ဓားရှစ်လက် နတ်ဘုရား
စာစဉ်(၉)
အခန်း (၁၃၅)
မြေကမ္ဘာအဆင့် ရတနာများ
“ဒါ အတွင်းနန်းတော်လား…”
ရဲချန်ဖန်သည် ပတ်ဝန်းကျင်ကို လေ့လာလိုက်ရာ သူသည် ထောင်ပေါင်းများစွာသော အလွန် ကြီးမားသော ကျောက်စိမ်းသား တိုင်လုံးကြီးများဖြင့် တည်ဆောက်ထားသော ခန်းမကြီးထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ ကျောက်စိမ်း တိုင်ကြီးများသည် အလွန်လှပ အသက်ဝင်နေသော နဂါးကြီးများပုံကို ထွင်းထုထားပြီး ခန်းမကြီး အလယ်တွင် ကြက်ဥအရွယ် ညပုလဲကလည်း အလင်းရောင် ပေးနေရာ ခန်းမတစ်ခုလုံး လင်းထိန်နေသည်။
အထူးသဖြင့် နဂါးပုံများ ထွင်းထု ထားသည့် တိုင်လုံးကြီးများသည် အချို့က မိုးပေါ် ပျံတက်နေသည့်ဟန်၊ တချို့ ခွေနေသည့်ဟန်ဖြင့် များပြားလှသည့် နဂါးကမ္ဘာသို့ ရောက်ရှိသွားသည့် ဟန်ပင်။ ထိုမြင်ကွင်းက ရဲချန်ဖန်အပေါ် အလွန် သက်ရောက်နေပြီး သူ့ကို နဂါးများက ဝန်းရံကြည့်ရှုနေသည်ဟု ခံစားလိုက်ရသည်။
“အင်း… ဟိုမှာ အလင်းရောင် ထွက်နေပါလား။ လေထဲမှာ ပျံနေတဲ့ အလင်းအုပ်စုလေး ပါလား”
ရဲချန်ဖန်က သူ၏ အစွမ်းထက်သော စိတ်ဝိညာဉ်ကို ထုတ်လွင့်ပြီး ပတ်ဝန်းကျင်ကို ရှာဖွေ လိုက်ရာ ကျောင်းတော် အဝင်ဝနားတွင် အလင်းတန်း အုပ်စုလေးတစ်ခု ပျံဝဲနေသည်ကို တွေ့လိုက် ရသည်။ ထိုအလင်းတန်း အုပ်စုလေးထဲတွင် အစိမ်းရောင် ကျောက်စိမ်းဓား၊ အနက်ရောင် ဓားတစ်လက်နှင့် အနက်ရောင် မျဉ်းကြောင်းများ ပါဝင်သော ကြီးမားလှသော ပုဆိန်ကြီးတစ်လက် တို့ကို တွေ့လိုက်ရသည်။
ထိုရတနာသုံးခုကို အလင်းတန်းများဖြင့် ထည့်သွင်း ဖုံးကွယ်ထားသဖြင့် ရတနာ အဆင့်အတန်းကို မသိနိုင်သော်လည်း ရဲချန်ဖန်က တစ်ချက် ကြည့်လိုက်သည်နှင့် ထိုရတနာ သုံးလက်သည် အလွန် တန်ဖိုးကြီးမည် ဖြစ်ကြောင်း နားလည်လိုက်သည်။ အထူးသဖြင့် အစိမ်းရောင် ကျောက်စိမ်းဓားက ရဲချန်ဖန်ကို အထူး ဆွဲဆောင်နေသည်။ သူသာ ထိုရတနာဓားကို ရရှိပါက အေဖေးဓား အစားထိုး အသုံးပြုလို့ ရတော့မည်ဖြစ်သည်။ ရဲချန်ဖန်က ခုန်လိုက်ရာ သူ့ကိုယ်မှာ ဓားတစ်စင်းအလားပင် အလင်းတန်းအုပ်စုကို တိုက်ခိုက်လိုက်သည်။
“ယား…”
အလင်းတန်း အုပ်စုက ရဲချန်ဖန်၏ အားကုန် တိုက်ခိုက်မှုကြောင့် မျက်နှာပြင်ပေါ်တွင် ချက်ချင်း အက်ရာထင် လာလေသည်။ အလင်းတန်း အများစုက ထွက်ပေါ်လာရာ ရဲချန်ဖန် မျက်လုံးများပင် ကျိန်းစပ်သွားလေသည်။
“ပေါင်တစ်သိန်း သုံးသောင်းကျော် စွမ်းအား…”
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ… ကျိုးပဲ့စမ်း…”
ရဲချန်ဖန်က အလင်းတန်း မျက်နှာပြင်ပေါ်တွင် အက်ရာ ဖြစ်ပေါ်လာသည်ကို မြင်သောအခါ အားတက်သွားပြီး ချက်ချင်းပင် အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန်၏ အရူးအမူး တိုက်ခိုက်မှုကြောင့် အလင်းတန်းသည် တဖြည်းဖြည်း အားဖျော့လာကာ နောက်ဆုံးတွင် အစိမ်းရောင် ကျောက်စိမ်း ဓားကို ထိန်းချုပ်ထားသည့် အလင်းတန်းက ကျိုးပဲ့သွားသည်။ အစိမ်းရောင် ကျောက်စိမ်းဓားက ထွက်ပေါ်လာသည်။
“အလယ်အလတ်အဆင့် မြေကမ္ဘာအဆင့်ဓား…”
ကျောက်စိမ်းဓားကို ရရှိပြီးသည်နှင့် နတ်ဦးနှောက်ဖြင့် စစ်ဆေးလိုက်ရာ ဓား၏အဆင့်ကို သိရှိသွားသည်။ ထိုကျောက်စိမ်းဓားဖြင့် ဆိုလျှင် ရဲချန်ဖန် အစွမ်းသည် အနည်းဆုံး နှစ်ဆလောက် တိုးလာနိုင်သည်။
“ဘုန်း…”
ရဲချန်ဖန်က ကျောက်စိမ်းဓားကို ရလိုက်သည်နှင့် ကြီးမားသော ပေါက်ကွဲသံကြီးက ခန်းမကြီး၏ အဝင်ဝတွင် ဖြစ်ပေါ်လာသည်။ ထို့နောက် ကျောက်တံခါးကြီးမှာ အက်ကွဲလာသည်ကို မြင်လိုက်ရပြီး ကွဲအက်သွားသည့် တံခါးနေရာမှ လူတစ်ယောက် ဝင်ရောက်လာလေသည်။
“ရဲကီရှင်း…”
ထိုပထမဆုံး ဝင်ရောက်လာသည့် လူကို မြင်လိုက်ရသည်နှင့် ရဲချန်ဖန်က အနည်းငယ် အံ့အားသင့်သွားသည်။
“ကြည့်ရတာ ဒီရဲကီရှင်းက အလကားကောင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူရင်ဆိုင်ရမဲ့ ရန်သူဖြစ်တဲ့လူက ဘယ်လိုလူလဲဆိုတာ မသိဘူး”
ရဲချန်ဖန် အံအားသင့်နေစဉ် ရဲကီရှင်းကလည်း အလွန် အံ့အားသင့်သော အမူအရာ ဖြစ်ပေါ် လာသည်။ သူ့ဦးနှောက် ပေါက်ကွဲမတတ် စဉ်းစားသော်လည်း မသိနိုင်သည်မှာ အလွန်ခိုင်ခံ့လှသည့် ကျောက်တံခါးကြီးကို ပိတ်ဆို့ထားသော်လည်း ရဲချန်ဖန် မည်သို့မည်ပုံ ဝင်ရောက် လာနိုင်ခြင်းကို ဖြစ်သည်။
“ရဲချန်ဖန် ငါတကယ် မင်းအတွက် စိတ်မကောင်းဘူး။ မင်းက တကယ် ပုံမှန်မဟုတ်တဲ့ ကောင်ပဲ။ ဒါပေမဲ့ ဒီခန်းမထဲရှိတဲ့ ရတနာတိုင်းက ငါ့ရဲ့ဥစ္စာပဲ။ ယူရဲတဲ့လူတိုင်းကို သတ်ပစ်မယ်”
ရဲကီရှင်းက လေထဲတွင် ပျံဝဲနေသော ကျန်ရတနာနှစ်ခု ပါဝင်သည့် အလင်တန်း အုပ်စုကို ကြည့်ပြီး ပြင်းထန်လှသည့် လူသတ်စိတ် ဖြစ်ပေါ်နေသည့် အရောင်များ ထွက်လာကာ ပြောလိုက်လေသည်။
“မင်း ခန်းမထဲက ရတနာတွေ ယူချင်ရင် မင်းမှာ အရည်အချင်း ရှိမှရမယ်”
ရဲချန်ဖန်က ကျောက်စိမ်းဓားကို ကိုင်ပြီး သူ၏ အော်ရာကို ထုတ်လွှင့်လိုက်ရာ အလွန်စူးရှ ထက်မြက်သော ဓားတစ်လက်ကို ဓားအိမ်မှ ထုတ်ယူလိုက် သလိုပင် မယုံနိုင်စရာ ထက်မြက်လှသည်။
“လူသန်းပေါင်းများစွာ သတ်ဓား…”
ရဲချန်ဖန်ဆီမှ ထွက်လာသော အော်ရာကြောင့် ရဲကီရှင်း မျက်ဝန်းများ ကျဉ်းမြောင်းပြီး ရဲကီရှင်း၏ ဝိညာဉ်သားရဲ ကျားက ထွက်ပေါ်လာကာ ရဲကီရှင်း တစ်ကိုယ်လုံးကို ဝိညာဉ် ချပ်ဝတ် တန်ဆာအဖြစ် ကာကွယ်လိုက်လေသည်။ ထို့နောက် ရဲကီရှင်း၏ အသွေးအသားထဲတွင် ကိန်းအောင်း နေသည့် လူသတ်စိတ်ကို ထိန်းချုပ်ခြင်း အလျှင်းမရှိပဲ ထုတ်လွှင့်လိုက်ရာ ချက်ချင်းပင် ရဲသွေးနီနေသည့် အလင်းတန်းက ရဲကီရှင်း ကိုယ်ပေါ်တွင် စုဝေးလာလေသည်။
ထိုလူသတ် ရောင်ခြည်များ ထွက်ပေါ်လာသည်နှင့် ရဲကီရှင်း အစွမ်းက ချက်ချင်းပင် တိုးလာပြီး မြေကမ္ဘာ သားရဲစစ်သူကြီး ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။
“အင်း… ဒါက ဘာကျင့်စဉ်လဲ”
အလွန်နီရဲနေသည့် အလင်းများ ထွက်နေသည့် ရဲကီရှင်းကို ရဲချန်ဖန် ကြည့်ရင်း အနည်းငယ် အံ့သြသွားပြီးနောက် ရဲကီရှင်းသည် ထိုကဲ့သို့ အနီရောင် အလင်းများ ထွက်ပေါ်လာစေရန် အနည်းဆုံး လူပေါင်း ငါးထောင်ထက်မနည်း သတ်ဖြတ်ခဲ့ပြီး မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ခဲ့မည်ကို ခန့်မှန်းမိလိုက် သည်။
“ရဲချန်ဖန် လူသန်းပေါင်းများစွာ သတ်ဓားအောက်မှာ မင်းသေခွင့်ရတာ မင်းအတွက်တော့ ဂုဏ်ယူစရာပဲ”
အလွန်ရက်စက် ခက်ထန်သည့်ဟန်နှင့် ရဲကီရှင်းက ပြောလိုက်ပြီးနောက် ငွေရောင် ဓားအလင်းက ရဲချန်ဖန် ရင်ဘတ်ဆီ တိုးဝင်လာသည်။
“ပျက်သုဉ်းခြင်း ဓားသိုင်း လွင့်မျောတိမ်…”
ရဲချန်ဖန် မျက်လုံးများကလည်း အလွန် စူးရှသွားပြီး ကျောက်စိမ်းဓားကို ကိုင်ကာ လူသတ်စိတ်ဖြင့် ရဲကီရှင်း၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်လိုက်သည်။
“ဘုန်း…”
ဓားအလင်းနှစ်ခုက ထိပ်တိုက် တွေ့ဆုံသွားချိန်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ ဓားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားချိန်တွင် ရဲကီရှင်းက လေကဲ့သို့ပင် ရဲချန်ဖန်ဆီ တိုးဝင်လာသည်။ မြန်နှုန်းမှာ အလင်းကဲ့သို့ပင် လျင်မြန်လှသည်။
ရဲကီရှင်း ပုံသဏ္ဌာန်ကိုပင် ရှင်းရှင်း မမြင်ရအောင် မြန်ဆန်လှသည်။ မျက်စိတစ်မှိတ် အတွင်း ရဲကီရှင်းသည် ရဲချန်ဖန်နှင့် သုံးမီတာမျှဝေးသော အကွာ ရောက်လာပြီး ဓားချက်များကို အဆက်မပြတ် ထိုးသွင်းလိုက်သည်။ ဓားချက်များသည် သေကွင်း သေကွက်များဆီ ဝင်ရောက်လာလေသည်။ ရဲချန်ဖန်က ဓားချက် တစ်ချက်ချက်သာ ထိမှန်သွားပါက ပြင်းထန်သော ဒဏ်ရာရရှိပြီး တိုက်ခိုက်နိုင်စွမ်း လျှော့ကျသွားမည် ဖြစ်သည်။
ရဲကီရှင်းဓားက ရဲချန်ဖန်ကိုယ်ကို ထိမှန်သွားသော်လည်း ရဲချန်ဖန်၏ မျက်နှာက နာကျင်မှုပုံစံကို မပြချေ။ ရဲကီရှင်း ထိုးလိုက်သည့် ရဲချန်ဖန် ကိုယ်သည် တဖြည်းဖြည်းဖြင့် လေထဲပျောက်ကွယ် သွားလေသည်။
“မကောင်းတော့ဘူး။ အရိပ်တွေပဲ”
ရဲကီရှင်း မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။
“မင်းတိုက်တာ သိပ်နှေးတာပဲ”
ထိုအချိန်တွင် ရဲချန်ဖန်၏ အေးစက်မာကျောသော အသံက ရဲကီရှင်း နောက်မှ ထွက်ပေါ်လာပြီး ရဲချန်ဖန်သည် ကျောက်စိမ်းဓားဖြင့် ရဲကီရှင်း နောက်ကျောကို ထိုးသွင်းလိုက်သည်။ ထိုသေရေးရှင်ရေး အခိုက်အတန့်တွင် ရဲကီရှင်း မသိစိတ်ကပင် တုံ့ပြန်လိုက်ရာ နီရဲလှသော အနီရောင်အလင်းက ရဲကီရှင်း ဓားထဲ ဖြည့်သွင်းကာ ရဲချန်ဖန်၏ ဓားချက်ကို မယုံနိုင်စရာ မြန်နှုန်းဖြင့် ခုခံလိုက်သည်။ ရဲချန်ဖန် ဓားချက်မှာ ပျက်ပြယ်သွားရာ ရဲချန်ဖန် အနည်းငယ် အံ့သြသွားသည်။
“ဓားအင်အား တတိယအဆင့်…”
ရဲချန်ဖန်သည် သူ၏တိုက်ခိုက်မှုကို ရဲကီရှင်း ခုခံလိုက်နိုင်သည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ပေါင်တစ်သိန်း သုံးသောင်းကျော် စွမ်းအားနှင့် ဓားအင်အား တတိယအဆင့်ကို ထည့်သွင်းကာ တိုက်ခိုက်မှုကို မြှင့်တင်လိုက်သည်။
“ဝုန်း…”
ဤတစ်ကြိမ်တွင်တော့ ရဲကီရှင်း၏ ငွေဓားရှည်သည် ရဲချန်ဖန်၏ ကျောက်စိမ်းဓားဖြင့် တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။ ရဲကီရှင်း၏ ဓားသွားပေါ်တွင် အက်ရာများ ဖြစ်ပေါ်ကာ အစွမ်း ထက်သော အားက ရဲကီရှင်း၏ ဓားသွားမှတစ်ဆင့် ရဲကီရှင်း လက်မောင်းကို ဒဏ်ရာရရှိ သွားစေပြီး သွေးများ စီးကျလာသည်။
“ရဲကီရှင်း မင်းအစွမ်းက ဒါအကုန်ပဲလား”
ရဲချန်ဖန်က ရဲကီရှင်း၏ ဖြူဖပ်ဖြူရော် မျက်နှာကိုကြည့်ပြီး ကောက်ကျစ်သည့် အပြုံးပြုံးကာ အထင်သေးသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
“ရဲချန်ဖန် မင်း မာန်တက်မနေနဲ့။ ဘယ်သူ နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့”
ရဲကီရှင်းက ကြုံးဝါးလိုက်ကာ သူ့ကိုယ်တွင် ထွက်နေသော အနီရောင် အလင်းတန်းများကို လောင်ကျွမ်း စေလိုက်ပြီး အစွမ်းကုန် အားများ ထုတ်လိုက်ရာ အစွမ်းက မယုံနိုင်စရာ အဆင့်သို့ ရောက်သွားလေသည်။ ရဲကီရှင်းကိုယ်မှ ထွက်လာသော လူသတ်စိတ်က ပြင်းထန်လှရာ တခြားလူများကို အသည်းများ အေးအောင် တုန်လှုပ်သွား စေနိုင်သည်။
“သတ်…”
ရဲချန်ဖန်နှင့် ရဲကီရှင်းတို့ ခန္ဓာကိုယ် နှစ်ခုလုံးက တစ်ပြိုင်နက် လှုပ်ရှားသွာပြီး တစ်ယောက်နှင့် တစ်ယောက် နီးကပ်သွားပြီး တိုက်ခိုက်ကြတော့သည်။ ရဲချန်ဖန်တို့ ပြင်းထန်စွာ တိုက်ခိုက်မှုကြောင့် အက်ကွဲနေသော ကျောက်တုံး တံခါးကြီးက ချက်ချင်းပင် ပျက်စီးသွား လေသည်။ ထို့နောက် လူနှစ်ယောက်က အလွန်မြန်လှသည့် မြန်နှုန်းဖြင့် ကွဲကြေသွားသည့် တံခါးမှ ခန်းမကြီးထဲ ဝင်ရောက် လာလေသည်