အခန်း (၁၃၈)
အသက်စွမ်းအင် လောင်ကျွမ်းစေခြင်း
“သတ်…”
ကျန်းရှင်းရွှယ်က အော်ဟစ် အမိန့်ပေးကာ ဓားရှည်ကို ကိုင်ဆွဲလျက် သူမက မဟာလေမုန်တိုင်း ကျေးရွာမှ လူများကို ဦးဆောင်ကာ ရဲချန်ဖန်ကို ဝင်ရောက် တိုက်ခိုက်လေသည်။ ကျန်းရှင်းရွှယ်က ဦးဆောင် တိုက်ခိုက်လိုက်သည်နှင့် ယုံရှန်ရှင်း၊ ရန်ပိုင်ဖန်နှင့် တခြားလူ အကုန်လုံးက ရဲချန်ဖန်ကို အမြန်ဆုံး သတ်ပစ်နိုင်ရန် ကြိုးစားကြလေသည်။
“မောင်လေး ရဲ ငါနင့်ကို ကူညီမယ်”
ရဲချန်ဖန်က အန္တရာယ်နှင့် ကြုံတွေ့နေရရာ မိန်းမချောလေး ဖုယုရွှယ်က လက်ပိုက် ကြည့်မနေနိုင်တော့ဘဲ လူအုပ်ကြီးကို ရဲချန်ဖန် ဘက်မှနေ၍ စတင်တိုက်ခိုက် လေတော့သည်။
“အစ်မတော် ဖုလား…”
ရဲချန်ဖန်ကို ကူညီခြင်းသည် ဖုယုရွှယ်အတွက် အလွန် အန္တရာယ်များသော လုပ်ရပ် ဖြစ်သော်လည်း သူ့ဘက်မှ ကူညီတိုက်ခိုက် ပေးနေသဖြင့် ရဲချန်ဖန် နှလုံးသားကို လှုပ်ရှားသွား စေသည်။ ထို့အပြင် မဟာဂိုဏ်းကြီး သုံးဂိုဏ်းမှ လူတိုင်းသည် သူမနည်းတူ အစွမ်းထက်သူချည်း ဖြစ်ရာ တော်တန်ရုံ စိတ်ထားမျိုးနှင့် ကူညီနိုင်မည့် အခြေအနေ မဟုတ်ချေ။ ချက်ချင်းပင် သူမကို မိုးကြိုးဂိုဏ်းမှ လူတစ်ယောက်က ဟန့်တား တိုက်ခိုက်လိုက်သည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”
လူဆယ်ယောက်မက ဝိုင်းဝန်း တိုက်ခိုက်နေသဖြင့် ရဲချန်ဖန်က ရှောင်တိမ်း မနေတော့ဘဲ ဓားအင်အားကို အစွန်းဆုံးအထိ ထည့်သွင်းကာ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို အသုံးပြု လိုက်လေသည်။ ရဲချန်ဖန်၏ တိုက်ခိုက်မှုမှာ ပြင်းထန်လှသော်လည်း အစွမ်းထက်လှသော ပါရမီရှင် များနှင့် တိုက်ခိုက်နေရရာ ဖိအား အလွန်များပြား လှလေသည်။
ပြင်းထန်သော တိုက်ပွဲက ဖြစ်ပေါ်လာနေပြီး ရဲချန်ဖန် တစ်ကိုယ်လုံးရှိ သွေးများက ပြင်းထန်စွာ တုန်ခါနေကာ သွေးများပင် နှုတ်ခမ်းထောင့်က စီးကျနေသည်။
“ရဲချန်ဖန် ဒီနေ့က မင်းသေရမဲ့ နေ့ပဲ”
လူအုပ်ထဲရှိ ယုံရှန်ရှင်း မျက်နှာတွင် ကောက်ကျစ်သော အပြုံးက ဖြစ်ပေါ်လာပြီး ဒီအချိန်သည် ရဲချန်ဖန်ကို သတ်ရန် အခွင့်အခါကောင်း ဖြစ်ကြောင်း နားလည်ထားသည်။ သူသာ ဒီအခွင့်အရေး လွဲချော် သွားပါက နောင်တွင် သူ့အတွက် အလွန် အန္တရာယ်များလာမည် ဖြစ်သည်။
“ဓားမြစ်…”
“မိုးကြိုးကမ္ဘာ…”
ရဲချန်ဖန်ကို သတ်ပစ်နိုင်ရန် အတွက် ကျန်းရှင်းရွှယ်၊ ရန်ပိုင်ဖန်နှင့် တခြားလူများက ပြင်းထန် လွန်းသော အကွက်များ အသုံးပြုကာ ရဲချန်ဖန် လွတ်လမ်း မရှိစေရန် တိုက်ခိုက်နေကြ လေသည်။
“မောင်လေး ရဲ…”
ရဲချန်ဖန် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ကို မြင်လိုက်သောအခါ ဖုယုရွှယ် နှလုံးသားက အလွန်တုန်လှုပ် ပူပန်သွားသည်။ သို့သော် သူမအစွမ်းဖြင့် ရဲချန်ဖန်ကို ကယ်တင်ရန် မဖြစ်နိုင်ဘဲ သူမကို ဟန့်တား တိုက်ခိုက်နေသူကို တုံ့ပြန် တိုက်ခိုက် နေရသဖြင့် ဝိညာဉ်သိုင်းများဖြင့် ရဲချန်ဖန်ကို ဝိုင်းဝန်း တိုက်ခိုက်နေသည်ကို မြင်နေရလေသည်။
ကျန်းရှင်းရွှယ်တို့၏ ပူးပေါင်း တိုက်ခိုက်မှုသည် ရဲချန်ဖန် ကိုယ်ခန္ဓာကို ထိမှန်ခါနီးတွင် ကျန်းရှင်းရွှယ်တို့ကို ကြောက်လန့် သွားစေနိုင်သော အလွန် ပြင်းထန်လှသော စွမ်းအင်တစ်ခုက ရဲချန်ဖန်ကိုယ်မှ ပေါက်ကွဲ ထွက်လာလေသည်။
“အသက်ဝိညာဉ် ကျင့်စဉ်… နှစ်ငါးဆယ် အသက်စွမ်းအင် လောင်ကျွမ်းစမ်း…”
သေရေးရှင်ရေး အခိုက်အတန့်တွင် ရဲချန်ဖန်က သူ၏ အကြီးများဆုံး လျှို့ဝှက်အကွက်ကို ထုတ်သုံး လိုက်လေသည်။ နှစ်ငါးဆယ်စာ အသက်စွမ်းအင်ကို လောင်ကျွမ်း စေလိုက်သဖြင့် ပြင်းထန် အစွမ်းထက်လှသော အားတစ်ခုက ထွက်ပေါ်လာလေသည်။ မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထ အဆင့်၏ အသက်သည် နှစ်ပေါင်း သုံးရာလေးဆယ့် တစ်နှစ်တိုင် ရှည်လျားသည်။ နှစ်ငါးဆယ်သည် သူ့အသက် ခြောက်ပုံတစ်ပုံခန့် ရှိသဖြင့် သူ့အတွက်တော့ အလွန် အရေးကြုံမှသာ ထုတ်သုံးရမည် ဖြစ်သည်။
နှစ်ငါးဆယ်စာ အသက်စွမ်းအင်က လောင်ကျွမ်းသွားပြီး ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲကာ ရဲချန်ဖန် ကိုယ်ထဲတွင် ဖြည့်ဆည်း ပေးလိုက်ရာ အံ့ဖွယ်အစွမ်းက ရဲချန်ဖန်ကိုယ်မှ ထွက်ပေါ် လာလေသည်။
ချက်ချင်းပင် ရဲချန်ဖန် အဆင့်လေးနှစ်ခု တက်သွားပြီး မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမ အဆင့်သို့ ရောက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ တိုးတက်လာသော ဝိညာဉ်စွမ်းအင်၊ ဓားအင်အား အဆင့်(၅)၊ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေနှင့် ကျောက်စိမ်းဓားတို့ကို ပေါင်းစပ်ကာ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို အသုံးပြုလိုက် လေသည်။
ပြင်းထန်လှသော ဓားအလင်းက ကျန်းရှင်းရွှယ်တို့၏ အံ့သြချောက်ချားကာ တုန်လှုပ်နေသော အကြည့်အောက်တွင်ပင် ကျန်းရှင်းရွှယ်တို့ဆီ တိုးဝင်သွားလေသည်။
“အွန့်…”
အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိသော မိုးကြိုးဂိုဏ်းမှ အဖွဲ့ဝင် တစ်ယောက်သည် ရဲချန်ဖန် ဓားအလင်းနှင့် ထိမှန်သွားရာ ချက်ချင်းပင် မှော်ဆွဲပြားမှ အကာအကွယ် အလင်းတန်းသည် ချက်ချင်း ထွက်ပေါ်လာကာ ထိုမိုးကြိုးဂိုဏ်းသားအား ကာကွယ်ပေးလိုက် သော်လည်း အကာအကွယ် အလင်းသည် စက္ကူစာရွက်ကို ဆွဲဖြဲ ပစ်လိုက်သည့်နှယ် အလင်းတန်းမှာ ပျက်စီးသွားပြီး ထိုမိုးကြိုး ဂိုဏ်းသား ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ် သွားလေသည်။
“အစ်မတော်ဖု ဒီဓားကို ယူလိုက်…”
မိုးကြိုးဂိုဏ်းသား တစ်ယောက်ကို သတ်ပြီးနောက် ရဲချန်ဖန်သည် သူ့သိုလှောင် အိတ်ထဲမှ အလယ်အလတ် မြေကမ္ဘာအဆင့် အနက်ရောင်ဓားကို ထုတ်ယူလိုက်ပြီး ဖုယုရွှယ်ထံ ပစ်ပေးလိုက်သည်။ အနက်ရောင်ဓား ရရှိသွားပြီးနောက် ဖုယုရွှယ် အစွမ်းမှာ ချက်ချင်း တိုးတက်လာသဖြင့် ဖုယုရွှယ်ကို တိုက်ခိုက်နေသော မိုးကြိုးဂိုဏ်းသားမှာ ချက်ချင်းပင် နောက်ဆုတ် သွားရလေသည်။
“လေအရိပ်…”
ဓားကို ဖုယုရွှယ်ထံ ပစ်ပေးလိုက်ပြီးနောက် ရဲချန်ဖန်က အဆက်မပြတ် တိုက်ခိုက်ရာ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ကျန်းရှင်းရွှယ်နှင့် တခြားလူများသည် တုန်လှုပ်နေကြလေသည်။.
“ယား…”
လေအရိပ် ဓားချက်ကို အသုံးပြုလိုက်သည်နှင့် ကျန်းရှင်းရွှယ် နှင့်အတူ ရဲချန်ဖန်ကို တိုက်ခိုက်နေသည့် မဟာလေမုန်တိုင်း ဂိုဏ်းသားငါးဦး၏ ကိုယ်ခန္ဓာမှာ ပျက်စီးသွားလေသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”
ရဲချန်ဖန် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို ထပ်မံအသုံးပြု လိုက်သည်နှင့် မဟာ လေမုန်တိုင်း ကျေးရွာမှ ဂိုဏ်းသားနှစ်ဦး၏ ခေါင်းမှာ ပြတ်ထွက် သွားလေသည်။ မှော်ဆွဲပြားမှ အကာအကွယ်သည် ရဲချန်ဖန်နှင့် တိုက်ခိုက်ရာတွင် အသုံးမဝင်တော့ချေ။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ… အေးခဲစမ်း…”
ကျန်းရှင်းရွှယ်သည် သူမဂိုဏ်းသားများ အဆက်မပြတ် အသတ်ခံ နေရသဖြင့် မျက်နှာမှာ ဖြူဖျော့သွားပြီး ရဲချန်ဖန်၏ ဓားချက်ကို ရှောင်တိမ်း လိုက်နိုင်ခဲ့သော်လည်း ကြောက်မက်ဖွယ် အေးခဲလှသည့် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကိုမူ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပဲ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေက သူတို့ ကိုယ်ခန္ဓာများကို လှုပ်မရအောင် အေးခဲသွားစေသည်။
မဟာလေမုန်တိုင်း ဂိုဏ်းသား နှစ်ဦးသည် ချက်ချင်းပင် အအေးဓာတ်ကြောင့် အေးခဲကာ ကျောက်ရုပ်အဖြစ် ပြောင်းလဲကာ သေဆုံးသွားလေသည်။ ကျန်းရှင်းရွှယ်သည် သူမ၏ အံ့ဖွယ်အစွမ်းကြောင့် သူမကို အေးခဲနေသည့် ရေခဲကို ခွဲကာ လွတ်မြောက်အောင် လုပ်လိုက် နိုင်သော်လည်း သူမက အလွန်ကြောက်လန့်ကာ တစ်ကိုယ်လုံး သိသိသာသာပင် တုန်ယင်နေသည်။ ရဲချန်ဖန် အစွမ်းက ကျန်းရှင်းရွှယ် သာမကပဲ ယုံရှန်ရှင်းနှင့် တခြားလူများကိုပါ ကြောက်လန့် သွားစေသည်။
“ဒီ ရဲချန်ဖန်က အရမ်း အစွမ်းထက်တယ်။ ငါတို့ ထွက်သွားကြမယ်”
ရဲချန်ဖန် အစွမ်းကြောင့် ဂျန်ချန်ထျန်သည် မဟာကောင်းကင် မီးဂိုဏ်းမှ လူများကို ဦးဆောင်ကာ ထွက်သွားရန် လုပ်လိုက်လေသည်။
“ယုံရှန်ရှင်း မင်းက ဘယ်ကိုပြေးမလို့လဲ”
ရဲချန်ဖန် ခြေထောက်များက လှုပ်ရှားသွားပြီး အလင်းမြန်နှုန်း အတိုင်းပင် ထွက်ပြေးရန် လုပ်နေသည့် ယုံရှန်ရှင်း ပြေးလမ်းကို ပိတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။
“ရဲချန်ဖန် မင်း မစဉ်းစားပဲ မလုပ်နဲ့လို့ အကြံပေးချင်တယ်။ မင်း ငါ့ကို နာကျင်အောင် လုပ်ရင် အကြီးအကဲတွေနဲ့ ငါ့အဘိုးက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
ရဲချန်ဖန်ဆီမှ ကြောက်မက်ဖွယ် လူသတ်စိတ်ကြောင့် ယုံရှန်ရှင်း ကြက်သီးများပင် ထသွားပြီး မျက်နှာမှာ ဖြူဖျော့သွားသည်။ သူက လွတ်မြောက်စေရန် သူအဘိုးနာမည်နှင့် ခြိမ်းခြောက်လိုက်သည်။
“ကြောက်စရာ ကောင်းလိုက်တာ။ ဒါပေမဲ့ အရမ်း နောက်ကျသွားပြီ။ မင်း ဒီနေ့ သေရမှာ”
ရဲချန်ဖန်က လက်ထဲရှိ ကျောက်စိမ်းဓားဖြင့် ယုံရှန်ရှင်းကို ခုတ်ချလိုက်ရာ ယုံရှန်ရှင်းမှာ ခုခံရန်ပင် အချိန်မရလိုက်ဘဲ ယုံရှန်ရှင်း ကိုယ်ခန္ဓာမှာ နှစ်ပိုင်းပြတ် သွားလေသည်။ ဂျန်ချန်ထျန်နှင့် မဟာ ကောင်းကင်မီး ဂိုဏ်းသားများသည် ယုံရှန်ရှင်း အန္တရာယ်နှင့် ကြုံတွေ့နေသည်ကို မြင်နေသော်လည်း တစ်ယောက်မှ ကူညီရန် မကြိုးစားဘဲ ထိုအချိန်ကိုပင် အခွင့်ကောင်း ယူကာ လွတ်မြောက်ရန် ထွက်ပြေး သွားကြလေသည်။
ရဲချန်ဖန်က သူ၏ ပင်မဂိုဏ်းကြီး၏ ဂိုဏ်းသားကိုပင် ပြန်သတ်ရဲသည်ကို ကြည့်ပြီး ကျန်းရှင်းရွှယ်နှင့် ရန်ပိုင်ဖန်တို့သည် အလွန်ကြောက်လန့်ကာ နတ်ဘုရား ကျောင်းကြီးဆီမှ ထွက်ပြေး သွားကြလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးနံ့များ ဖုံးလွှမ်း နေသည့် နတ်ဘုရား ကျောင်းကြီးမှာ တိတ်ဆိတ်သွားပြီး ရဲချန်ဖန်နှင့် ဖုယုရွှယ်သာ ကျန်ရစ်နေတော့ သည်။