အခန်း (၁၃၉)
ဓားလှေကား
“အစ်မတော်ဖု ရန်သူတွေနဲ့ ရင်ဆိုင်ချိန်မှာ ကူညီခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် မြေကမ္ဘာအဆင့် အနက်ရောင်ဓားကို လက်ဆောင်အဖြစ် လက်ခံပေးပါ”
ရန်သူအကုန်လုံး ထွက်သွားပြီဖြစ်၍ ရဲချန်ဖန် ယခုမှ စိတ်အေးသွားကာ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံဖြင့် မိန်းမချောလေး ဖုယုရွှယ်ကို ကြည့်ပြီး ပြောလိုက်လေသည်။
“မောင်လေးရဲ မင်းက ယုံရှန်ရှင်းကို သတ်ဖို့ အစကတည်းက တွေးထားတာလား။ အပြင် လူတွေက မင်း သူ့ကိုသတ်တာ သိသွားရင် သူတို့က မင်းကို ခွင့်လွှတ်ကြမှာ မဟုတ်ဘူး”
ဖုယုရွှယ်က ဟန်လုပ်မနေဘဲ အနက်ရောင်ဓားကို လက်ခံလိုက်ပြီး စိုးရိမ်ပူပန် ဟန်လေးဖြင့် ပြောလိုက်လေသည်။
“ယုံရှန်ရှင်းကို သတ်ရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ကျွန်တော် တွေးပြီးပါပြီ။ ကျွန်တော်က သူ့ကို ခွင့်လွှတ်ပေးရင်တောင် သူ့စရိုက်နဲ့ဆို ကျွန်တော့်ကို ထပ်သတ်ဖို့ ကြိုးစားမှာပဲ။ အဲဒီတော့ အခုကတည်းက သတ်လိုက်တာ ပိုကောင်းပါတယ်”
ရဲချန်ဖန်က ဖုယုရွှယ်ကို အေးဆေးစွာ ရှင်းပြလိုက်သည်။
“ကျွန်တော့်အတွက် စိတ်မပူပါနဲ့။ ကျွန်တော်က အသက်ပြင်းတဲ့ ကောင်ပါ လွယ်လွယ်နဲ့ မသေနိုင်ဘူး”
ရဲချန်ဖန် ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်လေသည်။ ဖုယုရွှယ် အနည်းငယ် ရှက်သွားလေသည်။ သူမက ရဲချန်ဖန်အတွက် စိတ်ပူနေသည်မှာ သိသာလွန်းနေသည် မဟုတ်ပါလော။ သူမ၏ ပန်းဆီ ပါးရောင်လေးသည် ပို၍နီမြန်းသွားပြီး ကြည့်သူတိုင်း ငေးမောနေရမည် ဖြစ်သည်။
ကြီးမားလှသော မဟာဂိုဏ်းကြီး သုံးခုနှင့် တိုက်ခိုက်ရမည် ဖြစ်သောကြောင့် အတွင်း နန်းတော်၏ စမ်းသပ်မှုကို ခံယူကာ နောက်ဆုံး သူ့အတွက် နိုင်ကွက်ကို ကြိုတင် ဖန်တီးထားရမည် ဖြစ်သည်။
“ကျီ…”
အလွန်စူးရှသော ဓားအလင်းရောင် ထွက်ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။ ဓားအလင်းက နောက်ဆုံး ကျန်နေသော အလင်းတန်းလေးကို ပျက်စီး သွားစေကာ အလယ်အလတ် မြေကမ္ဘာအဆင့် ပုဆိန်ကြီးကို ရဲချန်ဖန် ကောက်ယူလိုက် လေသည်။
“ဘာ… ဘာဖြစ်တာလဲ”
တတိယမြောက် အလင်းတန်းအုပ်စု ပျောက်ကွယ် သွားသည်နှင့် ရွှေနတ်ဘုရား ကျောင်းကြီး သည် ပြင်းထန်စွာ လှုပ်ခါသွားပြီး အဆုံးမဲ့သော စွမ်းအင်များက စုစည်း လာသလိုပင်။ နတ်ဘုရား ကျောင်း အလယ်ဗဟိုတွင် ကြီးမားသော အနက်ရောင် လေပွေလှိုင်းကြီး ဖြစ်ပေါ်လာလေသည်။
“ဒီအနက်ရောင် လေပွေလှိုင်းက အတွင်းနန်းတော် သွားတဲ့လမ်းနဲ့ တူတယ်”
အနက်ရောင် လေပွေလှိုင်းနှင့် မနီးမဝေးတွင် ရှိနေသော ရဲချန်ဖန်နှင့် ဖုယုရွှယ်တို့သည် ချက်ချင်းပင် အနက်ရောင် လေပွေလှိုင်းနား ချဉ်းကပ်ပြီး လေ့လာလိုက်ရာ မယုံနိုင်စရာ ဆွဲငင်အား ဖြစ်ပေါ်လာသည်။
“မောင်လေးရဲ ဂရုစိုက်…”
ဖုယုရွှယ်က ညင်သာစွာ သတိပေးလိုက်ပြီး ဆေဘာဓား အင်အား ဒုတိယအဆင့်ကို ထုတ်လွှင့်ကာ ဆွဲအားကို ခုခံလိုက်သည်။
“ဘုန်း…”
သို့သော် ဖုယုရွှယ်၏ ဓားအင်အားက ဆွဲအားကို ခုခံလိုက်စဉ် အဆုံးမဲ့သော စွမ်းအင်တစ်မျိုး ဆူနာမီ လှိုင်းများသဖွယ် အနက်ရောင် လေပွေလှိုင်းထဲမှ ထွက်ပေါ်လာပြီး ဖုယုရွှယ်ကို လေထဲ လွင့်စဉ်ကာ မြောက်တက် သွားစေသည်။
“အစ်မတော် ဖု…”
သွေးများက နှုတ်ခမ်းတွင် စီးကျနေကာ လေပေါ်၌ ပျံဝဲနေသော ဖုယုရွှယ်ကို မြေပေါ်မကျမီ သူမ၏ အချိုးအစား အလွန်ကျသည့် ကိုယ်လုံးလေးကို လှမ်းဖက်ကာ ဖမ်းလိုက်လေသည်။
“အစ်မတော်ဖု ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား”
မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး နှုတ်ခမ်းတွင် သွေးများ စီးကျနေသော ဖုယုရွှယ်ကို ကြည့်ပြီး ရဲချန်ဖန်က စိတ်ပူစွာ မေးလိုက်လေသည်။
“အဆင်ပြေပါတယ်”
ဖုယုရွှယ်က သူမကို ရဲချန်ဖန် ဖက်ထားသည့် လက်မောင်းများကြားမှ ရုန်းထွက်ကာ အရှက် သည်းစွာ ပြောလိုက်လေသည်။ သူမသည် ယောက်ျားတစ်ယောက် အဖက်ခံရဖို့ မဆိုထားနှင့် အသားချင်းပင် ထိတွေ့ဖူးသူ မဟုတ်ရာ ရဲချန်ဖန် သူမကို ဖက်လိုက်ချိန်တွင် လျှပ်စီး လိုက်သလိုပင် အလွန် ထူးဆန်းသော ခံစားချက်ကို ခံစားလိုက်ရလေသည်။ သို့သော် ထိုခံစားချက်မှာ အလွန်နွေးထွေးပြီး လုံခြုံသောစိတ် ဖြစ်လေသည်။
“အစ်မတော် ဖု ဒီပုဆိန်က မြေကမ္ဘာအဆင့်ပဲ။ လျှို့ဝှက်ဝိညာဉ်ဘုံ အပြင် ရောက်တာနဲ့ ဒီပုဆိန်ကို ခန်းမသခင် ဂျန်ကိုပေးပြီး ကျန်အပြစ်တွေကို ကျွန်တော့်ကို လွှဲချလိုက်။ ဒါဆို အစ်မတော်ကို ဘယ်သူမှ အပြစ်တင်မှာ မဟုတ်ဘူး”
ရဲချန်ဖန်က အတွင်းနန်းတော် စမ်းသပ် စစ်ဆေးမှုတွေက သေသွားနိုင်သည်ကို သိပြီးဖြစ်ရာ ဖုယုရွှယ်ကို သူ့ကြောင့် ဘေးဒုက္ခ မတွေ့စေလိုပေ။
“မောင်လေး ရဲ နင်… နင်…”
ရဲချန်ဖန်၏ ပြတ်သားသော အကြည့်များကို ကြည့်ပြီး သူမ ဘာမှ မပြောနိုင်ခင်မှာပင် ရဲချန်ဖန်က အနက်ရောင် လေပွေလှိုင်းထဲ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
ဆယ့်ငါးမိနစ်ခန့် ကြာသောအခါ အလင်းတန်း တစ်ခုကို မြင်လိုက်ရပြီး သူ ရှေးဟောင်း နတ်ဘုရားကျောင်း တစ်ခုထဲ ရောက်နေသည်ကို ရဲချန်ဖန် တွေ့လိုက်ရလေသည်။ ဘုရားကျောင်းသည် အလွန်မြင့်မားပြီး ကောင်းကင်ကိုပင် ထိုးခွဲနေသလိုပင်။ နတ်ဘုရားကျောင်းထဲ ရောက်သည်နှင့် အဆုံးအစမဲ့ စကြဝဠာထဲ ရောက်သွားသလိုပင်။
နတ်ဘုရား ကျောင်းကြီး၏ မျက်နှာကြက်ပေါ်တွင်မူ အဆုံးမဲ့ စကြဝဠာကို ဖော်ကျူးထားပြီး မရေတွက်နိုင်သော ကြယ်တာရာများကို ရေးဆွဲထားလေသည်။ နတ်ဘုရားကျောင်း အလယ်ဗဟိုတွင် တစ်ဆင့်စီ မြင့်တက်သွားသော အဖြူရောင် လှေကားကြီး တစ်ခုကို တွေ့လိုက်ရသည်။ လှေကားကြီးကို မည်သည့်အချိန် ကာလကပင် သေဆုံးသွားသည်ဟု ခန့်မှန်းရန် မလွယ်ကူသည့် အဖြူရောင် အရိုးများဖြင့် ပြုလုပ်ထားသည်။
လှေကားကြီး၏ လှေကားထစ်များ ပေါ်တွင် အလွန်စူးရှ ထက်မြတ်လှသော ဓားတစ်ရာ့ ရှစ်ချောင်းကို စိုက်ထားလေသည်။ ဓားများသည် သုံးမီတာခန့် ရှည်ပြီး ဓားပုံစံမှာလည်း အမျိုးမျိုးပင်။ လှေကားထိပ်တွင် ရွှေရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားပြီး ရပ်နေသော လူရုပ်တုကြီး တစ်ခုရှိနေသည်။
ထိုလူရုပ်တုကြီးသည် မျက်လုံးများက ပိတ်ထားပြီး အနက်ရောင် ဖိနပ်ကို ဝတ်ဆင်ထားသည်။ ထိုလူရုပ်တုကြီး သည် အသက်ရှူခြင်း မရှိသော်လည်း ရဲချန်ဖန်က ရုပ်တုကြီးကို ကြည့်လိုက်သည်နှင့် အသည်းနှလုံးများကိုပင် တုန်လှုပ်သွားသည်။ ထိုလူရုပ်တုကြီး၏ ရှေ့တွင် ရပ်နေရသည်မှာ မဟာဧကရာဇ် ရှေ့မှောက်သို့ ကျေးတောသားလေး ရောက်သွားသလိုပင် သူက အလွန်သေးကွေးပြီး ရှက်ရွံ့သော လူဖြစ်သွားသလို ခံစားလိုက်ရသည်။
“မင်းရောက်လာပြီလား”
ရဲချန်ဖန်က ရွှေရောင်ဝတ်စုံနှင့် လူရုပ်တုကြီးကို ကြည့်ရှုနေစဉ် ရုတ်တရက် အလွန် ရှေးကျ လှသည့် အသံသြသြကြီး တစ်ခု ထွက်ပေါ် လာလေသည်။ ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် လူရုပ်တုကြီးသည် အသက်ဝင် လာသည့်နှယ် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး အလွန် အစွမ်းထက်သော အော်ရာက ထွက်ပေါ် လာလေသည်။
“ဆရာကြီးက အတွင်းနန်းတော်ရဲ့ အစောင့်အရှောက်လား မသိဘူး”
ရဲချန်ဖန် ရွှေရောင် လူရုပ်တုကြီးကို အရိုအသေ ပေးလိုက်ကာ အံ့သြစွာ မေးလိုက်သည်။
“ဟုတ်တယ်။ ငါက ဒီအတွင်း နန်းတော်ရဲ့ အစောင့်အရှောက်ပဲ။ မင်းက ကျောက်စာ စစ်ဆေးမှုကို ကျော်ဖြတ် လာနိုင်တယ် ဆိုတော့ အတွင်းနန်းတော်ရဲ့ စမ်းသပ်မှုကို ခံယူဖို့ အရည်အချင်း ပြည့်မီတယ်။ မင်း အဆင်သင့် ဖြစ်ပြီလား”
ရုပ်တုလူကြီးက မေးလိုက်ရာ အလွန်ကျယ်လောင်သော အသံ ထွက်ပေါ်လာလေသည်။
“ဟုတ်ကဲ့… ကျွန်တော် အဆင့်သင့် ဖြစ်ပါပြီ”
ရဲချန်ဖန်က သန္နိဋ္ဌာန် ချထားသည့်ပုံဖြင့် ပြောလိုက်လေသည်။
“မင်း စမ်းသပ်စစ်ဆေးမှု မခံယူခင် ဓားလှေကားကို ကျော်ဖြတ်နိုင်ရမယ်။ ဓားလှေကားကို မကျော်ဖြတ် နိုင်ရင်တော့ မင်းက အရင်လူတွရဲ့ ကံကြမ္မာလိုပဲ တွေ့ကြုံရလိမ့်မယ်။ အဲဒါက သေဆုံးခြင်းပဲ။ မင်း ဓားလှေကားက ကျော်ဖြတ်ဖို့ အချိန်နှစ်နာရီ ရမယ်။ အချိန်စေ့လို့ မအောင်မြင်ရင် လည်း မင်း သေဆုံးရလိမ့်မယ်”
ရုပ်တုလူကြီးက ခံစားချက် မပါသည့် အသံဖြင့် ပြောလိုက်လေသည်။
“ကျွန်တော် အခု စလို့ရပြီလား”
ရဲချန်ဖန်က သူ့တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ သူသာ အတွင်းနန်းတော် စမ်းသပ်မှု မအောင်မြင်ပဲ လျှို့ဝှက် ဝိညာဉ်ဘုံ၏ အစွမ်းအထက်ဆုံး ပညာရပ်၊ ရတနာများကိုလည်း မရ၊ လျှို့ဝှက် ဝိညာဉ်ဘုံထဲလည်း ဆက်နေခွင့် မရပါက သူ လျှို့ဝှက်ဝိညာဉ်ဘုံက ထွက်သည်နှင့် ဂိုဏ်းကြီးသုံးခု၏ ဆီးကြို သတ်ဖြတ်သည်ကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် အတွင်းနန်းတော်၏ စမ်းသပ်မှုက သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးပင်။
“ရပြီ။ မင်း ကံကောင်းပါစေ”
ထို့နောက် လူရုပ်တုကြီး၏ အော်ရာများ ပျောက်ကွယ်သွားပြီး လှုပ်ရှားခြင်း အလျှင်းမရှိတော့ ပေ။
“ယား…”
ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ပြီး ကောင်းကင် ကိုယ်ခန္ဓာကျင့်စဉ်ကို လှည့်ပတ်ကာ သူ၏ ကိုယ်ခန္ဓာ စွမ်းအားကို အမြင့်ဆုံး အခြေအနေသို့ ထုတ်လိုက်ပြီး ဓားလှေကား ပထမအဆင့်ဆီသို့ တက်ရောက် လိုက်လေသည်။ တစ်ချိန်တည်းမှာ ရဲချန်ဖန်က ဓားတစ်ရာ့ ရှစ်ချောင်းဆီမှ အဆုံးမဲ့ ဓားအင်အားများကို ခံစားလိုက်ရပြီး လေဟာနယ်ထဲ ရောက်သွားသလိုပင်။
အလွန် ကြောက်မက်ဖွယ် ကောင်းသည့် ဓားအင်အားက ဓားတစ်စင်းအလား ရဲချန်ဖန် ကိုယ်ခန္ဓာကို ပျက်စီးသွားစေရန် ထိုးခွဲ နေလေသည်။ သုံးစက္ကန့်မျှ ကြာပြီးနောက် ရဲချန်ဖန် မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်လာလေသည်။ ထို့နာက် ဒုတိယအဆင့်သို့ တက်လှမ်းလိုက်သည်။
“မဆိုးဘူး။ ဒီကောင်လေးဆီမှာ အလွန်ခိုင်မာတဲ့ တာအိုနှလုံးသား ရှိနေပြီ။ ဓားလှေကားက ထွက်ပေါ်နေတဲ့ အကြောက်တရားကို သုံးစက္ကန့်အတွင်းမှာ ဖယ်ရှားပစ်လိုက် နိုင်တယ်။ သူက အရင် လူတွေထက် အများကြီး ပိုတော်တာပဲ”
ရဲချန်ဖန်က ဓားလှေကားကို တက်ရောက်နေစဉ် ရုပ်တုလူကြီးနှင့် ရုပ်ချင်းဆင်သည့် လူတစ်ဦး ထွက်ပေါ်လာပြီး လေထဲတွင် ဝိညာဉ် လွင့်မျောနေပြီး သူ့အကြည့်တွင် မျှော်လင့် တောင့်တဟန်က အတိုင်းသား မြင်နေရသည်။ သူ့ဘေးတွင် သွေးအလင်းများ ထွက်နေသည့် ရဲချန်ဖန် ချောက်ထဲတွင် တွေ့ခဲ့သည့် ကျောက်စာစောင့် ရှိနေလေသည်။
“နန်းတော်စောင့် မင်းပြောတာက သူ့မှာ အတွင်းနန်းတော် စမ်းသပ်မှု အောင်မြင်ပြီး လျှို့ဝှက် ဝိညာဉ်ဘုံရဲ့ အမွေအနှစ် ဆက်ခံဖို့ အခွင့်အရေး ရှိနေတာပေါ့”
ကျောက်စာစောင့်က စိတ်အား ထက်သန်စွာ မေးလိုက်သည်။
“အတွင်းနန်းတော် စမ်းသပ်မှု အောင်မြင်ချင်ရင် ခိုင်မာတဲ့ တာအိုနှလုံးသား ရှိတာနဲ့ မလုံလောက်ဘူး။ သူ့မှာ သူမတူတဲ့ ပါရမီ၊ စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး၊ နားလည်နိုင်စွမ်း၊ ပြောင်းလဲ နိုင်စွမ်းတွေ ရှိမှရမှာ။ မဟုတ်ရင် သူ အတွင်းနန်းတော် စမ်းသပ်မှု အောင်မြင်မှာ မဟုတ်ဘူး။ ဝိညာဉ်ကလန်ရဲ့ ဆက်ခံသူလည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး”
“အရင်ဆုံး သူ ဓားလှေကားကို ဖြတ်ကျော်နိုင်လား ဆိုတာ စောင့်ကြည့်ရအောင်”
နန်းတော်စောင့်က ပြောလိုက်သည်။ ကျောက်စာစောင့်နှင့် နန်းတော်စောင့်တို့ အချီအချ ပြောဆိုနေကြစဉ် အလွန် အစွမ်းထက်သော ဓားအင်အားက ရဲချန်ဖန်ကို လာရောက် တိုက်ခိုက်နေလေသည်