အခန်း (၁၄၂)
မိစ္ဆာဓာတ်ဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်း
“ဟူး…. နောက်ဆုံးတော့ မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့်ကို ရောက်သွားပြီ”
ဆွဲအား ကမ္ဘာထဲတွင် ငါးရက်တာမျှ လေ့ကျင့်ပြီးနောက် ရဲချန်ဖန်၏ ဝိညာဉ် စွမ်းအင်များသည် အရင် တစ်ပတ်ကထက် အဆပေါင်းများစွာ တိုးတက်လာပြီ ဖြစ်သည်။ သူက ထရပ်ကာ ဆွဲအားကမ္ဘာ နံရံများဆီသို့ လျှောက်လှမ်း သွားလိုက်ပြီး တိမ်ခွင်းလက်ဝါးကို ထပ်မံ အသုံးပြုကာ နံရံကို ရိုက်ချ လိုက်သည်။
“ဘုန်း…”
ဆွဲအားကမ္ဘာ နံရံသည် ပြင်းထန်စွာ တုန်ခါသွားရုံမှအပ ကျိုးပဲ့သွားခြင်း မရှိပေ။
“အင်း…. ဒီနံရံတွေက သိပ်ခိုင်တာပဲ။ ကြည့်ရတာ သရဲမျက်နှာ သစ်သီးကိုပဲ အားကိုးရတော့ မယ် မဟုတ်ရင် ငါ ဒီအထဲမှာ သေသွားနိုင်တယ်”
ရဲချန်ဖန် က အနည်းငယ် တုန်ခါလျက် ရှိနေသော နံရံကိုကြည့်ပြီး သက်ပြင်းချမိကာ သူ့သိုလှောင်အိတ်ထဲမှ သရဲမျက်နှာ သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။ သရဲမျက်နှာ သစ်သီးသည် အလွန် အစွမ်းထက် လှသော်လည်း အလွန်ရက်စက် ကြမ်းကြုတ်သော မိစ္ဆာဓာတ်များ ပါဝင်နေသည်။ လူတစ်ယောက်ကသာ တာအိုနှလုံးသား မခိုင်မာပါက ချက်ချင်းပင် စိတ်လွတ်ကာ သရဲမျက်နှာ သစ်သီး၏ ထိန်းချုပ်ခြင်းကို ခံရပြီး ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
“သရဲမျက်နှာသစ်သီး မင်းကိုပဲ အားကိုးရမှာပဲ”
ရဲချန်ဖန်က အသက်ဝအောင် ရှူလိုက်ပြီး သရဲမျက်နှာသစ်သီးကို စားသုံးလိုက်လေသည်။ ထို့နောက် ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ ဆေးစွမ်းကို စတင် စုပ်ယူတော့သည်။
“ဘုန်း…”
ပြင်းထန်သော စွမ်းအင်များက ရဲချန်ဖန် ကိုယ်တွင် တစ်မုဟုတ်ချင်း ပြည့်နှက်လာကာ သူ့သွေးကြောများကို ထိုးခွဲနေပြီး သွေးအများအပြားက ထိန်းချုပ်လို့ မရနိုင်အောင် ယိုစီးကျလာသည်။ ဤကဲ့သို့ ပြင်းထန်လှသည့် မိစ္ဆာဓာတ်ပါသည့် သစ်သီးကို သာမန် တန်ခိုးရှင်များ စားသုံးပါက နာကျင်မှုကြောင့် အချိန်အတန်ကြာ အော်ဟစ်ငိုယို သွားစေနိုင်သည်။
ရဲချန်ဖန်က သူ၏ အစွမ်းထက်သော ခန္ဓာကိုယ် စွမ်းအားကို အသုံးချကာ သာမန်လူများထက် ပိုမိုသော ဇွဲ၊ စိတ်အား ထက်သန်မှု ပြည့်စုံမှုဖြင့် အံကြိတ်ခုခံနေသည်။ ထို့နောက် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို အသုံးပြုပြီး အဆက်မပြတ် ပျက်စီးနေသော သွေးကြောများကို ပြုပြင်နေလေသည်။ တစ်မိနှစ်ခန့် ကြာပြီးနောက် သရဲမျက်နှာ သစ်သီး၏ မိစ္ဆာဓာတ်က ထွက်ပေါ်လာလေသည်။
“ယား…”
ရဲချန်ဖန် စိတ်ဝိညာဉ် နယ်ပယ်ထဲတွင် သရဲမျက်နှာ သစ်သီးနှင့် ဝိညာဉ်စုပ်သိုင်း၏ စုပ်အားအကြား ပြင်းထန်သော တိုက်ပွဲက ဖြစ်ပေါ်လာပြီး ရဲချန်ဖန် ခေါင်းပင် ပေါက်ကွဲသွား မတတ်ပင်။ သွေးအများအပြား ထပ်မံ ယိုစီးကျလာသည်။
“ဒီသရဲမျက်နှာ သစ်သီးရဲ့ မိစ္ဆာဓာတ်က ဘာလို့ အဲဒီလောက်တောင် အစွမ်းထက် နေရတာလဲ”
သရဲမျက်နှာ သစ်သီး၏ စွမ်းအားကို ခံစားမိပြီး အတိုင်းအဆမဲ့ မိစ္ဆာဓာတ်များ လှိုင်းများသဖွယ် ရဲချန်ဖန် စိတ်ဝိညာဉ်ထဲ စီးဝင်လာလေသည်။ ရဲချန်ဖန်သည် အနည်းငယ် တုန်လှုပ်သွားပြီး သူ့နှလုံးသားကို တည်ငြိမ်အောင် ထိန်းလိုက်သည်။
သို့သော် သရဲမျက်နှာ သစ်သီးတွင် ပါဝင်သော မိစ္ဆာဓာတ်က ရဲချန်ဖန် တွေးထင်ထားသည်ထက် များစွာ အစွမ်းထက်နေရာ မိစ္ဆာဓာတ်က လေဝဲကတော့ အလား ဖန်တီးပြီး ရဲချန်ဖန် စိတ်ဝိညာဉ်ကို စုပ်ယူရန် ကြိုးစားနေသည်။ ရဲချန်ဖန်သည် စိတ်ဝိညာဉ် စုပ်ယူခံလိုက်ရပါက သရဲမျက်နှာ သစ်သီး၏ ထိန်းချုပ်မှု ခံရသော ဖုတ်ကောင် ဖြစ်လာပေလိမ့်မည်။
“နတ်ဦးနှောက် မိစ္ဆာဓာတ်ကိုနှိမ်နှင်းစမ်း…”
ရဲချန်ဖန် က အသိစိတ် မလွတ်စေရန် လျှာကိုကိုက်ကာ သတိဝင်အောင် လုပ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ နတ်ဦးနှောက် အသုံးပြု၍ သူ့စိတ်ဝိညာဉ်ကို ထိန်းချုပ်ရန် ကြိုးစားနေသည့် သရဲမျက်နှာ သစ်သီးကို ပြန်လည်စုပ်ယူရန် ကြိုးစားလိုက်သည်။
“ဘုန်း…”
ကြီးမားလှသည့် နတ်ဦးနှောက်က ရဲချန်ဖန် စိတ်ဝိညာဉ် နယ်ပယ်တွင် ပေါ်ထွက်လာပြီး အလွန် လျင်မြန်စွာ သရဲမျက်နှာ သစ်သီးကို လွှမ်းခြုံလိုက်သည်။ သရဲမျက်နှာ သစ်သီး၏ မိစ္ဆာဓာတ်သည် ပြင်းထန်စွာ ပြန်လည် ခုခံနေသောကြောင့် ကြီးမားသော တုန်ခါမှုက ဖြစ်ပေါ်နေပြီး ရဲချန်ဖန်၏ ကိုယ်သည် နတ်ပူးသည့်အလား တဆတ်ဆတ် တုန်ခါနေသည်။
နတ်ဦးနှောက်နှင့် သရဲမျက်နှာ သစ်သီးတို့ တိုက်ခိုက်မိ လိုက်တိုင်း ရဲချန်ဖန်သည် ခေါင်းပေါက်ကွဲမတတ် နာကျင်မှု ဝေဒနာကို ခံစားနေရပြီး အချိန်မရွေး သူသေဆုံးနိုင်သည်ဟု ခံစားနေရသည်။ ဘယ်လောက် ကြာသွားသည် မသိလိုက်ဘဲ နတ်ဦးနှောက်၏ တိုက်ခိုက်မှုကြောင့် သရဲမျက်နှာ သစ်သီး၏ ခုခံမှုသည် တဖြည်းဖြည်း အားပျော့လာသည်။ နောက်ဆုံးတွင် နတ်ဦးနှောက်က သရဲမျက်နှာ သစ်သီးကို အနိုင်ရရှိ သွားလေသည်။ ရဲချန်ဖန် တစ်ကိုယ်လုံးသည် သွေးရဲရဲနီ နေလေသည်။
“ဟူး… နတ်ဦးနှောက်က သရဲမျက်နှာ သစ်သီး မိစ္ဆာဓာတ်ကို ဝါးမျိုပစ်လိုက်ပြီ”
သရဲမျက်နှာ သစ်သီးကို စားသုံးသူတို့ ရင်ဆိုင်ရသည့် အန္တရာယ်မှာ မိစ္ဆာဓာတ်ကို မည်သို့ ဖယ်ရှား အနိုင်ယူမလဲပင် ဖြစ်ရာ သရဲမျက်နှာ သစ်သီးကို စားသုံးသော သူသည် ခိုင်မာသော တာအိုနှလုံးသားနှင့် ရဲချန်ဖန်ကဲ့သို့ နတ်ဦးနှောက် မရှိသူ အများစုသည် ဖုတ်ကောင်အဖြစ် ပြောင်းလဲ သွားကြသည်က များသည်။
ရဲချန်ဖန်သည် ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ် လှည့်ပတ်ကာ သရဲမျက်နှာ သစ်သီးမှ ဆေးစွမ်းများကို စတင်စုပ်ယူပြီး ကိုယ်တွင်း အင်္ဂါများကို သန်မာစေရန် လေ့ကျင့်တော့သည်။ ကိုယ်တွင်းအင်္ဂါ သန်မာစေရန် လေ့ကျင့်သော ဖြစ်စဉ်သည် အလွန် နာကျင်သော်လည်း ရဲချန်ဖန်က အားမလျှော့ပေ။ သူသာ ကိုယ်တွင်းအင်္ဂါ သန်မာစေခြင်း အဆင့်ကို အမြင့်ဆုံးအဆင့်ထိ မကျင့်ကြံ နိုင်ပါက ဆွဲအားကမ္ဘာထဲတွင် သေဆုံးသွားနိုင်သည်။
“ငါလက်လျှော့လို့ မဖြစ်ဘူး။ ငါအောင်မြင်မှ ရမယ်။ ဘယ်လို နာကျင်မှုကမှ ငါ့ကို မရပ်တန့် စေနိုင်ဘူး”
ရဲချန်ဖန်သည် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ကာ အသည်းကွဲမတတ် နာကျင်မှုကို အောင့်ခံကာ ကိုယ်တွင်းအင်္ဂါ သန်မာစေရန် လေ့ကျင့်နေသည်။ အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားရာ နောက်ထပ် လေးရက်တာမျှ ကုန်ဆုံးသွားပြီး သရဲမျက်နှာ သစ်သီး အစွမ်းဖြင့် ကိုယ်တွင်းအင်္ဂါ သန်မာစေရန် လေ့ကျင့်မှုမှာ အဆင့်သေး အောင်မြင်မှု ရရှိကာ အစွမ်းများ တိုးတက်လာလေသည်။
“ဟူး….. နောက်ဆုံးတော့ ငါ ကိုယ်တွင်းအင်္ဂါ သန်မာစေခြင်း အဆင့်ကို အတော်လေး ခရီးပေါက်အောင် လေ့ကျင့်နိုင်လိုက်ပြီ”
ရဲချန်ဖန်မှာ သက်ပြင်းချလိုက်ကာ ဝိညာဉ်ပြန်ခေါ် ဆေးလုံးကို ထုတ်ယူကာ သောက်သုံး လိုက်သည်။ ချက်ချင်းပင် ကုန်ခန်းနေသော ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်ဖြိုးလာသည်။ နေ့တစ်ဝက်ခန့် ကြာပြီးနောက် ကျန်နေသည့် နောက်ထပ် သရဲမျက်နှာ သစ်သီးကို ထုတ်ယူကာ တွေဝေခြင်း အလျှင်းမရှိဘဲ စားသုံးလိုက်သည်။ ထို့နောက် အသည်းကွဲမတတ် နာကျင်မှုကို အောင့်ခံကာ ဆေးစွမ်းများကို စုပ်ယူတော့သည်။
ရဲချန်ဖန်က ဆွဲအား ကမ္ဘာထဲတွင် အသည်းကွဲမတတ် နာကျင်မှုကို သည်းခံရင်း သွေးကြောများ သန်မာအောင် လေ့ကျင့်ပြီး ဆွဲအားကမ္ဘာ နံရံကို ချိုးဖောက်ထွက်ရန် ပြင်ဆင်နေချိန်တွင် လျှို့ဝှက် ဝိညာဉ်ဘုံသို့ ဝင်ခွင့်ရသော မဟာဂိုဏ်းကြီး သုံးဂိုဏ်းမှ ပါရမီရှင်များ လျှို့ဝှက် ဝိညာဉ်ဘုံထဲတွင် နေခွင့်ရသော အချိန်တစ်လ ပြည့်သွားပြီဖြစ်ရာ ဝင်ရောက်လာသော ပါရမီရှင်များကို မမြင်ရသော စွမ်းအားက အပြင်သို့ ပြန်ပို့ဆောင်လိုက်သည်။
“တစ်လတော့ ပြည့်သွားပြီ။ ချန်ထျန်နဲ့ ရှန်ရှင်းတို့ ထွက်လာတော့မှာပဲ။ သူတို့ ဘာပညာရပ်တွေ၊ ရတနာတွေ ရခဲ့လဲမသိဘူး”
အဖြူရောင်ဝတ်စုံနှင့် ဓားခန်းမသခင် ဂျန်သည် လျှို့ဝှက်ဝိညာဉ်ဘုံ အပြင်ဘက်မှ စောင့်ဆိုင်း နေရင်း မျှော်လင့်နေသည်။
“ထွက်လာကြပြီ…”
အနက်ရောင်ဝတ်စုံနှင့် မိန်းမချောလေးက စိုစွတ်သော ရွှံ့နွံပေါ် လှပစွာ ပျံဝဲကျလာသည်။ သူမကား ဖုယုရွှယ်ပင်။ သူမ အပြင်ရောက်သည်နှင့် ထွက်လာသည့် လူများထဲတွင် ရဲချန်ဖန် ပါမပါ လိုက်ရှာ ကြည့်လိုက်သည်။ သို့သော် ရဲချန်ဖန်ကို မမြင်သောအခါ သူမ စိုးရိမ်သွားလေသည်။
“ဓားခန်းမ သခင်ဂျန် ရှင့်… ဒီမြေကမ္ဘာအဆင့် ရတနာကို လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ ရရှိခဲ့ပါတယ်”
ဖုယုရွှယ်က သူမကို ရဲချန်ဖန် ပေးခဲ့သည့် မြေကမ္ဘာအဆင့် ပုဆိန်ကြီးကို ဓားခန်းမ သခင်ထံ အရင်ဆုံး ပေးအပ်လိုက်လေသည်။
“မြေကမ္ဘာအဆင့် ရတနာလား…”
ဓားခန်းမ သခင်က ဓားကို သေချာစစ်ဆေးပြီးနောက် အလွန်ပျော်ရွှင်သွားကာ ဖုယုရွှယ်ကို ကြည့်သည့်အကြည့်မှာ ပြောင်းလဲသွားသည်။
“ဖုယုရွှယ် မင်း ဆုအနေနဲ့ ဘာလိုချင်လဲ”
“ကျွန်မ တောင်းဆိုသင့်လားတော့ မသိဘူး။ အခွင့်ရရင် ဓားခန်းမ သခင်ရဲ့ နာမည်ခံတပည့် ဖြစ်ချင်ပါတယ်”
ဖုယုရွှယ်က သူမ၏ ဆေဘာဓား အင်အား ဒုတိယအဆင့်ကို ထုတ်ဖော်ပြသကာ ပြောလိုက်လေသည်။
“ဆေဘာဓား အင်အားလား… အေး… မင်းကို ငါ့ရဲ့ နာမည်ခံတပည့်အဖြစ် လက်ခံပေးမယ်။ မင်း ဒီလျှို့ဝှက် ဝိညာဉ်ဘုံက ပြန်ရင် ငါနဲ့အတူ မဟာကောင်းကင် မီးဂိုဏ်းကို လိုက်ခဲ့”
ဓားခန်းမ သခင်က ရုတ်တရက် တွန့်ဆုတ် သွားသော်လည်း ဖုယုံရွှယ်ဆီမှ ဆေဘာဓား အင်အား ထွက်ပေါ်လာသည်ကို မြင်သောအခါ သူအံ့သြမှင်တက် သွားမိသည်။ ဆေဘာဓား အင်အားသည်လည်း ဓားအင်အားကဲ့သို့ အလွန်အစွမ်းထက် သည်သာပင်။ ဓားအင်အားကို ဉာဏ်အလင်းရသူ မည်သူမဆို ပါရမီ အလွန်ရှိသူများဖြစ်ရာ သူတို့၏ အနာဂါတ်သည် မှန်းဆလို့ မရနိုငပေ။ ထို့ကြောင့် ခန်းမသခင် ဂျန်က ခေါင်းညိတ်ပြီး ဝမ်းသာအားရ လက်ခံလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ”
ဖုယုရွှယ်က စိတ်ထဲတွင် ကျိတ်သက်ပြင်းချ လိုက်မိသည်။ သူက ဓားခန်းမသခင်၏ ကာကွယ် စောင့်ရှောက်မှုကို ရပါက အကြီးအကဲများနှင့် ယုံရှန်ရှင်း အဘိုး လက်စားချေမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
“သူ့ကို တပည့်အဖြစ် လက်ခံလို့မရဘူး ဓားခန်းမ သခင်ခင်ဗျာ။ သူ့ကို နာမည်ခံတပည့် ပေးမလုပ်ပါနဲ့”
လျှို့ဝှက်ဝိညာဉ်ဘုံက ထွက်လျှင်ထွက်ခြင်း ဂျန်ချန်ထျန်သည် ဓားခန်းမ သခင်က ဖုယုရွှယ်ကို တပည့်အဖြစ် လက်ခံနေသည်ကို ကြားလိုက်သောအခါ သူက အလျင်အမြန် ဟန့်တားလိုက်သည်။
“ဘာလို့လဲ”
ဓားခန်းမ သခင်က ယုံရှန်ရှင်းနှင့် တခြား မဟာဂိုဏ်းကြီးမှ လူများ လျှို့ဝှက် ဝိညာဉ်ဘုံထဲတွင် သေဆုံးသွားသည်ကို မသိသေးရာ သူက မျက်မှောင်များ ကြုတ်ကာ မကျေမနပ် ဖြစ်သွားလေသည်။
“ဘာလို့လဲဆိုတော့ ညီလေး ယုံရှန်ရှင်းက ရဲချန်ဖန် သတ်လို့ သေသွားပြီ။ အဲဒီထဲမှာ ဖုယုရွှယ် ကလည်း ပါဝင်ပတ်သက် နေတယ်”
ဂျန်ချန်ထျန် အော်ဟစ်လိုက်သည့် အသံမှာ ပဲ့တင်သံများ ထွက်လာသလိုပင်။