရဲချန်ဖန်ကို ကြည့်ပြီး အလွန်သဘောထား တင်းမာခက်ထန်ဟန် ရှိသော ဘုံစောင့်ကြီး မျက်နှာတွင် အပြုံး ဖြစ်ပေါ်လာသည်။
“ဒါ မင်းအတွက် ဆုလာဘ်ပဲ”
ဘုံစောင့်ကြီးက ပြောရင်း သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင် သလင်းကျောက် ကဲ့သို့ ရဲရဲနီနေသည့် သွေးတစ်စက်နှင့် ရွှေရောင်လင်းယုန်၏ တောင်ပံတစ်စုံက ရဲချန်ဖန် ရှေ့တွင် ပေါ်လာလေသည်။
“အဲဒီသွေးတစ်စက်က မှော်အစီအရင်နဲ့ ပေါင်းစပ်ထားတဲ့ ရွှေလင်းယုန်ရဲ့ သွေးပဲ။ ဒီရွှေတောင်ပံ တစ်စုံကတော့ မဟာသားရဲ ဘိုးဘေး ဆဋ္ဌမအဆင့် ရွှေလင်းယုန်ရဲ့ တောင်ပံပဲ”
“ရွှေလင်းယုန် သွေးနဲ့ ရွှေလင်းယုန တောင်ပံ…”
ပထမ စမ်းသပ် စစ်ဆေးမှု၏ ရရှိသည့် ဆုလာဘ်ကို သိပြီးနောက် ရဲချန်ဖန် အလွန်အံ့သြ သွားသည်။ ရွှေလင်းယုန်သည် အလွန်လျင်မြန်သည့် ငှက်ဖြစ်ပြီး ရော့နတ်ဘုရားငှက်၏ သွေးများ စီးဆင်းနေသည်။ ဒဏ္ဍာရီများ အရဆိုလျှင် မဟာသားရဲ ဘိုးဘေးအဆင့် ရွှေလင်းယုန် အတောင်ပံများ ဖြန့်ကားလိုက်ပါက မိုင်ရာချီ ရှည်လျားပြီး အမြွှာညီနောင် တိုက်ကြီးတွင် အလျင်အမြန်ဆုံးသော နတ်ဘုရားငှက်မျိုး ဖြစ်လေသည်။
မဟာသားရဲ ဘိုးဘေး ဆဋ္ဌမအဆင့် ရွှေလင်းယုန်သည် လူသား မဟာသားရဲဘုရင် ပထမအဆင့်ထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်ဟု ပြောနိုင်သည်။ မဟာသားရဲ ဘိုးဘေးအဆင့် ရွှေလင်းယုန်ကသာ တိုက်ခိုက်ပါက မဟာသားရဲ ဘုရင်ပင် ဘာမှတတ်နိုင်မည် မဟုတ်ပေ။ မဟာသားရဲ ဘိုးဘေးအဆင့် ရွှေလင်းယုန် တောင်ပံသည် အမြွှာညီနောင် တိုက်ကြီး တစ်ခုလုံးရှိ မဟာပုဂ္ဂိုလ်များပင် လှုပ်ရှား သွားစေနိုင်သည်။
“ရဲချန်ဖန် မင်း အရမ်းပျော်မနေနဲ့ဦး။ ရွှေလင်းယုန်သွေးက သာမန်လူတွေ အလွယ်တကူ စုပ်ယူ ပေါင်းစည်းနိုင်တာ မဟုတ်ဘူး။ ပြီးတော့ ဒီရွှေလင်းယုန်သွေးက အလွန်သန့်စင် မြင့်မြတ်တယ်။ မင်း ရွှေလင်းယုန် သွေးကို စုပ်ယူပြီး မင်းခန္ဓာကိုယ်ကို ရွှေလင်းယုန် တောင်ပံနဲ့ ပေါင်းစပ်နိုင်အောင် ပြောင်းလဲနိုင်မှ ဖြစ်မယ်။ သွေးကို မစုပ်ယူနိုင်ရင် ရွှေလင်းယုန် တောင်ပံနဲ့ ပေါင်းစပ်နိုင်မှာ မဟုတ်ဘူး”
“ဆရာကြီး ဘုံစောင့်သူ ခင်ဗျာ။ ကျွန်တော် ဒီရွှေလင်းယုန် တောင်ပံနဲ့သွေးကို ဒုတိယ စမ်းသပ် စစ်ဆေးမှု မစခင် စုပ်ယူပေါင်းစပ်ခွင့် ပေးပါ”
ရဲချန်ဖန်က သူ့အစွမ်းများ တိုးလာစေရန် စိတ်အားထက်သန် နေသည်။
“ရတယ်”
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ရဲချန်ဖန်က ထိုနေရာမှာပင် ထိုင်ချကာ ဆွဲအားကမ္ဘာထဲတွင် ကုန်ဆုံးသွားသော ဝိညာဉ် စွမ်းအင်များကို ပြန်ဖြည့်တင်းကာ အမြင့်ဆုံး အခြေအနေရောက်ရန် လေ့ကျင့်နေသည်။ တစ်ရက် ကြာပြီးနောက် ဝိညာဉ် စွမ်းအင်များ ပြန်ပြည့်လာပြီး ရွှေလင်းယုန်သွေးကို ထုတ်ယူလိုက်သည်။ ရွှေလင်းယုန်သွေးတွင် အလွန်သန့်စင်သော အသက်စွမ်းအင်များ ပါဝင်နေသည်ကို တွေ့လိုက်ရပြီး ပါးစပ်ထဲထည့် မျိုချလိုက်သည်။ ရုတ်တရက် ထွက်ပေါ်လာသော စွမ်းအင်ကြောင့် ရဲချန်ဖန်ပင် ကြောက်လန့် သွားလေသည်။