အခန်း (၁၂၉)
သေမင်းခေါ်သံ
“ကြားလိုက်လား။ ဘာသံလဲ မသိဘူး။ ရှေ့က တောင်ဆီကနေ ထွက်လာတာ ဖြစ်မယ်”
ရဲချန်ဖန်သည် သရဲမျက်နှာ သစ်ပင်နှင့် တိုက်ခိုက်နေချိန်တွင် အလွန် ကျယ်လောင်သော အသံများ ထွက်ပေါ်နေရာ မိုင်ပေါင်းများစွာ အကွာကပင် ကြားနေရသည်။ ထိုအချိန်တွင် ထိုအနီးတစ်ဝိုက်ကို ပါရမီရှင် လူငယ်နှစ်ဦး ဖြတ်သန်း နေကြလေသည်။
“ရဲကီရှင်း ငါ အဲဒီကို သွားကြည့်မလို့။ မင်း လိုက်ရဲလား”
နက်ပြာရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မည်းနက်သော ဆံပင်များက ကျောလယ်ထိ ရှည်လျား ဝေ့ပျံကာ အရပ်မြင့်မြင့် လူထွားကြီး ပုံစံမှာ မြင်သူတိုင်းကို ကြောက်ရွံ့ ထိတ်လန့်စိတ်ကို ပေးစွမ်းနိုင်စွမ်း ရှိလေသည်။
“ဟားဟား၊ မင်း ရန်ဂေါင်ဖိန်ကတောင် သွားရဲမှတော့ ငါက မလိုက်ရဲစရာ ရှိလား။ သွားကြည့်ကြစို့”
အနီရောင် ဝတ်စုံနှင့် လူသတ်အော်ရာများ ထွက်ပေါ်နေသည့် ရဲကီရှင်းက ရယ်မော လိုက်ပြီး မဟာမိုးကြိုးဂိုဏ်းမှ ပါရမီရှင် ရန်ဂေါင်ဖိန်နောက် အလျင်အမြန် လိုက်သွားလေသည်။ သူတို့ ဦးတည်နေသည့် နေရာကား ရဲချန်ဖန် သရဲမျက်နှာ သစ်ပင်နှင့် တိုက်ခိုက်နေသော နေရာပင်တည်း။
“သရဲမျက်နှာ သစ်ပင်လား”
ရန်ဂေါင်ဖိန်နှင့် ရဲကီရှင်းတို့သည် တစ်တောင်လုံး တုန်ခါနေသည့် တောင်တန်းနား ရောက်လာသောအခါ အနက်ရောင် သစ်မြစ်များဖြင့် အရူးအမူး တိုက်ခိုက်နေသော သရဲမျက်နှာ သစ်ပင်ကို တွေ့ရှိသွားသည်။
“ဒီသရဲမျက်နှာ သစ်ပင်က မှင်ရောင်လို မည်းနက်နေပြီး အရမ်းလည်း ရုပ်ဆိုးတာပဲ။ ငါ ထင်တယ်။ အနည်းဆုံး နှစ်ငါးသောင်းလောက် ရှိနေပြီ။ ဒီလောက် အသက်ကြီးတဲ့ သစ်ပင်က သေချာပေါက် သရဲမျက်နှာ သစ်သီး သီးမှာပဲ”
ထိုကဲ့သို့ အတွေးများ ဖြစ်ပေါ်လာပြီးနောက် ရဲကီရှင်းတို့ နှစ်ယောက်သည် သစ်မြစ်များဖြင့် ပိတ်လှောင် ခံထားရသည့် လူငယ်ကို ကြည့်လိုက်လေသည်။ သူတို့ အကြည့်တွင် လိုချင်တပ်မက်မှုမှာ ပြည့်နှက်နေသည်။ သူတို့သာ သရဲမျက်နှာ သစ်သီးကို စားသုံးခွင့်ရပါက အကျိုးကျေးဇူးမှာ မမျှော်မှန်းနိုင်အောင် ကြီးမားပေလိမ့်မည်။
ရဲကီရှင်းသည် သရဲမျက်နှာ သစ်ပင်သည် သေချာပေါက် သရဲမျက်နှာ သစ်သီး သီးမည်ဟု ယုံကြည်သည်။ သူသာ စားသုံးရပါက အဆင့်များစွာ ဆက်တိုက် တက်သွားနိုင်ပြီး သူ၏ ဝိညာဉ်သားရဲပင် အဆင့်ပြောင်းကာ ကောင်းကင် သားရဲ ဘုရင်အဆင့် ရောက်သွားမည်ဟု ယုံကြည်သည်။
ထိုအချိန်တွင် သစ်မြစ်များဖြင့် လှောင်ပိတ် ခံထားရသော ရဲချန်ဖန်သည် သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာများ ရရှိနေပြီ ဖြစ်သည်။ သူ့တွင် အလွန် အစွမ်းထက်သော ကိုယ်ခန္ဓာသာ မရှိပါက ပြင်းထန် လှသော သရဲမျက်နှာ သစ်ပင်၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း”
ဝိညာဉ်ပြန်ခေါ် ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့် လိုက်ပြီးနောက် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ သရဲမျက်နှာ သစ်ပင်ကို အေးခဲ စေလိုက်သည်။ တစ်ချိန်တည်းမှာပင် ဓားအင်အား ဒုတိယ အဆင့်ကို ပေါင်တစ်သိန်း သုံးသောင်းကျော် စွမ်းအား ပေါင်းစပ်ပြီး ပျက်သုန်းခြင်း ဓားသိုင်းမှ အစွမ်းအထက်ဆုံး သိုင်းကွက် ဖြစ်သော လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း အကွက်ကို ထုတ်ဖော်လိုက်သည်။
သူ့ကို ပိတ်လှောင်ထားသော သစ်ပင်ထောင့်ကြီးတွင် အပေါက်ကြီး ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ အေးခဲလိုက်ပြီး ထိုအပေါက်မှ အလျင်အမြန် အပြင်သို့ ထွက်လိုက်လေသည်။
“အဲဒါ သူပဲ”
သစ်ပင်ထောင်မှ ထွက်လာသည့် ရဲချန်ဖန်ကို မြင်လိုက်သည်နှင့် အခွင့်အရေးရမည့် အချိန်ကို အလစ်ချောင်း နေသည့် ရဲကီရှင်းက ချက်ချင်းပင် ရဲချန်ဖန်ကို မှတ်မိ သွားလေသည်။ ရဲချန်ဖန်ကြောင့် သူ အရှက်ရခဲ့သည်ကို တွေးပြီး ပြင်းထန်သော လူသတ်အော်ရာက ပိုမို ပြင်းထန်လာသည်။
“ခရမ်းရောင် မိုးကြိုးရောင်စဉ်လှိုင်း ဓားကွက်”
ရဲချန်ဖန်က သစ်ပင်ထောင်မှ လွတ်မြောက်ခါစတွင် သူ့ကို ရဲကီရှင်း မိုးကြိုးဂိုဏ်း၏ နာမည်ကြီး ဓားကွက် တစ်ခုဖြစ်သော ခရမ်းရောင် မိုးကြိုး ရောင်စဉ်လှိုင်း ဓားကွက်ဖြင့် တိုက်ခိုက်လိုက်ရာ ကောင်းကင်ပေါ်တွင် ခရမ်းရောင် အလင်းတန်းများ လှပစွာ ထွက်ပေါ်လာသည်။
“အရိပ်မဲ့သိုင်း” ရဲချန်ဖန်၏ စိတ်အာရုံမှာ အလွန် အစွမ်းထက်ရာ သူက သစ်ပင်ထောင်မှ လွတ်မြောက်သည်နှင့် ရဲကီရှင်းတို့ ပုန်းခိုနေမှန်း သိရှိပြီး ဖြစ်သည်။ သူ့အား လုပ်ကြံ တိုက်ခိုက် လိုက်သည်နှင့် ရဲချန်ဖန်က အရိပ်အဖြစ် ပြောင်းလဲကာ မယုံနိုင်စရာ မြန်နှုန်းဖြင့် ခရမ်းရောင် အလင်းတန်းကို ရှောင်တိမ်း လိုက်သည်။
“မင်းက ဘယ်ကို ထွက်ပြေးဖို့ ကြိုးစားနေတာလဲ”
ရဲချန်ဖန် လွတ်မြောက်ခါနီးတွင် မြေကမ္ဘာ သားရဲစစ်သူကြီး ဆဌမအဆင့်ရှိ ရန်ဂေါင်ဖိန်သည် အော်ဟစ်လိုက်ပြီး သူ၏ ကြီးမားလှသော ဆေဘာဓားကြီးကို ထုတ်ယူလိုက်ကာ ရဲချန်ဖန် ထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ကာ တိုက်ခိုက်လိုက်သည်။
ရဲကီရှင်းတို့ နှစ်ယောက်ထက်စာလျှင် သူ့ကို အရူးတစ်ယောက်လို တိုက်ခိုက်နေသော သရဲမျက်နှာ သစ်ပင်က ရဲချန်ဖန်ကို ပို၍ အန္တရာယ် ပေးစွမ်းနိုင်စွမ်း ရှိလေသည်။ ရဲချန်ဖန်သည် သူ့ကို ထွက်ပြေးလို့ မရစေရန် သူ့ဆီ တိုးဝင်လာသော ဓားအလင်းကို ရှောင်တိမ်းခြင်း ပြုမနေတော့ဘဲ အားကုန်သုံး၍ တိုက်ခိုက် လိုက်သည်။
“ဘွန်း”
ဆေဘာ ဓားအလင်းသည် ရဲချန်ဖန် ဓားကြောင့် ပျက်ပြယ်သွားပြီး ရဲကီရှင်းတို့ နှစ်ယောက်နှင့် သရဲမျက်နှာ သစ်ပင်တို့၏ ဝိုင်းဝန်း ပိတ်ဆို့မှု တိုက်ခိုက်မှုကို ဖောက်ထွက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သရဲမျက်နှာ သစ်ပင်ရှိသည့် တောင်မှ ပျောက်ကွယ် သွားလေသည်။
“မကောင်းတော့ဘူး”
ရဲချန်ဖန်က အားကုန်သုံး ထိုးဖောက် ထွက်သွားပြီးနောက် ရူးသွပ်နေသော သရဲမျက်နှာ သစ်ပင်သည် ရဲကီရှင်းတို့ကို တိုက်ခိုက် လေတော့သည်။ သူတို့သည် ထိုအခါမှ သရဲမျက်နှာ သစ်ပင်၏ ကြောက်မက်ဖွယ် အစွမ်းကို မျက်ဝါးထင်ထင် မြင်တွေ့ လိုက်ကြလေသည်။ ရန်ဂေါင်ဖိန်သည် ချက်ချင်းပင် သိုလှောင်အိတ်ထဲမှ ခရမ်းရောင် သလင်းကျောက် ဆွဲပြားကို ထုတ်ယူကာ သရဲမျက်နှာ သစ်ပင်ဆီ ပစ်ပေါက် လိုက်သည်။
“ဘွန်း”
ခရမ်းရောင် သလင်းကျောက် ဆွဲပြား ကျိုးပဲ့သွားသည်နှင့် ကြီးမားလှသည့် မိုးကြိုး ပေါက်ကွဲမှုများ ဖြစ်ပေါ်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာလေသည်။ ကြီးမားသည့် မိုးကြိုး ရောင်စဉ်တန်း များကြောင့် ကြီးမားတုတ်ခိုင်သည့် သစ်ပင် အမြစ်များမှာ အပိုင်းပိုင်း ကျိုးပြတ်သွားကြ၏။ ထို့နောက် သရဲမျက်နှာ သစ်ပင်ကို ဂရုမစိုက် အားတော့ဘဲ ရဲကီရှင်းတို့ နှစ်ယောက်သည် ရဲချန်ဖန်နောက် လိုက်လေတော့သည်။
“ရဲချန်ဖန် သရဲမျက်နှာ သစ်သီးကို ထားခဲ့။ ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်”
ပြေးလွှားနေသည့် ရဲချန်ဖန်ကို ကြည့်ကာ ရဲကီရှင်းက ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်သည်။ ဒဏ်ရာများ ပြင်းထန်သော ရဲချန်ဖန်က ရဲကီရှင်းကို ဂရုပင် မစိုက်ချေ။ ရဲချန်ဖန်သည် ဝိညာဉ် ပြန်ခေါ် ဆေးလုံးကို ထပ်မံ သောက်သုံးကာ ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်း လိုက်သည်။ ထိုမှသာ ရဲကီရှင်းတို့ နှစ်ယောက်ကို ရှင်းထုတ် ပစ်နိုင်မည် မဟုတ်ပါလော။
“မဖြစ်နိုင်ဘူး”
ရဲချန်ဖန်သည် နာရီဝက်လောက် ထပ်မံ ပြေးပြီးနောက် သူ့ရှေ့တွင် အလွန်နက်ရှိုင်း လှသည့် ချောက်နက်ကြီး တစ်ခု သူ့ရှေ့တွင် ပိတ်ဆို့နေသည်ကို တွေ့လိုက်ရသည်။ ချောက်ကြီးမှာ အလွန် နက်ရှိုင်းရကာ အောက်ခြေပင် မမြင်ရဘဲ မြူနှင်းများ ပိတ်ဆို့ နေလေသည်။
“ဒီအချိန်မှာ မင်း ဘယ်ကို ပြေးဉီးမလဲ”
ရဲကီရှင်းက ရဲချန်ဖန် ပြေးလမ်းတွင် ကြီးမား နက်ရှိုင်းလှသည့် ချောက်ကြီး တစ်ခုက ပိတ်ဆို့နေသည်ကို တွေ့လိုက်သောအခါ ရက်စက်သည့်အပြုံး ဖြစ်ပေါ်လာပြီး ရဲချန်ဖန်ကို လွတ်လမ်း မရှိစေရန် စူးစိုက် ကြည့်လိုက်လေသည်။
“အေး၊ ပြေးဖို့လမ်း မရှိမှတော့ တိုက်ခိုက်ကြတာပေါ့”
ရဲချန်ဖန်က အေဖေဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူ့ကို တစ်လှမ်းချင်း တိုးကပ်လာသော ရဲကီရှင်းကို ကြည့်ကာ ပြောလိုက်လေသည်။ ဝိညာဉ် ပြန်ခေါ် ဆေးလုံးကို ဆက်တိုက် သောက်သုံး ထားသောကြောင့် ရဲချန်ဖန်၏ ကုန်ခန်းသွားသော ဝိညာဉ် စွမ်းအင်၏ တစ်ဝက်နီးပါး ပြန်လည် ပြည့်တင်းလာပြီ ဖြစ်သည်။
ထို့ကြောင့် လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားကွက်ကို ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်သည်။ သို့သော် ရဲကီရှင်းတို့တွင် အသက်ကယ် မှော်ဆွဲပြားများ အသုံးပြုပါက ရဲကီရှင်းတို့ နှစ်ယောက်ကို ရဲချန်ဖန်က သတ်နိုင်ခြင်း ရှိမရှိကတော့ သူလည်း မသေချာပေ။
“ရဲချန်ဖန်၊ မင်းကံကောင်းတာကို ငါ အားကျမိတယ်။ မင်းက သရဲမျက်နှာ သစ်သီးကို ရခဲ့ပေမဲ့ မင်း ကံကောင်းတာ ဒီနေ့ အဆုံးသတ်ပြီ။ ငါတို့ မင်းကို ငရဲမင်းဆီ မင်းကို ပို့ဆောင်ပေးမယ်”
ရဲကီရှင်းဆီမှ အလွန်ပြင်းထန်သော လူသတ်အော်ရာ ထွက်ပေါ် လာလေသည်။
“ငါ့ကို သတ်ချင်တဲ့လူ တော်တော်များများ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့က အကုန် ငရဲ ရောက်ကုန်ပြီ”
ရဲချန်ဖန်က နှာခေါင်းရှုံ့လိုက်ပြီး ဝိညာဉ်စွမ်းအင်များ ပြန်ပြည့်လာစေရန် တတ်နိုင်သမျှ အချိန်ဆွဲ လိုက်သည်။
“မင်းလို မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်က ငါတို့ကို ခြိမ်းခြောက်ရဲတယ် ဟုတ်လား”
ရန်ဂေါင်ဖိန်က ရဲချန်ဖန်ကို လုံးဝ အရေးစိုက်သူ မဟုတ်ရာ အထင်သေးဟန်ဖြင့် ပြောလိုက်လေသည်။ သို့သော် ရန်ဂေါင်ဖိန် စကားဆုံးသည်နှင့် ရဲချန်ဖန်က ဓားအင်အားကို ထုတ်လွှတ်လိုက်ရာ မိုးပေါ်ထိအောင် တက်သွားပြီး ရဲကီရှင်းတို့ကို ဖိနှိပ် လိုက်လေသည်။ ဓားအင်အားကြောင့် ရဲကီရှင်းတို့ နှစ်ယောက် အသက်ပင် မရှူနိုင် ဖြစ်သွားလေသည်။
“ဓားအင်အားလား”
ရဲချန်ဖန် ကိုယ်မှ ထွက်လာသော ဓားအင်အားကြောင့် ရန်ဂေါင်ဖိန် မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ ရဲချန်ဖန်လို မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်က ဓားသမားတိုင်း အိပ်မက်ဖြစ်သော ဓားအင်အားကို တတ်ကျွမ်းနေအား မြင်သောအခါ ရန်ဂေါင်ဖိန် နားမလည်နိုင် ဖြစ်နေလေသည်။
“အရိပ်မဲ့သိုင်း”
ရန်ဂေါင်ဖိန် အံ့အားသင့်နေစဉ် ရဲချန်ဖန်က အရိပ်မဲ့သိုင်းကို အသုံးပြုလိုက်ရာ လျှပ်စီး ကဲ့သိုပင် ရဲကီရှင်းဆီ တိုးဝင်သွားသည်။
“ကောင်းတယ်”
ရဲကီရှင်းက သူ့ကို ရဲချန်ဖန် အရင်ဦးတည် တိုက်ခိုက်လာမည်ဟု မျှော်လင့်ထားပြီးဖြစ်ရာ သူ့လက်ထဲရှိ ငွေရောင်ဓားဖြင့် ရဲချန်ဖန်ကို ဆီးကြို တိုက်ခိုက်လိုက်သည်။ ရဲကီရှင်း တိုက်ခိုက် လိုက်သည်နှင့် ရန်ဂေါင်ဖိန်ကလည်း တိုက်ခိုက်လိုက်သည်။ ပြင်းထန်လှသည့် ဆေဘာဓား ကလည်း ရဲချန်ဖန်ဆီ တိုးဝင်လာသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း”
ရဲကီရှင်း၏ ငွေရောင်ဓား အလင်းတန်းက ရဲချန်ဖန်ကို ထိမှန်ခါနီးတွင် ရဲချန်ဖန်သည် အမြန်နှုန်းကို မြှင့်တင်လိုက်ပြီး သူ့ကိုယ်က ဓားအဖြစ် ပြောင်းလဲကာ ရဲကီရှင်း တိုက်ခိုက်မှုကို ခုခံလိုက်သည်။ တစ်ဆက်တည်းတွင်လည်း အနည်းငယ် ပေါ့လျော့နေသော ရန်ဂေါင်ဖိန်ဆီ ဓားကို ထိုးသွင်း လိုက်လေသည်။ ထိုသေရေးရှင်ရေး အခိုက်အတန့်တွင် ရန်ဂေါင်ဖိန်ကိုယ်ရှိ အသက်ကယ် မှော်ဆွဲပြားက အသက်ဝင်လာပြီး အကာအကွယ် အလင်းတန်းဖြင့် ရန်ဂေါင်ဖိန်ကို ကာကွယ် ပေးလိုက်လေသည်။
သို့သော် လျှပ်တစ်ပြက် ဓားချက်မှာ အလွန် ပြင်းထန်လှရာ အသက်ကယ် မှော်ဆွဲပြားမှ အကာအကွယ် အလင်းတန်းပါ ပျက်စီးသွားပြီး ဓားအလင်းက ရန်ဂေါင်ဖိန် ကိုယ်ကို ထိုးဖောက် ဝင်ရောက်သွားသည်။
ရန်ဂေါင်ဖိန်မှာ ရဲချန်ဖန်က ထိုမျှလောက် ကြောက်မက်ဖွယ် အစွမ်းထက်မည်ဟု မထင်ထားချေ။ သူသည် သေဘေးနှင့် ကြုံတွေ့သောအခါ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစား လိုက်သည်။
“ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေ အေးခဲစမ်း”
ရဲချန်ဖန်က ရန်ဂေါင်ဖိန် လွတ်မြောက်ရန် အခွင့်အရေး မပေးပေ။ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ ရန်ဂေါင်ဖိန်ကို အေးခဲ စေလိုက်သည်။
“တိမ်ခွင်းလက်ဝါး”
တစ်ဆက်တည်းပင် ရဲချန်ဖန်က တိမ်ခွင်းလက်ဝါး အသုံးပြုကာ ရေခဲရုပ် ဖြစ်နေသည့် ရန်ဂေါင်ဖိန် ကိုယ်ကို အပိုင်းပိုင်း ပြတ်အောင် လုပ်ပြီး သုတ်သင်လိုက်သည်။
အခန်း (၁၂၉) ပြီး၏။ (၁၃၀) မျှော်