အခန်း (၁၂၈)
နာနာဘာဝ ငိုသံလော
“ဘယ်လိုလုပ် မဟာမုန်တိုင်း ကျေးရွာက ပါရမီရှင်ဖြစ်ပြီး မွဲတေ နေရတာလဲ”
ရှေးဟောင်း တောအုပ်ကြီး တစ်ခုအတွင်းရှိ အလွန်နက်ရှိုင်း ချောင်ကျလှသော နေရာတွင် ရဲချန်ဖန်သည် သူ သတ်ခဲ့သော မဟာမုန်တိုင်း ကျေးရွာမှ လူငယ်လေး၏ ပစ္စည်းများကို ထုတ်ယူ၍ ကြည့်ရှုနေသည်။ ထို့နောက် သူ စိတ်ပျက် သွားမိသည်။
ဝိညာဉ်ပြန်ခေါ် ဆေးလုံးနှစ်လုံး၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာခန့်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးထောင်နှင့် နှစ်တစ်သန်း သွေးဂျင်းဆင်း ဘုရင်အပြင် တခြား အဖိုးတန်သည့် ပစ္စည်းများကို တွေ့ရခြင်း မရှိပေ။ နှစ်တစ်သန်း သွေးဂျင်ဆင်း ဘုရင်ပင်လျှင် လျှို့ဝှက် ဝိညာဉ်ဘုံထဲမှ ရရှိခဲ့ပုံပင်။
ကြည့်ရသည်မှာ မဟာလေမုန်တိုင်း ကျေးရွာသည် သူ၏ လူများကို အသက်ရှင်သန်မှု မြင့်မားအောင် လုပ်ပေးနိုင်သည့် ရတနာများ မှလွဲ၍ တခြားရတနာများကို ယူခွင့်ပြုပုံ မရပေ။ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် လျှို့ဝှက် ဝိညာဉ်ဘုံထဲ သေဆုံးသွားပါက သူတို့ မဟာ လေမုန်တိုင်း ကျေးရွာမှ ရတနာများ တပါးသူ လက်ထဲ ကျရောက်သွားစေခြင်း မရှိစေရန် ဖြစ်သည်။
သို့သော် ခုနက မဟာလေမုန်တိုင်း ကျေးရွာမှ အသုံးပြုခဲ့သော အသက်ကယ် မှော်ဆွဲပြားသည် အလွန် အဖိုးထိုက်တန် လှသည်။ တစ်နာရီခန့် ကြာသောအခါ ရဲချန်ဖန်က ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များ ပြန်ပြည့်ဖြိုးလာပြီး ဒဏ်ရာများလည်း သက်သာလာသည်။ ထို့နောက် တောတွင်း အနက်ပိုင်းသို့ ဆက်လက် တိုးဝင်သွားသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း”
ရဲချန်ဖန် မျက်ဝန်းများက ကျဉ်းမြောင်းနေပြီး သူ့တစ်ကိုယ်လုံးသည် အေဖေဓားနှင့် ပေါင်းစပ် သွားသည်။ အလွန် ပြင်းထန် လျင်မြန်လှသော ဓားအလင်းက ဖြစ်ပေါ်လာသည်။ ထိုဓားအလင်းတန်းသည် အမြင့် ငါးမီတာရှိပြီး မြေကမ္ဘာ သားရဲစစ်သူကြီး ဆဌမအဆင့် သားရဲကြီးကို တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ် သွားစေသည်။ သွေးများက ပန်းထွက်လာပြီး တောထဲတွင် သွေးချောင်း စီးသွားသလိုပင်။
“ဒီလျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားကွက်က အရမ်းပြင်းထန်တာပဲ။ ဒါပေမဲ့ ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုက အရမ်းများတယ်။ တစ်ကွက် သုံးလိုက်တိုင်း ငါ့ဝိညာဉ်စွမ်းအင် သုံးပုံတစ်ပုံ ကုန်သွား လိမ့်မယ်။ အင်းလူသား မြေကမ္ဘာ သားရဲစစ်သူကြီး ဆဌမအဆင့်ကို ဒီလိုမျိုး သတ်ဖြတ်နိုင်မလား”
ရဲချန်ဖန်က လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း ဓားသိုင်းကွက်ကို အလွန်ကျေနပ် အားရနေသည်။ သူက ဒီသိုင်းကွက်၏ အလှည့်အပြောင်း ပညာရပ်များကို နားလည် သွားပြီးနောက် ယုံရှန်ရန်ကို တွေ့လျှင် သတ်ဖြတ်ပစ် နိုင်မည်ဟု ယုံကြည်ချက် ရှိနေသည်။
“အင်း၊ ဘာသံလဲ”
ရဲချန်ဖန်သည် တောနက်ထဲတွင် ဓားသိုင်း လေ့ကျင့်နေစဉ် ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသဖြင့် လေ့ကျင့်ခြင်းကို ရပ်တန့် လိုက်သည်။
“ဒီတောထဲမှာ ဘာရှိနေလဲ မသိဘူး”
လျှို့ဝှက် ဝိညာဉ်ဘုံသည် အခွင့်အရေးများ ရေတွက်မရ နိုင်သကဲ့သို့ အန္တရာယ်များကလည်း ပြည့်နှက်နေရာ ပိုပြီး အန္တရာယ်များလေ ကြီးမားသော ရတနာကို ရရှိရန် အခွင့်အရေးများမည် ဖြစ်နိုင်သည်။
“အဲဒါက ဘာလဲ”
ရဲချန်ဖန်က အသံထွက်ပေါ်ရာ နေရာသို့ အလျင်အမြန် ချဉ်းကပ်သွားရာ တောင်တန်းတစ်ခု အဆုံးနားလေးတွင် ထူးဆန်းသော သစ်ပင်တစ်ပင်ကို မြင်လိုက် ရလေသည်။ ထိုသစ်ပင်သည် ဆယ်မီတာကျော် မြင့်မားပြီး တစ်ပင်လုံးမှာ အနက်ရောင် ဖြစ်နေသည်။ သစ်ပင် တစ်ပင်လုံးကို စူးချွန်များက ဖုံးလွှမ်းနေသည်။ ထိုထူးဆန်းသော သစ်ပင် အလယ်တွင် ပန်းကန်လုံး တစ်လုံးစာ အရွယ်ရှိသော သစ်သီးနှစ်လုံး သီးနေသည်ကို တွေ့လိုက်ရသည်။ ထိုသစ်သီးများသည် အလွန် ထူးဆန်းလှသည်။ သစ်သီး မျက်နှာပြင်သည် သရဲတစ္ဆေ များလိုပင်။ သစ်သီး တစ်လုံးမှ အလွန် ကျောချမ်းဖွယ် နာနာဘာဝ အော်သံကို အော်ဟစ် မြည်ကြွေး လိုက်ချိန်တွင် တခြားအလုံးက သူ၏ သွေးပါးစပ်ကို ဟကာ ရဲချန်ဖန်ကို ကိုက်လိုက်လေသည်။
“ဒါသရဲ မျက်နှာ သစ်ပင်လား မသိဘူး”
သူက ထူးဆန်းသော သစ်ပင်ကို ချက်ချင်းပင် အလွန်ဉာဏ်ရည် မြင်လိုက်သည်နှင့် ဉာဏ်သွေး မြင့်မားသော သစ်ပင်တစ်မျိုးကို ချက်ချင်း သတိရ လိုက်သည်။ ထိုသစ်ပင်မျိုးသည် အလွန်ရက်စက် သွေးဆာသည့် သဘာဝရှိပြီး လူသားနှင့် သားရဲတို့၏ သွေးသားကို စားသောက်ရခြင်းကို သဘောကျလေသည်။ သရဲမျက်နှာ သစ်သီးသည် အလွန် ထူးခြားသော သဘာဝ ရတနာ တစ်ပါးဖြစ်ပြီး ခန္ဓာကိုယ် သန်မာသန်စွမ်း စေနိုင်ကာ စားသုံးသူကို အလွန် အကျိုးထူး ဖြစ်စေနိုင်သော အစွမ်း ရှိလေသည်။
“သစ်သီးရဲ့ အရောင်ကို ကြည့်ရတာ အနည်းဆုံး နှစ်ငါးသောင်းလောက်ရှိမယ့် အလုံးပဲ။ အင်း၊ ဒီသစ်ပင် တိုက်ခိုက်တာ ငါ ခံနိုင်ရည် ရှိပါ့မလား”
ရဲချန်ဖန်က အလွန် သွေးဆာ ရက်စက်မည့် ဟန်ရှိသည့် သရဲမျက်နှာ သစ်ပင်ကို ကြည့်ပြီး တွေဝေနေမိသည်။ သူက စွန့်စားသင့်လား ချိန်ဆနေသည်။ ဤသစ်သီးသည် မြေကမ္ဘာအဆင့် ဝိညာဉ် ဆေးလုံးများထက်ပင် တန်ကြေး မြင့်မားသည်။ သရဲမျက်နှာ သစ်သီးနှစ်လုံး၏ ဆွဲဆောင်မှုက အလွန်ကြီးမားနေပြီး သူ၏ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေသည် သရဲမျက်နှာ သစ်ပင် အစွမ်းကို ထိန်းချုပ်နိုင်သော အစွမ်းရှိနေရာ သူ အတန်ကြာ တုံ့ဆိုင်း နေပြီးနောက် အရဲစွန့်ရန် ဆုံးဖြတ်လိုက်သည်။
“အရိပ်မဲ့သိုင်း”
ရဲချန်ဖန်သည် အသက်ဝအောင် ရှူလိုက်ပြီးနောက် သူ့ မြန်နှုန်းကို မြှင့်တင်လိုက်ပြီး အရိပ်များအဖြစ် ပြောင်းလဲကာ သရဲမျက်နှာ သစ်ပင်နား ချဉ်းကပ်လိုက်သည်။ လျှို့ဝှက် ဝိညာဉ်ဘုံထဲတွင် ဆယ်ရက်ကျော်ကြာ အချိန်အတွင်း ရဲချန်ဖန်၏ အရိပ်မဲ့သိုင်း အသုံးပြုပုံမှာ ပို၍ ကျွမ်းကျင် ပညာသား ပါလာလေသည်။ ထိုကြောင့် သူသည် အရိပ်ကို လေးခုအထိ ခွဲထုတ်နိုင်နေပြီ ဖြစ်ပြီး သူ့ မြန်နှုန်းမှာ တစ်ဆတစ်ဆ တိုးလာသည်။
“ရှစ် ရှစ်”
လေတိုးသံများနှင့် ရဲချန်ဖန်သည် သရဲမျက်နှာ သစ်ပင်နား တိုးကပ်သွားစဉ် သရဲမျက်နှာ သစ်ပင်မှ ကျယ်လောင်သော နာနာဘာဝကြီး၏ ကြောက်မက်၊ ကျောချမ်းဖွယ် အသံကြီး ထွက်ပေါ် လာသည်။ ထိုအသံသည် ရဲချန်ဖန်၏ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကို တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရဲချန်ဖန်သည် သူ့အောက်ရှိ မြေပြင်မှာ တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ အနက်ရောင် စီဒီဝိုင်းချပ်မျှ ကြီးမားသော သစ်လက်မောင်းကြီး တစ်ခုမှာ မြေပြင်ကို ခွဲထွက်ကာ ထွက်ပေါ်လာပြီး လှံတံအလား ရဲချန်ဖန်ဆီ တိုးဝင်လာသည်။
“ဓားအင်အား ဒုတိယအဆင့်”
ရဲချန်ဖန်က နာနာဘာဝ အော်ဟစ်သံကြောင့် အနည်းငယ် တုံ့ဆိုင်း သွားသော်လည်း သူ့ဆီမှ ကြောက်လန့်ဖွယ် အစွမ်း ပါဝင်သော ဓားအလင်းတန်းက ထွက်ပေါ်လာသည်။ ဓားအင်အား ဒုတိယအဆင့်ကို အေဖေးဓားဖြင့် ပေါင်းစပ် အသုံးပြုကာ အနက်ရောင် သစ်လက်မောင်းကြီးကို တိုက်ခိုက်လိုက်သည်။ ပြင်းထန်လှသည့် အစွမ်းများ ပါဝင်နေသော ဓားအစွမ်းက သစ်လက်မောင်းကြီးကို ဖျက်ဆီးပစ် လိုက်သည်။
“အဆင့်နိမ့်လှတဲ့ လူသား သေစမ်း”
သစ်လက်မောင်းကြီး ပျက်စီး သွားသည်နှင့် အလွန် ဖြူရော်နေသည့် အသည်းများ အေးဖွယ် မျက်နှာတစ်ခုက ကြီးမားလှသော သစ်ပင်ကြီးပေါ်တွင် ထွက်ပေါ်လာသည်။ ထိုမျက်နှာကြီးက ဒေါသတကြီး ပြောဆိုလိုက်သည်။
အနက်ရောင် သစ်ပင်ကြီး တစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြီး ကြီးမားလှသော အနက်ရောင် အလင်းတန်း နှင့်အတူ ဓားပုံသဏ္ဌာန် တစ်ခုက ရဲချန်ဖန်ဆီ တိုးဝင်လာသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း”
ထို အလွန်အရေးပါသော အခိုက်အတန့်တွင် ရဲချန်ဖန် ကိုယ်က အေဖေးဓားနှင့် ပေါင်းစပ် သွားလေသည်။ ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိဟန်ရှိသည့် ငွေရောင်ဓား အလင်းတန်းအဖြစ် ပြောင်းလဲကာ အနက်ရောင် အလင်းတန်းကို ဖျက်ဆီးလိုက်ပြီး သရဲမျက်နှာ သစ်သီးနှစ်လုံးဆီ ထိုးသွင်း လိုက်လေသည်။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း”
ရဲချန်ဖန်သည် သူ့ကို သရဲမျက်နှာ သစ်သီးနှစ်လုံး တိုက်ခိုက်ချိန်အား စောင့်ဆိုင်း မနေဘဲ ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ အေးခဲစေလိုက်သည်။
“လေအရိပ် ဓားချက်”
ရဲချန်ဖန်က ပေါင်တစ်သိန်းကျော် စွမ်းအားကို ဓားအင်အား ဒုတိယအဆင့်ဖြင့် ဆက်လက် တိုက်ခိုက်လိုက်သည်။ ထိုကြောင့် အေးခဲနေသော သရဲမျက်နှာ သစ်သီးနှစ်လုံးကို ထိမှန်သွားသည်။
“ခရက်”
အက်ကွဲသံက ဖြစ်ပေါ်လာသည်။ လေအရိပ် ဓားချက်ကြောင့် ကြီးမားသော ရေခဲပြင်ကြီးက ကွဲအက်သွားပြီး ကြောက်မက်ဖွယ် အသည်းများ တုန်ခါအောင် အော်ဟစ်နေသော သရဲမျက်နှာ သစ်သီးကို အပင်မှ ဖြတ်တောက် လိုက်သည်။ များပြားလှသော သွေးများက စီးထွက်လာလေ၏။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း”
ရဲချန်ဖန်သည် သရဲမျက်နှာ သစ်သီးနှစ်လုံးကို အပင်မှ အောင်မြင်စွာ ခုတ်ယူ လိုက်ပြီးနောက် ချက်ချင်းပင် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ သရဲမျက်နှာ သစ်သီးနှစ်လုံးကို အေးခဲစေလိုက်ကာ သူ၏ သိုလှောင်အိတ်ထဲတွင် ထည့်သွင်း သိမ်းဆည်းလိုက်ည်။
“မိုက်ရိုင်း ယုတ်မာလိုက်တဲ့ လူသား၊ မင်းကို ငါ သေအောင် သတ်မယ်”
နှစ်ပေါင်း သောင်းချီကြာမှ သီးလာသော သရဲမျက်နှာ သစ်သီးနှစ်လုံးကို ရဲချန်ဖန်က ခူးယူသွားသဖြင့် သရဲမျက်နှာ သစ်ပင်သည် ဒေါသ ပေါက်ကွဲသွားပြီ ဖြစ်သည်။ အလွန်ပြင်းထန်သော အစွမ်းများ ပါဝင်သော အော်ဟစ်သံကို ထုတ်လွှတ် တိုက်ခိုက်လိုက်ရာ ရဲချန်ဖန်ကို မိုးကြိုးပစ် လိုက်သလိုပင် အသံလှိုင်းက တိုးဝင်လာသည်။
“အွန့်”
သရဲမျက်နှာ သစ်ပင်၏ အသံလှိုင်း တိုက်ခိုက်မှုကြောင့် ရဲချန်ဖန်၏ စိတ်ဝိညာဉ်ပင် တုန်လှုပ်သွားပြီး သူ့ ဒွါရ ခုနစ်ပေါက်မှ သွေးများ စီးထွက်လာသည်။ နတ်ဦးနှောက်ကသာ သူ့ စိတ်ဝိညာဉ်ကို အကာအကွယ် မပေးထားပါက သရဲမျက်နှာ သစ်ပင်၏ အသံလှိုင်း တိုက်ခိုက်မှုကြောင့် သူ၏ စိတ်ဝိညာဉ် ပြိုကွဲ ပျက်စီးသွားမှာ သေချာလှသည်။
“ဘန်း”
ရဲချန်ဖန်သည် သူ့ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်း မရှိသလောက်ပင် ဖြစ်သွားပြီး မြေပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ သို့သော် သူသည် အားကုန် ရုန်းထကာ ထိုတောင်တန်းထဲမှ ထွက်ပြေး လိုက်သည်။
“မိုက်ရိုင်းလိုက်တဲ့ လူသား၊ မင်း အသက်ရှင်လျက် ထွက်ရမယ် မထင်နဲ့”
သရဲမျက်နှာ သစ်ပင်သည် သရဲမျက်နှာ သစ်သီးနှစ်လုံးကို ယူဆောင်ပြီးနောက် သူ့လက်ထဲမှ ထွက်ပြေးရန် ကြိုးစားနေသည့် ရဲချန်ဖန်ကို မြင်လိုက်သောအခါ ကြီးမား များပြားလှသော အမြစ်လက်တံများက ကောင်းကင်ကို ထိုးခွဲတော့မလိုပင် ထွက်ပေါ်လာပြီး ကြီးမားလှသည့် အကျဉ်းထောင်အလား ရဲချန်ဖန်ကို ချုပ်နှောင် ပိတ်လှောင်လိုက်ပြီး သဲကြီးမဲကြီး တိုက်ခိုက် တော့သည်။
အခန်း (၁၂၈) ပြီး၏။ (၁၂၉) မျှော်