အခန်း (၁၃၁)
သေရေးရှင်ရေး စမ်းသပ်ချက်
“နှစ်ပေါင်း တစ်သိန်းတောင် ရှိသွားပြီ။ နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒီဓား ကျောက်စာချပ်ကို ရှာဖွေ တွေ့ရှိသွားပြီ”
သွေးရောင် အနီအလင်းတန်းမှ ခက်ထန် တင်းမာလှသော မျက်နှာတစ်ခုက ထွက်ပေါ်လာပြီး ကိုယ့်ဟာကို ရေရွတ်လိုက်ပုံနှင့် ပြောလိုက်လေသည်။ သို့သော် ထိုသွေးအလင်းတန်း မျက်နှာနှင့် သူ၏ အကြည့်နှင့် လေသံသည် တကယ် သေရာပါ ရန်သူတော်ကြီးကို ဆက်ဆံပုံနှင့် တူသည်ဟု ရဲချန်ဖန် ခံစား လိုက်ရသည်။
“ဆရာကြီးက”
ရဲချန်ဖန်က နဖူးပေါ်တွင် ချွေးသီများ သီးနေပြီး ထိုတင်းမာလှသည့် မျက်နှာထားနှင့် သွေးအလင်းတန်းကို မေးလိုက်သည်။ ထိုသွေးအလင်းတန်းက သူနှင့် ဝေးကွာ နေသေးသော်လည်း ထိုသွေးအလင်းတန်းဆီမှ အလွန်ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ရနေလေသည်။ ထိုသွေး အလင်းတန်းကသာ သူ့ကို သတ်ချင်ပါက ရဲချန်ဖန်က မလွဲမသွေ သေဆုံးရမည် ဖြစ်သည်။ ထိုအလင်းတန်းကို ရင်ဆိုင် အတွေ့တွင် သူ့တွင်ခုခံရန် မည်သို့မျှ အစွမ်းမရှိကြောင်း ခံစား မိလိုက်သည်။
“ငါက ဒီကျောက်စာစောင့် ဝိညာဉ်ပဲ။ ပြီးတော့ ဒီကျောက်စာရဲ့ စမ်းသပ် စစ်ဆေးသူဆိုလည်း မမှားဘူး။ မင်းကို စမ်းသပ် စစ်ဆေးမယ့်သူပဲ”
သွေးအလင်းတန်းမှ အလွန် ကြောက်မက်ဖွယ် အသံဩဩကြီးဖြင့် ပြန်ပြောလိုက်သည်။
“ကောင်လေး၊ မင်း စမ်းသပ် စစ်ဆေးမှုကို ခံယူလိုလား”
“ဘာစမ်းသပ် စစ်ဆေးမှုလဲ ခင်ဗျာ”
ရဲချန်ဖန်က လေးစားသည့် အသံဖြင့် ပြန်မေးလိုက်သည်။
“မင်းရဲ့ စမ်းသပ် စစ်ဆေးမှုက ဒီဓားကျောက်စာချပ်ပဲ။ ဒါပေမဲ့ စမ်းသပ်မှု ကျဆုံးရင် သေဆုံး သွားလိမ့်မယ်”
ကျောက်စာစောင့် ဝိညာဉ်က ပြောရင်း ခန်းမလယ်က ဓားကျောက်စာချပ်ကို ညွှန်ပြ လိုက်သည်။
“ဒါပေမဲ့ မင်း စမ်းသပ် စစ်ဆေးမှု အောင်မြင်ရင် မင်း ရတနာတွေ ရနိုင်မယ့်အပြင် မင်းကို အတွင်းနန်းတော်က စမ်းသပ် စစ်ဆေးမှု ခံယူခွင့်ရအောင် အတွင်းနန်းတော်ထဲကိုပါ ပို့ဆောင်ပေးမယ်။ မင်းသာ အတွင်းနန်းတော်က စမ်းသပ် စစ်ဆေးမှု အောင်မြင်ရင် မင်းက ဒီလျှို့ဝှက် ဝိညာဉ်ဘုံရဲ့ တန်ဖိုး အကြီးဆုံး ပညာရပ် သုံးခုထဲက တစ်ခုကို အမွေ ဆက်ခံခွင့် ရနိုင်မယ်”
“ဆရာကြီး ခင်ဗျာ၊ ဒီဓားကျောက်စာချပ်ရဲ့ စမ်းသပ် စစ်ဆေးမှုက ဘယ်လောက်ခက်လဲ မသိဘူး”
ရဲချန်ဖန်က အသက်အောင့်ကာ မေးလိုက်လေသည်။ ထိုမေးခွန်းသည် အလွန်အရေးကြီးသည် မဟုတ်ပါလော။ ကျောက်စာစောင့်သာ မဖြေပါက သူ ရွေးချယ်မှု မှားယွင်း သွားနိုင်သည်။ သူသာ မစွမ်းဆောင်နိုင်သည့် စမ်းသပ်မှုကို စမ်းသပ်မှု ခံယူလိုက်ပါက သေဆုံး သွားမည်ဖြစ်ပြီး သူ အောင်မြင်နိုင်သော စမ်းသပ်မှုကို မခံယူမိပါက တစ်သက်လုံး နောင်တ ရနေရမည် ဖြစ်သည်။
“ဒီလျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ ဒီလိုမျိုး ဓားကျောက်စာချပ် ဆယ်ခု ရှိတယ်။ အဲကျောက်စာတိုင်းမှာ ကြီးမားလှတဲ့ အခွင့်အလမ်းတွေ ရှိနေတယ်။ ဒီကျောက်စာကို ရှာတွေ့ခဲ့တဲ့ လူငယ်လေးတိုင်းက ယခုထိတော့ စမ်းသပ် စစ်ဆေးမှု အောင်မြင်တဲ့လူ မရှိသေးဘူး။ ဘယ်သူကမှ ဒီကျောက်စာက ထွက်နေတဲ့ ဓားအင်အားကို နားလည် သဘောပေါက်နိုင်စွမ်း မရှိကြဘူး။ ဒါကြောင့် အကုန်လုံးက သေဆုံး သွားခဲ့ရတာပဲ”
“တစ်ယောက်ကမှ ဒီဓားကျောက်စာချပ်ရဲ့ စမ်းသပ် စစ်ဆေးမှုကို မကျော်ဖြတ် နိုင်ကြဘူး ဟုတ်လား”
ရဲချန်ဖန်က ထိုအဖြေကို ကြားပြီး စမ်းသပ်မှု ဘယ်သူကမှ အောင်မြင်ခဲ့သူ မရှိကြောင်း သိသွားပြီး အသက်ဝအောင် ရှူလိုက်ရလေသည်။ ရဲချန်ဖန် အနည်းငယ် စဉ်းစား သွားရသည်။
“ကောင်လေး၊ မင်းကြောက်နေရင် ငါ မင်းကို ဒီကျောက်စာ အပြင်ဘက် ပို့ပေးလို့ ရတယ်။ ဒါပေမဲ့ မင်းမှာ အခွင့်အရေးက တစ်ခါပဲ ရှိတယ်။ မင်း ဆုံးဖြတ်ချက် တစ်ခုပဲ ချလို့ရမယ်”
“ဆရာကြီးခင်ဗျာ၊ ကျွန်တော် ဓားကျောက်စာရဲ့ စမ်းသပ် စစ်ဆေးမှုကို ခံယူချင်ပါတယ် ခင်ဗျာ”
ကျင့်ကြံခြင်းသည် ကောင်းကင် ဓမ္မတာကို ဆန့်ကျင်သော လမ်းစဉ်ဖြစ်ရာ သေရေးရှင်ရေးကို လျစ်လျူ မရှုနိုင်ပါက မကြာခင် သေဆုံးရမည် ဖြစ်သည်။ ရဲချန်ဖန်တွင် တခြားသူများထက် ပို၍ အားသာချက် ရှိနေသည်။ ဤသည်မှာ နတ်ဦးနှောက် ဖြစ်သည်။ ထိုသို့ စဉ်းစားလိုက်ပြီးနောက် သူက ပြတ်သားစွာ ပြောလိုက်သည်။
“ကောင်းတယ်။ အရမ်းကောင်းတယ်။ ငါ မင်းကို ဒီဓားကျောက်စာချပ်က ထွက်တဲ့ ဓားအင်အားကို နားလည်စေဖို့ သုံးရက် အချိန်ပေးမယ်။ ပြီးတာနဲ့ စမ်းသပ်မှု ခံယူရအောင် ဓား ကျောက်စာချပ်ထဲ ပို့ဆောင်မယ်။ မင်းသာ ဓားကျောက်စာချပ်ထဲက ထွက်လာနိုင်ရင် မင်းက စမ်းသပ် စစ်ဆေးတာ အောင်မြင်သွားပြီ။ မင်း ကျရှုံးရင်တော့ မင်း ကျောက်စာထဲ ထာဝရ ပိတ်မိနေလိမ့်မယ်”
ကျောက်စာစောင့်က အသိအမှတ် ပြုသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး ခင်ဗျာ”
ရဲချန်ဖန်က ငါးမီတာခန့် မြင့်မားသော ကျောက်စာချပ်ကြီးကို ကြည့်ပြီး သူ့စိတ်ထဲတွင် စိတ်ပိုင်းဖြတ်မှု၊ ယုံကြည်မှု၊ မျှော်လင့်ခြင်း စသည်တို့ကို တစ်ပြိုင်နက် ခံစားနေရသည်။
“အေး၊ သိသင့်တာ မှန်သမျှ အားလုံးကို သိပြီးပြီ ဆိုတော့ ဒီကျောက်စာချပ်က ဓားအင်အားကို မင်း ဘယ်လောက် နားလည်နိုင်မလဲဆိုတာ မင်း အရည်အချင်းပေါ်ပဲ မူတည်တယ်”
“ဟုတ်ကဲ့ပါ ဆရာကြီး”
ရဲချန်ဖန်က ကျောက်စာချပ် ဘေးနားတွင် ထိုင်လိုက်သည်။ ထို့နောက် အနည်းငယ် တရားထိုင် လိုက်ပြီးနောက် နတ်ဦးနှောက် အစွမ်းကို ပေါင်းစပ်လျက် ဝိညာဉ် စွမ်းအင်များကို ဓားကျောက်စာချပ်ထဲ ထည့်သွင်း လိုက်သည်။ ထို့နောက် ဓားကျောက်စာချပ်မှ ဓား အင်အားများကို နားလည် သဘောပေါက်စေရန် ကြိုးစားတော့သည်။
“ဟမ်၊ သူက ဈာန်ဝင်စားတဲ့ အဆင့်ကို ချက်ချင်း ရောက်သွားတာလား”
ကျောက်စာစောင့်က လေထဲတွင် ပျံဝဲပြီး ရဲချန်ဖန်ကို အကဲခတ်နေရာ ဈာန်ဝင်စားသည့် အခြေအနေကို ချက်ချင်း ရဲချန်ဖန် ရောက်ရှိ သွားကြောင်း သိလိုက်ပြီး အံ့အားသင့် သွားလေသည်။ ရဲချန်ဖန် ပုံမှာ ဓားအင်အားနှင့် ထိတွေ့ နေသော်လည်း သက်သောင့်သက်သာမရှိ ဖြစ်နေပုံ မပေါ်ချေ။
“သူ့ကို ကြည့်ရတာ ဒီစမ်းသပ် စစ်ဆေးမှု အောင်မြင်ဖို့ မျှော်လင့်ချက် ရေးတေးတေး ရှိနေတာပဲ”
ကျောက်စာစောင့်မှာ နှစ်မရေတွက်နိုင်အောင် တည်ရှိခဲ့ပြီး ဖြစ်ရာ သူ၏ တင်းမာ ခက်ထန်သော မျက်နှာတွင် ရှားပါးသော အပြုံးက ဖြစ်ပေါ်လာပြီး စိတ်ရှည်စွာနဲ့ လေပေါ် ပျံဝဲကာ ရဲချန်ဖန် အခြေအနေကို အဆက်မပြတ် စောင့်ကြည့် နေသည်။
တစ်ရက်ခန့် ကြာပြီးနောက် အလွန်ထက်မြက်လှသည့် ဓားအလင်းတန်း တစ်ခုက ရဲချန်ဖန် ကိုယ်မှ ပေါ်ထွက်လာပြီး ဓားကျောက်စာချပ် ရှိသည့် ခန်းမပင် အတော် တုန်ခါ သွားသည်။ ထိုကြောက်မက်ဖွယ် ဓားအလင်းတန်းက အချိန်အတန် ကြာသည်ထိ ပျောက်ကွယ်သွားခြင်း မရှိပေ။
“မဆိုးဘူး။ မဆိုးဘူ။ သူက မြေကမ္ဘာ သားရဲ စစ်သူကြီး စတုတ္ထအဆင့်ပဲ ရှိသေးတာတောင် ဓားအင်အား တတိယ အဆင့်ကို ရောက်သွားပြီ။ ဒါ့အပြင် သူ ကျင့်ကြံခြင်း အခြေခံက အရမ်း ခိုင်မာတယ်။ ပြီးတော့ အသက်က အရမ်းငယ်ပြီး ထူးခြားတဲ့ ပါရမီနဲ့လည်း ပြည့်စုံတယ်”
ကျောက်စာစောင့်က ရေရွတ် နေလေသည်။
“ဒီခွေးသား ရဲချန်ဖန်က ဘယ်ချောင်မှာ ပုန်းနေလဲ မသိဘူး”
ဒေါသက တစ်မျက်နှာလုံးတွင် ဖုံးလွှမ်းနေပြီး သွေးလှံတံကို ကိုင်ထားသော ယုံရှန်ရန်က ဒေါသတကြီး အော်ဟစ် လိုက်သည်။ ရဲချန်ဖန်ကို သတ်ရန် ယုံရှန်ရန်သည် သူ၏အချိန် အများစုကို ရဲချန်ဖန် ရှိနေသည့် နေရာကို ရှာဖွေခဲ့သော်လည်း ယခုချိန်ထိ ရဲချန်ဖန် အရိပ်အယောင်မျှ တွေ့ရှိခြင်း မရှိသဖြင့် ဒေါသ အလွန် ထွက်နေသည်။
“အမ်၊ အဲဒါ သူမလား”
လူသတ်စိတ် ပြည့်နေသော ယုံရှန်ရန်သည် ချုံထူထပ်သော နေရာ တစ်ဝိုက်ကို ဖြတ်သန်းနေစဉ် လှပအေးစက်သော မိန်းမချောလေးကို သူရှေ့တွင် မြင်တွေ့ လိုက်ရသည်။
“ဖုယုံရွှယ်ပဲ”
အရပ်မြင့်မြင့်နှင့် ရှိုက်ကြီးရှိုက်ဖို အသွယ်သွယ်နှင့် မြင်သည့် ပုရိသ ယောက်ျား အပေါင်းကို စွဲလမ်းစေနိုင်သော ဖုယုံရွှယ်သည် အလွန် လှပနေသည်။ ယုံရှန်ရန် မျက်လုံးထဲတွင် လိုချင် တပ်မက်မှုက ဖြစ်ပေါ်လာပြီး သူက အပြေးအလွှား လိုက်သွားလေသည်။
အေးစက်သည့် အလှပိုင်ရှင် ဖုယုံရွှယ်က ယုံရှန်ရန်ကို လုံးဝ အမှောင် ဖုံးသွားစေသလိုပင်။ ယုံရှန်ရန် နှလုံးသားထဲတွင် ဖုယုံရွှယ်ကို သိမ်းပိုက်လိုသည့် စိတ်သာ ကြီးစိုးသွားပြီ ဖြစ်သည်။ ထို့အပြင် ဖုယုံရွှယ်သည် ရဲချန်ဖန်နှင့် အတူတူ လာသူဖြစ်ရာ သူမ မှတစ်ဆင့် ရဲချန်ဖန် ဘယ်မှာ ရှိနေမည်ကိုပါ သိရှိ နိုင်သည်။
“ဘယ်သူလဲ”
သူမနောက်မှ တစ်ဦးတစ်ယောက်က စိုက်ကြည့်ပြီး လိုက်လာနေသည်ကို ခံစားလိုက်ရပြီး ဖုယုံရွှယ် မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ မီတာ နှစ်ဆယ်ကျော် မြင့်သော သစ်ပင်ကြီးပေါ် ခုန်တက်လိုက်ကာ သတိနှင့် မေးလိုက်လေသည်။
“အရမ်း ကြောက်မသွားပါနဲ့။ ငါ ယုံရှန်ရန်ပါ”
ယုံရှန်ရန်က အေးစက်စက် ဖုယုံရွှယ်ကို ကြည့်ပြီး ထူထပ်သော ချုံပုတ်တစ်ခု နောက်မှ ထွက်လာပြီး အပြုံးနှင့် ပြောလိုက်လေသည်။ သူ့ကိုယ်သူ အလွန် ယောက်ျား ပီသသည်ဟု ထင်နေလေသည်။
“ယုံရှန်ရန်”
ယုံရှန်ရန်၏ မျက်နှာကို တစ်ချက်ကြည့်ပြီး ဖုယုံရွှယ် မျက်ခုံးများ အနည်းငယ် တက်သွားသည်မှလွဲ၍ သူ၏ အေးစက်သော မျက်နှာ အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။
“ဖုယုံရွှယ်၊ ညီမ ဒီလျှို့ဝှက် ဝိညာဉ်ဘုံက နေရာတိုင်းမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ မင်း ကိုယ်နဲ့အတူ လိုက်ခဲ့ဖို့ စိတ်ဝင်စားလား”
ယုံရှန်ရန်က အလွန်ကြင်နာ တတ်သည့်ဟန်ဖြင့် ဖိတ်ခေါ် လိုက်သည်။
“စိတ်မဝင်စားဘူး”
ဖုယုံရွှယ်က အလွန် အေးစက် မာကျောသော အသံဖြင့် ပြန်ပြောလိုက်ပြီး ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်သည်။
“မင်း စိတ်မဝင်စားပေမဲ့ ငါကတော့ မင်းကို အရမ်းစိတ်ဝင်စား နေမိပြီ။ ဖုယုံရွှယ် မင်းသာ ငါ့မိန်းမအဖြစ် နေရင် ငါ မင်းကို ငါ့အဘိုးဆီမှာ အနီးကပ် တပည့်ဖြစ်အောင် ပြောပေးမယ်။ ပြီးတော့ ကောင်းကင် သားရဲဘုရင်အဆင့် ရောက်အောင် မင်း မယုံနိုင်လောက်တဲ့ အရင်းအမြစ်တွေ ရအောင် ငါက ကူညီပေးမယ်။ ဘယ်လိုလဲ”
ယုံရှန်ရန်က ဖုယုံရွှယ် သွားမည့်လမ်းကို ပိတ်ဆို့ကာ ပြောလိုက်လေသည်။
“ငါ့ လမ်းက ဖယ်စမ်း”
ယုံရှန်ရန်၏ မောက်မာ ထောင်လွှားလှသည့် စကားကို ကြားလိုက် သောအခါ ဖုယုံရွှယ် မျက်နှာ အလွန်ပျက်သွားပြီး မယုံနိုင်စရာ ကောင်းသော ဆေဘာဓား အင်အားက ထွက်ပေါ်လာပြီး ယုံရှန်ရန်ကို ဖိနှိပ်လိုက်သည်။
“ဆေဘာဓား အင်အားလား”
ဖုယုံရွှယ်၏ ကြောက်မက်ဖွယ် အစွမ်းကို ယုံရှန်ရန်က ခံစား မိလိုက်ပြီးနောက် ယုံရှန်ရန် မျက်နှာမှာ လုံးဝ ပြောင်းလဲ သွားလေသည်။ ထို့ကြောင့် ယုံရှန်ရန်က သူ့လက်ထဲရှိ လှံရှည်ကိုပါ အသုံးပြု၍ ခုခံ လိုက်ရသည်။
“ဓားနှင့်တောင် ကျိုးပဲ့စမ်း”
ဤတစ်ကြိမ်တွင် ဖုယုံရွှယ်က ဓားကွက်ကို ထုတ်သုံးလိုက်ရာ အလွန် အံ့ဖွယ် ဖျက်ဆီးခြင်း စွမ်းအားများ ပြည့်နှက်နေသည့် ဓားအလင်းက လေကို ဖြတ်သန်းကာ ယုံရှန်ရန်၏ လှံရှည်နှင့် ထိပ်တိုက် တွေ့ဆုံ သွားလေသည်။
“ဘွန်း”
ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာပြီး ဖုယုံရွှယ်၏ ဆေဘာဓား အင်အား ဒုတိယ အဆင့်ကြောင့် ယုံရှန်ရန်က လွင့်စဉ်သွားပြီး သွေးများ အန်ထုတ် လိုက်ရလေသည်။
“ယုံရှန်ရန်၊ ဒီတစ်ကြိမ်တော့ နင့်ကို ငါ မသတ်ဘဲ လွှတ်ပေးလိုက်မယ်။ နောက် ငါ့ကို ပြဿနာ လာရှာရဲရင်တော့ မင်း ခေါင်းပြုတ်ဖို့ ပြင်ထားလိုက်”
ဓားဒဏ်ရာ ရသွားသော ယုံရှန်ရန်ကို ဖုယုံရွှယ်က အလွန်ခက်ထန်စွာ သတိပေးလိုက်သည်။ ထို့နောက် ဖုယုံရွှယ် ကိုယ်လုံးလေးက အနည်းငယ် လှုပ်ရှားသွားရာ ယုံရှန်ရန်၏ မယုံနိုင်သည့် အကြည့်အောက်တွင် ချုံပုတ်များ ကြားထဲ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
အခန်း (၁၃၁) ပြီး၏။ (၁၃၂) မျှော်