အခန်း (၁၂၂)
အနိုင်အရှုံး
“ဓားအင်အား ဒုတိယအဆင့်လား။ ရဲချန်ဖန်က ဓားအင်အား ဒုတိယ အဆင့်ကိုတောင် နားလည် သွားပြီးပြီ ဟုတ်လား။ သူ့ အသက်က ဆယ်ခုနစ်နှစ်တောင် မပြည့်သေးဘူးမလား”
ဖုယုံရွှယ် အာမေဍိတ်သံ ထွက်ပေါ်လာသည်နှင့် ချင်တောင်ပိုင်လည်း ထိုင်ခုံမှ ထရပ်မိသည်အထိ အံ့ဩ တုန်လှုပ်ကာ မျက်လုံးများ ပြူးကျယ်နေသည်။
“အရိပ်မဲ့သိုင်း”
လူပေါင်းများစွာ၏ ကြောက်ရွံ့ တုန်လှုပ် အံ့ဩနေသော မျက်လုံးများ အောက်တွင် ရဲချန်ဖန် ခြေထောက်များက အလင်းလိုပင် လျင်မြန်စွာ လှုပ်ရှားသွားပြီး ဖုယုံရွှယ်ကို ပြင်းထန်စွာ တိုက်ခိုက် လိုက်သည်။ ရဲချန်ဖန်သည် သူ၏ ဝိညာဉ်စွမ်းအင်များ အကုန် ထုတ်မသုံးသေးသော်လည်း ဓားအင်အား ဒုတိယအဆင့်ကြောင့် ဖုယုံရွှယ်ကို အသာစီး ရလာလေသည်။ သူတို့ တိုက်ခိုက်မှုမှာ အလွန် လျင်မြန်လှသဖြင့် အရိပ်များသာ တွေ့နေရတော့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အကွက်ပေါင်း များစွာ ယှဉ်ပြိုင် ပြီးသွားပြီ ဖြစ်သည်။ အစွမ်းထက်ခြင်း မရှိသော သူများသည် ဘာဖြစ်သွားမှန်းပင် မမြင်ရတော့ပေ။
“ယား”
ဖုယုံရွှယ်က သူမကို ရဲချန်ဖန်က အဆက်မပြတ် ဖိတိုက်နေသဖြင့် ရဲချန်ဖန် နောက်ဆုတ် သွားစေရန် ပြင်းထန်လှသော ဓားကွက်များ အဆက်မပြတ် ထုတ်သုံးလိုက်သည်။
“ရဲချန်ဖန် ရှင်က ပြိုင်ဘက်ကောင်းပဲ”
ဖုယုံရွှယ်က ရဲချန်ဖန် နောက်ဆုတ်သွားအောင် လုပ်လိုက် နိုင်သော်လည်း သူမက ရဲချန်ဖန်ကို အနိုင်ယူနိုင်ရန် အခွင့်အရေးမှာ အလွန်နည်းနေပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။ သူမသာ တစ်ကွက်ကောင်း အနိုင် မယူနိုင်ပါက သူမ အနိုင်ရရန် မဖြစ်နိုင်တော့ပေ။
“အစ်မတော်လည်း အရမ်းအစွမ်းထက်တာပဲ”
ရဲချန်ဖန်က ဖုယုံရွှယ်နှင့် တိုက်ခိုက်ရန် အလွန် စိတ်အား ထက်သန်နေသည်။ ဖုယုံရွှယ်၏ ဆေဘာဓား အင်အားကို သူ အလွန် စိတ်ဝင်စား နေသည်။ သူမနှင့် တိုက်ခိုက်ရင်း ရဲချန်ဖန်က သူ၏ ဓားအင်အားကို ပို၍ နားလည် သဘောပေါက် လာစေရန် ကြိုးစားနေသည်။
“ယား”
ရဲချန်ဖန်က ဖုယုံရွှယ်ကို အသက်ရှူခွင့်ပင် မရစေရန် ဆက်လက် တိုက်ခိုက် လိုက်သည်။ ပေါင်တစ်သိန်း နှစ်သောင်းကျော် စွမ်းအားကို ဓားအတွင်း ဖြည့်သွင်းလျက် ဖုယုံရွှယ်ဆီ တိုက်ခိုက် နေခြင်း ဖြစ်သည်။ ဖုယုံရွှယ်က သူမ၏ ဆေဘာဓား အင်အားကို အသုံးပြု၍ ခုခံလိုက်သော်လည်း ရဲချန်ဖန်၏ ဖိတိုက်ခြင်းကိုသာ ခံနေရသည်။
ဓားအင်အား ဒုတိယ အဆင့်က ဖုယုံရွှယ်၏ တိုက်ခိုက်မှုကို ပျက်ပြားစေပြီး သူမ၏ ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် ကုန်ဆုံးစေသည်။ ဆက်တိုက် ဖိတိုက် ခံနေရသဖြင့် ဖုယုံရွှယ် နောက်သို့ မကြာခဏ ဆုတ်နေရလေသည်။ သူမ၏ လျှာကို ဖိကိုက်ပြီး သူမ၏ ဝိညာဉ်သားရဲကို ဆင့်ခေါ်လိုက်ရာ အပြာရောင် ဂဠုန်ငှက်ကြီး ထွက်ပေါ် လာလေသည်။ အပြာရောင် ဂဠုန်ငှက်ကြီးက ရဲချန်ဖန်ဆီ ဦးတည်ပြီး အော်ဟစ်လိုက်ရာ ရဲချန်ဖန်၏ တိုက်ကွက်များ ပျက်ပြား သွားလေသည်။
“နတ်ဘုရားဝိညာဉ် သားရဲသွေးမျိုးဆက်”
အပြာရောင်ဂဠုန်ကြီးက ဖုယုံရွှယ် ကိုယ်နှင့် ပေါင်းစပ်သွားပြီး အလွန် အစွမ်းထက်လှသည့် အော်ရာက ထွက်ပေါ်လာပြီး သူမ၏ အစွမ်းမှာ အဆက်မပြတ် တိုးတက်လာသည်။
“နတ်ဘုရားဝိညာဉ် သားရဲသွေးမျိုးဆက်ရဲ့ အစွမ်းပဲ။ ဖုယုံရွှယ်ဆီမှာ နတ်ဘုရားဝိညာဉ် သားရဲ သွေးတွေက စီးဆင်းနေတာပဲ”
ချင်တောင်ပိုင်နှင့် အကြီးအကဲများက ဖုယုံရွှယ်ဆီတွင် နတ်ဘုရား ဝိညာဉ် သားရဲသွေးရှိကြောင်း ယခုမှပင် မြင်ဖူးခြင်း ဖြစ်ပြီး သူမ နောက်ခံမှာ အလွန်ထူးခြားမည် ဖြစ်ကြောင်း အလွန် သေချာနေသည်။ နတ်ဘုရားဝိညာဉ် သားရဲသွေးမျိုးဆက်ရှိသူများသည် သူတို့၏ မိသားစုထံမှ အမွေဆက်ခံ ရရှိသူများဖြစ်ရာ ဤတစ်ချက်တည်းဖြင့် သူမသည် သာမန်လူ လုံးဝ မဖြစ်နိုင်ပေ။
“မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့်”
ဖုယုံရွှယ်ဆီမှ ထွက်နေသော အော်ရာကို ကြည့်ပြီး ရဲချန်ဖန် မျက်နှာက လေးနက်သွားသည်။ ဖုယုံရွှယ်၏ အစွမ်းနှင့် သူမ၏ လျှို့ဝှက်ချက်မှာ သူ မျှော်လင့် သည်ထက် ကျော်လွန် နေသည်။
“ရဲချန်ဖန် မင်း ရှုံးသွားပြီ”
“ကောင်းကင်နဲ့ မြေကြီး ပျက်စီးစမ်း”
ဖုယုံရွှယ် အစွမ်းများ တိုးလာသည် နှင့်အမျှ အစွမ်းထက် လှသော ဝိညာဉ် စွမ်းအင်က ပေါ်ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ် မာန်သွင်း လိုက်သည်။ သူမ၏ လက်ထဲရှိ သွေးလဓားမှာ အနီရောင် သွေးအလင်းတန်းလိုပင် ရဲချန်ဖန်ဆီ တိုးဝင်သွားသည်။ ဤဓားချက်မှာ ခုခံ၍ မဖြစ်နိုင် သလောက်ပင်။ နတ်ဘုရား ဝိညာဉ် သားရဲသွေးမျိုးဆက်ကို အသက်သွင်း လိုက်သဖြင့် သူမ၏ အစွမ်းသာမက လျင်မြန်မှုပါ တိုးတက်သွားသည်။ လေထဲတွင် လှပ ကြောက်မက်ဖွယ် သွေးရောင် ဓားရာကြီးက ကျန်ရစ်နေသည်။
“ယား”
သွေးအလင်းတန်း နီးကပ်လာသည်နှင့် ရဲချန်ဖန်က အေဖေးဓားရှိ မှော်အစီအရင် ကိုးခုကို အသက်သွင်း လိုက်ပြီး သူ၏ ကိုယ်ခန္ဓာ စွမ်းအားနှင့်အတူ ဓားအင်အား ဒုတိယအဆင့်နှင့် ခုခံ လိုက်သည်။
“တိမ်ခွင်းလက်ဝါး”
ဓားနှစ်ခု ဆုံတွေ့သွားသည်နှင့် ရဲချန်ဖန်က တိမ်ခွင်း လက်ဝါးကို ရိုက်ထုတ် လိုက်သည်။ လက်ဝါးက သွေးလဓားကို ကျော်ဖြတ်ပြီး ဖုယုံရွှယ် ရင်ဘတ်ဆီ တိုးဝင်သွားသည်။
“နတ်ဘုရားဝိညာဉ် သားရဲ သွေးမျိုးဆက်ကြောင့် ဖုယုံရွှယ်၏ အရှိန်မှာ ကြောက်မက်ဖွယ် တိုးတက်လာရာ သူမ ကိုယ်လုံးလေးက အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အပြာရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရဲချန်ဖန်၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်သည်။
“ပျက်သုန်းခြင်းဓားသိုင်း”
ရဲချန်ဖန် မျက်လုံးများက ကျဉ်းမြောင်း သွားပြီး ရှောင်တိမ်း လိုက်သော ဖုယုံရွှယ်ကို လိုက်လံ တိုက်ခိုက်လိုက်သည်။ ရဲချန်ဖန်၏ ဓားအလင်း မြန်နှုန်းများ အလင်းထက်ပင် မြန်နေသကဲ့သို့ ဖြစ်သည်။ ဖုယုံရွှယ် မျက်နှာ အနည်းငယ် ပျက်သွားလေသည်။
ပျက်သုန်းခြင်း ဓားသိုင်းနှင့် တိမ်ခွင်းလက်ဝါး နှစ်ခုလုံးသည် အဆင့်မြင့် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းများ ဖြစ်သော်လည်း ရဲချန်ဖန်က ဓားအင်အား ဒုတိယ အဆင့်ကိုပါ ထည့်သွင်း အသုံးပြု ထားသောကြောင့် ပျက်သုန်းခြင်း ဓားသိုင်းက ပိုမို အစွမ်းထက် နေလေသည်။
“မြန်လိုက်တဲ့ ဓားချက်”
ဖုယုံရွှယ်က ရဲချန်ဖန် ဓားချက် ဤမျှ လျင်မြန်မည်ဟု မတွေးထားမိချေ။ သူမ စိတ်ထဲတွင် ရှောင်ရန် မဖြစ်နိုင်တော့ဟု ထင်လိုက်မိသည်။ အနိုင်အရှုံး ဆုံးဖြတ် ပေးသွားနိုင်ချိန်တွင် ဖုယုံရွှယ် ကိုယ်မှ အစွမ်းများက မီးတောင် ပေါက်ကွဲသလို ထွက်ပေါ်လာပြီး ရဲချန်ဖန်၏ ဓားချက်ကို ခုခံ လိုက်လေသည်။
“ဘုန်း၊ အုန်း”
အနီးပတ်ဝန်းကျင်တွင် လေလှိုင်းများ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ဖုယုံရွှယ်က ရဲချန်ဖန် ဓားကို ခုခံလိုက် နိုင်သော်လည်း ပြင်းထန်သော အတွင်းဒဏ်ရာ ရရှိသွားပြီး သွေးကြောများ ပျက်စီးကာ သွေးများ အန်ထုတ် လိုက်သည်။
“ဖုယုံရွှယ်က နတ်ဘုရားသားရဲ သွေးမျိုးဆက် အသက်သွင်း လိုက်တာတောင် ရဲချန်ဖန်ကို မယှဉ်နိုင်ဘူး။ ရဲချန်ဖန်က အရမ်း အစွမ်းထက်လွန်းတယ်”
အကြီးအကဲ လင်းဖန်က သွေးများ အန်ကာ နောက်ဆုတ် လိုက်ရသော ဖုယုံရွှယ်ကို ကြည့်ပြီး ကြောက်လန့်တကြား အော်ဟစ် လိုက်မိသည်။
“ဒါ နောက်ထပ် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းပဲ။ ရဲချန်ဖန် မင်းက ငါ့ကို ပိုပိုပြီး အံ့ဩအောင် လုပ်နိုင်တာပဲ။ ယုံရှန်ရှင်း သေဆုံးမှုက မင်းနဲ့ တကယ် ပတ်သက် နေတာလား”
ချင်တောင်ပိုင်က ရဲချန်ဖန်ကို သေချာ အကဲခတ် ကြည့်ရှုနေသည်။ သူသည် ရဲချန်ဖန်၏ အကြောင်းကို သိချင်နေမိသည်။
“ရဲချန်ဖန် ငါ့မှာ ထုတ်မသုံးရသေးတဲ့ အကွက် ရှိသေးတယ်။ မင်းသာ ခုခံနိုင်ရင် ငါ အရှုံးပေးတယ်”
မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသော ဖုယုံရွှယ်က တီးတိုး ရေရွတ် လိုက်သည်။
“ကောင်းပြီလေ။ ငါတို့ နောက်ဆုံး တိုက်ခိုက်ကြတာပေါ”
ရဲချန်ဖန်ကလည်း ဤတိုက်ပွဲကို အဆုံးသတ်ချင်နေပြီ ဖြစ်သည်။
“ယား”
ဖုယုံရွှယ်က အော်ဟစ်မာန်သွင်း လိုက်ပြီးနောက် သူမကိုယ်မှ ဝိညာဉ် စွမ်းအင်များ အစွမ်းကုန် ပေါက်ကွဲ ထွက်လာပြီး သူမ လက်ထဲမှ သွေးလဓားက အဆုံးမရှိသော သွေးများ ထွက်ပေါ် လာသလိုပင်။ လောက တစ်ခုလုံး ပျက်စီးနိုင်စွမ်း ရှိသည်ဟု ထင်ရသော သွေးအလင်းတန်းက ကောင်းကင်ကို ထိုးခွဲကာ ရဲချန်ဖန်ဆီ ဝင်ရောက်လာသည်။
ထိုဓားအလင်းတန်းကြောင့် ကြည့်ရှုနေသော ကောင်းကင် မီးဂိုဏ်းသားများသည် အလွန် ကြောက်လန့် တုန်လှုပ် သွားကြလေသည်။ ထိုဓားချက်ကြောင့် ဖုယုံရွှယ် ဝိညာဉ် စွမ်းအင်များ အကုန်လုံး ကုန်ဆုံးသွားပြီး လဲမကျ သွားစေရန် ဓားကို ထောက်ကာ မှီထားရလေသည်။
“ပျက်သုန်းခြင်း ဓားသိုင်း”
သူ့ဆီ တိုးဝင်လာသော ဓားအလင်းတန်းကို ကြည့်ပြီး ရဲချန်ဖန်သည် ပျက်သုန်းခြင်း ဓားသိုင်းဖြင့် ခုခံလိုက်ရာ ဆယ်မီတာကျော် ကျယ်သော လေဖိအားနည်း ရပ်ဝန်းကို ဖန်တီးလိုက်သလို ဖြစ်ကာ မုန်တိုင်းတစ်ခု ဖြစ်လာလေသည်။ ဓားချက်နှစ်ခုမှာ ကြေပျက် သွားသော်လည်း ဓားအင်အား အကြွင်းအကျန်က ဖုယုံရွှယ်ကို ထိမှန်သွားသည်။
“အွန်”
ဖုယုံရွှယ်က ဓားထောက်ရန်ပင် အင်အား မရှိတော့ဘဲ သွေးအများအပြား အန်ထုတ် လိုက်ရပြီး စင်မြင့်ပေါ်မှ လွင့်စဉ် ကျသွားသည်။ သူမ ဒီပြင်းထန်လှသော ပြိုင်ပွဲမှာ ရှုံးနိမ့်သွားပြီ ဖြစ်သည်။
အခန်း (၁၂၂) ပြီး၏။ (၁၂၃) မျှော်