အခန်း (၁၄၃)
အကွက်ဆင်ခံရပြီ
“ဘာ… ရှန်ရှင်းက သေပြီဟုတ်လား”
ယုံရှန်ရှင်း သေဆုံးသည့် သတင်းကို ကြားလိုက်ပြီး ဓားခန်းမ သခင်ဆီမှ ပြင်းထန်သော အော်ရာက ထွက်ပေါ်လာပြီး ဒေါသတကြီး မေးလိုက်လေသည်။
“ဟုတ်ပါတယ် ခင်ဗျာ။ ရှန်ရှင်းကို ရဲချန်ဖန်က သတ်လိုက်တာ။ ဒီဖုယုရွှယ်ကလည်း အဲဒီအချိန်မှာ ရဲချန်ဖန် ဘက်ကနေ ကူညီပေးခဲ့တယ်”
ဂျန်ချန်ထျန် မျက်လုံးက ကောက်ကျစ်ယုတ်မာသည့် အရောင် ထွက်ပေါ်နေပြီး မတရား ခံလိုက်ရသည့်ဟန် ပြောလိုက်လေသည်။
“ဆရာ တပည့်ကို ယုံပေးပါ။ ယုံရှန်ရှင်း သေတာ တပည့်နဲ့ ဘာမှမဆိုင်ဘူး”
ဖုယုရွှယ်က ဂျန်ချန်ထျန်၏ ကောက်ကျစ် ယုတ်မာသော မျက်လုံးများကို မြင်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ချန်ထျန် ဖြစ်ခဲ့တာတွေကို ငါ့ကိုပြောစမ်း။ ရှန်ရှင်းက ဘယ်လို သေသွားရတာလဲ”
ဓားခန်းမ သခင် မျက်နှာတွင် သံသယဖြစ်လာပြီး ဂျန်ချန်ထျန်ကို မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့ ဓားခန်းမ သခင်ခင်ဗျာ”
ဂျန်ချန်ထျန် မျက်လုံးများက အေးစက်သော အကြည့်များက ဖုယုရွှယ်ထံ ရောက်သွားပြီး ရဲချန်ဖန်က ယုံရှန်ရှင်းနှင့် တခြားလူများကို သတ်ခဲ့သည့် အကြောင်းကို ပြောပြလိုက်လေသည်။
“ချန်ဖန်က တကယ်ပဲ ယုံရှန်ရှင်းနဲ့ မဟာဂိုဏ်းကြီး သုံးခုက ပါရမီရှင် ဆယ်ယောက်ကျော်ကို သတ်ခဲ့တယ် ဟုတ်လား…”
ဂျန်ချန်ထျန် ရှင်းပြသည်ကို ကြားပြီး ဓားခန်းမ သခင်က အလွန် အံ့သြသွားလေသည်။ အပြင်မှာ ရှိနေသော မဟာဂိုဏ်းကြီး သုံးခုမှ လူများက မယုံနိုင် ဖြစ်နေကြသည်။ ရဲချန်ဖန်သည် မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်သာ ရှိနေသေးသောသူ မဟုတ်ပါလော။
ချင်တောင်ပိုင်ကမူ ကြီးမားသော ပြဿနာ တက်တော့မည်ဟု သိလိုက်ပြီး မသက်မသာ ခံစား လိုက်ရလေသည်။ ထို့ကြောင့် ရဲချန်ဖန်အတွက် စတင်စိတ်ပူလာသည်။
“ရှင်းရွှယ် သေပြီဟုတ်လား။ ဘယ်သူက ရှင်းရွှယ်ကို သတ်ရဲတာလဲ”
ထိုအချိန်တွင် လျှို့ဝှက်ဝိညာဉ်ဘုံ ထွက်ပေါက်သည် သေးသထက် သေးလာပြီး ပျောက်ကွယ်သွားလေသည်။ မဟာလေမုန်တိုင်း ကျေးရွာမှ တန်ခိုးရှင်များသည် လျှို့ဝှက်ဝိညာဉ်ဘုံမှ ပြန်ထွက်လာသော သူသည် သုံးယောက်မျှသာ ရှိတော့သည်ကို တွေ့လိုက်သောအခါ ဒေါသပုန် ထသွားပြီး ကျယ်လောင်စွာ မေးမြန်းလိုက်လေသည်။ ထိုထွက်လာသော မဟာလေမုန်တိုင်း ကျေးရွာမှ ပါရမီရှင် သုံးဦးသည် ရွှေနတ်ဘုရား ကျောင်းတော်နှင့် ဝေးရာကို ရောက်နေသဖြင့် ကျန်းရှင်းရွှယ်နှင့် တခြားလူများ သေဆုံးသွားသည်ကို ခုမှပင် သိခြင်းဖြစ်သည်။
“မဟာလေမုန်တိုင်း ကျေးရွာက အကြီးအကဲခင်ဗျာ… ကျန်းရှင်းရွှယ်တို့ကို သတ်လိုက်တဲ့ လူက ကောင်းကင်မီးဂိုဏ်းက ရဲချန်ဖန်ဆိုတဲ့ လူက သတ်လိုက်တာပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ မိုးကြိုးဂိုဏ်းက လူတွေပါ သတ်သွားသေးတယ်”
မဟာလေမုန်တိုင်း ကျေးရွာမှ အကြီးအကဲက ဒေါသတကြီး အော်ဟစ်နေစဉ် မီးလောင်ရာ လေပင့် ကောက်ကျစ်စွာ ရဲချန်ဖန် ဒုက္ခရောက်အောင် မိုးကြိုးဂိုဏ်းမှ ရန်ပိုင်ဖန်က အကွက်ဆင် လုပ်ကြံ လိုက်ခြင်းပေ။ အမှန်မှာ ကျန်းရှင်းရွှယ်တို့သည် ရဲချန်ဖန်နှင့် တိုက်ခိုက်၍ ပြင်းထန်စွာ ဒဏ်ရာရပြီး ထွက်ပြေးချိန်တွင် ဝိညာဉ် သားရဲကြီးများနှင့် ထပ်မံရင်ဆိုင်ရ၍ အသက်လုတိုက်ပွဲ ဆင်နွှဲနေရသည်။ ထိုစဉ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီဘက် ရောက်ရှိလာသည့် ရန်ပိုင်ဖန်တို့က တွေ့ရှိသွားပြီး သူ၏ခေတ်ပြိုင် ပြိုင်ဘက်ဖြစ်သူ ကျန်းရှင်းရွှယ်တို့ကို သတ်ဖြတ်ပြီး မဟာလေမုန်တိုင်း ကျေးရွာ အင်အား နည်းသွားစေရန် အကောက်ကြံလိုက်ခြင်းပေ။
သူသည် ရဲချန်ဖန်ကို တစ်ခါတည်း ဆက်အပြစ်ဖို့ရန် ကြံစည်ပြီးဖြစ်ရာ သူ့အကြံမှာ ခဲတစ်လုံးဖြင့် ငှက်သုံးကောင်ကို ပစ်လိုက်ခြင်းပေ။ သူ၏ခေတ်ပြိုင် ကျန်းရှင်းရွှယ်ကို ရှင်းပစ်၊ မဟာလေမုန်တိုင်း ဂိုဏ်းလည်း အင်အားနည်း၊ ရဲချန်ဖန်ကိုလည်း ရိုးစွပ်ပြီးဖြစ်ရာ အလွန်အကွက်ကျလှ ပေသည်။
“ဘာ…”
“ဓားခန်းမ သခင်ဂျန် ငါတို့ မဟာလေမုန်တိုင်း ဂိုဏ်းက လူတွေကို သတ်ရဲလောက်အောင် မင်းတို့ ကောင်းကင်မီး ဂိုဏ်းကလူတွေ သတ္တိကောင်းနေတယ်ပေါ့”
မဟာလေမုန်တိုင်း ကျေးရွာမှ အကြီးအကဲက ကျန်းရှင်းရွှယ်နှင့် တခြား ပါရမီရှင်များက ရဲချန်ဖန် လက်ချက်နှင့် သေသွားသည်ဟု ထင်လိုက်ပြီး အလွန် ဒေါသထွက်ကာ ပြင်းထန်သော လူသတ်စိတ်က ထွက်ပေါ်လာသည်။
“ရဲချန်ဖန်က ငါတို့ မဟာကောင်းကင် မီးဂိုဏ်းက လူမဟုတ်ဘူး။ ငါတို့ မဟာကောင်းကင် မီးဂိုဏ်းက ယုံရှန်ရှင်းကလည်း သူသတ်တာ ခံလိုက်ရတာပဲ။ ငါလည်း သူ့ကို သတ်ချင်နေတာ”
မဟာလေမုန်တိုင်း ကျေးရွာမှ အကြီးအကဲ၏ ဒေါသတကြီး သူ့ကို ရန်တွေ့သံကြားပြီး ဓားခန်းမ သခင်က မျက်နှာမည်းမှောင်ပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။
“အေး… အဲဒီရဲချန်ဖန် ဆိုတဲ့ကောင် ထွက်လာလို့ကတော့ ငါ သူ့ကိုသတ်မှာ မင်း အဲဒါကို တားဖို့ မကြိုးစားနဲ့။ ငါ သူသေမှ ကျေနပ်နိုင်မယ်”
မဟာလေမုန်တိုင်း ကျေးရွာက လူရှေ့တွင် ကြုံးဝါးလိုက်သည်။
“ယုရွှယ် ဒီမြေကမ္ဘာအဆင့် ရတနာက သမီးကို ရဲချန်ဖန် ပေးထားတာလား”
ဓားခန်မ သခင်က ဖုယုရွှယ်ကို လေသံလေးဖြင့် မေးလိုက်ည်။
“ဟုတ်ပါတယ်”
ဖုယုရွှယ်က ဖုံးကွယ်မနေချေ။ မဟုတ်လျှင် သူမအဆင့် အစွမ်းဖြင့် ရလာသည်ဟု ပြောပါက ဓားခန်းမ သခင် မယုံဘဲ သံသယသာ ဝင်လာမည်ဖြစ်သည်။
“ဒါဆို ဆရာ့ကို မှန်မှန်ပြော ရဲချန်ဖန် ဘယ်မှာလဲ”
ဓားခန်းမ သခင်က မေးလိုက်သည်။
“သူက ရွှေနတ်ဘုရား ကျောင်းရဲ့ အတွင်းပိုင်း ဝင်သွားတာ။ တပည့်ရဲ့ အစွမ်းက အဲဒီလောက် မရှိတဲ့အတွက် အဲဒီထဲကို ဝင်လို့မရခဲ့ဘူး။ ဒါကြောင့် သူသေလား ရှင်လား ဆိုတာတော့ တပည့်လည်း သေချာမသိဘူး”
ဖုယုရွှယ်က အမှန်အတိုင်းပင် ဖြေလိုက်သည်။
“မင်းမှာ အလယ်အလတ် မြေကမ္ဘာအဆင့် ရတနာဓား ရှိသေးတယ်။ အဲဒါ ငါ့ကိုပေး”
ဓားခန်းမ သခင်က ဖုယုရွှယ်ထံတွင် အနက်ရောင် ရတနာဓား ရှိသေးကြောင်း ဂျန်ချန်ထျန် ပြောပြလိုက်သည်နှင့် သူ့ကိုပေးရန် ဖုယုရွှယ်ကို အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
ဖုယုရွှယ် စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားသော်လည်း ဓားခန်းမ သခင်ဂျန် အမိန့်ကို လွန်ဆန်ခြင်း မပြုဘဲ အနက်ရောင်ဓားကို ထုတ်ကာ ဓားခန်းမ သခင်ကို ပေးလိုက်လေသည်။
“ဒီမြေကမ္ဘာအဆင့် ရတနာတွေရဲ့ မျက်နှာထောက်ပြီး မင်းအပြစ်တွေကို သင်ပုန်းချေ ပေးလိုက်မယ်။ မင်းနဲ့ ရဲချန်ဖန် အဆက်အသွယ် ထပ်လုပ်တာနဲ့ မင်းကိုငါ ပြင်းပြင်းထန်ထန် ဒဏ်ပေးရမယ်”
မြေကမ္ဘာအဆင့် ရတနာနှစ်ခု ရရှိပြီးနောက် ဓားခန်းမ သခင်မျက်နှာမှာ အပျော်များနှင့် ဖုံးလွှမ်းနေပြီး ရေခဲအလား အေးစက် မာကျောဟန်ရှိသည့် ဖုယုရွှယ်ဘက် ကြည့်ကာ သူကပင် အလျှော့ပေး သနား ကြင်နာတတ်သည့် ဟန်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာ့အမိန့်ကို မလွန်ဆန်ရဲပါဘူး”
ဖုယုရွှယ်က နာခံတတ်သည့် တပည့်မလေးသဖွယ် ကျေးဇူးတင်စကား ပြောလိုက်လေသည်။ သူကို တခြား အပြစ်ရှာချင်သူ ရန်များက လတ်တလော ကင်းဝေးသွားပြီ ဖြစ်သဖြင့် သူမ စိတ်အနည်းငယ် အေးသွားသည်။
“ဓားခန်းမ သခင် မင်းပြောတာက လျှို့ဝှက် ဝိညာဉ်ဘုံထဲက အခုတစ်ခေါက် ပွင့်တဲ့အချိန် ထွက်ပေါ်လာတဲ့ ရွှေနတ်ဘုရား ကျောင်းက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ထွက်ပေါ်လာတယ်လို့ မှတ်တမ်း တင်ထားတဲ့ ဘုရားကျောင်းနဲ့ မတူဘူးပေါ့ ဟုတ်လား”
အက်ကွဲကွဲရှတတ အသံကြီးက ထွက်ပေါ်လာသည်။
“ကြည့်ရတာ ဒီနတ်ဘုရား ကျောင်းက အခုတစ်ခါမှ ပေါ်ထွက်လာတာနဲ့ တူတယ်”
ဓားခန်းမ သခင်က ပြောလိုက်သည်။
“ဓားခန်းမ သခင် ငါတို့ဘာလုပ်သင့်လဲ ဒီကောင် ရဲချန်ဖန်က လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ ပိတ်မိ နေပြီနဲ့ တူတယ်။ ငါတို့ သူ့ကိုရှာဖို့ မလွယ်လောက်ဘူး”
မဟာလေမုန်တိုင်း ကျေးရွာမှအကြီးအကဲက ပြောလိုက်သည်။
“စောင့်ရမှာပေါ့။ ကံကောင်းရင် ဒီနေရာကပဲ သူသေချာပေါက် ထွက်လာမှာပဲ”
ဓားခန်းမ သခင်က ရဲချန်ဖန် ရထားသည့် ရတနာများကို အလွန်တပ်မက် လိုချင်နေရာ လျှို့ဝှက်ဝိညာဉ်ဘုံ အဝင်ဝတွင် ပိတ်ဆို့စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
“ဘုရားမလို့ ရဲချန်ဖန်က တခြားထွက်ပေါက်က ထွက်သွားပါစေ”
ဖုယုရွှယ်က သူမစိတ်ထဲ ကျိတ်၍ ရဲချန်ဖန် အတွက် ဆုတောင်းပေးနေသည်။
***
“များပြားလိုက်တဲ့ ဝိညာဉ်စွမ်းအင်တွေ သွေးကြောထဲ စီးဝင်စမ်း”
ရဲချန်ဖန်က အသည်းကွဲမတတ် နာကျင်မှုကို တောင့်ခံရင်း သရဲမျက်နှာ သစ်သီးမှ ဆေးစွမ်းများကို စုပ်ယူနေရာ နောက်ဆုံးတွင် သူ၏ ကောင်းကင် ကိုယ်ခန္ဓာကျင့်စဉ်မှာ အဆင့်မြင့်လာပြီး ပို၍ အစွမ်းထက် လာလေသည်။ ဝိညာဉ် စွမ်းအင်များကို သွေးကြောထဲ ပေါင်းစပ် ထည့်သွင်းရာတွင် ပြင်းထန်သော မိစ္ဆာဓာတ်အစွမ်း ပါသောကြောင့် အသည်းများ ကွဲမတတ် နာကျင်နေရာ တစ်ကိုယ်လုံး အကြောများ ဆွဲနေလေသည်။
လေးရက်ကြာမျှ အသည်းကွဲလုမတတ် နာကျင်မှုကို တောင့်ခံပြီးနောက် ရဲချန်ဖန်က သရဲမျက်နှာ သစ်သီးအစွမ်းကို စုပ်ယူပြီးသွား လေသည်။ ရဲချန်ဖန် အစွမ်းများ တိုးလာပြီ ဖြစ်သောကြောင့် ကိုယ်ခန္ဓာစွမ်းအား သက်သက်ပင် ပေါင်တစ်သိန်း ရှစ်သောင်းကျော်ထိ ရောက်ရှိ သွားကာ ပေါင်နှစ်သိန်းနား ရောက်ရန် လက်တစ်ကမ်း အကွာသို့ ရောက်လာလေသည်။
“အင်း… ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ်က အဆင့်မြင့်လာလေ အောင်မြင်ဖို့ ခက်လာလေပဲ။ သရဲမျက်နှာ သစ်သီးက ဆေးစွမ်းနဲ့ ကိုယ်တွင်းအင်္ဂါ သန်မာစေခြင်း အဆင့်ရဲ့ အဆင့်အမြင့်ဆုံး အဆင့်ကို ရောက်ဖို့ မလွယ်ဘူး။ ဆွဲအားကမ္ဘာက အမြန်ဆုံး ထွက်နိုင်အောင်လုပ်မှ ဆွဲအားက တစ်နေ့ထက် တစ်နေ့ ပိုပြင်းထန်လာပြီ”
အနည်းငယ် စဉ်းစားပြီးနောက် ရဲချန်ဖန် ဆက်လက် ကျင့်ကြံခြင်း မပြုတော့ဘဲ အနားယူလိုက်သည်။ ထို့နောက် ဆွဲအားကမ္ဘာ နံရံများကို ချိုးဖျက်ရန် ကြိုးစားတော့မည် ဖြစ်သည်။
“တိမ်ခွင်းလက်ဝါး…”
ရဲချန်ဖန်က တစ်ကိုယ်လုံးရှိ အားများ ထုတ်သုံးလိုက်ကာ ဆွဲအားကမ္ဘာ နံရံကို ရိုက်ချလိုက် သည်။
“ဘုန်း…”
ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ လက်ဝါးရာ ထိခိုက်သော နေရာမှ အပေါက်သေးလေး ဖြစ်ပေါ်ကာ လေပြင်းများ တရဟော တိုးဝင်လာပြီး အပြင်ဘက်ကို မြင်တွေ့ လိုက်ရလေသည်။ ဆွဲအား ကမ္ဘာ နံရံ ကျိုးပျက်သွားပြီ ဖြစ်သည်။ သို့သော် နံရံမှာ အလွန် လျင်မြန်သော နှုန်းဖြင့် အလိုအလျောက် ပြုပြင်နေရာ ရဲချန်ဖန်ပင် ပျော်ချိန် မရလိုက်ဘဲ ကျိုးပျက်သော နံရံမှာ အကောင်းပကတိ ဖြစ်သွား လေသည်။
“သေစမ်း… အခုထိ ချိုးဖျက်လို့ မရသေးပါလား”
ရဲချန်ဖန်က အားများထပ်ထုတ်ကာ ချိုးဖျက်ရန် ကြိုးစားလိုက်သော်လည်း နံရံကို ချိုးဖျက်ရန် မဖြစ်နိုင် ဖြစ်နေသည်။ သူက စိုးရိမ် ပူပန်လာမိသည်။ ခဏတာ နားပြီးနောက် ရဲချန်ဖန်က ဓားအင်အားကို လက်တစ်ဖက်တွင် အသုံးပြုကာ ကျန်လက်တစ်ဖက်ဖြင့် တိမ်ခွင်းလက်ဝါးကို အသုံးပြုကာ နံရံကို အစွမ်းကုန် ရိုက်ချလိုက်သည်။
ရဲချန်ဖန် တိုက်ခိုက်မှုက ပြင်းထန်လှသော်လည်း နံရံက သူထင်ထားသည်ထက် ပိုမိုမာကျောနေရာ ရဲချန်ဖန် နာရီဝက်ကျော် အဆက်မပြတ် သဲကြီးမဲကြီး တိုက်ခိုက်သော်လည်း ဝိညာဉ်စွမ်းအင်သာ ကုန်ဆုံးသွားပြီး နံရံက ကျိုးပျက်ခြင်း မရှိပေ။ ရဲချန်ဖန် အတော်လေး စိတ်ဓာတ်ကျသွား မိလေသည်။