Switch Mode

Chapter – 130

ထူးဆန်းသော ကျောက်စာချပ်

အခန်း (၁၃၀)
ထူးဆန်းသော ကျောက်စာချပ်

“မင်း သူ့ကို သတ်ရဲတယ် ဟုတ်လား”

ရဲကီရှင်းက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသော ရန်ဂေါင်ဖိန်ကို ကြည့်ပြီး စိုးရိမ်စိတ်များ ဖြစ်ပေါ်လာသည်။ ရန်ဂေါင်ဖိန်ကဲ့သို့ မြေကမ္ဘာ သားရဲ ဆဌမအဆင့်ကို ရဲချန်ဖန်လို မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်က တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည် မယုံနိုင် ဖြစ်နေလေသည်။

ရဲကီရှင်း နောက်ထပ် သေရွာ သွားရမယ့် သူက မင်းပဲ”

ရဲချန်ဖန်က အေဖေဓားကို မြှောက်ကာ ရဲကီရှင်းကို ချိန်ရွယ်ကာ ပြောလိုက်သည်။ ရဲချန်ဖန်၏ပုံမှာ အလွန် ခန့်ညား သူရဲကောင်း ဆန်လှသည်။ ရဲချန်ဖန်၏ လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားကွက်ကြောင့် ရဲကီရှင်းကို ကြောက်ရွံ့ တုန်လှုပ် သွားစေသော်လည်း ရဲချန်ဖန် ဒဏ်ရာကလည်း မသေးလှပေ။

ရဲချန်ဖန်တွင် ဝိညာဉ် စွမ်းအင်များလည်း သိပ်မကျန်တော့သဖြင့် ရဲကီရှင်း၏ ပြိုင်ဘက် မဟုတ်ပေ။ သို့သော် သူ့ဒဏ်ရာ ပြင်းထန်ကြောင်း ရဲကီရှင်း သိသွားလို့ မဖြစ်ချေ။ သူသည် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားကွက်ကို သုံး၍ ရန်ဂေါင်ဖိန်ကို သတ်ဖြတ်ပြီးနောက် ရဲကီရှင်း ကြောက်လန့်ပြီး နောက်ဆုတ်သွားစေရန် ဆုတောင်း နေမိသည်။ သို့မဟုတ်ပါက သူ လွတ်မြောက်ရန် ချောက်ထဲ ခုန်ချရန်သာ ရှိတော့သည်။ ရဲချန်ဖန်၏ စူးရှ ထက်မြက်လှသော မျက်လုံးများကို ကြည့်ပြီး ရဲကီရှင်းမှာ နောက်ဆုတ်ရန် ဆုံးဖြတ် လိုက်သည်။

သို့သော် ရဲကီရှင်းသည် အလွန်ထက်မြက် ပါးနပ်လှသောလူ ဖြစ်သည်။ သူသည် ချက်ချင်း ထွက်ခွာသွားခြင်း မပြုဘဲ ရဲချန်ဖန်နှင့် ဆယ်မီတာလောက်သာ အကွာသို့ ဆုတ်လိုက်ပြီး ရဲချန်ဖန်ကို သေချာ အကဲခတ် စောင့်ကြည့်နေသည်။ ရဲကီရှင်း၏ ပါးနပ်မှုကြောင့် ရဲချန်ဖန် စိတ်ပူပန် သွားသည်။ အခြေအနေသည် ဒီအတိုင်း ဆက်သွားလျှင် ရဲကီရှင်းက သူ့ကို သေချာပေါက် သံသယ ဝင်လာမည် ဖြစ်သည်။ အမှန်ပင် ရဲချန်ဖန်က သူ့ကို စတင် တိုက်ခိုက်ခြင်း မပြုသောအခါ ရဲကီရှင်းမှာ စတင် သံသယ ဝင်လာပြီး သူ့ နှုတ်ခမ်းများ ကွေးအောင် ပြုံးသွားလေသည်။

“ကြည့်ရတာ ငါထင်တာ မမှားဘူးပဲ။ ရန်ဂေါင်ဖိန်ကို သတ်ပြီး မင်းအစွမ်းတွေ ကုန်သွားပြီ မဟုတ်လား”

ပြောပြီးပြီနှင့် ရဲကီရှင်းက သူ၏ ငွေရောင် ဓားရှည်ကို လှုပ်ယမ်းပြီး အလွန်လျင်မြန်စွာ ရဲချန်ဖန်ကို ဓားဖြင့် ထိုးသွင်းလိုက်သည်။ ဤသည်မှာ ရဲကီရှင်းသည် ရဲချန်ဖန် ဟန်ဆောင်နေခြင်း ဟုတ် မဟုတ် စမ်းသပ်လိုက်ခြင်း ဖြစ်သည်။

“ဓားအင်အား ဒုတိယအဆင့်”

ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ကာ ဓားအင်အား ဒုတိယ အဆင့်ကို ထပ်မံ သုံးစွဲလိုက်ပြီး ရဲကီရှင်း ဓားချက်ကို ချေဖျက် လိုက်သည်။

“အွန့်”

ထိုအချိန်တွင် ရဲချန်ဖန်မှာ အားအင်များ ကုန်ဆုံး၍ အလွန် အင်အားနည်းနေချိန် ဖြစ်ရာ ရဲကီရှင်း၏ ဓားချက်ကြောင့် ဒဏ်ရာများ ထပ်တိုးလာပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေသည်။

“ရဲချန်ဖန် အခု မင်းသေလို့ ရပြီ”

ရဲချန်ဖန် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်ကို မြင်ပြီး ရဲကီရှင်း စိတ်အေး သွားလေသည်။ ရဲကီရှင်းသည် သူ့ ငွေရောင် ဓားရှည်ဖြင့် ဆက်လက် တိုက်ခိုက် လိုက်သည်။ သူသည် ရဲချန်ဖန်ကို အလျင်အမြန် သတ်ဖြတ် ပစ်လိုက်ချင်သည်။ ထိုမှသာ သူက ရဲချန်ဖန် ပစ္စည်း အားလုံးကို သိမ်းပိုက်ရရှိမည် ဖြစ်သည်။

“ငါ့ကို သတ်ချင်တာလား။ နောက်ဘဝကျရင် ထပ်ဆုတောင်းပေါ့”

သေရေးရှင်ရေး အခိုက်အတန့်တွင် ရဲချန်ဖန်က အံများကြိတ်ကာ သူ့ အစွမ်းများ အကုန် ညှစ်ထုတ်ပြီး ဘေးတွင် ရှိနေသော အဆုံးစမဲ့ နက်ရှိုင်းမည်ဟု ထင်ရသော ချောက်နက်ကြီးထဲ ခုန်ချလိုက်သည်။ ချက်ချင်းပင် ရဲချန်ဖန်ကို မြူနှင်းများက စုပ်ယူ လိုက်သလိုပင် ပျောက်ကွယ် သွားသည်။

“သေစမ်း”

ရဲချန်ဖန်က ရုတ်တရက် ချောက်နက်ထဲ ခုန်ချသွားသဖြင့် ရဲကီရှင်းသည် အလွန် ဒေါသ ထွက်သွားပြီး မျက်နှာပင် အစိမ်းရောင် သန်းသွားလေသည်။ ရဲကီရှင်းသည် ချောက်နက် ကမ်းပါးစွန်း နားတွင် အချိန်အတန်ကြာ တွေဝေနေပြီးနောက် ရဲချန်ဖန်နောက် လိုက်သတ်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည်။ သူ့တွင် ချောက်နက်ထဲသို့ ခုန်ချရန် သတ္တိ မရှိပေ။ အေးစက်သော လေအေးများက အောက်ကနေ ပင့်တိုက်နေပြီး ရဲချန်ဖန်မှာ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်ခြင်း မရှိတော့ဘဲ ချောက်နက်ထဲ အလွန် လျင်မြန်စွာ ကျဆင်းနေသည်။

ကျသည့်အရှိန် လျော့သွားစေရန် ရဲချန်ဖန်က ရသလောက် အောင့်ခံကာ မာကျောလှသော တောင်နံရံ တစ်လျှောက်ကို အေဖေးဓားဖြင့် ထိုးသွင်းနေသည်။ ထို့ကြောင့် သူ ချောက်ထဲ ကျဆင်းသည့် အရှိန်မှာ အတော်ပင် လျော့ကျ သွားသည်။

သို့သော် ရဲချန်ဖန်က ချောက်ထဲ အရှိန်ဖြင့် ကျဆင်းနေသည်မှာ တစ်နာရီကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း အောက်ခြေကို ယခုတိုင် မြင်တွေ့ရခြင်း မရှိသေးပေ။ သူသာ ကောင်းကင် ကိုယ်ခန္ဓာ ကျင့်စဉ် အဆင့်သုံးသာ မရောက်ရှိ နေပါက ထိုမျှ အချိန်အတန်ကြာ ဓားဖြင့် ကျောက်နံရံကို ထိုးသွင်းခြင်း ပြုလုပ်နိုင်မည် မဟုတ်ဘဲ အချိန်အတန်ကြာ ကတည်းကပင် သူ့ လက်မောင်းများ ကျိုးကြေနေပြီး ဖြစ်သည်။

“လေအောက်က ပင့်တိုက်တာ အရှိန်နည်းလာပြီ။ ကြည့်ရတာ ချောက်အောက်ခြေကို ရောက်တော့မယ်”

ရဲချန်ဖန် လက်နှစ်ဖက်လုံးမှ ဒဏ်ရာများသည် အတော့်ကို ပြင်းထန်လာပြီး ဓားကိုပင် ဆက်လက် မကိုင်လောက်အောင် နာကျင်လာသည်။ ထိုအချိန်တွင် သူ့ အောက်က ပင့်တိုက်နေသော လေအားမှာ လျော့ပါး သွားသည်ကို တွေ့လိုက်ရသည်။ သူသည် ချောက်အောက်ခြေနှင့် နီးကပ်လာပြီ ဖြစ်ကြောင်း သိလိုက်လေသည်။

“ဘန်း”

ရဲချန်ဖန်က ကိုယ်ခန္ဓာကို မထိန်းနိုင်တော့ဘဲ စိုစွတ်သော ချောက်အောက်ခြေနှင့် ပြင်းထန်စွာ ဆောင့်မိကာ မေ့မြောသွားသည်။ ထိုကြောင့် ကြီးမားသော ချိုင့်ကြီးတစ်ခု ဖြစ်ပေါ် လာသည်။ ရဲချန်ဖန်သည် အေဖေဓားဖြင့် အဆက်မပြတ် နံရံကို ထိုးသွင်းကာ အရှိန်လျော့ကျအောင် လုပ်ခဲ့သော်လည်း ကျသည့် အရှိန်မှာ အလွန်ပြင်းထန်သဖြင့် သူသည် အောက်ခြေဖြင့် ပြင်းထန်စွာ ဆောင့်မိ သွားခဲ့သည်။

သူ့တစ်ကိုယ်လုံးရှိ ထက်ဝက်ကျော် အရိုးများ ကျိုးကြေသွားပြီး အတွင်းဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။ ကံကောင်းသည်မှာ သူ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လေ့ကျင့်ခွင့် ရခဲ့ခြင်းပင်။ ထို့ကြောင့် သူ၏ ပြန်လည် သက်သာမှုမှာ သာမန်သူများထက် အဆပေါင်းများစွာ သာလွန် နေပေသည်။

ထို့အပြင် သူ့တွင် ဝိညာဉ်စုပ်သိုင်းရှိရာ သူ့ကိုယ်ခန္ဓာက အလိုအလျေှာက်ပင် စတင်၍ သက်သာလာစေရန် လုပ်ဆောင်တော့သည်။ သုံးရက် ကြာပြီးနောက် ရဲချန်ဖန်သည် ဒဏ်ရာ တော်တော် သက်သာလာပြီး မေ့မြောနေရာမှ နိုးထလာသည်။

“ဟူး၊ ကံကောင်းလိုက်တာ။ ငါ အသက်ရှင် နေသေးတာပဲ”

ဒဏ်ရာများကြောင့် ရဲချန်ဖန် နာကျင် နေသေးသော်လည်း သူ့မျက်နှာတွင် အပြုံးက ဖြစ်ပေါ်လာသည်။ သူ ကြိုးစား ထထိုင်လိုက်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

“အရိုးစုတွေ အများကြီးပါလား။ ဘာလို့ ဒီလောက်များတဲ့ အရိုးစုတွေ ဒီမှာ ရှိနေရတာလဲ”

ရဲချန်ဖန်က ပတ်ဝန်းကျင်ကို သေချာ လေ့လာပြီးနောက် ချောက်အောက်ခြေတွင် အရိုးစုများက တောင်ပုံရာပုံ ရှိနေကြာင်း တွေ့ရှိလိုက်ရသည်။ ထိုအထဲတွင် ကြီးမား အစွမ်းထက်လှသော သားရဲကြီးများ အများအပြား ပါဝင်နေကြောင်း တွေ့လိုက်ရသည်။

“ကြည့်ရတာ ဒီနားတစ်ဝိုက်မှာ မမြင်ရတဲ့ အန္တရာယ်ဆိုးကြီး တစ်ခု ရှိနေနိုင်တယ်”

ရဲချန်ဖန်က အရိုးစုပုံကြီးကို ကြည့်ပြီး ဖိအားများ ခံစားလိုက်ရသည်။ သူ လက်ရှိ အခြေအနေအရ သူသည် သူ့အစွမ်းများကို အားကုန် ထုတ်သုံး၍ မဖြစ်နိုင်ပေ။ ထို့အပြင် ထိုမမြင်ရသော အန္တရာယ်ကလည်း အချိန်မရွေး ကျရောက် လာနိုင်သည်။ ဤထူးဆန်းသော ချောက်နက်က ပြင်ပကို ထွက်မြောက်ရန် လုံးဝ လမ်းမရှိဟု ထင်ရသည်။

ရဲချန်ဖန်သည် ဝိညာဉ်ပြန်ခေါ် ဆေးနှစ်လုံးကို ထုတ်ယူကာ သောက်သုံးလိုက်ပြီး ဒဏ်ရာများကို အရှိန်တင် ကုသတော့သည်။ သို့သော် သူ့ ဒဏ်ရာမှာ အလွန် ပြင်းထန်လှသဖြင့် နဂိုအခြေအနေ ပြန်ရောက်ရန် သုံးရက်မျှ ကုသလိုက်ရသည်။ ကံကောင်းသည်မှာ ထိုသုံးရက်အတွင်း မည်သည့် အန္တရာယ်မှ သူ ရင်ဆိုင် ကြုံတွေ့ရခြင်း မရှိပေ။

သူ ပြန်သက်သာလာပြီးနောက် ချောက်အောက်ခြေ တစ်ဝိုက်ကို လှည့်ပတ် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ ထို့မှသာ သူ ချောက်ထဲမှ ပြန်ထွက်ရန် လမ်းရှာတွေ့နိုင်မည် မဟုတ်ပါလော။ သူသည် ချောက်လယ်သို့ ဝင်သွားလေလေ၊ ပိုပို၍ များသော အရိုးစုများကို တွေ့လာရလေ ဖြစ်သည်။ သို့သော် ဒီအရိုးများမှာ နှစ်ကာလ မည်မျှ ကြာညောင်း နေမည်မှန်း ဘယ်သူမှ သိရှိနိုင်တော့မည် မဟုတ်ပေ။

“ဟင်၊ ထူးဆန်းတဲ့ ကျောက်စာပြားချပ်ကြီးပါလား။ ဘာလို့ ဒီချောက် အောက်ခြေမှာ အနက်ရောင် ကျောက်စာချပ်ကြီး ရှိနေရတာလဲ”

ရဲချန်ဖန်က သူ့ရှေ့တွင် ရုတ်တရက် အလွန် နက်မှောင်ပြီး ချောမွေ့လှသော ထူးဆန်းသည့် ငါးမီတာကျော် မြင့်သည့် ကျောက်စာချပ်ကြီးကို တွေ့လိုက်ရသည်။ ထိုကျောက်စာချပ်ကြီးပေါ်တွင် အလွန်ရဲရင့်ပြီး အစွမ်းထက်လှသော သွေးရောင် စာလုံးများကို ရေးသား ထားလေသည်။ ကျောက်စာချပ်ကြီးပေါ်တွင် ရေးသား ထားသည်မှာ သူသာ ကောင်းကင်သို့ ဓားဦးတည် လိုက်ပါက မြေပြင်တွင် သွေးချောင်းစီး သွားမည်ဖြစ်ပြီး ကောင်းကင်ဘုံကို တိုက်ခိုက်ပါက ကောင်းကင် ပျက်စီးသွားမည် ဖြစ်သည်။

ရဲချန်ဖန်သည် ထိုအလွန် တင်စားပြီး မာန်၊ ဟန် ပြင်းထန်လှသည့် စာလုံးများကို ကြည့်ကာ အလွန်တုန်လှုပ် သွားမိသည်။ သူ့ စိတ်နှလုံးထဲတွင် ထိုလူကို ဦးညွှတ်ချင်စိတ် ဖြစ်ပေါ်လာသည်။

“အင်း၊ ဒီစွမ်းအား၊ ဒီဓားစွမ်းအင်တွေ စာလုံးဆီက ထွက်ပေါ်ဖို့ဆိုရင် ဘယ်လောက်တောင် ဓားစွမ်းအင် အစွမ်းထက်နေလဲ မသိဘူး”

ရဲချန်ဖန်က ရုတ်တရက် ထိုကျောက်စာချပ်ပေါ်ရှိ သွေးစာလုံးများမှ အလွန်ပြင်းထန်သော ဓားစွမ်းအင်များ ထွက်ပေါ်နေသည်ကို သိရှိလိုက်သည်။ ထိုဓားစွမ်းအားက သူ့ ကိုယ်ထဲရှိ ဓားအင်အားကို နိုးဆွနေသည်။ ရဲချန်ဖန်၏ ဓားအင်အားနှင့် ထိုကျောက်စာချပ်မှ ထွက်လာသည့် ဓားစွမ်းအင်တို့ ထိမှန်သွားချိန်တွင် ကျောက်စာချပ်ကြီးပေါ်တွင် အနက်ရောင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာပြီး ရဲချန်ဖန်ကို ကျောက်စာချပ်ထဲသို့ စုပ်ယူ ဆွဲသွင်းသွားသည်။

ထို့ကြောင့် ရဲချန်ဖန်မှာ မျက်နှာ ပျက်သွားလေသည်။ သူ ကြောက်လန့် တုန်လှုပ်စွာ တွေ့ရှိလိုက်ရသည်မှာ သူသည် ရှေးဟောင်း ရုပ်တုများနှင့် ပြည့်နှက်နေသည့် ခန်းမတစ်ခုထဲ ရောက်ရှိနေခြင်းပင် ဖြစ်လေသည်။ သူ မြင်တွေ့ခဲ့ရသော ကျောက်စာချပ်ကြီးက အခန်းအလယ် ဗဟိုတွင် ရှိနေပြီး သူ၏ အံ့အားသင့် တုန်လှုပ်သော အကြည့်အောက်တွင် ကျောက်တုံးပေါ်မှ မယုံနိုင် ယောင်ဝါးဝါး အနီအလင်းတန်းက ထွက်ပေါ်လာသည်။
အခန်း (၁၃၀) ပြီး၏။ (၁၃၁) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset