အခန်း (၁၂၅)
လျှို့ဝှက် ဝိညာဉ်ဘုံ ပွင့်ပြီ
“ငါတို့ မဟာကောင်းကင် မီးဂိုဏ်းက လူတွေ ရောက်လာပြီ။ ချန်ဖန်၊ မင်း ယုံရှန်ရန်နဲ့ တွေ့ရင် ပြဿနာ မဖြစ်စေနဲ့။ အဲလိုဆို မင်းကိုသတ်ဖို့ သူ အကြောင်းပြစရာ အချက်မရှိဘူး”
ချင်တောင်ပိုင်က အတောင်ပံကြီး လေးခုနှင့် ကြီးမားလှသည့် မီးငှက်ကြီးက လျှို့ဝှက် ဝိညာဉ်ဘုံ ပွင့်မည့်နေရာသို့ ပျံသန်း လာနေသည်ကို ကြည့်ပြီး ရဲချန်ဖန်ကို သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ရဲချန်ဖန် ခေါင်းညိတ် ပြလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် သိပ်တော့ အလေးမထားချေ။ အဘယ်ကြောင့်ဆိုသော် ပြဿနာ မီးထွန်းရှာချင်သူနှင့် တွေ့ပါက အဘယ်ရှောင်လို့ လွတ်မည်နည်း။ သူက သည်းခံလျှင်ပင် ယုံရှန်ရန်က သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။ ထို့အပြင် ရဲချန်ဖန်ကလည်း ယုံရှန်ရန်ကို သတ်ပစ်ချင်သည်။ အကယ်၍သာ ရေခဲ နတ်သမီးလေးသာ မပါပါက သူသည် မဟာကောင်းကင် မီးဂိုဏ်းမှ ကောင်းကင်သားရဲ ဘုရင်အဆင့် တန်ခိုးရှင် သတ်ဖြတ်တာ ခံခဲ့ရပြီး ဖြစ်သည်။
မီးငှက်ကြီးက အော်ဟစ် မြည်ကြွေးပြီး မြေပေါ် ဆင်းသက်လာရာ ပြင်းထန်သော လေလှိုင်းကြီးများ ဖြစ်သွားလေသည်။ ဂိုဏ်းကြီး သုံးဂိုဏ်းမှ ငှက်ကြီးများသည် မီးငှက်ကြီး၏ အော်ရာကြောင့် ကြောက်လန့်နေဟန် ပုံပေါ်သည်။
‘ကျွန်တော် ချင်တောင်ပိုင်က ဓားခန်းမသခင်ကို ဂါဝရ ပြုပါတယ်”
အဖြူရောင် ဝတ်စုံနှင့် နှုတ်ခမ်းမွေး၊ ပါးမြိုင်းမွေးများ ဖွေးဖွေးဆွတ်အောင် ဖြူနေသော အသက်ခြောက်ဆယ် ဝန်းကျင် အဘိုးအိုကို မြင်လိုက်သည်နှင့် ချင်တောင်ပိုင်က ရှေ့ကို တိုးကာ တလေးတစား နှုတ်ဆက်လိုက်သည်။
“ဓားခန်းမ သခင်လား”
ချင်တောင်ပိုင်၏ နှုတ်ဆက်သံမှ ထိုအဘိုးအိုသည် ဓားခန်းမသခင် ဖြစ်ကြောင်း သိလိုက်သောအခါ ရဲချန်ဖန် အံ့အားသင့် သွားလေသည်။ လျှို့ဝှက် ဝိညာဉ်ဘုံ ပွင့်ချိန်တွင် မဟာကောင်းကင် မီးဂိုဏ်းမှ ခန်းမသခင် လေးပါးထဲမှ တစ်ယောက်ဖြစ်သော ဓားတန်ခိုးရှင် တစ်ယောက်ကို စေလွှတ်မည်ဟု မထင်ထားချေ။
ခန်းမသခင်၏ ရာထူးသည် အကြီးအကဲများထက်ပင် ပို၍ မြင့်မားသည်။ ထို့အပြင် ယခု ရောက်လာသော ဓားခန်းမ သခင်သည် ခန်းမသခင်များထဲတွင် အစွမ်း အထက်ဆုံးပင် ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းဖြင့် လျှို့ဝှက် ဝိညာဉ်ဘုံကို မဟာကောင်းကင် မီးဂိုဏ်းက အလွန် အလေးထားကြောင်း သိသာနေသည်။
“ငါတောင် မင်းကို မတွေ့တာ ဆယ်နှစ် ကျော်နေပြီပဲ”
ဓားခန်းမ သခင်ဂျန်က သူ့ကို တလေးတစား နှုတ်ဆက်နေသော ချင်တောင်ပိုင်ကို ကြည့်ပြီး မျက်နှာသေကြီးနှင့် ဖြစ်ပြီး သိပ်အလေး မထားသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ် ခင်ဗျာ။ ကျွန်တော် မဟာကောင်းကင် မီးဂိုဏ်းက ထွက်သွားခဲ့တာ ဆယ်နှစ်နဲ့ သုံးလ ရှိပါပြီ။ ကျွန်တော့် လိုအပ်ချက်ကြောင့် ဝိညာဉ်သားရဲက ထပ်မံ အဆင့်မပြောင်းလဲ နိုင်တော့ဘူး။ ဒါကြောင့် ကောင်းကင်သားရဲ ဘုရင်အဆင့်ကို မတက်နိုင်ဘူး ဖြစ်နေပါတယ်”
“တကယ်လို့ ကောင်းကင်မီးဂိုဏ်းက တစ်ယောက်ယောက်က လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ ကြီးမားတဲ့ ရတနာကို မဟာကောင်းကင် မီးဂိုဏ်းထံ ယူလာနိုင်ခဲ့ရင် မင်း ကောင်းကင်သားရဲ ဘုရင် အဆင့်တက်ဖို့ ငါ မင်းကို အင်မော်တယ် ဆေးလုံး ဆုချမယ်”
ဓားခန်းမသခင်က ကတိ ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဓားခန်းမသခင် ခင်ဗျာ”
ဓားခန်းမသခင်ဆီမှ ကတိ ရလိုက်သဖြင့် ချင်တောင်ပိုင် အလွန်ပျော်ရွှင် သွားလေသည်။ သူသာ အင်မော်တယ်အဆင့် ဆေးလုံး သောက်သုံးခွင့် ရပါက ကောင်းကင်သားရဲ ဘုရင်အဆင့်ကို ချိုးဖောက် တက်ရောက်နိုင်မည်ဟု ကိုးဆယ် ရာခိုင်နှုန်း ယုံကြည်ချက် ရှိလေသည်။
“ရဲချန်ဖန် ငါတို့ တွေ့ကြပြီပေါ့။ မင်းက ဒီလို ယင်တစ်ကောင်လို အသက်ပြင်းမယ် မထင်မိဘူး”
ဓားခန်းမ သခင်ဘေးတွင် ရပ်နေသော အမည်းရောင် ဝတ်စုံနှင့် လူငယ်လေးက ရဲချန်ဖန်ကို ကြည့်ပြီး ပြောလိုက်လေသည်။ သူကား တခြားလူ မဟုတ်ပေ။ ယုံရှန်ရှင်း၏ အစ်ကို ယုံရှန်ရန်ပင်။ သူ့မျက်လုံးများမှ ကောက်ကျစ် ရက်စက်မည့် အလင်းများ ထွက်ပေါ်နေသည်။
“ခင်ဗျားလို လူတွေတောင် မသေသေးတာ။ ကျွန်တော်က ဘာလို့ သေရမှာလဲ”
ရဲချန်ဖန်က အနည်းငယ် ပြုံးလိုက်ပြီး ခပ်ရင့်ရင့်ပင် တုံ့ပြန် လိုက်သည်။
“ဟင်”
ရဲချန်ဖန် စကား ဆုံးသွားသည်နှင့် ဓားခန်းမသခင်နှင့် တခြားလူများ၏ အကြည့်က ရဲချန်ဖန်ထံ ရောက်လာလေသည်။ လေမုန်တိုင်း ကျေးရွာနှင့် မိုးကြိုး ဂိုဏ်းသားများပင် ရဲချန်ဖန်ကို လှည့်ကြည့် လာကြလေသည်။
“ဟဟ၊ ငါက လွယ်လွယ်နဲ့ မသေနိုင်ဘူး။ သေမှာက မင်းဆိုတာ သေချာတယ်”
လူသတ်စိတ်က ယုံရှန်ရန်ဆီက ထွက်ပေါ်လာပြီး သူက မောက်မာစွာ ပြောလိုက်လေသည်။
“စိတ်ကူးယဉ် မနေနဲ့။ လက်တွေ့က အဲလို ဖြစ်ချင်မှဖြစ်မှာ။ မင်း အသက်ရှင်တာ ကံကောင်းလို့ ဖြစ်မှာ”
ရဲချန်ဖန်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“ဘာလဲ။ မင်းက ငါ့ကို သေစေချင် နေတာလား”
ယုံရှန်ရန် မျက်နှာက မည်းမှောင်သွားပြီး အသံမာမာဖြင့် မေးလိုက်သည်။
“ခင်ဗျားကို သေစေချင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ခင်ဗျားကို ပြောချင်တာက မင်းရဲ့ ရန်သူက ဘယ်သူလဲ။ ခင်ဗျား အရင်ကြည့်သင့်တယ်။ ခွေးရူးတစ်ကောင်လို တွေ့ရာလူကို လိုက်မကိုက်သင့်ဘူး”
ရဲချန်ဖန်က အလွန်ရင့်သီးစွာ တုံ့ပြန် လိုက်သည်။
“မင်းက ငါ့ကို ခွေးရူးလို့ ပြောရဲတယ်”
ယုံရှန်ရန်က သူ့ကိုယ်သူ အလွန်မောက်မာသော လူဟု ထင်မိသည်။ သူ မထင်မိသည်မှာ ရဲချန်ဖန်က သူ့ထက်ပင် ပို၍ မောက်မာ နေသည်ကိုပင်။ သူက လူရှေ့သူရှေ့တွင် စော်ကား ခံလိုက်ရသဖြင့် ဒေါသ ထွက်လာပြီး ပြင်းထန်လှသော အော်ရာကို ထုတ်လွှတ်ကာ ရဲချန်ဖန်ကို ဖိနှိပ်လိုက်သည်။
“ဘာလဲ။ မင်း စိတ်ဆိုးလာပြီးလား။ မင်း မကိုက်ရရင် မနေနိုင် ဖြစ်လာပြီလား”
ရဲချန်ဖန် နှုတ်ခမ်းလေးများပင် ကွေးသွားပြီး စူးရှ ထက်မြက်လှသည့် ဓားအော်ရာက ရဲချန်ဖန် ကိုယ်မှ ထွက်ပေါ်လာပြီး ယုံရှန်ရန် ထုတ်လွှတ်လိုက်သည့် အော်ရာကို ချေဖျက်လိုက်ကာ ယုံရှန်ရန်ကို အလေးမထားဟန် လုပ်ပြ လိုက်လေသည်။
“ဓားအင်အားလား”
ရဲချန်ဖန် ကိုယ်မှ ထွက်လာသော ဓားအင်အားကို ခံစားမိပြီး ဓားခန်းမသခင် မျက်ခုံးများ ပင့်သွားသည်။ သူ့အကြည့်က ရဲချန်ဖန်ကို ကြည့်ပုံ ပြောင်းလဲ သွားလေသည်။ ထို့အပြင် မိုးကြိုးဂိုဏ်း၊ လေမုန်တိုင်း ကျေးရွာမှ လူများ၏မျက်နှာတွင် အံ့အားသင့်မှုများကို မြင်လိုက်ရသည်။ မဟာကောင်းကင် မီးဂိုဏ်း ဓားခန်းမတွင်ပင် ထိုကဲ့သို့ ဓားအော်ရာကို ထုတ်လွှတ်နိုင်သူ တစ်ယောက်ပင် ရှိသည်။ ထိုလူသည် ကောင်းကင်သားရဲ ဘုရင်အဆင့်ရောက်မှသာ ဓားအော်ရာကို ထုတ်လွှတ်နိုင်ခြင်း ဖြစ်ပြီး ဓားအော်ရာ အစွမ်းခြင်း ယှဉ်လျှင် ထိုလူ၏ ဓားအော်ရာမှာ ရဲချန်ဖန်ထက် အများကြီး အားနည်းနေသည်။
“ရဲချန်ဖန် မင်းက ဓားအင်အားကို နားလည် အသုံးပြုနိုင်တာနဲ့ ငါ့ကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်မယ် မထင်နဲ့။ မင်းကို သတ်ဖို့ဆို ပုရွက်ဆိတ် သတ်တာလောက်တောင် မခက်ဘူးကွ”
ရဲချန်ဖန်၏ စော်ကားမှုကို ဆက်တိုက် ခံနေရသလို ဖြစ်နေသဖြင့် ယုံရှန်ရန်က ဒေါသကို မထိန်းနိုင်တော့ဘဲ သူ့ မျက်နှာက အလွန်ပျက် နေလေသည်။
“အဲလိုလား”
ရဲချန်ဖန်က အထင်သေးသည့် အပြုံး ပြုံးကာ အေးစက်စက် ပြန်မေးလိုက်သည်။
“ဒီလောက်ဆို တော်ပြီ။ ပါးစပ်ပိတ်ထားကြ။ မင်းတို့ကြားမှာ ဘာရန်ငြိုးရှိလဲ ငါ မသိချင်ဘူး။ ဒါပေမဲ့ မင်းတို့ ရန်သူက လေမုန်တိုင်း ကျေးရွာနဲ့ မိုးကြိုးဂိုဏ်းက လူတွေပဲဆိုတာ မင်းတို့ သိဖို့ လိုတယ်။ မင်းတို့ ကလန်ကဆန် လုပ်ရင် ငါ မင်းတို့ကို လျှို့ဝှက် ဝိညာဉ်ဘုံထဲ ဝင်ခွင့် မပြုတော့ဘူး။ မင်းတို့ကို တခြားလူတွေက ကြည့်ပြီး လှောင်ရယ် ရယ်နေကြပြီ”
ဓားခန်းမသခင် အကြည့်အောက်တွင် ရဲချန်ဖန်ရော ယုံရှန်ရန်ပါ ထပ်မပြောရဲတော့ချေ။ သူတို့ တိတ်တိတ်လေးသာ ရပ်စောင့် နေကြတော့သည်။
“ငါတို့ ဒီမှာ နားပြီး လျှို့ဝှက်ဝိညာဉ်ဘုံ ပွင့်တာကို စောင့်မယ်”
ဓားခန်းမသခင်က ရဲချန်ဖန်နှင့် ယုံရှန်ရန်တို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“ချန်ဖန် မင်းက အရမ်း တစ်ဇွတ်ထိုး ဆန်တာပဲ။ ငါ မင်းကို ကြိုပြီး သတိပေးထားတာကို ဘာလို့ နားမထောင်တာလဲ။ မင်းက ယုံရှန်ရန်နဲ့ ထိပ်တိုက်တွေ့ပြီး သူ မင်းကို သတ်ဖို့ အကြောင်းပြချက် ရအောင် လုပ်ပေးနေတာပဲ”
ချင်တောင်ပိုင်က ကူညီရာမဲ့ ဖြစ်နေပြီး တီးတိုး ရေရွတ် လိုက်မိသည်။
“ခေါင်းဆောင် ကျွန်တော်က သည်းခံရင်ကော ဘာမှမဖြစ်ဘူး ထင်လား။ သူက ကျွန်တော်နဲ့ ထိပ်တိုက် တွေ့ချင်နေတာ။ ကျွန်တော် တောင်းပန်ရင်တောင် သူက အလွတ်ပေးမှာ မဟုတ်ဘူး”
“အဲဒါလည်း ဟုတ်တာပဲ။ တောင်းပန်နေမယ့်အစား ထိပ်တိုက် ရင်ဆိုင်တာ ပိုကောင်းတယ်။ မောင်လေးရဲ မှားတယ်လို့တော့ ကျွန်မ မထင်ဘူး”
အနက်ရောင် ကိုယ်ကျပ်ဝတ်စုံနှင့် မိန်းမချောလေး ဖုယုံရွှယ်က ရဲချန်ဖန်အတွက် ဝင်ရောက် ပြောဆိုလိုက်သည်။
“ဟင်း၊ ကိစ္စတွေက မင်းတို့ ထင်သလောက် မရိုးရှင်းဘူး။ ယုံရှန်ရန် ဘေးမှာ ရပ်နေတဲ့ ရွှေအိုရောင် ဝတ်စုံနဲ့ လူကိုတွေ့လား။ သူက ယင်ရန်ခန်းမက အကြီးအကဲ ယုံရှန်တန်ပဲ။ သူက ကောင်းကင်သားရဲ ဘုရင် ပဉ္စမ အဆင့်ပဲ။ သူက မင်းနဲ့ ယုံရှန်ရန်တို့ တစ်ခုခု ပြဿနာဖြစ်ရင် မင်းကို သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ” ချင်တောင်ပိုင်က သက်ပြင်းချကာ ပြောလိုက်လေသည်။
ရဲချန်ဖန် နားလည်လိုက်သည်။ ချင်တောင်ပိုင်သည် အပိုစိတ်ပူနေခြင်း မဟုတ်ဘဲ တကယ့် အဖြစ်က ထင်သည်ထက် နက်ရှိုင်းနေသည်။ ယုံရှန်ရန်သာ တစ်ခုခုဖြစ်ပါက သူလည်း ဒဏ်ပေးခံရမှုက ကင်းလွတ်မည် မဟုတ်ပေ။ ထို့ကြောင့် ရဲချန်ဖန်နှင့် ပြဿနာ ဖြစ်ပွားပါက ယုံရှန်ရန် ဘက်ကသာ ကူတိုက်ပေလိမ့်မည်။ သို့သော် ရဲချန်ဖန်သည် ထိုအကြောင်းပြချက်ကြောင့် အလျော့ပေးမည် မဟုတ်ပေ။ ရဲချန်ဖန်သည် သူကိုသာ ဆက်ရန်စ နေမည်ဆိုပါက သတ်ပစ်ရန် ဝန်လေးနေမည် မဟုတ်ချေ။
“ရှန်ရန် အဲကောင်လေးက ဘယ်သူလဲ။ မင်းနဲ့ ရန်ငြိုး ရှိလို့လား”
ယင်ရန်ခန်းမမှ အဖွဲ့ဝင် တစ်ယောက်က ယုံရှန်ရန်ကို မေးလိုက်သည်။
“အလကား ကောင်ပါကွာ”
ယုံရှန်ရန်က မကြည်မသာနှင့် ပြန်ပြောလိုက်သည်။
“သူ့ကို သတ်ဖို့ ငါ့ အကူအညီ လိုသေးလား”
မျက်နှာ တြိဂံပုံနှင့် လူက မေးလိုက်သည်။
“မလိုဘူး။ ငါတစ်ယောက်တည်းနဲ့ သူ့ကို သတ်လို့ရတယ်”
ညနေခင်း နေဝင်ခါနီး အချိန်တွင် ပြင်းထန်သော အော်ရာများ ထုတ်လွှတ်နေသည့် ငှက်ကြီးများက သူတို့နား ပျံသန်း လာနေသည်။ ရွှေရောင်ငှက်ကြီး လေးကောင်က လေထုကို ထိုးခွဲပြီး ပျံသန်းလာသည်မှာ အလွန် လျင်မြန်လှသည်။
“မဟာလေမုန်တိုင်း ကျေးရွာကပဲ”
ဓားခန်းမသခင်က ရွှေရောင်ငှက်ကြီး လေးကောင်ကို ကြည့်လိုက်ပြီး တိုက်ခိုက် လိုစိတ်များကို ချက်ချင်း ဖုံးကွယ် လိုက်သည်၊ ထို့နောက် သူက ဆက်ဂရု မစိုက်တော့ပေ။ မဟာလေမုန်တိုင်း ကျေးရွာမှ လူများရောက်ပြီး မကြာမီပင် မဟာမိုးကြိုးဂိုဏ်းမှ လူများလည်း ရောက်ရှိ လာကြသည်။ နှစ်ရက်ကြာ ငြိမ်သက်စွာ စောင့်ဆိုင်းပြီးနောက် အဆုံးမရှိသော အနီရောင် အလင်းတန်းများ စုစည်းလာပြီး ကမ္ဘာတစ်ခုလုံး ထိန်လင်း သွားသည့်နှယ် တောက်ပလာသည်။
“လျှို့ဝှက် ဝိညာဉ်ဘုံက အချိန်မှန် ပွင့်လာပြီ”
အခန်း (၁၂၅) ပြီး၏။ (၁၂၆) မျှော်