အခန်း(၁၃၂)
ဝိညာဉ်တစ်ရာ ဓားချက်
“သုံးရက် ပြည့်သွားပြီ။ စမ်းသပ် စစ်ဆေးမှု ခံယူဖို့ အချိန်ရောက်ပြီ”
မျက်စိတစ်မှိတ် အတွင်းပင် သုံးရက် အချိန်ကုန် သွားပြီးနောက် ကျောက်စာချပ် ဘေးတွင် သုံးရက် မလှုပ်မယှက် ထိုင်လေ့ကျင့် နေသော ရဲချန်ဖန်ကို ကျောက်စာစောင့်က နိုးလိုက်လေသည်။ ရဲချန်ဖန် နိုးထလာသည်နှင့် သူ့ကိုယ်မှ ပြင်းထန်လှသော ဓားအင်အား တစ်ခုက ထွက်ပေါ်လာသည်။ ထိုဓားအင်အား အလင်းသည် အချိန်အတန်ကြာ ပျောက်သွားခြင်း မရှိပေ။ တစ်ချိန်တည်းမှာပင် သူ ရောက်နေသည့် စကြာဝဠာမှာ ပြောင်းလဲ သွားသည်ဟု ခံစားလိုက်ရသည်။
“ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်တဲ့ လူသတ်စိတ်လဲ”
ရဲချန်ဖန်က ကျောက်စာချပ်ထဲတွင် ဝတ်စုံနက်နှင့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူသည် အရပ်မြင့်မားပြီး အေးစက်သော အမူအရာရှိပြီး အစိမ်းနက်ရောင် ဓားတစ်ချောင်းကို ကိုင်ထားသည်။ ထိုလူ့ထံမှ လူသတ်စိတ်ကို ခံစားလိုက် ရသည်နှင့် ရဲချန်ဖန်က အန္တရာယ် အငွေ့အသက်များကို ရရှိလိုက်သည်။
“သတ်”
ဝတ်စုံနက် မျက်လုံးမှ အရောင်များ ထွက်လာပြီး နားကွဲမတတ် စူးရှသော အသံနှင့်အတူ ဝတ်စုံနက် လက်ထဲမှ ဓားက လှုပ်ရှားသွားပြီး ရဲချန်ဖန်ဆီ တိုးဝင်သွားသည်။ ဓားက မယုံနိုင်စရာ လျင်မြန်လှပြီး ရဲချန်ဖန်ဆီ တိုးဝင်လာသည်။
“ဓားအင်အား စတုတ္ထအဆင့်”
ဝတ်စုံနက်ထံမှ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်များ ရနေ၍ ရဲချန်ဖန် မပေါ့ဆရဲချေ။ ဓားအင်အား စတုတ္ထ အဆင့်ကို ချက်ချင်းပင် ထုတ်သုံးလိုက်ပြီး ဝတ်စုံနက်၏ ဓားချက်ကို ခုခံလိုက်သည်။ ဓားများ ဆုံတွေ့သွားသည်နှင့် ပြင်းထန်လှသော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
“ငါ့ဓားချက် ဘယ်နှကွက် ခုခံနိုင်မလဲ ကြည့်ကြတာပေါ့”
ရဲချန်ဖန်က သူ့ဓားကွက်ကို ခုခံလိုက် နိုင်သည်ကို တွေ့လိုက်သည်နှင့် ဝတ်စုံနက် မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ဓားသုံးချက်ကို အဆက်မပြတ် ထုတ်လိုက်လေသည်။ ဓားချက်တိုင်းသည် အလင်းထက်ပင် မြန်ဆန်သည်ဟု ထင်ရပြီး အလွန်ပင် ပြင်းထန်လှသည်။
“မကောင်းတော့ဘူး”
ရဲချန်ဖန်က အေဖေဓားကို ကိုင်ဆောင် ခုခံနေသော်လည်း ဝတ်စုံနက် ဓားချက်များမှာ သူ ခုခံနိုင်သော ဓားကွက်များ ဟုတ်မနေပေ။ ထို့နောက် ဓားချက် ရောက်လာသည်နှင့် ဓားက သူ့စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုဓားချက်သည် လူ့ခန္ဓာကိုယ်ကို တိုက်ခိုက်သော အကွက် မဟုတ်ဘဲ စိတ်ဝိညာဉ်ကို ဦးတည် တိုက်ခိုက်သော ပညာရပ် ဖြစ်သည်။ ထို့ကြောင့် ရဲချန်ဖန် ကိုယ်တွင် ဒဏ်ရာ ဖြစ်ပေါ်လာခြင်း မရှိဘဲ စိတ်ဝိညာဉ်သာ ဒဏ်ရာ ရရှိသွားပြီး ဒွါရ ခုနစ်ပေါက်မှ သွေးများ စီးထွက် လာသည်။
“နတ်ဦးနှောက် ပြုပြင်စမ်း”
ရဲချန်ဖန်က ခေါင်းကွဲမတတ် နာကျင်လှသော ဒဏ်ကို တောင့်ခံပြီး နတ်ဦးနှောက်ကို အသုံးပြုကာ စိတ်ဝိညာဉ်ကို ပြုပြင် လိုက်လေသည်။ ခဏအတွင်းမှာပင် ရဲချန်ဖန်က သက်သာသွားသည်။ နတ်ဦးနှောက်သည် အလွန် အစွမ်းထက်ရာ နတ်ဦးနှောက်သာ ဝတ်စုံနက် တိုက်ခိုက်မှုကို ခုခံထားပေးခြင်း မပြုပါက အစောကြီး ကတည်းက သူ သေဆုံး သွားရပြီး ဖြစ်ပေ လိမ့်မည်။
“သူက အရမ်း အစွမ်းထက်တာပဲ။ ငါ သူ့ကို ဘယ်လိုလုပ် အနိုင်ယူရမလဲ”
ရဲချန်ဖန်သည် အလွန်ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး သူ့အစွမ်းနှင့် အနိုင်ယူနိုင်ရန် မဖြစ်နိုင်ဟု ခံစားလိုက်ရလေသည်။ ဝတ်စုံနက်ကို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ခြင်းသည် ကိုယ်သေတွင်း ကိုယ်တူး နေသည်နှင့် တူသည်။
“စိတ်ဝင်စားစရာပဲ။ မင်းက ငါရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်တဲ့ အကွက်ကို ခုခံနိုင်တယ် ဟုတ်လား”
ထူးဆန်းသော အပြုံးက ဝတ်စုံနက် မျက်နှာတွင် ပေါ်ထွက် လာပြီးနောက် လျှို့ဝှက် ဆန်းကြယ်သော ဓားတစ်ကွက်ကို ရဲချန်ဖန်ဆီ တိုက်ခိုက် လိုက်လေသည်။
“ဝိညာဉ်တစ်ရာ ဓားခုတ်ချက်”
ရာပေါင်း များစွာသော ဓားအလင်းတန်းများက ကောင်းကင်မှ ကြယ်ပေါင်း များစွာ ကြွေကြသလို ဓားအလင်းတန်းက ရဲချန်ဖန်ဆီ တိုးဝင် သွားလေသည်။ ရဲချန်ဖန်က ကမ္ဘာမြေ တစ်ခုလုံး တုန်လှုပ် နေသည်ဟု ခံစားလိုက်ရသည်။ ဖျက်ဆီးမှု စွမ်းအားများ ပြည့်နေသော ဓားအလင်းတန်းက ရဲချန်ဖန်ကို လှုပ်မရအောင် ဖိနှိပ်ထား သလိုပင်။ ဝတ်စုံနက်၏ ဓားချက်ကြောင့် ရဲချန်ဖန်က ဤတစ်ကြိမ်တွင် သူ အစွမ်းကုန် ခုခံမှသာ ရတော့မည်ဟု သိလိုက်သည်။ သူသာ ဝတ်စုံနက် တိုက်ခိုက်မှုကို မခုခံ နိုင်ပါက အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း”
ရဲချန်ဖန် အံများကြိတ်ကာ အေဖေဓားနှင့် ပေါင်းစပ်ပြီး ပျက်သုဉ်းခြင်း ဓားသိုင်းမှ အစွမ်းအထက်ဆုံး သိုင်းဖြစ်သော လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို အသုံးပြုလိုက်ရာ အလွန်ပြင်းထန်သော ဓားအလင်းတန်း နှင့်အတူ သူ့ဆီ ဝင်လာသော ရာပေါင်း များစွားသော ဓား အလင်းတန်းများနှင် ထိတွေ့ သွားလေသည်။
“ဓားအင်အား ပေါက်ကွဲစမ်း”
“ခန္ဓာကိုယ် စွမ်းအား ပေါက်ကွဲစမ်း”
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း”
ဝတ်စုံနက်၏ ဓားချက်ကို ခုခံနိုင်ရန်အတွက် သူ့တွင် ပညာရပ် ကုန်ဆုံးသွားပြီ ဖြစ်သော်လည်း ပြင်းထန်စွာ ယှဉ်ပြိုင် တိုက်ခိုက် လိုစိတ်က ရဲချန်ဖန် စိတ်ထဲတွင် ဖြစ်ပေါ် လာလေသည်။ ဝတ်စုံနက် ဓားချက်က လှိုင်းလုံးများ တိုးဝင်သလိုပင် တလိမ့်ပြီးတလိမ့် ရဲချန်ဖန်ဆီ တိုးဝင်လာသည်။ ရဲချန်ဖန် ပုံမှာ လေမုန်တိုင်း ထန်နေသည့် သမုဒ္ဒရာ အလယ်ကို ရောက်နေသည့် လှေငယ် တစ်စီးလိုပင်။
“ဝုန်း ဝုန်း”
ရဲချန်ဖန်က အားကုန်ထုတ် ခုခံလိုက်သော်လည်း ဝတ်စုံနက်၏ ဓားချက်က ရဲချန်ဖန်ကို ထိမှန် သွားလေပြီး ဓားဒဏ်ရာ အများအပြား ရဲချန်ဖန် ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည်။ ရဲချန်ဖန်က ဒဏ်ရာ ရသွားသော်လည်း တိုက်ခိုက်လို စိတ်က ပိုမို ဖြစ်ပေါ်လာသည်။ သူက အသည်းအသန် တိုက်ခိုက်နေစဉ် သူ့စိတ်ဝိညာဉ်က ထူးဆန်းသော ဈာန်ဝင်စားသလို။ ထူးခြားသော ဉာဏ်အလင်းများ သူ့ စိတ်ထဲတွင် ဖြစ်ပေါ် လာသည်။
“ငါရဲ့ ဝိညာဉ်တစ်ရာ ဓားချက်ကို ခုခံနိုင်တယ် ဆိုတော့ မင်းက နှစ်ပေါင်း တစ်သိန်း အတွင်းမှာ ငါနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လူတွေထဲမှာ အစွမ်းအထက်ဆုံး လူပဲ။ ဒါပေမဲ့ မင်းက ငါ့ကို အနိုင်ယူဖို့ဆိုတာ ဝေးလာဝေးပဲ”
ဝတ်စုံနက် အသံတိုးတိုးလေး ပြောလိုက်သော်လည်း ရဲချန်ဖန်နားထဲ မိုးခြိမ်း လိုက်သလိုပင်။
“အဲဒါတော့ စောင့်ကြည့် ကြတာပေါ့”
ရဲချန်ဖန် အခြေအနေမှာ အတော်ဆိုး နေသော်လည်း သူ့ စိတ်ထဲတွင် ဉာဏ်အလင်းများ ရရှိသွားသောကြောင့် သူ အလျင်အမြန် တိုးတက်လာသည်။
“ဒါဆိုလည်း မင်း ငါ့ကို ဘယ်လို အနိုင်ယူမလဲ ကြည့်ကြတာပေါ့”
“ပျက်စီးစမ်း”
ဝတ်စုံနက်က အော်ဟစ် မာန်သွင်းလိုက်ရာ ဖျက်ဆီးမှု အစွမ်းများ ပြည့်နေသော ဓားအလင်းက ဖြစ်ပေါ်လာသည်။ ပြင်းထန် မြန်ဆန်လှသည့် ဓားအလင်းက ရဲချန်ဖန်ဆီ ဆူနာမီ လှိုင်းလုံးကြီးကဲ့သို့ တိုးဝင်လာသည်။ ရဲချန်ဖန်ကို ဓားက ထိမှန်ခါနီးတွင် သူ့ စိတ်က ဝတ်စုံနက် တိုက်ခိုက်မည့် လမ်းကြောင်းကို ခန့်မှန်းလို့ ရသွား လေသည်။
“ဝှစ် ဝှစ်”
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း”
ရဲချန်ဖန်က ဘေးကို ရှောင်တိမ်းလိုက်ပြီး ပြန်လှန် တိုက်ခိုက် လိုက်သည်။ အေဖေးဓားက ရဲချန်ဖန်နှင့် တစ်သားတည်း ဖြစ်သွားသလိုပင်။ မယုံနိုင်စရာ အမြန်နှုန်းဖြင့် ဝတ်စုံနက် ရင်ဘတ်ဆီသို့ တိုးဝင်သွားသည်။
“မင်း မင်း ငါ တိုက်ခိုက်မယ့် လမ်းကြောင်းကို ကြိုသိနေတယ်”
ဝတ်စုံနက်က သူ့ရင်က ဒဏ်ရာ ကို ဂရုမစိုက်အားပဲ ပြူးကျယ်သော မျက်ဝန်း အစုံဖြင့် ရဲချန်ဖန်လို မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်က သူ့အား ဒဏ်ရာ ရစေပြီး အနိုင်ယူ သွားနိုင်သည်ကို မယုံနိုင် ဖြစ်နေသည်။
“ဟုတ်ပါတယ်။ ဆရာကြီး တိုက်ခိုက်မယ့် လမ်းကြောင်းတွေ ကျွန်တော် ကြိုသိနေပါတယ်။ ဆရာကြီးက ဆက်လက် တိုက်ဖို့ ဆန္ဒ ရှိနေတာလား မသိဘူး”
“မင်း ငါ့ရဲ့ ဒီဓားချက်ကို ခုခံနိုင်ရင် ငါ မင်းနိုင်တယ်လို့ သတ်မှတ်ပေးမယ်”
စူးရှသော ဓားအလင်းက ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ် အတွင်း ရဲချန်ဖန်ဆီ ရောက်ရှိ လာသည်။
အဝတ်အစား စုတ်ပြဲသံများ ထွက်ပေါ်လာပြီး ဓားအလင်းက ကြောက်မက်ဖွယ် ကောင်းစွာ ရဲချန်ဖန်ဆီ ရောက်ရှိ သွားသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း”
ဝတ်စုံနက် တိုက်ခိုက်မှုများက သူ့ သေကွင်းသေကွက်များဆီ တိုးဝင် လာသော်လည်း နတ်ဦးနှောက် အကူအညီဖြင့် ဝတ်စုံနက်၏ တိုက်ခိုက်မှု လမ်းကြောင်းများကို ရဲချန်ဖန် သိရှိသွားသည်။ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားကွက်ကို အသုံးပြုခြင်းက သူ့ စွမ်းအင် များကို အလွန် လျင်မြန်စွာ ကုန်ဆုံးစေသဖြင့် သူ စိတ်ထင်တိုင်း ရဲချန်ဖန် သုံးစွဲလို့ မရချေ။
သို့သော် ရဲချန်ဖန်က ဝတ်စုံနက် ဘာလုပ်မည်ကို ကြိုတင် သိရှိနေရာ ရဲချန်ဖန်က ရဲရဲဝံ့ဝံ့ပင် လျှပ်တစ်ပြက် ဓားကွက်ကို အသုံးပြုလိုက်ရာ ဓားအလင်းက ဝတ်စုံနက် ဦးနှောက်ထဲ တိုးဝင်သွားသည်။
“ကျွတ် ကျွတ်”
အရိုးများ ကျိုးကြေ အက်ကွဲသံ ထွက်ပေါ်လာသည်။ အရိုးကျိုးသံ ထွက်ပေါ် လာသည်နှင့် ကျောက်စာချပ်ပေါ်တွင် ချက်ချင်းပင် အက်ရာတစ်ခု ထွက်ပေါ်လာသည်။ ရဲချန်ဖန် ကလည်း ဓားတစ်ကွက်တည်းဖြင့် ဝတ်စုံနက်ကို အနိုင်ယူ လိုက်သည့်နှယ်။
အခန်း (၁၃၂) ပြီး၏။ (၁၃၃) မျှော်