Switch Mode

Chapter – 285

မိတ်ဆွေဟောင်း တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်း(၂)

အပိုင်း(၂၈၅)
မိတ်ဆွေဟောင်း တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်း(၂)

‌ရှေ့မှအဖွဲ့ နှစ်ဖွဲ့ ဘယ်သွားကာ ဘာတွေရခဲ့လဲ ဆိုတာကို သိချင်နေသည့် လူများ မည်မျှပင် ရှိနိုင်မည် မသိပေ။ သို့သော် နှမြောစရာ ကောင်းသည်မှာ ဝမ်ရှန်းသည် ထိုနှစ်ဖွဲ့လုံးထဲ၌ မပါဝင်ခဲ့ခြင်း ဖြစ်၏။

သို့သော် ဝမ်ရှန်းသည် ထိုအဖွဲ့နှစ်ဖွဲ့၏ ပန်းတိုင်ကို မဖုံးကွယ်ခဲ့ပေ။ အိမ်တော်ထိန်းအား ပြောပြခဲ့၏။ ထိုအချက်ကြောင့် အိမ်တော်ထိန်းသည် ပို၍ပင် တက်ကြွ လန်းဆန်း နေသည်။ ချီရှုံးခန်းမအတွင်း အစဉ်အလာ တစ်ခုရှိ၏၊ တစ်ခုခုကို သိချင်သည်ဆိုလျှင် ရွှေဒင်္ဂါး ၁၀၀ ပေးဝယ်၍ ရခြင်းဖြစ်သည်။ ထိုသတင်း နှစ်ခုသည် ချက်ချင်းပင် ရွှေဒင်္ဂါး တစ်သောင်း ရရှိစေခဲ့ပေသည်။

တော်ဝင်မိသားစုသည် ကြီးမားသည့် စနစ်တစ်ခုကို အကောင်အထည် ဖော်နေကာ ကိုင်ရွှယ် နန်းတော်မှ လူများကလည်း တစ်စုံတစ်ခုကို ရရှိခဲ့၏။ ထို့ကြောင့် လူအများစုသည် ဝူရုံမြို့နှင့် ဝမ်ရှန်းအပေါ်တို့သာ အာရုံစိုက် နေကြပေသေးသည်။ အင်အားစု နှစ်ခုလုံး၏ လျှို့ဝှက်ချက်များကို ဝမ်ရှန်းထံမှ မသိရဘူး ဆိုလျှင်တောင် ဝမ်ရှန်းကို သူတို့အား အထဲခေါ်သွားပေးရန် အပေးအယူလုပ်၍ ရသေးပေသည်။

ယခုအချိန်တွင် အိမ်တော်ထိန်းသည် ဝမ်ရှန်းနှင့် ပူးပေါင်းချင်သည့် လူများဖြင့် အလုပ်ရှုပ်နေ၏။ သို့သော် အဓိက အင်အားစုများ အပေါ် အထက်စီးမှ နေခွင့်ရသည့် ခံစားချက်က သူ့အား ခံစား၍မဝ ဖြစ်နေစေပေသည်။

ထိုအချိန် ဝမ်ရှန်းမှ အေးအေးလူလူ အနားယူရန် ပြင်နေသည့် အချိန်မှာပင် မထင်သည့် ဧည့်သည် နှစ်ယောက် ဝမ်ရှန်း၏ အိမ်တံခါးရှေ့သို့ စိုက်စိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။

ဝမ်ရှန်းသည် သူပြန်ရောက်ခဲ့သည့် အချိန်ကတည်းက အကြောင်းကိစ္စ တစ်ခုခု မရှိလျှင် သူ့အား မနှောင့်ယှက်ရန် ပြောခဲ့ပြီးဖြစ်၏။ အင်အားစုမှ လူများသည်လည်း နားလည် သိတတ်ကြပေသည်။ မည်သူကမျှ သူ့အား မနှောင့်ယှက်ခဲ့။ သို့သော် ယနေ့သည် ခြွင်းချက်ဖြစ်၏။

ရောက်လာသည့် လူများကို တွေ့လိုက်ရသည့် အချိန်တွင် ဝမ်ရှန်း အနည်းငယ် အံ့အားသင့် သွားခဲ့သည်။

“မင်းတို့ ဖြစ်နေတာကိုး အင်း ထူးပြီး အံ့ဩစရာတော့ မရှိပါဘူး….”

ရောက်လာသည့် လူများသည် ဝမ်ရှန်းနှင့် ဟိုးယခင်က တွေ့ဆုံရင်းနှီး ခဲ့ကြသည့် လူများ ဖြစ်သည်။ တစ်ယောက်သည် စုန့်မိသားစု၏ အကြီးဆုံး မမလေး စုန့်ရန်ဖြစ်ကာ အခြားတစ်ယောက်သည် သူ၏အထိန်းတော် စုန့်လောင်ယုဖြစ်သည်။

သူ စုန့်ရန်နှင့် လမ်းခွဲလိုက်သည်မှာ ၃ နှစ်နီးပါး ရှိပြီဖြစ်သည်။ ၃ နှစ်တာ အချိန်ကာလသည် မိန်းမငယ်လေး တစ်ယောက်ကို ရင့်ကျက်သည့် ဝိညာဉ်သခင် တစ်ယောက်အဖြစ် ပြောင်းလဲပစ်ရန် လုံလောက်ပေသည်။

လွန်ခဲ့သည့် ၃ နှစ်နှင့်ယှဉ်လျှင် စုန့်ရန်သည် အနည်းငယ် ပိုမိုတည်ငြိမ် ရင့်ကျက် လာဟန်ရှိ၏။ အချိုးအဆစ် ကောက်ကြောင်း လှပသည့် သူ၏ခန္ဓာကိုယ်သည် မပြောင်းလဲ သွားပေ။ သို့သော် သူမ၏ မျက်နှာကတော့ ပိုပို၍ တောက်ပ လာနေသည်။ လွန်ခဲ့သည့် ၃နှစ်က ပုံစံအတိုင်းပင် ဝတ်ဆင်ထားကာ ဝမ်ရှန်းသည် သူမထံမှ လွှမ်းမိုးသည့် အငွေ့အသက် ခံစားနေရသည်။

ဦးလေးယုသည် ဘယ်လောက်မှ များများစားစား မပြောင်းလဲသွားပေ။ သို့သော် သူ၏ဝိညာဉ် အဆင့်သည် ယခင်က ဝမ်ရှန်း တွေ့ခဲ့သည့်အတိုင်း တတိယအဆင့် မဟုတ်တော့ချေ။ ဤနေ့များတွင် ဝမ်ရှန်းသည်ပင် စတုတ္ထအဆင့် အဆင့်တက်ခဲ့ပြီ ဖြစ်လေရာ ဦးလေးယုသည်လည်း တတိယအဆင့်၌သာ ရှိနေတော့မည် မဟုတ်ပေ။

စုန့်ရန်သည် သူမ ဝိညာဉ်အဆင့် ဆဌမအဆင့် ရောက်မှသာ အပြင်ထွက်မည်ဟု ဝမ်ရှန်းအား ပြောပြ ခဲ့ဖူးသည်။ သို့သော် ယခု သူမကို ကြည့်လိုက်သည့် အချိန်တွင် ထိုကဲ့သို့ ခံစားချက်မျိုး မခံစားရပေ။ စုန့်ရန်သည်လည်း သူကဲ့သို့ပင် ဝိညာဉ်အဆင့်ကို ဖုံးကွယ်၍ ရနိုင်သည့် ထူးခြားသည့် နည်းလမ်း ရှိနေခြင်းလော။

စုန့်ရန်သာဆိုလျှင် ဝူရုံမြို့မှလူများ သူမအား မတားသည်မှာ ပုံမှန်ဖြစ်၏။

သူတို့ သိကြသည်မှာ စုန့်ရန်သည် ဝမ်ရှန်း၏ သတို့သမီးလောင်း ဖြစ်သည်၊ ဒါ့ပြင် စုန့်မိသားစုသည်လည်း ထိုအချက်ကို ပေါ်ပေါ်ထင်ထင်ပင် အများသိအောင် ကြေညာထားသည့်ပြင် ဝမ်ရှန်းကလည်း ထိုအကြောင်းကို လူသိရှင်ကြား ငြင်းဆိုချက် မထုတ်ခဲ့ပေ။ ထို့ကြောင့် သတို့ သမီးလောင်းက သူမ၏ သတို့သားလောင်းကို လာတွေ့ခြင်းမှာ ဝူရုံမြို့မှ လူများ အနေဖြင့် တားစရာ အကြောင်းပြချက်မရှိပေ။

သို့သော် ဝမ်ရှန်းအား အလွယ်တကူ တွေ့ခွင့်မရသည့် အခြားအင်အားစုများက အလွန်ကို မနာလိုဖြစ်သွားကြသည်။ သူတို့သည် ဝမ်ရှန်းအား ဘာအဖိုးအခမှ မပေးရပဲ ဂျင်ဒီနယ်မြေသို့ ခေါ်သွားပေသည်ကို လိုချင်နေခြင်း ဖြစ်၏။ သို့သော် စုန့်ရန်သည် ဝမ်ရှန်း၏ အိမ်အတွင်းသို့ ဝင့်ကြွားစွာ ဝင်ရောက် သွားခဲ့သည်။ အခြားအင်အားစုများသည် သူတို့ထံ၌ ဝမ်ရှန်း သဘောကျသည့် မိန်းမလှလေး မရှိသည့် အတွက်ကြောင့် ပို၍ အားမလိုအားမရ ဖြစ်သွားခဲ့ကြပေသည်။

“ငါ့ကို ပေးမဝင်တော့ဘူးလား…..”

စုန့်ရန် ဝမ်းရှန်းအား ကြည့်ကာ ပြီတီတီ မေးလိုက်သည်။ သူမ၏အပြုံးသည် ယခင်ကထက် ပိုပို၍ ဆွဲဆောင်မှု ရှိလာကာ ငုတ်တုတ်မေ့လုနီးပါး ဖြစ်သွားတော့၏။

ဝမ်ရှန်း၏ ခြံအတွင်းသို့ ဝင်ခဲ့ပြီးနောက် အဘိုးကြီးယုသည် သူ့ကိုယ်သူ အပြင်လူ တစ်ယောက်ကဲ့သို့ မပြုမူပေ။ အထူးသဖြင့် ဝမ်ရှန်း၏ အစေခံမလေး ရောက်လာသည့် အချိန်တွင် သူသည် သူ့ကိုယ်သူ အိမ်တော်ထိန်းဟု သဘောထားကာ သူခိုင်းနေကျအလား အစေခံနှစ်ယောက်ကို တစ်ခုပြီးတစ်ခု ခိုင်းစေလိုက်၏။

အစေခံမလေး နှစ်ယောက်မှ ရှင်းပြရခက်စွာ နားမလည်စွာ ဝမ်ရှန်း၏ အမိန့်ကို စောင့်နေလိုက်ကြသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ရှန်း မနေနိုင်တော့ပဲ ပေါ့ပါးစွာ ရယ်လိုက်၏၊ ထို့နောက် အစေခံ နှစ်ယောက်အား ခေါင်းညိတ် ပြလိုက်သည်။

ထိုမှသာ အစေခံနှစ်ယောက်သည် စိတ်သက်သာရာ ရသွားပြီး စုန့်လောင်ယု၏ ညွှန်ကြားချက်များ အတိုင်း လုပ်လိုက်သည်။ ထို့နောက် စုန့်ရန်အတွက် လက်ဖက်ရည်များ ပြင်ပေးကာ သူမကြိုက်သည့် အစားအသောက်များ တည်ခင်း ပေးလိုက်သည်။

“ အလည်လာတာလား…….”

အိမ်အတွင်းသို့ ဝင်ထိုင်ပြီးနောက် ဝမ်ရှန်းသည် အခြားပြောစရာ ဘာမှမရှိတာကြောင့် ထိုစကားသာ မေးလိုက်သည်။ စုန့်ရန်မှ ဝမ်ရှန်းအား ဒေါသဖြင့် စိုက်ကြည့်လိုက်၏။ ဝမ်ရှန်း၏ မေးခွန်းကို အဖက်လုပ်ပြီးပင် ပြန်မဖြေချင်ပေ။ ယခု သူမက သူ့ရှေ့ရှိနေပြီ မဟုတ်ပါလား။ အဲဒါကို ယခုကဲ့သို့ ရူးကြောင်ကြောင် မေးခွန်း မေးရန် လိုအပ်နေလို့လား..

“အဲဒီတော့ မင်း ဆဌမအဆင့်ထိ ရောက်အောင် ကျင့်ခဲ့ပြီးပြီပေါ့….”

ဝမ်ရှန်း အစောမှ သူ့အတွေးအား ပြန်အမှတ်ရ သွားကာ မေးလိုက်သည်။

“မရောက်သေးဘူး…” စုန့်ရန်မှ ဝမ်ရှန်းထင်သည့် အတိုင်းပင် ဖုံးကွယ်ကာ ဖြေလိုက်သည်။

“မင်းက ဆဌမအဆင့် မရောက်သေးပဲနဲ့ ဘယ်လိုလုပ် ဦးလေးယုကို ခေါ်ပြီး ထွက်လာတာလဲ။ ဘယ်လို သခင်မမျိုးလဲ မင်းက…..”

ဝမ်ရှန်းမှ ဒေါသတကြီး မေးလိုက်သည်။ သူသည် စုန့်ရန်အား သူနှင့် မရင်းနှီးသေးသည့် လူတစ်ယောက်ကဲ့သို့ မဆက်ဆံပေ။

“အဲ့လိုဆို နင်က အခြေအနေတွေ ဗရမ်းပတာဖြစ်ပြီး ငါ့ကို မောင်းထုတ် ခံစေချင်တာလား….”

စုန့်ရန် မျက်နှာပျက် သွားကာ သူမ၏မျက်လုံး ချက်ချင်းပင် ရဲလာခဲ့သည်။ သူမသည် ရဲရင့်သည့် အမျိုးသမီး တစ်ယောက် အဖြစ်မှ ရုတ်တရက် အခြားသူများ၏ စွန့်ပစ်ခြင်းကို ခံရသည့် အားနည်းသည့် မိန်းမငယ်လေး အဖြစ် ရုတ်တရက် ပြောင်းလဲ သွားတော့သည်။

“ဟန်ဆောင်နေလိုက်…. ဟန်ဆောင်နေလိုက်……” ဝမ်ရှန်းသည် စုန့်ရန်စကားကြောင့် စိတ်တွင်းမှ လှောင်ပြော ပြောလိုက်သည်။

ဒါ့ပြင် စုန့်ရန် မျက်နှာအမူအရာကြောင့် သူ ခဏ ရယ်ချင်သွားသည်။ သူ့ကမ္ဘာမြေ၌သာ ဆိုလျှင် စုန့်ရန်၏ သရုပ်ဆောင် စွမ်းရည်သည် မင်းသမီး တစ်ယောက်အဆင့် ရှိပေသည်။

“ဒီလောက်နှစ်တွေ အကြာကြီး မတွေ့တာတောင် နင် ငါနဲ့ အလိုက်အထိုက် ဖြစ်အောင် နေပေးလို့ မရဘူးလား…..”

ဝမ်ရှန်းက သူမ အားနည်းဟန် ယောင်ဆောင်သည်ကို လျစ်လျူရှု လိုက်သည်အား မြင်သောအခါ စုန့်ရန် ချက်ချင်းပင် ပုံမှန်လေအတိုင်း ပြန်ပြောလိုက်၏။ ထို့နောက် မျက်မှောင်ကြုတ်၍ ပေးလိုက်သည်။

“နင်က ခြေတန်ရှည်ရှည် သွယ်သွယ်နဲ့ မိန်းကလေးတွေကိုပဲ ကြိုက်တာလား…..”

ဝမ်ရှန်း သူ့နဖူးကိုသူ ပြန်ရိုက်ကာ ပြောစရာ စကားများ စွံ့အသွားခဲ့သည်။ သူ ခြေတန်ရှည်များကို ကြိုက်သည့် သတင်းသည် သီးသန့် လေ့ကျင့်နေသည့် စုန့်ရန် နားထိပင် ရောက်ခဲ့၏။ သူသည် ဘယ်လိုမှ မတတ်နိုင်ပဲ ကူကယ်ရာမဲ့စွာဖြင့်သာ –

“မဟုတ်ဘူး ငါက ဖွံ့ဖြိုးသင့်တာ ဖွံ့ဖြိုးပြီး ခါးသေးသေးနဲ့ ကောင်မလေးတွေဆို ကြိုက်တယ်”

“ဟုတ်ပါပြီ ဟုတ်ပါပြီ…”

စုန့်ရန် ပြုံးကာ ပြန်စနောက် လိုက်၏။

“ငါ့ခါးကလည်း သေးတယ်ဆိုတော့ နင်ငါ့ကို ကြိုက်နိုင်ပါသေးတယ်…..”

သူတို့နှစ်ယောက်မှ အချင်းချင်း စနောက် နေကြစဉ်အတွင်း အစေခံမလေး နှစ်ယောက်မှ လက်ဖက်ရည်နှင့် အချိုပွဲများ ယူလာခဲ့ပေသည်။

“ဘာလဲ မင်းရဲ့အကြီးအကဲတွေက တော်တော်ကို စိတ်မရှည် ဖြစ်နေကြပြီလား။ မင်း ဆဌမအဆင့် ရောက်အောင် မကျင့်ကြံခိုင်းပဲ ထွက်လာခိုင်းပြီ ဆိုတော့…..”

အစေခံများ ချကာပေးသည့် လက်ဖက်ရည်ကို သောက်ကာ ဝမ်ရှန်းမှ လာရသည့် ရည်ရွယ်ရင်းအား တီးခေါက် ပြောဆိုကြည့်လိုက်သည်။

“နင်က ဘာလို့ ဒီလောက်ထိ အကြီးကြီးတွေ လှုပ်ရှားလဲ……”

စုန့်ရန်သည်လည်း ခြောက်သွေ့သော အပြုံးဖြင့် ပြန်ပြောလိုက်၏။ စုန့်မိသားစုမှ အကြီးအကဲများသည် အမှန်တကယ်ပင် စိုးရိမ်ပူပန် နေကြလေပြီ။ ထို့ကြောင့် စုန့်ရန်အား အလျင်အမြန် ပွဲဦးထွက်လိုက်ခြင်း ဖြစ်သည်။ ယခင်က အလွယ်တကူ သတ်ပစ်လိုက်၍ ရသည့် ကောင်မလေးက ယခုအချိန်တွင် အလွန် ကြောက်စရာ ကောင်းလောက်အောင်ကို အရေးပါလိမ့်မည်ဟု မည်သူက တွေးမိမည်နည်း….

“မတတ်နိုင်ဘူးလေ အသက်ရှင်ဖို့ အတွက်ပဲ…. ငါ စိတ်မကောင်းပါဘူး….”

ဝမ်ရှန်းမှ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset