Switch Mode

Chapter – 126

ရေဝိညာဉ် သစ်သီး

အခန်း (၁၂၆)
ရေဝိညာဉ် သစ်သီး

“အခွင့်အရေးက မင်းတို့ရှေ့မှာ ရောက်နေပြီ။ ယူဖို့ အစွမ်းအစ ရှိမရှိကတော့ မင်းတို့ပေါ်မှာပဲ မူတည်တယ်။ မင်းတို့ လျှို့ဝှက် ဝိညာဉ်ဘုံက ရတနာတွေကို သယ်ယူနိုင်ခဲ့မယ်ဆို မင်းတို့ ထိုက်ထိုက် တန်တန် ချီးမြှောက်မယ်”

ဓားခန်းမ သခင်က အနီရောင် အလင်းများ ထွက်နေသည့် နေရာဘက်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အလွန်လေးနက်သည့် အသံဖြင့် ပြောလိုက်လေသည်။

“ကျွန်တော်တို့ ဓားခန်းမ သခင်ကို စိတ်မပျက် စေရပါဘူး”

မဟာကောင်းကင် မီးဂိုဏ်းမှ မြေကမ္ဘာ သားရဲ ဆဌမအဆင့် တန်ခိုးရှင် တစ်ယောက်က ကတိပြု လိုက်လေသည်။

“အဲထဲ ရောက်သွားတာနဲ့ မင်းတို့ မှတ်ထားရမှာက မင်းတို့ ဘယ်နေရာကို ပို့ဆောင်ခြင်း ခံရ ခံရ မင်းတို့ စိတ်ငြိမ်ငြိမ်ထား။ မင်းတို့ အသက်ကို ဂရုစိုက်ကြ”

ဓားခန်းမ သခင်က အလေးအနက် သတိပေး လိုက်သည်။

“ဟုတ်ကဲ့ပါ ခင်ဗျာ”

ဓားခန်းမ သခင်က မဟာကောင်းကင် မီးဂိုဏ်းနှင့် ကောင်းကင် မီးဂိုဏ်းမှ ဝင်ခွင့်ရသည့် ဂိုဏ်းသားများအား စကားပြောနေစဉ် မဟာမိုးကြိုးဂိုဏ်းနှင့် မဟာမုန်တိုင်း ကျေးရွာမှ ရွေးချယ် ထားသည့် ပါရမီရှင်များသည် လျှို့ဝှက် ဝိညာဉ်ဘုံ ဝင်ပေါက်သို့ ဝင်ရောက် သွားကြလေသည်။

“သွားကြရအောင်”

ရဲချန်ဖန်သည် ဖုယုံရွှယ်၊ လျိုရွှယ်ရှင်းတို့နှင့် လျှို့ဝှက်ဝိညာဉ်ဘုံသို့ ဝင်ရန် ပြင်လိုက်ချိန် ယုံရှန်ရန်နှင့် တခြားလူများက ဝိညာဉ်သားရဲများနှင့် ပေါင်းစည်းကာ လေးမှ ပစ်လွှတ်လိုက်သည့် မြားတစ်ချောင်းအလား လျှို့ဝှက် ဝိညာဉ်ဘုံ ဝင်ပေါက်ထဲ ဝင်ရောက် သွားကြလေသည်။

“ချန်ဖန်၊ ယုံရွှယ်၊ ရွှယ်ရှင်း မင်းတို့ ဂရုစိုက်ကြ။ ငါ မင်းတို့ အန္တရာယ်ကင်းကင်း ပြန်လာတာ စောင့်နေမယ်”

ချင်တောင်ပိုင်က သူ တန်ဖိုးထားသည့် ဂိုဏ်းသား သုံးယောက်ကို ကြည့်ကာ ဆုတောင်း ပေးလိုက်သည်။

“ကျွန်တော်တို့ အတွက် စိတ်မပူပါနဲ့။ ကျွန်တော်တို့ သေချာပေါက် အသက်ရှင်လျက် ပြန်လာမှာပါ”

လျိုရွှယ်ရှင်းက အလွန်တက်ကြွစွာ ပြောလိုက်သည်။ ထို့နောက် ရဲချန်ဖန်တို့ တစ်သိုက်သည် ဝင်ပေါက်ဆီ တိုးဝင် သွားကြသည်။ ရဲချန်ဖန်က အလွန် လျင်မြန်လှသည့် နှုန်းဖြင့် ဝင်ပေါက်ဆီ တိုးဝင်သွားစဉ် မိုးကြိုးဂိုဏ်းမှ ရဲကီရှင်းသည် သူ့နောက်မှ လိုက်လာပြီး ထူးဆန်းသည့် အပြုံး ပြုံးလိုက်ကာ ရုတ်တရက် ရဲချန်ဖန်ကို လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။ အလစ်ဝင်ရောက် တိုက်ခိုက် ခံလိုက်ရသော်လည်း ရဲချန်ဖန်သည် ပြာယာခတ် သွားခြင်း မရှိပေ။

ရဲကီရှင်း လက်ဝါးချက် ဝင်ရောက်လာသည်နှင့် ရဲချန်ဖန်သည် သူ့ ကိုယ်ခန္ဓာ စွမ်းအားကို ဖော်ထုတ်လိုက်ရာ ပေါင်တစ်သိန်း နှစ်သောင်းကျော် စွမ်းအားက ထွက်ပေါ်လာသည်။ ရဲချန်ဖန်၏ လက်ဝါးနှင့် ရဲကီရှင်း လက်ဝါးတို့ ဆုံတွေ့သွားချိန်တွင် ရဲကီရှင်းသည် အလွန်ထိတ်လန့် သွားသည်။ သူသည် ရဲချန်ဖန်ကို အင်အား အဲလောက်ကောင်းမည်ဟု မထင်ထားချေ။ လက်ဝါးချင်း ထိဆုံသွားချိန်တွင် ရဲကီရှင်း၏ကိုယ်သည် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ကာ အဝေးသို့ လွင့်စဉ် ထွက်သွားပြီး မြေပေါ်သို့ ပြင်းထန်စွာ ဆောင့်မိသွားသည်။ ထို့နောက် ရဲချန်ဖန်က ရဲကီရှင်းကို အရေးမစိုက်တော့ဘဲ လျှို့ဝှက် ဝိညာဉ်ဘုံထဲ ဝင်ရောက် သွားလေသည်။

“ဘယ်လောက်တောင် နက်တဲ့ တောအုပ်ကြီးလဲ’’

ရဲချန်ဖန်က လျှို့ဝှက် ဝိညာဉ်ဘုံထဲ ဝင်ရောက် လိုက်သည်နှင့် အလွန်စိမ်းစို၍ ထူထပ်လှသည့် တောအုပ်တစ်ခုထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ အလွန် ရှေးကျလှပြီး မီတာသုံးဆယ်ကျော် မြင့်ကာ လူအယောက် သုံးဆယ်စာ ဖက်မျှရှိသည့် သစ်ပင်ကြီးများသည် အနည်းဆုံး နှစ်သောင်း ကဏန်းရှိမည် ဖြစ်သည်။ ထိုသစ်ပင်များဖြင့် တောအုပ်ကြီးတွင် ပြည့်နှက်နေသည်။ မီတာထောင်ကျော် မြင့်သော ရေတံခွန်ကြီးများလည်း ရှိနေပြီး ရေများ ကျဆင်းနေပုံမှာ အလွန်လှပ၍ ရင်သပ် ရှုမောဖွယ်ရာပင်။

“ဒီလျှို့ဝှက် ဝိညာဉ်ဘုံက တကယ့်ကိုပဲ ရှေးဟောင်း နယ်မြေတစ်ခု ဖြစ်ခဲ့လိမ့်မယ်”

ရဲချန်ဖန်က သစ်တောကြီးနှင့် ရေတံခွန်နား လှည့်ပတ် ကြည့်ရှုနေစဉ် သူသည် အေဖေးဓားကို ထုတ်ယူ ကိုင်ဆောင်ထားသည်။

“ဒါက ရေဝိညာဉ် သစ်သီးမလား”

ရဲချန်ဖန် ရေတံနား ရောက်လာစဉ် မမျှော်လင့်ဘဲ သုံးလက်မခန့် ရှည်လျားသည့် တစ်ပင်လုံး အပြာရောင် ဖြစ်နေသော မြက်ပင်ကို မြက်ပင်များ ကြားထဲတွင် တွေ့လိုက်ရသည်။ အပြာရောင် မြက်ပင် အလယ်ထဲတွင် နက်ပြာရောင် သစ်သီးရှိနေပြီး သစ်သီးထဲတွင် ဆံခြည်မျှင်ခန့်သာ ရှိသည့် အပြာဖျော့ရောင် အမျှင်လေးကိုပါ မြင်တွေ့လိုက်ရသည်။ ရေဝိညာဉ် သစ်သီးသည် အလွန်ရှားပါပြီး ဝယ်ယူလိုပါက အနည်းဆုံး အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ငါးသောင်းခန့် ပေးရမည် ဖြစ်သည်။ ရေဝိညာဉ် သစ်သီး အရောင်အရ အနည်းဆုံး နှစ်ပေါင်း ငါးထောင်ခန့် ရှိမည်ဟု ပြောနိုင်သည်။ ထို့ကြောင့် သူ့ ‌စျေးနှုန်းမှာ သာမန်ထက် ပို၍ မြင့်မားသည်ဟု ပြောနိုင်သည်။

“ငါ့ကံက မဆိုးဘူးပဲ။ ငါ လျှို့ဝှက် ဝိညာဉ်ဘုံထဲ ရောက်တာနဲ့ နှစ်ငါးထောင် ရေဝိညာဉ် သစ်သီးကို ရှာတွေ့တယ်”

ရဲချန်ဖန်က ပြုံးလိုက်ပြီး သစ်သီးခူးရန် လုပ်လိုက်သည်။ သူက သစ်သီးကို ခူးယူရန် ချဉ်းကပ်လိုက်စဉ် ရေတံခွန်ဆီမှ အန္တရာယ် အငွေ့အသက်ကို ရလိုက်လေသည်။ ထို့ကြောင့် ရဲချန်ဖန်သည် အချိန်မဆိုင်းဘဲ ဓားဖြင့် ထိုးသွင်းလိုက်သည်။ ဓားထိုးမိ သွားသည်မှာ အလွန်ကြီးမား လှသည့် ခရမ်းရောင် မြွေကြီး တစ်ကောင် ဖြစ်နေသည်။ မြွေကြီးမှာ စည်တိုင်ကီလုံးလောက် ကြီးပြီး မျက်လုံးများပင် ရေပုံးတစ်ပုံးစာခန့် ကြီးမားနေသည်။ ထိုအပြင် မြွေကြီး၏ဦးခေါင်း မျက်လုံး ပေါ်တွင် ကြီးမားလှသော အကျိတ်ကြီး တစ်ခု ရှိနေသည်။ ဓားအရှိန်ကြောင့် မြွေကြီးသည် ရေတံခွန်ထဲ လွင့်စဉ် သွားသည်။ ရဲချန်ဖန်သည် ရေဝိညာဉ် သစ်သီးကို ချက်ချင်း သွားခူးခြင်း မပြုပေ။

“မြေကမ္ဘာ သားရဲစစ်သူကြီး ဆဌမ အဆင့်လား”

မြွေကြီး၏ စွမ်းအားကြောင့် ရဲချန်ဖန် မျက်နှာသည် လေးနက်သွားသည်။ မြွေကြီးသည် အလွယ်တကူ အနိုင်ယူနိုင်ရန် လွယ်ကူသော သတ္တဝါ မဟုတ်ပေ။ မြွေကြီး၏ ခေါင်းပေါ်မှ အကျိတ်ကြီးသည် မြွေကြီး သွေးမျိုးဆက် အဆင့်တက်ပါက ဦးချိုအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။ ထို့နောက် နဂါးအဆင့်ထိပါ ရောက်ရှိ သွားနိုင်သည်။

“ဒီလျှို့ဝှက် ဝိညာဉ်ဘုံမှာ အခွင့်အလမ်းတွေ အရမ်းများတယ်။ ဒါပေမဲ့ အဲဒါကို ပိုင်ဆိုင်နိုင်ဖို့က မလွယ်ကူဘူးပဲ။ ငါသာ အစွမ်းမထက်လို့ကတော့ အခွင့်အရေး ကြုံလည်း ဘာရတနာမှ ရမှာမဟုတ်ဘူး”

ရဲချန်ဖန်က မြွေကြီးကို ကြည့်ပြီး တွေးနေမိသည်။ ဤနေရာတွင် အခြားလူများလည်း မရှိရာသူ စိတ်အေးလက်အေးဖြင့် မြွေကြီးကို ရင်ဆိုင်လို့ရသည်။

“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ၊ အေးခဲစမ်း”

ရဲချန်ဖန် ကိုယ်ဆီမှ ကြောက်လန့်ဖွယ် အအေးဓာတ်က ထွက်ပေါ်လာပြီး ရေတံခွန် တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း အေးခဲသွားသည်။ ထို့နောက် ခရမ်းရောင် မြွေကြီး၏ ကြီးမားလှသော ကိုယ်လုံးပါ အေးခဲသွားတော့သည်။

“ပျက်သုန်းခြင်း ဓားသိုင်း”

ရေတံခွန်ရှိ ရေနှင့်အတူ အေးခဲသွားသော မြွေကြီးကို ရဲချန်ဖန်သည် အေဖေးဓား အသုံးပြုကာ ခုတ်ချလိုက်ရာ သွေးများက ပန်းထွက် လာလေသည်။

“ယား”

ခုနစ်လက်မနီးပါး မြွေကြီး၏ ခန္ဓာကိုယ်ထဲ ဓားက ထိုးဖောက် ဝင်ရောက်သွားရာ မြွေကြီးသည် နာကျင်စွာ ညည်းညူလိုက်ပြီး ရဲချန်ဖန်ကို အစွယ်ဖြင့် ပေါက်ချလိုက်သည်။

“လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ ရှိတဲ့ သားရဲတွေက အပြင်ထက် ပိုကြောက်ဖို့ ကောင်းနေပါလား”

ရဲချန်ဖန်က သူ့ဓားချက်သည် မြွေကြီး၏ ကိုယ်ထဲ ခုနစ်လက်မခန့်သာ ထိုးဖောက်နိုင်သည်ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားမိသည်။

“ဓားအင်အား ဒုတိယအဆင့်”

မြွေကြီးမှာ ရူးသွပ်နေသကဲ့သို့ ရဲချန်ဖန်ကို သဲကြီးမည်းကြီး တိုက်ခိုက်နေသဖြင့် ရဲချန်ဖန်သည် ဓားအင်အား ဒုတိယအဆင့်ကို ထုတ်သုံးလိုက်သည်။ ဓားအလင်းသည် ကောင်းကင်ကို ဖြတ်ကာ မြွေကြီး၏ ဦးခေါင်းရှိ အကျိတ်ကြီးကို ထိမှန် သွားလေသည်။

ထို့နောက် မြွေကြီး၏ ခေါင်းကိုပါ နှစ်ပိုင်း ပြတ်သွားစေသည်။ ကြီးမားလှသည့် ကိုယ်လုံးကြီးမှာ မီတာ သုံးဆယ်ကျော် ရှည်လျားပြီး ထိုကျန်နေသည့် ကိုယ်အစိတ်အပိုင်းမှာ ဆယ်ငါးမိနှစ်ခန့် နီးပါး လှုပ်ရှားနေသည်။ အစွမ်းကုန် ပညာထုတ် မြွေကြီးကို သတ်ဖြတ်ပြီးနောက် ရဲချန်ဖန်သည် မြွေကြီး၏ ဦးခေါင်းကို ဖြတ်လိုက်ပြီး မြွေအရေခွံကို ဆုတ်ခွာ သိမ်းဆည်းလိုက်သည်။ မြွေသားများကိုလည်း ရိက္ခာအဖြစ် သိမ်းဆည်း လိုက်သည်။ ထို့နောက် ရေဝိညာဉ် သစ်သီးကို ခူးဆွတ်ပြီး ထိုနေရာမှ တောနက်ထဲ ဆက်ဝင်လိုက်သည်။ သူ တောနက်ထဲတွင် သားရဲ အများအပြား၏ တိုက်ခိုက်ခြင်းကို ခံရလေသည်။

“တကယ်ကို ကြောက်စရာကြီး။ ဒီလျှို့ဝှက် ဝိညာဉ်ဘုံက တကယ်ကို ကြောက်စရာ ကောင်းတာပဲ။ ကောင်းကင်သားရဲ ဘုရင်တင် မကဘူး။ မဟာသားရဲ ဘိုးဘေးအဆင့် သားရဲကြီးတွေပါ ရှိနေတယ်။ တောနက်ထဲသာ ဆက်သွားရင် ဘယ်လို အဆင့်တွေ ပါရှိနိုင်မလဲ မသိဘူး”

ယခုလေးတင် ကောင်းကင်သားရဲ ဘုရင်အဆင့် သားရဲကြီးနှင့် တွေ့ဆုံခဲ့ရာ ရဲချန်ဖန်က လျှို့ဝှက် ဝိညာဉ်ဘုံကို ကြောက်စိတ် အနည်းငယ် ဝင်သွားမိသည်။ သုံးရက်ခန့် မနားမနေ ခရီးဆက်ပြီးနောက် ကြီးမားလှသည့် ကျောက်တုံးကြီး အောက်တွင် ငါးမီတာကျော် ရှည်လျားသည့် အလောင်းအပိုင်းအစ တစ်ခုကို တွေ့လိုက်ရသည်။ အလောင်းကြီးဘေးတွင် အလွန်နီရဲသော အရောင်ထွက်နေသည့် ဆေဘာ ဓားတစ်လက်ကို တွေ့လိုက်ရသည်။ ဆေဘာဓားကြီး၏ လက်ကိုင်တွင် နီရဲနေသော ကျောက်မျက် တစ်လုံးပါ မြှုပ်နှံ အလှဆင်ထားသည်။

“အဆင့်မြင့် ဝိညာဉ်လက်နက်ပဲ”

ရဲချန်ဖန်က ဆေဘာဓားကို ကြည့်ပြီး မျက်လုံးက အရောင် ထွက်သွားသည်။ သူက ဆေဘာဓားကို အသုံးမပြုသော်လည်း သူ ဒီဓားကို ရောင်းချပါက အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး တော်တော်များများကို ရရှိ နိုင်လေသည်။

“အဲဓားက ငါ့ဟာပဲ။ မင်း မသေချင်ရင် ဓားကို ထားပြီး ဒီကနေ မြန်မြန် ထွက်သွားလိုက်”

ရဲချန်ဖန်က ဓားကို ယူ၍ သိုလှောင်အိတ်ထဲ သိမ်းဆည်းရန် ပြင်လိုက်ချိန်တွင် အလွန်အေးစက် မာကျောလှသည့် အသံကို ကြားလိုက် ရသည်။

ထိုအသံပိုင်ရှင်မှာ အဖြူရောင် ဝတ်စုံနှင့် စူးရှသော မျက်ဝန်းကို ပိုင်ဆိုင်ထားသော လူငယ် တစ်ယောက် ဖြစ်သည်။ သူက မြွေဓားကို ကိုင်ဆောင်ထားပြီး မြေကမ္ဘာ သားရဲ စစ်သူကြီး ဆဌမ အဆင့်ကို ရောက်နေပြီးသူ ဖြစ်နေသည်။ ထိုလူငယ်လေးက ရဲချန်ဖန်ကို ကြည့်သည့် အကြည့်မှာ လူသတ်စိတ် အပြည့်နှင့် ဖြစ်လေသည်။
အခန်း (၁၂၆) ပြီး၏။ (၁၂၇) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset