အခန်း (၁၃၆)
မင်းက သိပ်ညံ့တာပဲ
“ရဲချန်ဖန်လား……”
ရွှေနတ်ဘုရား ကျောင်းထဲ ဝင်ရောက်လာသူ လူငယ်နှစ်ဦးသည် ရဲချန်ဖန်နှင့် ရဲကီရှင်းတို့က ပြင်းထန်သည့် တိုက်ပွဲ ဆင်နွှဲနေသည်ကို တွေ့လိုက်သောအခါ အလွန် အံ့သြသွားသော အမူအရာ ပေါ်လာပြီး သရဲတစ္ဆေကို မြင်တွေ့လိုက်ရသည့်နှယ် ရပ်ကြည့် နေကြလေသည်။ ထို့နောက် လူငယ်နှစ်ဦးအနက် တစ်ယောက်၏ မျက်နှာတွင် ကောက်ကျစ် ရက်စက်မည့်ဟန် ပေါ်လာလေသည်။ သူကား ရဲချန်ဖန်၏ ရန်သူတော် ယုံရှန်ရှင်းပင်။ နောက်တစ်ယောက်ကား ဓားခန်းမ၏ ပါရမီရှင် ဂျန်ချန်ထျန် ဖြစ်သည်။ သို့သော် နောက်ထပ်မြင်ကွင်းက သူတို့ကို ပို၍ အံ့သြထိတ်လန့် သွားစေသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”
ရဲချန်ဖန်က ယုံရှန်ရှင်းတို့ တစ်သိုက်၏ လူများ ထပ်ရောက် လာသောအခါ အချိန်ဆွဲ မနေတော့ဘဲ သူ၏ကိုယ်က ကျောက်စိမ်းဓားနှင့် ပေါင်းစပ်သွားသည့် အလား တိုက်ခိုက်လိုက်သည်။ ဓားအလင်းက ရဲကီရှင်း လည်မျိုသို့ တိုးဝင်သွားသည်။ ရဲကီရှင်းက သူ အသက်အန္တရာယ် ရှိနေသည်ကို သိလိုက်သောအခါ အစွမ်းကုန် ခုခံကာကွယ် လိုက်သည်။ ရဲကီရှင်းဆီမှ မှော်ဆွဲပြားက အသက် ဝင်လာပြီး အလင်းတန်း တစ်ခုဖြင့် ရဲကီရှင်း တစ်ကိုယ်လုံးကို လွှမ်းခြုံကာကွယ် ပေးလိုက်သော်လည်း လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားအလင်းက အလွန်လျင်မြန် အစွမ်းထက်လှရာ ဓားအလင်းက ရဲကီရှင်း လည်မျိုကို ထိုးဖောက် ဝင်ရောက် သွားလေသည်။
ရဲကီရှင်း မသိသည်မှာ သူသည် ချောက်ထဲကျသည့် အတောအတွင်း ရုပ်တုများနှင့် စမ်းသပ်စစ်ဆေးမှု ခံယူကာ အလွန် အစွမ်းထက်လှသော ဓားအင်အားကို လေ့ကျင့် အောင်မြင်ခဲ့သဖြင့် သူနှင့် ချောက်ထဲမကျမီ တိုက်ခိုက်ခဲ့သည့် အချိန်ထက် များစွာ အစွမ်းထက်နေပြီ ဖြစ်ကြောင်းကိုပင် ဖြစ်သည်။
ရဲကီရှင်း တစ်ကိုယ်လုံးက သွေးများ စီးကျလာကာ သွေးအိုင်ထဲတွင် လဲကျသေဆုံး သွားလေသည်။ ယုံရှန်ရှင်းတို့ နှစ်ယောက် မျက်လုံးများ ပြူးကျယ်နေကာ ရဲချန်ဖန်ကို လူထူးဆန်းသဖွယ် ကြည့်နေကြလေသည်။ သူတို့သည် မြင်လိုက်ရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေကြသည်။ ကောင်းကင် သားရဲဘုရင်ပင် မဟာဂိုဏ်းကြီး သုံးဂိုဏ်းမှ စီရင် ဖန်တီးထားသော မှော်ဆွဲပြား အကာအကွယ်ကို ချိုးဖျက်ရန် ခက်ခဲ ပေလိမ့်မည်။
“ကြည့်ရတာ သူ့လက်ထဲက ဓားက ထူးခြားချက် ရှိနေလိမ့်မယ်။ ငါထင်တာ မမှားဘူးဆိုရင် အဲဒီဓားက အနိမ့်ဆုံး အလယ်အလတ် မြေကမ္ဘာအဆင့် ရတနာပဲ ဖြစ်လိမ့်မယ်”
ဓားခန်းမ၏ ပါရမီရှင်ဖြစ်သော ဂျန်ချန်ထျန်သည် ဓားနှင့် ပတ်သက်၍ အလွန်လျှင် အလွန် ထက်မြက်သော အာရုံခံစား နိုင်စွမ်းရှိလေရာ ကျောက်စိမ်းဓား၏ အဆင့်ကို မှန်ကန်စွာ ခန့်မှန်းနိုင်လေသည်။
“တောက်… သူက ဘယ်လိုလုပ် အဲဒီဓားကို ရလာတာလဲ”
ယုံရှန်ရှင်းက ဒေါသကြီး တောက်ခတ်လိုက်သည်။ ကျောက်စိမ်းဓား၏ အဆင့်ကို သိသွားသောအခါ ယုံရှန်ရှင်း အလွန် အန္တရာယ်များသည်ဟု ခံစားလိုက်ရသည်။
“ရှန်ရန် သူ့ကိစ္စကို ခဏထားလိုက်။ အရင်ဆုံး ရှိနေတဲ့ အလင်းတန်း အုပ်စုလေးနှစ်ခုကို ယူကြရအောင်။ ဒါမှ ငါတို့ သူ့ကိုရင်ဆိုင်ဖို့ ဖြစ်နိုင်လိမ့်မယ်”
ဂျန်ချန်ထျန် မျက်လုံးက အရောင်များ ပြောင်းနေကာ ယုံရှန်ရှင်းကို အသံလှိုင်း ပို့လွှင့်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ…”
ယုံရှန်ရှင်း အကြည့်ကလည်း ကျန်နေသည့် အလင်းတန်း အုပ်စုလေးပေါ် ရောက်သွားလေသည်။
“အဲဒီအနက်ရောင်ဓားကို အရင်ယူကြရအောင်…”
ဂျန်ချန်ထျန်က အသံလှိုင်းဖြင့် ယုံရှန်ရှင်းကို ပြောလိုက်ပြီးနောက် စတင်၍ အနက်ရောင်ဓားကို ဖုံးလွှမ်းထားသော အလင်းတန်းကို တိုက်ခိုက်လိုက်သည်။ ဂျန်ချန်ထျန် တို့နှစ်ယောက် လက်နက် ကိုင်ဆွဲကာ ဝိုင်းဝန်း တိုက်ခိုက်မှုကြောင့် အနက်ရောင်ဓားကို ဖုံးထားသည့် အလင်းတန်းမှာ ပြင်းထန်စွာ လှုပ်ခါနေလေသည်။
“တိမ်ခွင်းလက်ဝါး…”
ဂျန်ချန်ထျန်တို့ နှစ်ယောက်က အလင်းတန်း အုပ်စုကို တိုက်ခိုက်သည်ကို မြင်လိုက်သောအခါ ရဲချန်ဖန်က ပိတ်ဆို့ လိုက်လေသည်။ ရဲချန်ဖန်က အရိပ်မဲ့သိုင်းကို အသုံးပြုပြီးနောက် တိမ်ခွင်း လက်ဝါးသိုင်းကို ရိုက်ထုတ် လိုက်သည်။ ကြောက်မက်ဖွယ် တိမ်ခွင်းလက်ဝါး အစွမ်းကြောင့် ဂျန်ချန်ထျန်တို့ နှစ်ယောက် အလင်းတန်းကို တိုက်ခိုက်လို့ မရတော့ချေ။
“မင်းက သေချင်နေတာပဲ”
ယုံရှန်ရှင်းက ဒေါသ အလွန်ထွက်ကာ ခရမ်းရောင် လှံရှည်ကို ထုတ်ယူပြီး ရဲချန်ဖန်ကို တိုက်ခိုက် လိုက်သည်။
“လေအရိပ် ဓားကွက်…”
လခြမ်းပုံကဲ့သို့ ဓားအလင်းက လေထုကိုခွင်းကာ ယုံရှန်ရှင်း တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်ရာ ဂျန်ချန်ထျန်တို့ နှစ်ယောက်လုံးကို လေထဲလွင့်စဉ်ကာ မြေပေါ်သို့ ဆောင့်ကျသွားစေ လေသည်။ သွေးများက ဂျန်ချန်ထျန်တို့ နှစ်ယောက်၏ ပါးစပ်၊နှုတ်ခမ်းများမှ စီးကျလာသည်။
“ရဲချန်ဖန် ငါတို့နှစ်ယောက်ကို တိုက်ခိုက်ရဲလောက်အောင် မင်းက သိပ်သတ္တိ ရှိနေတယ်ပေါ့။ ကောင်းကင်မီး ဂိုဏ်းသားတွေက မဟာကောင်းကင်မီးဂိုဏ်းကို လုံးဝ တိုက်ခိုက်ခွင့် မရှိဘူးလို့ ပြင်းထန်တဲ့ အမိန့်ရှိတာ မင်းသိတယ် မဟုတ်လား။ တကယ်လို့ မင်း ဒီလိုလုပ်တာ သိသွားရင် မင်းရဲ့ ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးပစ်လိမ့်မယ်”
“ငါ့ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးမယ် ဟုတ်လား။ ကောင်းတယ် အခု ငါဒီမှာ ရပ်နေတယ်။ ဘယ်သူ့ဆီမှာ ငါ့ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးနိုင်တဲ့ အစွမ်းရှိလဲ ကြည့်ရအောင်”
“ရဲချန်ဖန် မင်း အစွမ်းထက်တာ ငါသိတယ်။ ဒါပေမဲ့ မင်းက ရဲကီရှင်းကို သတ်ပြီးပြီ ဆိုတော့ မင်းကို မဟာမိုးကြိုး ဂိုဏ်းနဲ့ မဟာမုန်တိုင်း ကျေးရွာက အလွတ်ပေးမှာ မဟုတ်ဘူးနော်။ မင်းက ငါတို့ကို အဲဒီရတနာနှစ်ခု ပေးမယ်ဆိုရင် ငါတို့ မင်း ရဲကီရှင်းကို သတ်တဲ့ကိစ္စ ရေငုံနှုတ်ပိတ် နေပေး မယ်”
ယုံရှန်ရှင်းက ရဲချန်ဖန် အလွန် အစွမ်းထက်နေသဖြင့် ပရိယာယ်ဖြင့် လှည့်ပတ်ပြောလိုက် လေသည်။
“မင်းရဲ့ ပေါက်တတ်ကရ စကားတွေကို ငါက ယုံမယ်ထင်နေလား။ မင်းတို့ လိုချင်ရင် ယူကြည့်လိုက်လေ…”
ရဲချန်ဖန်က ယုံရှန်ရှင်း စကားကို ယုံကြည်နေမည် မဟုတ်ပါ။
“ရဲချန်ဖန် မင်းက တကယ်ပဲ ငါတို့ မဟာကောင်းကင် မီးဂိုဏ်းရဲ့ ရန်သူတော် ဖြစ်ချင်နေတာလား။ မင်း မဟာကောင်းကင် မီးဂိုဏ်းထဲကို မဝင်ချင်ဘူးလား။ ငါတို့ကို ရန်လုပ်နေရင် မင်းအတွက် မကောင်းဘူးနော်…”
ယုံရှန်ရှင်း မျက်နှာက အလွန် မည်းမှောင်နေပြီး ရဲချန်ဖန်ကို ခြိမ်းခြောက် လိုက်သည်။ ရဲချန်ဖန်သာ ထိုမျှ အစွမ်းထက် မနေပါက ယုံရှန်ရှင်းက အစောကြီး ကတည်းက ရဲချန်ဖန်ကို တိုက်ခိုက်ပြီး ဖြစ်သည်။ သို့သော် ယခု သူက ရဲချန်ဖန်ကို မတိုက်ဝံ့ဘဲ မဟာကောင်းကင် မီးဂိုဏ်းဖြင့်သာ ခြိမ်းခြောက် နိုင်လေသည်။
“ငါ ပြောပြီးပြီလေ။ ဒီရတနာ နှစ်ခုကို ငါလည်း လိုချင်တယ်။ မင်းတို့ လိုချင်တယ်ဆို လုပ်လိုက်လေ”
ရဲချန်ဖန်က တွေဝေခြင်း အလျှင်းမရှိဘဲ ကျောက်စိမ်းဓားဖြင့် ယုံရှန်ရှင်းတို့ကို ထိုးချိန်ကာ အေးစက် မာကျောစွာ ပြောလိုက်လေသည်။
“အေး… မင်းက ဒီလောက်တောင် မသိတတ်မှတော့ ငါတို့ကို အခွင့်အရေး မပေးဘူး မပြောနဲ့”
ဂျန်ချန်ထျန် ကိုယ်မှ ပြင်းထန်သော အော်ရာက ထွက်ပေါ်လာလေသည်။
“ရဲချန်ဖန် မင်း ငါ့လက်ထဲ ရောက်မဲ့အချိန် စောင့်နေ။ အဲဒီအခါမှ လူဖြစ်လာရတာကို နောင်တ ရနေစေရမယ်”
ယုံရှန်ရှင်းက သူလိုလူကို ရဲချန်ဖန်က မထီမဲ့မြင်ပြုကာ မျက်လုံးထဲ လုံးဝ မထားသဖြင့် ကြုံးဝါး လိုက်သည်။
“ဘာလဲ။ မင်းတို့က ငါ့ကို ပေါင်းတိုက်ရင် နိုင်မယ် ထင်နေတာလား။ အမှန်အတိုင်း ပြောရရင် မင်းက ရဲကီရှင်းလောက်တောင် အစွမ်းထက်ပုံ မပေါ်ဘူး”
ရဲချန်ဖန်က အထင်သေး ရှုံ့ချဟန်ဖြင့် ပြောလိုက်လေသည်။
“ခရမ်းရောင်လှံ…”
ရဲချန်ဖန်၏ စော်ကားမှုကို ခံလိုက်ရသဖြင့် မောက်မာလှသော ယုံရှန်ရှင်း ဒေါသအိုး ပေါက်ကွဲကာ သူ၏ ဝိညာဉ်သားရဲ ကြံ့ကြီးဖြင့် ပေါင်းစပ်ကာ အဆင့်မြင့် ဝိညာဉ်လက်နက်ဖြင့် ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။
“ယုံရှန်ရှင်း မင်းအစွမ်းက ဒါပဲလား”
ယုံရှန်ရှင်း၏ တိုက်ခိုက်မှုကို မြင်သောအခါ ရဲချန်ဖန်က နောက်မဆုတ်ဘဲ ပြင်းထန်သော ဓားအင်အားကို အသုံးပြု၍ ဆီးကြိုတိုက်ခိုက်လိုက်သည်။
“ဝုန်း…”
ခရမ်းရောင် လှံရှည်နှင့် ကျောက်စိမ်းဓား ထိမှန်သွားချိန်တွင် ပြင်းထန်သော စွမ်းအင်လှိုင်း ပေါက်ကွဲမှု ဖြစ်ပေါ်လာသည်။ ရဲချန်ဖန်၏ တိုက်ခိုက်မှုကြောင့် ယုံရှန်ရှင်း အလွန် အံ့သြနေသည်။ ခရမ်းရောင် လှံရှည် ကိုင်ထားသော လက်က ပြင်းထန်သော တုန်ခါမှုကြောင့် သွေးများ ယိုစီးကျကာ လှံကိုပင် မကိုင်နိုင်တော့ချေ။
“ယင်-ယန်ဓား…”
ရဲချန်ဖန်ကို ဂျန်ချန်ထျန်က အလစ်ဝင်ရောက် တိုက်ခိုက်လိုက်သည်။
“ပျက်စီးစမ်း…”
ရဲချန်ဖန်က ကျောက်စိမ်းဓားဖြင့် ပြန်လှန် တိုက်ခိုက်လိုက်ရာ ထက်မြက်လှသည့် ကျောက်စိမ်း ဓားက အလွန်လျင်မြန်စွာ သူ့ဆီဝင်လာသော ဂျန်ချန်ထျန်ဓားကို ထိမှန်သွားသည်။ ရဲချန်ဖန် တိုက်ခိုက်မှုမှာ လျင်မြန်ရုံသာမက အလွန်ထူးခြား ဆန်းကြယ်နေရာ ဂျန်ချန်ထျန်က ဓားလမ်းကြောင်းကို မည်သို့မှ ခန့်မှန်းနိုင်စွမ်း မရှိပေ။
“ဘုန်း… ဘုန်း…”
ရဲချန်ဖန်ဓားက ဂျန်ချန်ထျန် တိုက်ခိုက်မှုကို ခုခံလိုက်ရုံသာမက ဂျန်ချန်ထျန် ရင်ဘတ်ကို ဗုံးတစ်လုံး ပေါက်ကွဲသည့် အလား ထိမှန်သွားသည်။ ဂျန်ချန်ထျန်က အစွမ်းကုန် ခုခံလိုက်သော်လည်း ရဲချန်ဖန်က ဓားအင်အား တတိယအဆင့်ကို ထည့်သွင်းထားရာ ဂျန်ချန်ထျန် ရင်ဘတ်ကို ထိမှန်ရုံသာမက ကြိုးပြတ်သည့် စွန်နှယ် အဝေးကို လွင့်စဉ်သွားစေသည်။
“ယုံရှန်ရှင်း ငါမပြောခဲ့ဘူးလား။ မင်းက သိပ်ညံ့တဲ့ ကောင်ပါဆို”
ရဲချန်ဖန်က အလွန်ထိတ်လန့် တုန်လှုပ်နေသော ယုံရှန်ရှင်းကို ကြည့်ကာ အေးစက်မာကျောစွာ ပြောလိုက်သည်။ ထို့နောက် ရဲချန်ဖန် အကြည့်က အနက်ရောင်ဓားကို ဖုံးလွှမ်းထားသော အလင်းတန်းပေါ် ရောက်သွားပြီး ပြင်းထန်စွာ အလင်းတန်းကို တိုက်ခိုက်လိုက်သည်။
ပြင်းထန်သော ဓားအလင်းက အနက်ရောင်ဓား ထည့်ထားသော အလင်းတန်းကို ပျက်စီးသွားစေပြီး တုန်လှုပ်နေသော ယုံရှန်ရှင်းတို့၏ အကြည့်အောက်တွင် ရဲချန်ဖန်က အနက်ရောင်ဓားကို ရရှိသွားလေသည်။ အနက်ရောင် ဓားကား အလယ်အလတ် မြေကမ္ဘာအဆင့် ရတနာ ဖြစ်လေသည်