Switch Mode

Chapter – 137

ဘုံရန်သူ

အပိုင်း -(၁၃၇)
ဘုံရန်သူ

“ဘာလို့ ဒီကောင် အဲဒီလောက် အစွမ်းထက် နေရတာလဲ”

သူနှင့် ဂျန်ချန်ထျန် တို့ ပူးပေါင်း တိုက်ခိုက်သည့်တိုင် အနက်ရောင်ဓားကို ဖုံးလွှမ်းထားသော အလင်းတန်းသည် တုန်ခါအောင် စွမ်းဆောင်နိုင်ပြီး ရဲချန်ဖန်က ဓားတစ်ချက်ဖြင့် အလင်းတန်းကို ကွဲပျက်သွားစေနိုင်သဖြင့် ယုံရှန်ရှင်း မျက်နှာက အလွန်မည်းသွားကာ လက်မခံနိုင် ဖြစ်နေသည်။

“ရှန်ရန် ဒီရဲချန်ဖန်ရဲ့ အစွမ်းက ငါတို့ ထင်ထားတာထက် အစွမ်းထက်နေတယ်။ ငါတို့ နည်းမျိုးစုံသုံးပြီး ဒီရွှေနတ်ဘုရား ကျောင်းထဲက ပစ္စည်းကိုရဖို့ ကြိုးစားပြီးပြီ။ လက်ရှိ အခြေအနေ အရတော့ ငါတို့ တခြားစစ်ကူတွေ ခေါ်ပြီး ဒီကောင်ကို ရှင်းမှပဲ ရလိမ့်မယ်။ ဒါမှ သူရသွားတဲ့ဟာတွေ ပြန်ရမှာ”

ဂျန်ချန်ထျန်က ကောက်ကျစ်သည့် အမူအရာဖြင့် ပြောလိုက်သည်။

မဟာကောင်းကင် မီးဂိုဏ်းသားများ ဖြစ်သောကြောင့် ရဲချန်ဖန်က ယုံရှန်ရှင်းတို့ကို မသတ်ချင် သေးသော်လည်း သူက ရဲကီရှင်းကို သတ်လိုက်သည်ကို မြင်တွေ့သွားရုံ သာမက ရတနာများ ရထားသည်ကို လျှောက်ပြော၍ အကောက်ကြံမည်မှာ သေချာနေရာ သူတို့ကို အသက်ရှင်သန်ခွင့် ပေးလို့ မရတော့ချေ။

ရဲချန်ဖန်က ယုံရှန်ရှင်းတို့ကို နှုတ်ပိတ်ရန် ပြင်လိုက်ချိန်တွင် နတ်ဘုရားကျောင်း အပြင်မှ ပြင်းထန်သော တိုက်ခိုက်မှု ဖြစ်ပေါ်လာပြီး နတ်ဘုရားကျောင်း အဝင်ဝမှာ လုံးဝပျက်စီးကာ လူဆယ်ယောက်ကျော်က အလွန်လျင်မြန်စွာ ဝင်ရောက်လာလေသည်။

“ယုံရှန်ရှင်း မင်းရထားတဲ့ ရတနာတွေထုတ်လိုက် ဒါဆို မင်းကို အသက်ချမ်းသာခွင့် ပေးမယ်”

အဖြူရောင်ဝတ်စုံနှင့် အရပ်မြင့်မြင့် မဟာလေမုန်တိုင်း ကျေးရွာမှ နံပါတ်တစ် ပါရမီရှင် ဖြစ်သော ကျန်းရှင်းရွှယ်က မျက်နှာ စူပုပ်နေသော ယုံရှန်ရှင်းကို ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“အဲဒီအလင်းတန်းထဲမှာ ရှိတဲ့ မြေကမ္ဘာအဆင့် ရတနာကလွဲရင် ကျန်ရတနာတွေကို သူရသွားပြီ။ ရဲကီရှင်းကို သတ်လိုက်တာလည်း သူပဲ။ မင်းက မြေကမ္ဘာအဆင့် ရတနာလိုချင်ရင် သူ့ကိုကြည့်လိုက်”

ယုံရှန်ရှင်းက ရဲချန်ဖန်ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။

“အလယ်အလတ် မြေကမ္ဘာအဆင့် ရတနာ…”

မြေကမ္ဘာအဆင့် ရတနာသည် နှင်းမြောက်နိုင်ငံတွင် အလွန် တန်ဖိုးကြီးလှသည် ဖြစ်ရာ မဟာကောင်းကင် မီးဂိုဏ်းလို မဟာအဆင့် ဂိုဏ်းကြီးမှာပင် ခန်းမသခင်လို ရာထူးမှသာ ကိုင်ဆောင် သုံးစွဲခွင့် ရနိုင်မည်ဖြစ်သည်။ ရဲချန်ဖန်က ကျောက်စိမ်းဓားကို ကိုင်ဆောင်ထားရာ လူတိုင်းက သူ့ကို သွေးဆာနေသော ဝံပုလွေများ၏ အမဲဖျက်ချင်သလို အကြည့်များက ရဲချန်ဖန်ဆီ ရောက်လာလေသည်။

အထူးသဖြင့် မဟာ မိုးကြိုးဂိုဏ်းနှင့် မိုးကြိုးဂိုဏ်းမှ လူများသည် ရဲကီရှင်း အလောင်းကို မြင်လိုက် သောအခါ သူတို့၏ လူသတ်စိတ်က ပိုမိုပြင်းထန်လာသည်။ သူတို့က ရဲချန်ဖန်ကို သတ်ကာ ရဲကီရှင်းအတွက် ပြန်ကလဲ့စား ချေပေးချင်နေကြသည်။

“ကောင်လေး မြေကမ္ဘာအဆင့် ရတနာတွေ ထုတ်ပေး။ ဒါဆို မင်းကို အသက်ချမ်းသာခွင့် ပေးမယ်”

ကျန်းရှင်းရွှယ်က ဓားကို ရဲချန်ဖန်ဆီ ချိန်ရွယ်လျက် အမိန့်ပေးလိုက်သည်။ ကျန်းရှင်းရွှယ် လက်ထဲတွင် ရှိနေသော ဓားသည်လည်း မြေကမ္ဘာအဆင့် ရတနာဖြစ်ပြီး သူမက မဟာလေမုန်တိုင်း ကျေးရွာ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သောကြောင့် ဂိုဏ်း၏ ရတနာဖြစ်သော ဓားကို လျှို့ဝှက်ဝိညာဉ် ဘုံထဲတွင် အသုံးပြုရစေရန် ဆုချထားခြင်း ဖြစ်သည်။

“မင်းက ဒီရတနာကို လိုချင်တယ်ဟုတ်လား။ လာယူလေ”

ရဲချန်ဖန်က သူသည် နောက်ဆုတ်ရန် လမ်းမရှိဘဲ မလွဲရှောင်သာသော ပြင်းထန်လှသည့် တိုက်ပွဲကို ကြုံတွေ့ရတော့မည်ကို သိထားသဖြင့် တိုက်ခိုက်လိုစိတ်က ပြင်းထန်လာလေသည်။

“သတ္တိရှိတယ်ပေါ့။ မင်းအစွမ်းက မင်းသတ္တိလို ကောင်းမလား ကြည့်ကြတာပေါ့”

ကျန်းရှင်းရွှယ် မျက်နှာက မည်းမှောင်သွားပြီး ဝိညာဉ်စွမ်းအားက ထွက်ပေါ်လာကာ ဓားဖြင့် ရဲချန်ဖန်ကို ခုတ်ချလိုက်သည်။ ဓားက သူ့ဆီ ဝင်ရောက်လာသည်ကို မြင်လိုက်သောအခါ ရဲချန်ဖန်က ရှောင်တိမ်း မနေတော့ဘဲ ရှေ့တစ်လှမ်းတိုးကာ ကျောက်စိမ်းဓားဖြင့် ပြန်ခုတ်လိုက်သည်။

“ဘုန်း…”

မြေကမ္ဘာအဆင့် ရတနာနှစ်ခု ထိပ်တိုက် ဆုံတွေ့သွားသောအခါ ရဲချန်ဖန်၏ ပေါင်တစ်သိန်း သုံးသောင်းကျော် အစွမ်းက ထွက်ပေါ်လာလေသည်။ ထို့ကြောင့် ကျန်းရှင်းရွှယ်၏ အားပါသော တိုက်ချက်ကို ခုခံလိုက်နိုင်ပြီး ပြင်းထန်သော တုန်ခါမှုများ ဖြစ်ပေါ်လာလေသည်။ ပထမအချီ အကဲစမ်း လိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်များ ထပ်မံတိုးမြှင့် တိုက်ခိုက် လိုက်ကြသဖြင့် မြန်နှုန်းကလည်း အလွန် လျင်မြန်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ အကွက်ပေါင်း ဆယ်ကွက်ကျော် ယှဉ်ပြိုင်ပြီး ဖြစ်လေသည်။ ထို့ကြောင့် အဆင့်နိမ့်သော သူများသည် အရိပ်များကိုသာ မြင်နေကြရလေသည်။ ကျန်းရှင်းရွှယ်က အဆင့်ပိုမြင့်သော်လည်း ရဲချန်ဖန်က ကျောက်စိမ်းဓား၊ ပေါင်တစ်သိန်းကျော် စွမ်းအား၊ ဓားအင်အား အကူအညီဖြင့် လက်ရည်တူ သာမကဘဲ အပေါ်စီးကပင် တိုက်ခိုက်နေနိုင် လေသည်။

“ဓားမြစ်…”

ကျန်းရှင်းရွှယ်က သူမ အောက်စည်း ရောက်နေသဖြင့် ရုပ်အလွန်ပျက်နေပြီး ပြင်းထန်စွာ အော်ဟစ် မာန်သွင်းကာ သူမ၏ အစွမ်းအထက်ဆုံး ဝိညာဉ်သိုင်းကို ထုတ်ဖော်လိုက်ရာ ပြင်းထန် လှသည့် ဓားအလင်းက ရဲချန်ဖန်ဆီ ဝင်ရောက်လာသည်။ ဓားချက်တိုင်းသည် ပြင်းထန်စွာ စီးဆင်း နေသည့် မြစ်ရေအလားပင်။ ပြင်းထန်သည့် ဓားအလင်းများက လှိုင်းများသဖွယ် ရဲချန်ဖန်ကို တိုက်ခိုက် လာသည်။

“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”

ဓားအလင်းများနှင့် ဆက်တိုက် တိုက်ခိုက်နေသော ကျန်းရှင်းရွှယ်ကြောင့် ရဲချန်ဖန်က မူမပျက်သွားပဲ ဓားအင်အားကို အဆင့်လေးထိ မြှင့်တင်လိုက်ကာ ကျောက်စိမ်းဓားကို အသုံးပြုပြီး တိုက်ခိုက်လိုက်သည်။ ဓားအလင်းက ကြယ်တစ်စင်းအား ကျန်းရှင်းရွှယ်ဆီ တိုးဝင်သွားသည်။

“ဘုန်း…”

ပြင်းထန်သော ဓားအလင်းက ကျန်းရှင်းရွှယ်၏ လှိုင်းများသဖွယ် ဓားအလင်းများကို ဖျက်ဆီး လိုက်ပြီး မယုံနိုင်စရာ မြန်နှုန်းဖြင့် ကျန်းရှင်းရွှယ် ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်သွားသည်။

“အား…”

လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားကွက်ကြောင့် ကျန်းရှင်းရွှယ်၏ အရိုးများ ကျိုးကြေပြီး အော်ဟစ် နာကြည်းသံ ထွက်ပေါ်လာသည်။ လျှပ်တစ်ပြက် ဓားသိုင်းကြောင့် ကျန်းရှင်းရွှယ် ကိုယ်ရှိ မှော်ဆွဲပြားမှ အလင်းတန်း အကာအကွယ်ပင် တစ်ချက်တည်းဖြင့် ပျက်စီးသွားလေသည်။

“ဓားအင်အား ပဉ္စမအဆင့်လား…”

ထိုသေရေးရှင်ရေး အခိုက်အတန့်တွင် ကျန်းရှင်းရွှယ်က သူမ၏ အစွမ်းကို အစွမ်းကုန် ထုတ်ဖော်လိုက်ကာ ဓားမြစ်သိုင်းမှ အစွမ်းအထက်ဆုံး သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။ ထို့ကြောင့် ရဲချန်ဖန်ဓားက ကျန်းရှင်းရွှယ် ကိုယ်ထဲ လုံးဝ ထိုးဖောက် သွားနိုင်ခြင်း မရှိဘဲ ကျန်းရှင်းရွှယ်က နောက်သို့ ရုပ်ပျက်ဆင်းပျက် ဆုတ်ခွာသွားနိုင်သည်။

“ဘာလဲ။ ကျန်းရှင်းရွှယ် ရှုံးသွားတာလား”

မဟာလေမုန်တိုင်း ကျေးရွာမှ အစွမ်းအထက်ဆုံး တန်ခိုးရှင် ရှုံးနှိမ့်သွားသဖြင့် အကုန်လုံး တဒင်္ဂအံ့အားသင့် ဆွံ့အသွားကြသည်။

“ငါ့ဆီက လုယူချင်တဲ့လူ ဘယ်သူရှိသေးလဲ”

ကျန်းရှင်းရွှယ်ကို ပြတ်ပြတ်သားသား အနိုင်ယူပြီးနောက် ရဲချန်ဖန်က ဓားကိုမြှောက်ကာ ရုပ်ပျက်နေသော လူအုပ်ကြီးကို အလွန်ဟိတ်ဟန် ကြီးမားစွာဖြင့် မေးလိုက်လေသည်။ လူအုပ်ထဲတွင် ရှိနေသော ဖုယုရွှယ်သည် လူအုပ်ကြီးကို မထီမဲ့မြင်ဟန်ဖြင့် မေးနေသည်ကို ကြည့်ပြီး သူမ မျက်ဝန်းထဲတွင် အရောင်တစ်မျိုး ရွှန်းလဲ့စွာ တောက်ပနေလေသည်။

“ရဲချန်ဖန် မင်းက ငါတို့အားလုံးကို စိန်ခေါ်နေတာလား”

ယုံရှန်ရှင်းက ကောက်ကျစ်စဉ်းလဲစွာ မခံနိုင်သည့်ပုံဖြင့် မေးလိုက်လေသည်။

“ယုံရှန်ရှင်း မင်းကို ငါက မသတ်ရဲဘူး ထင်နေတာလား”

ရဲချန်ဖန်က ကောက်ကျစ် ယုတ်မာလှသည့် ယုံရှန်ရှင်းကို လူသတ်စိတ်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။

“ငါသာ တစ်ခုခုဖြစ်ခဲ့ရင် မင်းလည်း အသက်ရှင်နေမယ် မထင်နဲ့”

ရဲချန်ဖန်၏ အကြည့်စူးစူး အောက်တွင် အဆိပ်ပြင်းလှသည့် မြွေနဂါးကြီးက သူ့ကို စူးစိုက် ကြည့်နေသည်ဟု ယုံရှန်ရှင်းက ခံစားလိုက်မိပြီး ဆံပင်များပင် ထောင်သွားလေသည်။ သို့သော် သူက မကြောက်သလို ဟန်ဆောင်ကာ ပြောလိုက်လေသည်။

“ယုံရှန်ရှင်း ငါ တစ်ကနေ သုံးအထိ ရေလို့မှ ဒီနတ်ဘုရား ကျောင်းထဲက ထွက်မသွားရင် ဒီနေ့မှာ မင်းသေချာပေါက် သေရလိမ့်မယ်”

“မဟာမုန်တိုင်း ကျေးရွာကလူတွေ နားထောင်ကြ။ ငါ့နောက်ကလိုက်ပြီး ဒီရဲချန်ဖန်ကို သတ်ကြ”

ထိုအချိန်တွင် သွေးအလိမ်းလိမ်းနှင့် ကျန်းရှင်းရွှယ်က ထလာပြီး မဟာမုန်တိုင်း ကျေးရွာမှ လူများကို အမိန့်ပေး လိုက်လေသည်။

“မဟာ မိုးကြိုးဂိုဏ်းက လူတွေ သူ့ကို အစွမ်းကုန်တိုက်ကြ”

မဟာမိုးကြိုး ဂိုဏ်းခေါင်းဆောင် ရန်ပိုင်ဖန်က အော်ဟစ်လိုက်လေသည်။

ရုတ်တရက် လူအုပ်စုကြီး၏ ဘုံရန်သူတော် ဖြစ်လာသော ရဲချန်ဖန်ကို ဖုယုရွှယ် မှလွဲ၍ အကုန်လုံးက သတ်ပစ်ချင် နေကြလေသည်။

မဟာဂိုဏ်းကြီး သုံးခုနှင့် ရင်ဆိုင်နေရသော်လည်း ရဲချန်ဖန်က ကြောက်ရွံ့ ထိတ်လန့်ခြင်း အလျဉ်းမရှိချေ။ သူ့ကိုယ်မှာ ပြင်းထန်လှသော လူသတ်စိတ်က ဖြစ်ပေါ်လာပြီး အစာဆာနေသော သားရဲကြီး နိုးထ လာသည့်နှယ်ပင် ကြောက်မက်ဖွယ် အော်ရာက မိုးထိပင် ထောင်တက် သွားလေ သည်။

Comment

Leave a Reply

Options

not work with dark mode
Reset