အခန်း (၁၂၄)
ဂိုဏ်းကြီး သုံးဂိုဏ်း
နေခြည်နုနုသည် ဖြာကျပြီး နုနယ်ပျိုမြစ် ခန့်ညားသော လူငယ်လေး၏ မျက်နှာပေါ်တွင် ဖြာကျနေသည်။ ဆေဘာ ဓားအင်အား ဒုတိယအဆင့်ကို နားလည်သွားသည်နှင့် ဖုယုံရွှယ်သည် ရဲချန်ဖန်ကို ထပ်မံ စိန်ခေါ် တိုက်ခိုက်ခြင်း မပြုတော့ပေ။ ထို့ကြောင့် ရဲချန်ဖန်သည် ရတောင့်ရခဲ အေးဆေးနေရချိန်တွင် အနားယူရင်း ဓားအင်အားကို လေ့လာ သုံးသပ်နေသည်။ တဖြည်းဖြည်းနှင့် ရဲချန်ဖန် ဓားအင်အားကို နားလည် သဘောပေါက်မှုမှာ တိုးတက်လာသည်။
“ခေါင်းဆောင်က လာဖို့ ခေါ်နေပြီ”
ရဲချန်ဖန်က သူ့ ခြံဝင်းလေးထဲရှိ သစ်ပင်အောက်တွင် ထိုင်နေချိန်တွင် ချင်တောင်ပိုင်က ဆက်သွယ်ရေး မှော်စေ့မှတစ်ဆင့် သူ့ကို လာရန် ခေါ်နေသည်ကို တွေ့လိုက်ရသည်။
“ကြည့်ရတာ လျှို့ဝှက် ဝိညာဉ်ဘုံ ဖွင့်တော့မယ်နဲ့ တူတယ်”
ရဲချန်ဖန် လေ့ကျင်ခြင်းကို ရပ်လိုက်ပြီး ခြံဝင်းမှ ထွက်ကာ အကြီးအကဲ အစည်းအဝေး ခန်းမဆီကို သွားလိုက်သည်။ သူ ရောက်သွားချိန်တွင် လှပသော ဖုယုံရွှယ်နှင့် ပျော်ရွှင်နေဟန်ပုံ ပေါက်သည့် လျိုရွှယ်ရှင်းတို့ ရောက်နှင့်နေပြီး ဖြစ်သည်။ လျိုရွှယ်ရှင်းက အဆင့်မြင့် ဝိညာဉ်ဆေးလုံးကို သောက်သုံးခဲ့ရသဖြင့် မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့် ရောက်ရှိသွားပြီ ဖြစ်သည်။
“ခေါင်းဆောင်”
ရဲချန်ဖန်က လျိုရွှယ်ရှင်းဘက် တစ်ချက် ခေါင်းညိတ်ပြီး ချင်တောင်ပိုင်ထံ လျှောက်သွား လိုက်သည်။
“မင်းတို့ကို ဒီနေ့ ခေါ်ရတဲ့ အကြောင်းက လျှို့ဝှက် ဝိညာဉ်ဘုံ ဖွင့်ဖို့ တစ်ပတ်ပဲ လိုတော့တယ်။ ငါတို့ လျှို့ဝှက်ဝိညာဉ်ဘုံ မဖွင့်ခင် ကြိုတင် ရောက်နေဖို့ လိုတယ်။ ဒါကြောင့် မင်းတို့ကို လျှို့ဝှက် ဝိညာဉ်ဘုံ အပြင်က ရွှံ့နွံနက် ရေကန်ဆီ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။ လျှို့ဝှက် ဝိညာဉ်ဘုံက သုံးနှစ်တစ်ကြိမ် ပွင့်တယ်။ တစ်ကြိမ်ပွင့်တိုင်း တစ်လကြာလေ့ ရှိတယ်။ အဲမှာ ရေတွက်လို့ မရနိုင်တဲ့ အခွင့်အရေးတွေနဲ့ ရတနာတွေ ရှိတယ်။ ဒါပေမဲ့ အခွင့်အလမ်းနဲ့အတူ အန္တရာယ်က ဒွန်တွဲနေတယ်။ မင်း တန်ဖိုးကြီး ရတနာရလေ၊ မင်းအတွက် သေဆုံးဖို့ များလေပဲ။ ဒါကြောင့် လျှို့ဝှက် ဝိညာဉ်ဘုံပွင့်တိုင်း အဲထဲမှာ သေဆုံးတဲ့ ပါရမီရှင်တွေက အများကြီးပဲ။ အရင်အတွေ့အကြုံတွေ အရတော့ အများစုက တခြား ပါရမီရှင်တွေ လက်ချက်ကြောင့် သေဆုံးရတာပဲ”
“ဒါကြောင့် မင်းတို့ လျှို့ဝှက် ဝိညာဉ်ဘုံထဲ ရောက်ရင် တခြားဂိုဏ်းက လူတွေကို သတိ ပိုထားရမယ်။ သူတို့က မင်းတို့ကို အချိန်မရွေး သတ်သွားနိုင်တယ်”
ချင်တောင်ပိုင်က အလေးအနက် သတိပေး လိုက်သည်။
“ခေါင်းဆောင် မှန်ကန် တရားမျှတတဲ့ဆိုတဲ့ ဂိုဏ်းကြီး သုံးဂိုဏ်းက ဂိုဏ်းသားတွေ အချင်းချင်း သတ်ဖြတ်ကြတယ် ဟုတ်လား”
လျိုရွှယ်ရှင်းက ဒွိဟ ဖြစ်နေလေသည်။ လျို့ရွှယ်ရှင်းနှင့် ဖုယုံရွှယ်တို့ နာမည် ရလာသည်မှာ တစ်နှစ်၊ နှစ်နှစ်မျှသာ ရှိသေးသဖြင့် လျှို့ဝှက် ဝိညာဉ်ဘုံ အကြောင်း သိပ်မသိပေ။
“လျှို့ဝှက် ဝိညာဉ်ဘုံက ဘာလို့ မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်အောက်ပဲ ဝင်လို့ရလဲ ငါလည်း မသိဘူး။ ကောင်းကင်သားရဲ ဘုရင်အဆင့်တွေတင် မကဘူး။ တချို့ မဟာသားရဲ ဘိုးဘေး အဆင့် တန်ခိုးရှင်တွေပါ လျှို့ဝှက်ဝိညာဉ်ဘုံထဲ ဝင်ဖို့ ကြိုးစားဖူးတယ်။ ဒါပေမဲ့ သူတို့ ဝင်လိုက်တာနဲ့ သူတို့က လျှို့ဝှက် ဝိညာဉ်ဘုံထဲကနေ အလိုအလျောက် နှင်ထုတ်ခံရတယ်”
“ပြီးတော့ လျှို့ဝှက်ဝိညာဉ်ဘုံထဲကို အသက်သုံးဆယ် မကျော်တဲ့ မြေကမ္ဘာ သားရဲစစ်သူကြီး အဆင့်တွေပဲ ဝင်လို့ရတယ်။ အသက်သုံးဆယ် ကျော်သွားရင် ဝင်ခွင့် မရှိတော့ဘူး။ ဝင်သွားခဲ့ရင်လည်း အလိုအလျောက် နှင်ထုတ်ခံရမယ်”
“ဂိုဏ်းကြီး သုံးဂိုဏ်းက တကယ်ပဲ အထဲမှာ သတ်ဖြတ် ကြတာပဲ။ ဒါပေမဲ့ လျှို့ဝှက် ဝိညာဉ်ဘုံက သိပ်ကျယ်ဝန်းတယ်။ နေရာတိုင်းမှာ အန္တရာယ်နဲ့ ကြုံတွေ့နိုင်တယ်။ ဂိုဏ်းကြီး သုံးဂိုဏ်းက ဂိုဏ်းသားတွေက အခြေအနေလည်း ပေးတယ်။ သက်သေလည်း မကျန်နိုင်ရင် မင်းတို့ကို ဒီအတိုင်း တွေ့ရင်တောင် မင်းတို့ကို ပြိုင်ဘက် တစ်ယောက် လျော့အောင် လုပ်ကြံမှာပဲ”
“ရဲချန်ဖန် မင်းအတွက် သတိပေးစရာ ရှိတယ်။ ငါ မဟာကောင်းကင် မီးဂိုဏ်းက သတင်း ကြားထားတာ။ မင်းနဲ့ ပြဿနာ ဖြစ်ခဲ့တဲ့ ယုံရှန်ရှင်းရဲ့ အစ်ကို ယုံရှန်ရန်ကလည်း လျှို့ဝှက် ဝိညာဉ်ဘုံထဲ ဝင်မယ့် စာရင်းထဲမှာ ပါတယ်။ သူက သူ့ညီ မသေခင်က ဆန္ဒဖြစ်တဲ့ မင်းကို သတ်ချင်တာကို သူ့ ညီအတွက် ဖြည့်ဆည်းပေးမယ်လို့ ကြားတယ်။ သူက မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့် ရောက်နေပြီးပြီ”
“ယုံရှန်ရန်လား”
ထိုသတင်း ကြားပြီး ရဲချန်ဖန်သည် လူသတ်ရသည်ကို နှစ်သက်ခြင်း မရှိသော်လည်း လူသတ်စိတ်က ထွက်ပေါ် လာလေသည်။ အကယ်၍ သူ ယုံရှန်ရန်ကို လျှို့ဝှက် ဝိညာဉ်ဘုံထဲတွင် တွေ့ပါက သူတို့ကြားတွင် ဖြေရှင်းမရပဲ တစ်ဦးသေမှသာ ပြေလည်မည့်ကိစ္စ ဖြစ်ကြောင်း နားလည် လိုက်သည်။ ယုံရှန်ရန် အစွမ်းကိုတော့ ရဲချန်ဖန် ဂရုမစိုက်ပေ။ သူသာ ယုံရှန်ရန်နဲ့ တွေ့ဆုံပါက ယုံရှန်ရန်ကို အနိုင်ယူရန် ယုံကြည်ချက် အပြည့် ရှိလေသည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ ကျွန်တော် သတိထားပါ့မယ်”
ရဲချန်ဖန်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
“မင်းတို့ လျှို့ဝှက် ဝိညာဉ်ဘုံက ရတနာတွေ ရလာပြီး မဟာကောင်းကင် မီးဂိုဏ်းဆီ ပေးအပ်ရင် များပြားလှတဲ့ ဆုလာဒ်တွေအပြင် မဟာကောင်းကင် မီးဂိုဏ်းဝင်ခွင့်အပြင် အတွင်းစည်း တပည့် ဖြစ်လာနိုင်တယ်”
“ငါ ပြောချင်တာတော့ ပြီးပြီ။ ကျန်တာကတော့ မင်းတို့အပေါ် မူတည်သွားပြီ။ မင်းတို့ လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ အခွင့်အရေးတွေရပြီး အန္တရာယ် ကင်းစွာ ပြန်လာနိုင်ပါစေ”
“စိတ်ချပါ ခေါင်းဆောင်။ ကျွန်တော်တို့ ကောင်းကင်မီးဂိုဏ်း မျက်နှာ မငယ်စေရပါဘူး”
အလွန် လေးနက်သည့် အမူအရာဖြင့် လျိုရွှယ်ရှင်းက ကတိပြုလိုက်သည်။
“ကောင်းပြီ။ မနက်ဖြန် မနက်ကျရင် ငါတို့ ရွှံ့နွံနက် ရေကန်ဆီ သွားကြမယ်။ မင်းတို့ ပြန်နားလို့ရပြီ”
ချင်တောင်ပိုင်က ရဲချန်ဖန်အတွက် စိတ်ပူနေမိသည်။ မဟာကောင်းကင် မီးဂိုဏ်းသား ယုံရှန်ရန်နဲ့ ရင်ဆိုင်တွေ့လျှင် ရဲချန်ဖန်အတွက် အန္တရာယ် များသည်။ နောက်တစ်နေ့တွင် ရဲချန်ဖန်လည်း အချိန်မှန်စွာ စောင့်ဆိုင်းနေသည်။ ချင်တောင်ပိုင်နှင့် လင်းဖန်တို့က သူတို့ကို လိုက်ပါ ပို့ဆောင်ပေးကြမည် ဖြစ်သည်။
ကောင်းကင် မီးဂိုဏ်းနှင့် ရွှံ့နွံနက် ရေကန်တို့သည် မိုင်ပေါင်း သောင်းပေါင်းများစွာ ဝေးကွာရာ သူတို့က အစိမ်းရောင် တောင်ပံများနှင့် သိမ်းငှက်ကြီးကို စီးနှင်ကာ ထွက်ခွာ သွားကြလေသည်။ ငါးရက်ကြာ ပြီးနောက် မရေတွက်နိုင်သော နိုင်ငံငယ်လေးများကို ဖြတ်ကျော်ပြီး ရွှံ့နွံနက် ရေကန်စပ်နားသို့ ရောက်ရှိ လာသည်။
“လျှို့ဝှက်ဝိညာဉ်ဘုံက ရွှံ့နွံနက် ရေကန်အလယ် ဗဟိုမှာ ရှိနေတာ။ ဒါကြောင့် အဲကိုပဲ သွားရအောင်”
ချင်တောင်ပိုင်က အဝေးကို ကြည့်ပြီး ပြောလိုက်သည်။
“ခေါင်းဆောင်၊ ကျွန်တော်တို့ ရှေ့မှာ ရှိနေတာက ဘာကြီးလဲ”
အစိမ်းရောင် သိမ်းငှက်ကြီးက အလွန်လျင်မြန်စွာ ပျံသန်းနေချိန်တွင် သူတို့ရှေ့နားတွင် အနီရောင် အလင်းတန်းကို မြင်လိုက်ရ၍ မေးမြန်း လိုက်သည်။
“အဲဒါ လျှို့ဝှက်ဝိညာဉ်ဘုံက ထွက်နေတာပဲ။ အဲအလင်းတွေ သတ်မှတ်တဲ့ ပမာဏတစ်ခု ရောက်တာနဲ့ အဲအလင်းက လျှို့ဝှက် ဝိညာဉ်ဘုံ ဝင်ပေါက် ဖြစ်ပေါ်လာမှာပဲ။ အဲခါမှ မင်းတို့ ဝင်လို့ရမှာ”
ချင်တောင်ပိုင်က ဖြေလိုက်သည်။
“သွားရအောင်”
တောင်ပံနှစ်ခုနှင့် အစိမ်းရောင် သိမ်းငှက်ကြီးက အနီရောင် အလင်းတန်းနား နီးကပ် လာသည်နှင့်အမျှ ဂနာမငြိမ် ဖြစ်လာပြီး ကြောက်ရွံ့နေဟန် ပုံပေါ်သည်။ ချင်တောင်ပိုင်လည်း အနီရောင် အလင်းတန်းများ အနီးသို့ မကပ်ရဲပေ။ ထို့ကြောင့် ရွှံ့နွံနက် ရေကန်နေရာ တစ်ခုတွင် ဆင်းသက်စေရန် အမိန့်ပေး လိုက်သည်။
“သူတို့တွေ ငါတို့ထက် အရင်ရောက်နေမယ် မထင်ထားမိဘူး”
သူတို့ ဆင်းသက် လိုက်သည်နှင့် အဝေးတစ်နေရာတွင် လူဆယ်ဦး၏ ပုံသဏ္ဌာန်ကို တွေ့လိုက်ရပြီး ချင်တောင်ပိုင်က တီးတိုးရေရွတ် လိုက်သည်။ ထိုလူများသည်လည်း အနီရောင် အလင်းတန်းများနှင့် မနီးမဝေး တစ်နေရာတွင် စခန်းချနေကြပြီး လျှို့ဝှက် ဝိညာဉ်ဘုံ ပွင့်မည့်အချိန်ကို စောင့်ဆိုင်း နေကြသည်။
“ရဲချန်ဖန် အနက်ရောင် အင်္ကျီနဲ့ မျက်လုံးပေါ်မှာ အမာရွတ်ရှိတဲ့လူက ဟောင်လင်းပဲ။ သူက လေမုန်တိုင်း ကျေးရွာရဲ့ ဒီနှစ် ပထမ ရထားတဲ့ ပါရမီရှင်ပဲ။ သူက အရမ်း အစွမ်းထက်တယ်။ ငါ သူနဲ့ တိုက်ခိုက်ဖူးတယ်။ သူ့ကို တစ်ကွက်တည်းနဲ့ ငါ ရှုံးနိမ့်ခဲ့တယ်”
ရဲချန်ဖန်က မုန်တိုင်း ကျေးရွာမှ လူများကို ကြည့်နေစဉ်တွင် ဖုယုံရွှယ်က သူ့နား နားတွင် ကပ်၍ ပြောလိုက်သည်။
“အဲဟောင်လင်းက တော်တော် အစွမ်းထက်တဲ့ ပုံပဲ”
ရဲချန်ဖန်သည် ဖုယုံရွှယ် ပြောနေသည့် လူငယ်လေးကို ကြည့်လိုက်ရာ ထိုလူငယ်လေးထံမှ အန္တရာယ် အငွေ့အသက်များကို ရလိုက်ရ၍ ရဲချန်ဖန်က အနည်းငယ် အံ့ဩ သွားမိသည်။
“အဲဟောင်လင်းက လှံသိုင်းမှာ ပါရမီရှင်ပဲ။ ငါ သူ့ကို ရှုံးတုန်းက ငါ နတ်ဘုရား သားရဲ သွေးမျိုးဆက်လည်း အသက်မသွင်းသလို ဆေဘာ ဓားအင်အားကို တစ်ဝက်ပဲ နားလည်သေးတယ်။ ငါ အခု သူနဲ့ တိုက်ရင် ငါနိုင်မယ်လို့ ယုံတယ်။ အဲဟောင်လင်းအပြင် မိုးကြိုးဂိုဏ်းက ရဲကီရှင်းကိုလည်း လျော့မတွက်နဲ့။ သူ့လက်မှာ သေသွားတဲ့ လူက အနည်းဆုံး ငါးထောင်လောက် ရှိနေပြီ” ဖုယုံရွှယ်က ပြောလိုက်သည်။
“သူ့ပုံ ကြည့်ရတာ လူသတ်ချင်တာကို ဖုံးကွယ်ထားလို့ မရဘူး။ ကြည့်ရတာ သူက သတ်ဖြတ်ခြင်း တာအိုကို လေ့ကျင့်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ လူတွေကို သတ်ဖြတ်နေတာ ဖြစ်မယ်”
ရဲချန်ဖန်က အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော်ပုံ ရှိသည့် လူငယ်လေးကို ဂရုတစိုက် အကဲခတ် လိုက်သည်။
“သူတို့ နှစ်ယောက်ကလွဲရင် ကျန်လူတွေကို သိပ်ကြောက်စရာ မလိုဘူး။ ငါတို့ ဒီတစ်ခေါက် လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ အခွင့်အလမ်း များများရစေဖို့ ကျန်ဂိုဏ်းကြီးတွေရဲ့ ထိပ်သီးတွေက အနည်းဆုံး မြေကမ္ဘာ သားရဲစစ်သူကြီး ဆဌမအဆင့်တွေ ဖြစ်လိမ့်မယ်”
ဖုယုံရွှယ် ထိုမျှ စကား ပြောသည်မှာ အလွန်ရှားလှသည်။ သူမက အသံလှိုင်း ပို့လွှတ်၍ ရဲချန်ဖန်ကို အဆက်မပြတ် ပြောနေသည်။
“ချင်တောင်ပိုင် မင်းတို့ ဂိုဏ်းမှာ လူတစ်ယောက်မှ မရှိတော့ဘူးလား။ မင်းက ဘာလို့ မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထ အဆင့်တွေကို လျှို့ဝှက် ဝိညာဉ်ဘုံထဲ လွှတ်မလို့လား”
ရဲချန်ဖန်တို့ တစ်သိုက် လျှို့ဝှက် ဝိညာဉ်ဘုံ ပွင့်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် နှာခေါင်းချွန်ချွန်နှင့် လေမုန်တိုင်း ကျေးရွာမှ အသက်ကြီးကြီး အဘိုးအို တစ်ယောက်က ချင်တောင်ပိုင်ကို လှောင်ပြောင်လိုက်သည်။
“ယွမ်ကုန်ရှီ၊ မင်းပါးစပ်က သိပ်ရွံစရာ ကောင်းတာပဲ။ မင်းပါးစပ်က ဘယ်တော့မှ မပြောင်းဘူးပဲ။ မင်းသာ မင်းဂိုဏ်းသားတွေ ကံမဆိုးစေဖို့ ဆုတောင်းထား”
ချင်တောင်ပိုင်က သူ့ ပြိုင်ဘက် ဟောင်းကြီးကို တစ်ချက် ကြည့်လိုက်ပြီး ခွန်းတုံ့ပြန် ပြောလိုက်သည်။
“မင်း မင်း”
ချင်တောင်ပိုင်၏ တုံ့ပြန်စကားကို ကြားပြီး ယွမ်ကုန်ရှီ မျက်နှာ အလွန်မည်းသည်း သွားလေသည်။ သူ့ မျက်လုံးမှ ရက်စက်မည့် အယောင်များ ထွက်လာလေသည်။ အခြေအနေက တင်းမာ လာနေစဉ် တောင်ပံလေးခုနှင့် မီးငှက်ကြီးက သူတို့ထံ အလွန်လျင်မြန်သည့် နှုန်းဖြင့် ပျံသန်း လာနေသည်ကို တွေ့လိုက်ရသည်။ မီးငှက်ကြီးကို ကြည့်ပြီး ယွမ်ကုန်ရှီ မျက်နှာ အနည်းငယ် ပျက်သွားလေသည်။ ချင်တောင်ပိုင်ကို ယွမ်ကုန်ရှီက ဒေါသတကြီး ကြည့်လိုက်ပြီးနောက် ဆက် ရန်မစ ရဲတော့ပေ။
အခန်း (၁၂၄) ပြီး၏။ (၁၂၅) မျှော်