Switch Mode

Chapter – 123

မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်

အခန်း (၁၂၃)
မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်

“အစ်မတော်ဖု ရှုံးသွားပြီ။ အစ်ကို​တော်ရဲ ပထမ ရသွားပြီ”

အဝတ်အစားများပင် စုတ်ပြဲကာ ဓားကိုအားပြုပြီး မတ်တပ် ရပ်နေရသော ဖုယုံရွှယ်ကို ကြည့်ပြီး လူအုပ်ကြီးမှာ အလွန် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ သူတို့အတွက် ဖုယုံရွှယ်သည် အလှနတ်ဘုရားမ တစ်ပါး သာမက ယှဉ်ပြိုင် အနိုင်ယူလို့ ရမည့်သူ မဟုတ်ဟု မှတ်ယူ ထားကြသည် မဟုတ်ပါလော။

“ငါတို့ နိုင်ပြီ။ ချန်ဖန်က အစ်မတော်ဖုကို တကယ် အနိုင်ရသွားပြီ”

လင်းခီဆုက အကျယ်ကြီး မအော်မိစေရန် သူမ၏ လှပ သေးသွယ်သော လက်ဖြင့် ပါးစပ်ကို ပိတ်ထားရသည်။ သို့သော် ရဲချန်ဖန်ကို သူမ နှလုံးသားထဲတွင် တံဆိပ်နှိပ် ထားသကဲ့သို့ စွဲထင်နေပြီး ဖြစ်သည်။

“ကောင်းတယ်။ အရမ်းကောင်းတယ် ချန်ဖန်။ မင်းက ငါတို့ စိတ်မပျက်စေခဲ့ဘူး”

ရဲချန်ဖန်က ဖုယုံရွှယ်ကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့ခြင်းဖြစ်ရာ ဒီလို ဖြစ်လာမှုသည် သူတို့ ထင်ထားမှုကို ကျော်လွန်နေသည်။ ထို့အပြင် ဖုယုံရွှယ်က နတ်ဘုရားဝိညာဉ် သားရဲသွေးမျိုးဆက်ကို အသက်သွင်း လိုက်သဖြင့် သူမ၏ ပုံမှန်မြင့်သည့် အဆင့်တစ်ဆင့်ထက် အစွမ်း ရှိလာသော်လည်း ရဲချန်ဖန်ကို အရေး နိမ့်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ချင်တောင်ပိုင်သည် ပို၍ စိတ်လှုပ်ရှား ပျော်ရွှင်လာမိသည်။ ဖုယုံရွှယ်သည်လည်း သာမန် ပါရမီရှင် မဟုတ်ပေ။ လျှို့ဝှက် ဝိညာဉ်ဘုံတွင် သူတို့ အခွင့်အလမ်း များများရရန် မျှော်လင့်ချက်များ တိုးပွားလာသည်။ ရဲချန်ဖန်နှင့် ဖုယုံရွှယ်တို့သာ လျှို့ဝှက် ဝိညာဉ်ဘုံတွင် ကြီးမားသော အခွင့်အရေး ရလာပါက သူ့အတွက်လည်း အလွန် အကျိုး များစေမည် ဖြစ်သည်။

“ရဲချန်ဖန်၊ ဖုယုံရွှယ်၊ လျို့ရွှယ်ရှင်း ဒါ မင်းတို့အတွက် ဆုတွေပဲ။ ဒီဝိညာဉ်အဆင့် ဆေးလုံး သုံးလုံးက မင်းတို့ အတွက်ပဲ”

ချင်တောင်ပိုင်က ကျောက်စိမ်း ကြွေဘူးလေး သုံးခုကို ထုတ်ယူပြီး ရဲချန်ဖန်တို့ကို ပေးလိုက်သည်။

“မင်းတို့ ပြန်ပြီး နားလို့ရပြီ။ လျှို့ဝှက် ဝိညာဉ်ဘုံ ဖွင့်ရင် မင်းတို့ အဆင့်သင့် ဖြစ်နေအောင် လုပ်ထားကြ။ အချိန်ကျရင် မင်းတို့ကို အကြောင်းကြားပြီး အဲဆီကို ခေါ်သွားမယ်”

ချင်တောင်ပိုင်က ပြောလိုက်လေသည်။

“ဟုတ်ကဲ့ပါ ခေါင်းဆောင်”

ထို့နောက် ရဲချန်ဖန်တို့ သုံးယောက်သားသည် လူတကာ အားကျသော အကြည့်အောက်တွင် ဆုများကို ရယူပြီး နေထိုင်သည့် ခြံဝင်းလေးထဲ ပြန်သွားလေသည်။

ရဲချန်ဖန်က သူနေသည့် ခြံဝင်းလေးထဲ ရောက်သည်နှင့် အကာအကွယ် မှော်အစီအရင်ကို ဖွင့်လိုက်ပြီး ရလာသည့် ဆုများထဲမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူ လိုက်သည်။ ထို့နောက် ဝိညာဉ်စုပ်သိုင်း သုံးကာ စုပ်ယူလိုက်ပြီး ရရှိလာသော ဒဏ်ရာများကို စတင် ကုသတော့သည်။

ဖုယုံရွှယ်နှင့် တိုက်ပွဲတွင် ရဲချန်ဖန်လည်း ဒဏ်ရာများ အတော်လေး ပြင်းထန်အောင် ရရှိခဲ့သည်။ သို့သော် မပျောက်ကင်းနိုင်သော ဒဏ်ရာတော့ မဟုတ်ပေ။ ကုသနေရင်းနှင့်ပင် တိုက်ပွဲမှ ရရှိလာသည့် ဓားအင်အား ဉာဏ်အလင်းများကို သုံးသပ်နေသည်။ ရဲချန်ဖန်သည် အချိန်တိုအတွင်း လျှို့ဝှက် ဝိညာဉ်ဘုံ မဖွင့်ခင် အစွမ်းများ ရသလောက် တိုးအောင် ကြိုးစားနေသည်။

ဓားအင်အား အဆင့်တက်ခြင်းသည် သူ့ကို အဆပေါင်းများစွာ အစွမ်းထက် စေနိုင်သော်လည်း ဓားအင်အား အဆင့်တက်ရန် ရက်တိုတိုဖြင့် လုပ်ဆောင်၍ ရသောအရာ မဟုတ်ပေ။ ထို့ကြောင့် မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့် ရောက်ရန် ကြိုစားရန် ဆုံးဖြတ် လိုက်သည်။

“ဒီအဆင့်မြင့် ဝိညာဉ်ဆေးလုံးက ကောင်းကင်နဲ့ မြေကြီး ဆေးမြက်ပေါင်း တစ်ရာကျော်နဲ့ ပေါင်းစပ် ဖော်စပ်ထားတာပဲ။ ဒါကို သောက်သုံးလိုက်ရင် ဝိညာဉ်စွမ်းအင် အများအပြား တိုးတက် လာနိုင်တယ်။ ပြီးတော့ ဆေးအဆိပ်လည်း မရှိသလောက်ပဲ”

ရဲချန်ဖန်က နတ်ဦးနှောက် အသုံးပြု၍ ကျောက်စိမ်း ဆေးဘူးလေးကို စစ်ဆေး ကြည့်လိုက်ရာ ဆေးလုံးပေါ်တွင် တာအိုလှိုင်း သုံးခု ပါရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် နတ်ဦးနှောက်မှ သတင်းအချက်အလက်များ သူ့စိတ်ထဲ ချက်ချင်း ပေါ်လာလေသည်။

အဆင့်မြင့် ဝိညာဉ်ဆေးလုံး၏ ဆေးစွမ်းကို သိပြီးနောက် ရဲချန်ဖန်သည် အချိန်မဆိုင်းဘဲ ဆေးလုံးကို သောက်သုံး လိုက်လေသည်။ ထို့နောက် ဝိညာဉ်စုပ်သိုင်း သုံးကာ ဆေးစွမ်းကို စတင် စုပ်ယူတော့သည်။ ဆေးစွမ်းမှာ အလွန် ပြင်းထန်ခြင်း မရှိပေ။ ထို့ကြောင့် ရဲချန်ဖန်မှာ နာကျင်မှုကို ခံစားရခြင်း မရှိပေ။ သိမ်မွေ့သော စွမ်းအင်များက သွေးကြောများ မှတစ်ဆင့် တစ်ကိုယ်လုံး စီးဆင်းသွားသည်။ ထို့နောက် သူ့ သွေး၊ အသားများနှင့် ပေါင်းစပ်နေသည်။

ရဲချန်ဖန်က ယုံရှန်ရှင်းကို သတ်ခဲ့စဉ် ဝိညာဉ်အဆင့် ဆေးလုံး ရရှိခဲ့သည်။ သို့သော် သူ ယခုရရှိသော ဆေးမှာ ပို၍ အစွမ်းထက်သည်။ ဆေးစွမ်းကို စုပ်ယူရင်း သူ မြေကမ္ဘာ သားရဲစစ်သူကြီး တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ တဖြည်းဖြည်းနှင့် သူ နောက်တစ်ဆင့် တက်ရန် နီးကပ် လာလေသည်။

ရဲချန်ဖန်ကသာ အဆင့်မတက်စေရန် အဆက်မပြတ် ဖိနှိပ်ထားခြင်း မရှိပါက သူသည် မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်ကို ရောက်ရှိနေပြီး ဖြစ်သည်။ တစ်ရက်ကြာ ပြီးနောက် သူ ဝိညာဉ်စွမ်းအင်များ ပြည့်လျှံနေပြီ ဖြစ်သည်။ အစွမ်းထက်လှသော ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲ ထွက်လာပြီး သူ နောက်တစ်ဆင့်ကို တက်ရောက် သွားလေသည်။

“မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်”

ရဲချန်ဖန်သည် သူ အဆင့်တက်နေသည့် ပြောင်းလဲမှုများကို ခံစားနေရင်း သူ့ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်က ဖြစ်ပေါ်လာသည်။

ရဲချန်ဖန်သည် နောက်တစ်ဆင့် တက်သွားသော်လည်း ဆေးစွမ်းများ မကုန်သေးဘဲ သုံးပုံတစ်ပုံ နီးပါး ကျန်နေသည်ကို တွေ့လိုက်ရသည်။ သူက ဝိညာဉ်စွမ်းအင်များ အလွန်ပြည့်လျှံစွာ နောက်တစ်ဆင့် တက်သွားသဖြင့် အဆင့်ကို အခြေခိုင်အောင် ပြုလုပ်ရန် မလိုအပ်ပေ။ ထို့ကြောင့် ရဲချန်ဖန်သည် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို လှည့်ပတ်ကာ ဆေးစွမ်းများကို စုပ်ယူလိုက်သည်။

သူ့ကိုယ်တွင်း အင်္ဂါ သန်မာအောင် လေ့ကျင့်ပြီးနောက် သူ နောက်တိုးတက် လာစေရန် လိုအပ်ချက်မှာ ပိုမို များပြားလာပြီး ခက်သထက် ခက်လာလေသည်။ ထို့ကြောင့် ဆေးစွမ်းမှာ ထူးခြားမှု မရှိပေ။ သူ သက်ပြင်းသာ ချမိလိုက်သည်။ ထို့နောက် ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ် အဆင့်သေးတစ်ခု တက်ရန် အတွေးကို ဖယ်ထုတ်လိုက်ပြီး ရေခဲနတ်သမီးလေး ပေးခဲ့သော သူမ၏ ဓားသိုင်း အတွေ့အကြုံ မှတ်စုကို ထုတ်ယူလိုက်သည်။ ရဲချန်ဖန်သည် သူ့ခြံဝင်းလေးထဲတွင် လေ့ကျင့်နေစဉ် မမျှော်လင့်သော သူသည် သူ့ထံ ရောက်လာ လေသည်။

“အစ်မတော်ဖု ကျွန်တော့်ကို ဘာကိစ္စနဲ့ ရှာတာလဲ မသိဘူး”

ရဲချန်ဖန်က အနက်ရောင် ကိုယ်ကျပ် ဝတ်စုံနှင့် အလွန်လှပပြီး ရှိုက်ကြီးရှိုက်ဖို အသွယ်အသွယ်နှင့် မြင်သူ ဖမ်းစားနိုင်သော ဖုယုံရွှယ်ကို မေးလိုက်သည်။ ဖုယုံရွှယ်၏ အော်ရာကို ကြည့်လိုက်သည်နှင့် သူမက မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့်ကို တက်ရောက် သွားသည်ကို တွေ့လိုက်ရသည်။

“မင်းကို ရှာတာက”

ဖုယုံရွှယ်က ပြောလိုက်ရာ နှင်းဆီရောင် နှုတ်ခမ်းဖူးလေးများက ပွင့်သွားပြီး သူမ၏ လှုပ်ရှားမှုတိုင်းမှာ ကျက်သရေနှင့် ပြည်စုံနေရာ သူမမှာနတ်ဘုရားမ တစ်ပါး အလားပင်။

“အင်း၊ ငါတို့ ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင်ကို သွားရအောင်”

ဖုယုံရွှယ်က သူမ အဆင့်တက် သွားသဖြင့် စမ်းသပ်ရန် ရဲချန်ဖန်ကို စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

ဖုယုံရွှယ်နှင့် တိုက်ပွဲသည် သူ့ကိုလည်း အကျိုးများစွာ ရခဲ့သောကြောင့် ဖုယုံရွယ် စိန်ခေါ်မှုကို ရဲချန်ဖန်က ငြင်းပယ်ခြင်း မရှိပေ။ ထို့ကြောင့် ရဲချန်ဖန်သည် ဖုယုံရွှယ် နှင့်အတူ လိုက်သွား လိုက်လေသည်။ သိပ်မကြာခင်မှာပင် ရဲချန်ဖန်တို့ ပြိုင်ပွဲ ကွင်းပြင်သို့ ယှဉ်ပြိုင်ရန် ရောက်နေကြောင်း သတင်းက အလျင်အမြန် ပျံ့နှံ့သွားသည်။

သူတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုရန် ပြေးလာနေကြလေသည်။ ရဲချန်ဖန်သည် အဆင့်တက် သွားသဖြင့် အလွန်တိုးတက် လာသော်လည်း သူသည် ဖုယုံရွှယ်နှင့် အနည်းငယ် တိုက်ခိုက်ပြီးနောက် ဖုယုံရွှယ်လည်း အလွန်တိုးတက်လာကြောင်း တွေ့လိုက်ရသည်။ သို့သော် သူတို့သည် လက်ရည်ခြင်း ယှဉ်ပြိုင်သည့် သဖွယ်သာ ယှဉ်ပြိုင်ကြပြီး အသက်လု တိုက်ပွဲကဲ့သို့ ပြိုင်ဆိုင်ခြင်း မဟုတ်သဖြင့် အန္တရာယ် မများချေ။ သုံးနောက်ရီ ကြာပြီးနောက် သူ မောပန်းလာပြီး သူတို့ နှစ်ယောက် တိုင်ပင်ထားသည့်နှယ် တစ်ပြိုင်နက် ရပ်လိုက်ကြသည်။ ထို့နောက် ဝိညာဉ် တိုက်ခိုက်ရေး ကွင်းပြင်မှ ပြန်ကာ ရလာသည့် ဉာဏ်အလင်းများကို သုံးသပ် နေကြလေသည်။ ရဲချန်ဖန်နှင့် ဖုယုံရွှယ်တို့သည် ဆယ်ရက်ဆက်တိုက် နေ့စဉ် တိုက်ခိုက်ကြရာ ရဲချန်ဖန်က ဓားအင်အား၊ ဖုယုံရွှယ်က ဆေဘာဓား အင်အားကို နားလည်မှု အလွန် တိုးတက် လာလေသည်။

“ရဲချန်ဖန် ဒီအကွက်ကို ခုခံစမ်း”

အနက်ရောင် ကိုယ်ကျပ် ဝတ်စုံဖြင့် မိန်းမချောလေးက ပြင်းထန်စွာ တိုက်ခိုက်လိုက်ရာ ကမ္ဘာမြေပင် ကွဲအက် သွားနိုင်သည်။ ဓားအလင်းက ရဲချန်ဖန်ဆီ ဝင်ရောက် လာလေသည်။

“ယား”

ရဲချန်ဖန်က ဓားဖြင့် အလျင်အမြန် ခုခံလိုက်သည်။ သို့သော် တိုက်ခိုက်မှုမှာ အလွန် ပြင်းထန် လှသဖြင့် ရဲချန်ဖန် တစ်ကိုယ်လုံး တုန်လှုပ်သွားကာ သွေးများ အန်ထုတ် လိုက်ရသည်။

“ဆေဘာဓား အင်အား ဒုတိယအဆင့်”

ရဲချန်ဖန်က ယခု ဖုယုံရွှယ် ဖျက်ဆီးခြင်း အစွမ်းများ ပြည့်နေသည့် တိုက်ခိုက်မှုကို ကြည့်ပြီး မျက်နှာ အနည်းငယ် ပြောင်းလဲသွားကာ အာမေဍိတ်သံပင် ထွက်သွားလေသည်။

“မိုက်တယ်မလား။ နင် တစ်ယောက်တည်းပဲ ဓားအင်အား ဒုတိယအဆင့်ကို နားလည်တာ မဟုတ်ဘူး”

ဖုယုံရွှယ်၏ လှပသော နှင်းဆီရောင် နှုတ်ခမ်းလေးက ကွေးညွှတ်သွားပြီး အလွန်လှပသော အပြုံးတစ်ပွင့် ဖြစ်ပေါ် လာလေသည်။ အလွန် ပျော်ရွှင်နေသော ဖုယုံရွှယ်က အနည်းငယ် လှုပ်ရှား လိုက်ရာ စင်မြင့်ပေါ်မှ ပျောက်ကွယ်ကာ အဝေးသို့ ရောက်ရှိပြီး ရဲချန်ဖန်၏ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်။
အခန်း (၁၂၃) ပြီး၏။ (၁၂၄) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset