အခန်း (၁၃၃)
အသက်ဝိညာဉ် ကျင့်စဉ်
“လူငယ်လေး၊ မင်း စမ်းသပ် စစ်ဆေးမှု အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ မင်း အတွင်းနန်းတော်မှာ စမ်းသပ် စစ်ဆေးဖို့ ဝင်ခွင့် ရှိသွားပြီ”
ကျောက်စာစောင့် လေထဲတွင် ထွက်ပေါ်လာပြီး ရဲချန်ဖန်ကို ပြောလိုက်လေသည်။ ကျောက်စာစောင့်က နှစ်ပေါင်း မရေနိုင်အောင် စောင့်ဆိုင်း နေခဲ့သော်လည်း ကျောက်စာ၏ စမ်းသပ် စစ်ဆေးမှုကို ရဲချန်ဖန်က လွဲ၍ မည်သူမျှ အောင်မြင်ခြင်း မရှိခဲ့၍ ရဲချန်ဖန် အောင်မြင် သွားသည်ကို တွေ့သောအခါ သူ့အသံက နွေးထွေး လာလေသည်။
ကျောက်စာစောင့် ထွက်ပေါ်လာသည်ကို ကြည့်ပြီး ရဲချန်ဖန် စိတ်အေး သွားသည်။ နောက်ထပ် စမ်းသပ် စစ်ဆေးမှုသာ ရှိနေပါက ရဲချန်ဖန် အခက် တွေ့ရတော့မည် ဖြစ်သည်။ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း သိုင်းကွက်သည် အလွန် အစွမ်းထက် လှသော်လည်း စွမ်းအင် ကုန်ဆုံးမှုက များပြားလှသည်။
“ငါ မင်းကို ပြောထားတဲ့အတိုင်း စမ်းသပ်မှု အောင်မြင်တဲ့အတွက် ဆုတွေ ပေးမယ်”
ထို့နောက် မှော်အစီအရင်ဖြင့် ဖုံးလွှမ်းထားသော ရတနာ သေတ္တာ သုံးလုံးကို ရဲချန်ဖန် မြင်လိုက် ရလေသည်။
“ဒီရတနာ သုံးခုထဲက တစ်ခုကို မင်း ကျောက်စာ စမ်းသပ်မှု အောင်မြင်တဲ့အတွက် ရွေးချယ်ခွင့် ရှိတယ်။ အတွင်းနန်းတော်က စမ်းသပ် စစ်ဆေးမှု အောင်မြင်ရင်တော့ မင်း ဒီရတနာ သေတ္တာ သုံးလုံးကို မင်း ပိုင်ဆိုင်ခွင့် ရှိမယ်။ အခုတော့ မင်း ဒီထဲက တစ်ခုကိုရွေး”
“ဆရာကြီး ရတနာတွေက ဘာရတနာတွေလဲ ခင်ဗျာ”
ရတနာ သေတ္တာ သုံးလုံးကို ကြည့်ပြီး ရဲချန်ဖန်က မေးလိုက်လေသည်။
“ပထမ ရတနာ သေတ္တာထဲမှာရှိတဲ့ ရတနာက မှော်ကောင်းကင် ဓားပဲ။ ဒီဓားတစ်လက်လုံးကို မှော်ကြယ်ကို တခြား အဖိုးတန် ရတနာ ဆယ်မျိုးကျော်နဲ့ ပေါင်းစပ် သွန်းလုပ်ထားတယ်။ ဒါပေမဲ့ ဒီဓားမှာ ဘာမှော်အစီအရင်မှ ရေးဆွဲထားတာ မရှိဘူး။ ဒါကြောင့် ဒီဓားက အဆင့်နိမ့် ကောင်းကင် ရတနာ အဆင့်ပဲ ရှိတယ်”
“မှော်ကြယ်နဲ့ သွန်းလုပ်ထားတဲ့ ကောင်းကင်အဆင့် ရတနာ ဓားလား”
မှော်ကြယ်၏ တန်ဖိုးကို နားလည်သဖြင့် စိတ်လှုပ်ရှားကာ ရဲချန်ဖန် အသက်ကို ပင့်သက် ရှူလိုက်ရသည်။ ကောင်းကင်အဆင့် ရတနာသည် ဒဏ္ဍာရီထဲတွင်သာ ရှိသည်။ နှင်းမြောက်နိုင်ငံ တစ်ခုလုံးတွင်ပင် ကောင်းကင်အဆင့် မည်သည့် ရတနာမှ မရှိချေ။ ပို၍ အဖိုးတန်သည်မှာ ဓားကို မှော်ကြယ်ကို အဓိကထား သွန်းလုပ် ထားခြင်းပင်။
မြေကမ္ဘာအဆင့် ရတနာများတွင် မှော်ကြယ် အပိုင်းအစ အနည်းငယ်ထည့် သွန်းလုပ် လိုက်မည်ဆိုပါက အစွမ်းများ အလွန်တိုးလာမည် ဖြစ်ရာ ယခု မှော်ကောင်းကင် ဓားမှာ တစ်ခုလုံးကို မှော်ကြယ်ဖြင့် သွန်းလုပ်ထားရာ မည်မျှ အဖိုးတန်သည်ကို ပြောဖွယ်ရာ မရှိတော့ပေ။ ဓားမှာ သူ့အတွက် ရည်ရွယ်၍ လုပ်ပေးထား သလိုပင်။ သူသာ ၎င်းကောင်းကင်အဆင့် ဓားကို ပိုင်ဆိုင် ထားပါက ကောင်းကင် သားရဲ ဘုရင်ကိုပင် သတ်ဖြတ် ပစ်လိုက်နိုင်မည် ဖြစ်သည်။
“ဒုတိယ ရတနာက ဘာများလဲ ဆရာကြီး”
ရဲချန်ဖန်ကို မှော်ကောင်းကင် ဓားက အလွန်ဖမ်းစား သွားသည်။ သို့သော် သူက မှော်ကောင်းကင် ဓားကို ချက်ချင်း ရွေးချယ်ခြင်း မပြုပေ။ သူ့အကြည့်က ဒုတိယမြောက် ရတနာ သေတ္တာဆီ ရောက်သွားပြီး ကျောက်စာစောင့်ကို မေးလိုက်သည်။
“ဒုတိယ ရတနာက အသက် စမ်းရေပဲ”
ကျောက်စာစောင့် ဒုတိယ ရတနာ သေတ္တာကို ဖွင့်ကာ ပြောလိုက်သည်။ အလွန်လှပသော အဖြူရောင် ကျောက်စိမ်းဘူးလေးက လေထဲ ပေါ်လော ပေါ်လာ သောအခါ ရဲချန်ဖန်က ပို၍ တုန်လှုပ် အံ့ဩသွားသည်။
အသက်စမ်းရေသည် သေမင်း နှုတ်ခမ်းဝ ရောက်နေသူကိုပင် အသက် ပြန်ရှင်သန် စေနိုင်သည်။ အသက်ရှူသာ မရပ်သေးပါက မည့်သည့် ဒဏ်ရာကိုမဆို ပြန်သက်သာ စေနိုင်သော ဒဏ္ဍာရီလာဆေး ဖြစ်လေသည်။ အသက်စမ်းရေသည် ငယ်ရွယ်သေးသော တန်ခိုးရှင်များအတွက် အဖိုးသိပ်မတန် လှသော်လည်း အသက်အရွယ် ကြီးမြင့်နေသော မဟာပုဂ္ဂိုလ်ကြီးများ အတွက်မူ အဖိုးအနဂ္ဂ ဖြတ်လို့ မရသော ရတနားတစ်ပါးပင်။ အသက်စမ်းရေ ရှိသည်ဟု သတင်းသာ ထွက်ပေါ်လာပါက အမြွှာညီနောင် တိုက်ကြီး တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွား ပေလိမ့်မည်။
‘ဆရာကြီး တတိယ ရတနာက ဘာလဲ မသိဘူး”
“တတိယ ရတနာက အသက်ဝိညာဉ် ကျင့်စဉ်ပဲ”
“လျှို့ဝှက် ကျင့်စဉ်လား”
ရဲချန်ဖန်သည် ကျင့်စဉ်များ၏ အဖိုးတန်ပုံကို သိရှိ ထားသည်။ သူ၏ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်သည်လည်း လျှို့ဝှက်ကျင့်စဉ် ဖြစ်ရာ သူ့တွင် ဝိညာဉ်သားရဲ မရှိသည်ကိုပင် ခုထိ ဖာထေးကာ အဆင့်တူ များထက်ပင် အစွမ်းထက်အောင် လုပ်ထား ပေးနိုင်သည် မဟုတ် ပါလော။
“ဒီအသက်ဝိညာဉ် ကျင့်စဉ်က အသက်တာအိုနဲ့ ပတ်သက်နေတယ်။ လျှို့ဝှက် ကျင့်စဉ်ကို အသုံးပြုလိုက်ရင် အသက်စွမ်းအင်ကို လောင်ကျွမ်းစေပြီး အစွမ်းတွေ ချက်ချင်း တိုးလာစေနိုင်တယ်။ မင်းက အဆင့်ကြီး တစ်ခုလုံး မြင့်သွားလိမ့်မယ်”
“ကဲ၊ ငါလည်း မင်းကို ရတနာက ဘာတွေလဲ ဆိုတာ ပြောပြီးပြီ။ အခု မင်း အလှည့်ပဲ။ မင်း ဘယ်ရတနာကို ရွေးမှာလဲ”
ကျောက်စာစောင့်က မေးလိုက်လေသည်။
“မှော်ကောင်းကင်ဓား၊ အသက်စမ်းရေနဲ့ အသက်ဝိညာဉ်ကျင့်စဉ်”
ရဲချန်ဖန် မျက်လုံးထဲတွင် အရောင် အမျိုးမျိုး ပြောင်းနေလေသည်။ အင်မတန် ရွေးချယ်ရ ခက်သော အလုပ်ကို ပြုလုပ်ရပေတော့မည်။ မှော်ကောင်းကင် ဓားက လက်တလော သူ့ကို အစွမ်း အလွန်တိုးတက် စေနိုင်ပြီး ယခု သူ့အတွက် အလိုအပ်ဆုံး အရာပင်။ သို့သော် မှော်ကောင်းကင်ဓားနှင့် အသက်ဝိညာဉ် ကျင့်စဉ်တို့ တန်ဖိုးမှာ အလွန်ကွာခြား နေသည်ကို သူ သိရှိ ထားလေသည်။
“မင်း ဘာရွေးမှာလဲ”
“အသက်ဝိညာဉ် ကျင့်စဉ်”
နောက်ဆုံးတွင် ရဲချန်ဖန်သည် အသက်ဝိညာဉ် ကျင့်စဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။
“ဟဟ၊ မင်းကတော့ တကယ် ပါးနပ်တဲ့ ကောင်ပဲ။ ဒီအသက် ဝိညာဉ် ကျင့်စဉ်က ဒီရတနာ သုံးခုထဲမှာ အဖိုးအတန်ဆုံးပဲ။ မင်း သူ့အစွမ်း ဘယ်လောက်ထက်လဲ မင်းယုံနိုင်မှာ မဟုတ်ဘူး။ မင်း ဒီကျင့်စဉ်ကို ကျင့်ပြီးမှ ဘယ်လောက်တောင် အဖိုးတန်တဲ့ ရတနာ မင်း ရလိုက်တယ်ဆိုတာ မင်း သိလိမ့်မယ်”
“အဆင့်ကြီး တစ်ခုလုံးကို ကျော်လွန် အစွမ်းထက် လာစေတဲ့ ဒီကျင့်စဉ်က ကံကြမ္မာကို ပြောင်းလဲ သွားစေနိုင်တယ်။ အလွန် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးတွေပါ သရေကျ လောက်မယ့် ရတနာပဲ”
ကျောက်စာစောင့်က ရဲချန်ဖန်၏ ရွေးချယ်မှုကြောင့် အလွန် ပျော်ရွှင်နေပြီး ရယ်မော နေလေသည်။
“မင်းမှာ ဒီမှော်ကောင်းကင် ဓားနဲ့ အသက်စမ်းရေကို ပိုင်ဆိုင်ဖို့ အခွင့်အရေး မရှိတာတော့ မဟုတ်ဘူး။ မင်းသာ အတွင်းနန်းတော်က အမြင့်ဆုံး စမ်းသပ်မှုကို ကျော်ဖြတ် နိုင်မယ်ဆို မင်း ဒီကျန်နေတဲ့ ရတနာ နှစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရမယ်”
“ကဲ၊ မင်းက အသက်ဝိညာဉ် ကျင့်စဉ်ကို ရွေးချယ်ပြီးပြီ ဆိုတော့ မင်းကို ငါ အတွင်းနန်းတော်ထဲ ပို့ဆောင် ပေးမယ်”
ကျောက်စာစောင့်က အသက်ဝိညာဉ် ကျင့်စဉ်ကို ရဲချန်ဖန်ကို ပေးလိုက်ပြီးနောက် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
ရဲချန်ဖန်က အသက်ဝိညာဉ် ကျင့်စဉ်ပါသည့် ကျောက်စိမ်းပြား လေးကို ယူလိုက်ပြီး ဝိညာဉ် စွမ်းအင်ကို ထည့်သွင်းလိုက်ရာ များပြားလှသည့် သတင်း အချက် အလက်များ သူ့စိတ်ထဲ စီးဝင်လာသည်။
အသက် စွမ်းအင်သည် လူသားတိုင်း၏ အသက်ပင်။ ရှင်သန်ခြင်း၏ ဗဟိုချက်လည်း ဖြစ်သည်။ အသက်ရှင်သန်ခြင်းကို ပြောင်းလဲနိုင်ပါက ကံတရားကိုလည်း ပြောင်းလဲ သွားနိုင်လေသည်။ သတင်း အချက်အလက်များသည် အလွန်များပြား လှသော်လည်း နတ်ဦးနှောက် ပိုင်ဆိုင် ထားသောကြောင့်သာ ရဲချန်ဖန်အတွက် ကျင့်စဉ်ကို ဖတ်ရှုနိုင်ခြင်းပေ။
သို့မဟုတ်ပါက ဝိညာဉ် စွမ်းအင်နှင့် တာအို နှလုံးသား မခိုင်မာသူ ဖြစ်ပါက များပြားလှသော သတင်း အချက်အလက်ကြားတွင် ရူးသွပ် သွားနိုင်သည်။ များပြားလှသော သတင်းများက ရဲချန်ဖန် စိတ်ထဲ ပေါင်းစပ် ချိတ်မိသွားပြီးနောက် ကံတရား၏ ထူးခြား ဆန်းကြယ်မှုကို ခံစားနိုင်စွမ်း ရှိလာသလိုပင်။
“အသက် စွမ်းအင်လား။ သူက ဘယ်လိုလုပ် ဒီလောက် မြန်မြန် အသက်ဝိညာဉ် ကျင့်စဉ်ကို နားလည် သွားနိုင်တာလဲ”
နှစ်ရက်မျှ ကြာပြီးနောက် ရဲချန်ဖန်ဆီမှ အသက်စွမ်းအင်များ ထွက်ပေါ် လာသည်ကို ကြည့်ပြီး ကျောက်စာစောင့်က အလွန် တုန်လှုပ်သွားသည်။ အသက်စွမ်းအင်က အလွန် ပြင်းထန်လှရာ ကျောက်စာစောင့်၏ တင်းမာ ခက်ထန်သော မျက်နှာတွင်ပင် အံ့အားသင့်မှုကို အတိုင်းသား မြင်နေရသည်။
“အဲလိုများ ဖြစ်နေမလား။ သူက ငါတို့ ဝိညာဉ် ကလန်နဲ့ ပတ်သက်နေတဲ့ လူများလား။ သူက ငါတို့ စောင့်မျှော်နေတဲ့ လူလား”
ဖြစ်နိုင်ချေများကို တွေးပြီး ကျောက်စာစောင့်က စိတ်လှုပ်ရှား လာလေသည်။ နှစ်ရက်ကြာပြီးနောက် ရဲချန်ဖန်က အသက်ဝိညာဉ် ကျင့်စဉ်ကို နားလည် တတ်ကျွမ်း သွားသည်။ အသက်စွမ်းအင်ကို မည်ကဲ့သို့ လောင်ကျွမ်းစေကာ အစွမ်း အဆင့်များ တိုးအောင် လုပ်ရမည်ကို သိရှိ သွားသည်။
တစ်ခုရှိသည်မှာ အသက်စွမ်းအင်က အလွန် အဖိုးတန် နေခြင်းပင်။ သူက အလွန် အရေးကြီးသော သေရေးရှင်ရေး အခိုက်အတန့်များ မှလွဲ၍ သူ အသက်စွမ်းအင်များကို လောင်ကျွမ်း စေမည် မဟုတ်ပါ။ ထို့ကြောင့် အသက်ဝိညာဉ် ကျင့်စဉ်ကို မစမ်းသပ် ရဲချေ။
“မင်း အသက်ဝိညာဉ် ကျင့်စဉ်ကို တတ်ကျွမ်း သွားပြီလား”
ကျောက်စာစောင့်က အသက် ဝိညာဉ် ကျင့်စဉ်ကို ရဲချန်ဖန်က လေးရက်တာမျှသာ လေ့ကျင့်ပြီး နိုးထလာသည်ကို တွေ့သောအခါ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော် ဒီအသက် ဝိညာဉ် ကျင့်စဉ်ကို လေ့ကျင့် ပြီးသွားပြီ။
“မင်းရဲ့ ပါရမီက ငါ မြင်ဖူးသမျှထဲမှာ အမြင့်ဆုံးပဲ။ မင်း အံ့ဖွယ်တွေ လုပ်နိုင်ပြီး အတွင်းနန်းတော်ရဲ့ အမြင့်ဆုံး စမ်းသပ်မှုကို အောင်မြင်ဖို့ ဖြစ်နိုင်တယ်”
ကျောက်စာစောင့်က ချီးမွမ်း လိုက်သည်။
“အတွင်းနန်းတော်ရဲ့ စမ်းသပ်မှုက ဘယ်လောက် ခက်ခဲလဲ ဆရာကြီး” ရဲချန်ဖန်က မေးလိုက်သည်။
“အတွင်းနန်းတော်ရဲ့ စမ်းသပ်မှုက လူရဲ့ အရိုးအသက်ကို မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူး။ အသက်ငယ်လေ ခက်ခဲမှုက နည်းလေပဲ။ အတွင်း နန်းတော်ရဲ့ အမြင့်ဆုံး စမ်းသပ်မှုက မင်းအတွက်တော့ အရမ်း မခက်လောက်ဘူး”
“ဒါပေမဲ့ စမ်းသပ်မှုမှာ ကျရှုံးရင်တော့ မင်း သေရလိမ့်မယ်။ မင်း အောင်မြင်ရင်တော့ ဒီလျှို့ဝှက် ဝိညာဉ်ဘုံရဲ့ တန်ဖိုးအရှိဆုံး ရတနာကို မင်း ပိုင်ဆိုင်ခွင့် ရလိမ့်မယ်။ ဒါကြောင့် အတွင်းနန်းတော်ရဲ့ စမ်းသပ်မှုကို ခံယူမယ်၊ မခံယူဘူး ဆိုတာတော့ မင်း ဆုံးဖြတ်ချက်ပဲ”
ကျောက်စာစောင့်က အခြေအနေကို သေချာ ရှင်းပြလိုက်သည်။
“ဆရာကြီး၊ ကျွန်တော် အတွင်းနန်းတော်ရဲ့ စမ်းသပ်မှုကို ခံယူချင်ပါတယ်”
ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ကာ အလွန်ပြတ်သားသော အသံဖြင့် ပြောလိုက် လေသည်။
“ဒါဆို ငါ အတွင်းနန်းတော်ကို သွားတဲ့လမ်း ဖွင့်လိုက်တော့မယ်။ မင်းက ဒီအတွင်း နန်းတော်ရဲ့ သောတံပေါ်မှာ မင်း သွေးတစ်စက် ချလိုက်။ မင်း အဲလိုဆို အတွင်းနန်းတော်ထဲ ရောက်ရှိ သွားလိမ့်မယ်”
“လူငယ်လေး၊ မင်း ကံကောင်းပါစေ”
ထို့နောက် ကျောက်စာချပ်ကြီး နောက်ကျောတွင် အနက်ရောင် လမ်းတစ်ခု ဖြစ်ပေါ်လာပြီး အနက်ရောင် လမ်းက အဆုံးမဲ့ စကြာဝဠာထဲသို့ ဦးတည် နေသယောင်ပင်။
အခန်း (၁၃၃) ပြီး၏။ (၁၃၄) မျှော်