အပိုင်း(၂၈၄)
မိတ်ဆွေဟောင်း တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်း(၁)
ကိုင်ရွှယ် နန်းတော်မှ လူများသည် အလွန်ကို သိုသိပ် လျှို့ဝှက်ကြ၏။ ချင်းဝေသာ ထိုကိုင်ရွှယ် နန်းတော်နာမည် မပြောခဲ့ပါက ဝမ်ရှန်းသည် ဂိုဏ်းနာမည်ကို ဘယ်တော့မှ သိရမည် မဟုတ်ချေ။ ဝမ်ရှန်း မဆိုထားနှင့် ဝူရုံမြို့ရှိ ၉၉% သော လူများသည်ပင် သိကြမည် မဟုတ်ပေ။ ဝူရုံမြို့ မြို့အရှင်နှင့် အဓိက အင်အားစုများ၏ ခေါင်းဆောင်များသာ ကိုင်ရွှယ် နန်းတော်၏ ထူးကဲပြောင်မြောက်သော လုပ်ဆောင်ချက်များကို သိကြသည် ဖြစ်သည်။
ဝူရုံမြို့သို့ ရောက်ရှိလာသည့် ကိုင်ရွှယ်နန်းတော်မှ အဖွဲ့သည် ဝမ်ရှန်း တီထွင်ထားသည့် အဝတ်အစား လက်နက်များကို အပြည့်အစုံ ဝတ်ဆင် တပ်ဆင် ထားကြသည်။ အကာအကွယ် မျက်မှာဖုံးများနှင့် မျက်နှာများကို သူတို့မျက်နှာကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။
ယခုတစ်ချိန်တွင် ဝမ်ရှန်း တစ်လ မနားခဲ့ပေ။ ၇ ရက် တိုင်တိုင်ကာ သူ့အိမ်တွင် ကျင့်စဉ် ကျင့်နေခဲ့၏။ ဤ ၇ ရက် အတွင်းတွင် ဝမ်ရှန်းသည် အစားအသောက် အတွင်းမှ အဆိပ်အရသာကို မခံစားတော့ချေ။ ထင်ရသည်မှာ အဆိပ်ခတ်သည့် လူသည် နှလုံးသန့်စင် ဆေးပြားနှင့် မေးခွန်းကို အလဲအလှယ် လုပ်ကြောင်း သိသွားတော့ကြောင်း ဖြစ်နိုင်၏။ ထို့ကြောင့် သူ၏လုပ်ရပ်က အဓိပ္ပာယ်မဲ့သည်ဟု တွေးကာ ရပ်တန့်လိုက်ခြင်း ဖြစ်ပေမည်။
ယခုတစ်ချိန်တွင် ကိုင်ရွှယ် နန်းတော်သည် သူတို့ စတင် ထွက်ခွာမည့် နေရာကို မသတ်မှတ်ထားပေ။ ထို့ကြောင့် ဝူရုံမြို့ မြို့အရှင် စံအိမ်၌သာ အရင် တွေ့ဆုံကြ၏။ သို့သော် ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဝူရုံမြို့ မြို့အရှင်သည် ဤလျှို့ဝှက်ဂိုဏ်းများနှင့် ပတ်သက် ဆက်နွှယ်မှု ရှိမည်ဟု ဝမ်းရှန်း ခန့်မှန်းကြည့်၍ ရပေသည်။
နောက်ဆုံး အကြိမ်၌ ကံကောင်းခြင်း ဆေးပြား ယူလာခဲ့သည့် အဘိုးဝမ်နှင့် လူငယ်လေးဘုန်းတို့အပြင် ဝူရုံမြို့သည် ဤလျှို့ဝှက်ဂိုဏ်းများ စုဝေးရာ နေရာလားဟုပင် ဝမ်ရှန်း စိတ်ဝင်စားသွားသည်။ မဟုတ်လျှင် တော်ဝင်မိသားစုနှင့် အဓိက အင်အားစုများသည် ဝူရုံမြို့ကို ဘာလို့ တည်ရှိခွင့်ပေးနေဦးမည်နည်း…..
“စည်းမျဉ်းစည်းကမ်းတွေကတော့ အရင်အတိုင်းပဲ။ ဒါပေမဲ့ နောက်တစ်ခေါက် ပြန်ပြောမယ်….”
မထွက်ခွာခင်တွင် ဝမ်ရှန်းမှ စည်းမျဉ်းများကို နောက်တစ်ကြိမ် ပြောရန် ပြင်လိုက်၏။ တော်ဝင်မိသားစုနှင့် ပူးပေါင်းရာ၌ ထားရှိခဲ့သည့် စည်းမျဉ်း စည်းကမ်းများကိုလည်း ပြောပြမည်ဖြစ်သည်။
“ပထမဆုံးအနေနှင့် ကျွန်တော် မလုပ်ခိုင်းသည့် အရာတွေကို မလုပ်နဲ့။ ဒုတိယအနေနဲ့ ဘာမှ လာမမေးနဲ့။ ဒီနှစ်ချက်ပဲ နားမလည်တဲ့ သူရှိရင် မကျေနပ်တဲ့ သူရှိရင် အခုကတည်းက မတ်တပ် ရပ်လိုက်လို့ရတယ်…..”
မည်သူမျှ မရပ်ခဲ့ပါ။ ကိုင်ရွှယ် နန်းတော်သည် ဝမ်ရှန်းအား ဖိတ်ကြားရန် အဖိုးအခများစွာ ပေးခဲ့၏။ ထို့ကြောင့် ဤနေရာ၌ မည်သည့်အတွက်မှ ထွက်သွားမည် မဟုတ်ပေ။
“ခင်ဗျားတို့ ဘာဘယ်သွားမှာလဲနှင့် ဘာလုပ်မှာလဲ ဆိုတာကို ကျွန်တော် လုံးဝ စိတ်မဝင်စားဘူး…..”
သူတို့အုပ်စုရှေ့၌ ရပ်ကာ ဝမ်ရှန်းမှ ကျယ်လောင်စွာ ပြောလိုက်သည်။
“အဲဒါကြောင့် ကျွန်တော့်ကို သွားမဲ့ နေရာသာပြော။ ကျွန်တော်က အဲ့နေရာကို ခေါ်သွားဖို့ပဲ တာဝန်ရှိတယ်။ အဲ့နေရာ ရောက်ရင် ခင်ဗျားတို့ လုပ်ချင်ရာ လုပ်လို့ရတယ်။ ကျွန်တော်ကတော့ ဝင်ပါမှာ မဟုတ်ဘူး။ ဒီတိုင်း တစ်နေရာရာမှာပဲ စောင့်နေမယ်။ အချိန်ပြည့်ရင်တော့ ခင်ဗျားတို့ဘာသာ ရောက်လာသည်ဖြစ်စေ မရောက်လာသည်ဖြစ်စေ ကျွန်တော်က ပြန်မှာပဲ။ ဤကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီက လူကြီးမင်းတို့ မကျေနပ်တာရှိလား…..”
ယခုတစ်ချိန် ကိုင်ရွှယ် နန်းတော်မှ အဖွဲ့ကို ဦးဆောင်သည့် လူသည် လူကြီးမင်းသ ဖြစ်သည်။ သူသည် သူ့နာမည်အပြည့်အစုံကို မပြောခဲ့ပေ။ သူ့ကိုယ်သူ လူကြီးမင်းသဟုသာ မိတ်ဆက်ခဲ့၏။
လူကြီးမင်းသသည် ဝမ်ရှန်း ပြောသည်ကို သဘောမတူပဲ မနေပေ။ ဝမ်ရှန်းသည် သံသယများကို ရှောင်နိုင်ရန် သူ့ဘက်က အရင် စပြောခဲ့ခြင်းဖြစ်၏။ သူတို့ဘက်က ပျော်ပင်ပျော်ရပေဦးမည်၊ ထို့ကြောင့် ချက်ချင်းပင် သဘောတူကြောင်း အတည်ပြုလိုက်သည်။
“ခင်ဗျားတို့ သွားချင်တဲ့ နေရာရောက်ရင် လမ်းဆက်ပြပေးဖို့ ကျွန်တော့်ကို တွန်းအားပေးမယ် မကြံနဲ့။ ကြိုပြောပြီးသားနော်။ ခင်ဗျားတို့ဘာလုပ်လုပ် ကျုပ် ဝင်ပါမှာ မဟုတ်ဘူး……”
ဝမ်ရှန်းမှ ထိုစကားကို နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။
ဤအရာမှာ ဝမ်ရှန်းသည် စကားကြောရှည်ခြင်း မဟုတ်။ နောက်ဆုံးအကြိမ်တွင် တော်ဝင် တပ်မှူးသည်လည်း တူညီသည့် အမှားမျိုး ကျူးလွန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူတို့သည် မထွက်ခွာခင်ပင် ကတိပေးခဲ့၏၊ သို့သော် အထဲရောက်သွားသည့် အချိန်တွင် စိတ်က ပြောင်းချင်ခဲ့သေးသည်။ မိန်းမဆိုးလီသာ အမြင်စူးရှခဲ့ခြင်းကြောင့် မဟုတ်လျှင် ဝမ်ရှန်းသည် သူတို့အားလုံးကို ထိုနေရာ၌ မြေမြှုပ်ပစ်ဖို့ ဝန်လေးမည် မဟုတ်ပေ။
“ခင်ဗျားတို့ဘက်က တရားမျှတမှု ရှိအောင် ခင်ဗျားတို့ကို နောက်ထပ် လူတစ်ယောက် ထပ်ခေါ်ခွင့် ပေးလိုက်မယ်”
ဝမ်ရှန်းသည် တော်ဝင်မိသားစု အတိုင်းပင် သူတို့ကို ပြောလိုက်သည်။
“ခင်ဗျားတို့ အထဲရောက်ရင် အဲ့ခေါ်လိုက်တဲ့သူက ကျွန်တော့် ကိုယ်စား လူဖြစ်သွားတာပေါ့။ စိတ်မပူပါနဲ့ တော်ဝင်မိသားစုတုန်းကလည်း ဒီလိုမျိုးပဲ လုပ်ခဲ့တာပဲ။ ဒါပေမဲ့ ……”
ကိုင်ရွှယ် နန်းတော်မှလူများ အပြည့်အဝ မပျော်နိုင်ခင်မှာပင် ဝမ်ရှန်းမှ နောက်ထပ် ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ ကျွန်တော့်ကို တစ်ခုခုလုပ်ဖို့ ဖိအားပေးချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို အဲ့နေရာမှာပင် ထားခဲ့ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးနော်”
အချို့သော စကားများသည် ပွင့်ပွင့်လင်းလင်း ပြောလျှင် ပိုကောင်းပေသည်။ မဟုတ်လျှင် နောက်ပိုင်းကျ ပြဿနာများစွာ ရှိလာနိုင်ပေသည်။
သို့သော် ဝမ်ရှန်း၏ ထိုစကားများသည် အချို့လူများအား မကျေမနပ် ဖြစ်သွားစေသည်။ ယခုအချိန်တွင် သူတို့အားလုံး၏ မျက်နှာကို မမြင်ရသော်လည်း သူတို့၏ မျက်လုံးမှ တစ်ဆင့် သူတို့က မကျေနပ်ကြောင်း ဝမ်ရှန်း ပြောနိုင်ပေသည်။
“ကျွန်တော်ပြောတာယုံ၊ ဂျင်ဒီနယ်မြေ အတွင်းမှာ ခင်ဗျားတို့ကို လူမသိ သူမသိ ပျောက်ကွယ် သွားအောင် လုပ်နိုင်ဖို့ ကျွန်တော့်မှာ နည်းလမ်း တစ်သောင်းမက ရှိတယ်”
ဝမ်ရှန်းသည် အခြားသူများက သူဘယ်လောက် အင်အားကြီးကြောင်း သိသွားမည်ကို မစိုးရိမ်ပေ။ အချို့လူများ၏ အတွေးများကို အခုကတည်းက လက်စဖျောက်ပေးမှ တော်ကာ ကျပေသည်။
ယခုတစ်ချိန် သွားကြမည့် လူများသည် ဝူရုံမြို့ အပြင်ဘက် ဂျင်ဒီနယ်မြေ တောစပ်၌ လေ့ကျင့်ထားသည့် လူများဖြစ်သည်။ ဂျင်ဒီနယ်မြေက ဘယ်လောက်တောင် ကြောက်စရာ ကောင်းကြောင်း သူတို့ ကောင်းကောင်းကြီး သိပေသည်။ ထို့ကြောင့် ဝမ်ရှန်း ပြောနေသည်များက ပြော၍ မရချေ။
“ဟုတ်ပြီ….”
လူကြီးမင်းသသည် သဘောမတူစရာ အကြောင်း မရှိသောကြောင့် ခေါင်းညိတ် လိုက်သည်။ ခဏတာ တွန့်ဆုတ်ပြီးနောက် လူကြီးမင်းသမှ မဝံ့မရဲဖြင့် မေးလိုက်၏။
“တော်ဝင်မိသားစုတုန်းကရော ဒီလိုပဲလား….”
“ဟုတ်တယ်”
ဝမ်ရှန်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
“ဒါပေမဲ့ ကျွန်တော့်ကို အသေးစိတ်တော့ လာမမေးနဲ့ မသိဘူး။ သူတို့ ဘယ်နေရာသွားလဲ ဆိုတာကိုသာ ကျွန်တော်သိတယ် အဲဒါပဲ”
“ဘယ်နေရာလဲဆိုတာ ပြောပြလို့ရလား….”
လူကြီးမင်းသမှ မျှော်လင့်ချက် တစ်စွန်းတစ်စဖြင့် မေးလိုက်၏။
“တော်ဝင်မိသားစုက မပြောနဲ့လို့ မပြောခဲ့ဘူး။ အဲဒါကြောင့် ပြောပြလို့ရပါတယ်”
ဝမ်ရှန်း၏ အဖြေသည် လူကြီးမင်းသကို အလွန်ပျော်ရွှင် သွားစေသည် သာမက မနီးမဝေး၌ ရှိနေသည် အိမ်တော်ထိန်းကိုပါ စိတ်ဝင်စား သွားစေသည်။
မြို့အပြင် စံအိမ်တွင် ဂျင်ဒီနယ်မြေ၏ ပုံကြမ်းရှိ၏။ ဝမ်ရှန်းသည် ထိုပုံကြမ်းပေါ်တွင် စက်ဝိုင်းတစ်ခု ရေးဆွဲကာ “ဒီနေရာတစ်ဝိုက်ပဲ”
ကိုင်ရွှယ်နန်းတော်နှင့် မြို့အရှင်စံအိမ်မှ လူများ ထိုစက်ဝိုင်းအား ကြည့်လိုက်ကြသည်။ ထိုနေရာက ဘယ်နေရာလဲ ဆိုတာကို သိချင်ကြသော်လည်း မည်သူမှ ဘာမှ ထပ်မပြောခဲ့ကြတော့ပေ။
ကိုင်ရွှယ်နန်းတော်မှ အဖွဲ့သည် ဤနေရာတွင် အချိန်ဖြုန်း မနေကြ။ နောက်ထပ် လူတစ်ယောက်ကို ချက်ချင်းရှာကာ အဝတ်အစားနှင့် လက်နက်တန်ဆာများ တပ်ဆင် ပေးလိုက်ပြီး ဝမ်ရှန်းနှင့်အတူ ဂျင်ဒီနယ်မြေသို့ ဦးတည် သွားလိုက်တော့သည်။
ဂျင်ဒီနယ်မြေ အတွင်းသို့ ရောက်သည့် အချိန်မှသာ လူကြီးမင်းသမှ ဝမ်ရှန်းအား သူ၏ ပန်းတိုင်ကို ပြောပြလိုက်သည်။ ယခုတစ်ချိန်တွင် သူတို့သည် ချီရှုံးခန်းမသို့ သွားမည်ဖြစ်၏။ တော်ဝန်မိသားစု၏ ရွေးချယ်မှုနှင့် အတူတူပင် သူတို့သည်လည်း ကွေ့ပတ် သွားမနေတော့ပဲ တည့်တည့် သွားရန်သာ ရွေးချယ်ခဲ့ကြသည်။ လမ်းတစ်လျှောက်၌ တွေ့ရမည့် သားရဲများကိုမူ ကိုင်ရွှယ် နန်းတော်မှ လူများက ကိုင်တွယ် ဖြေရှင်းရမည် ဖြစ်သည်။
သူတို့အတွက် လမ်းပြပေးခြင်းသည် ဝမ်ရှန်းအတွက် အလွန် ရိုးရှင်းသည့် ကိစ္စတစ်ခု ဖြစ်သည်။ လမ်းတစ်လျှောက်တွင် မည်သူကမှလည်း ပြဿနာ ကြီးကြီးမားမား မရှာခဲ့ပေ။ ထို့ကြောင့် ခရီးစဉ်သည် ဘယ်လောက်မှ သိပ်မကြာခဲ့ ၆ ရက်မြောက်နေ့မှာပင် သူတို့ ပန်းတိုင်ကို ရောက်ရှိခဲ့သည်။
နောက်ဆုံးအကြိမ်ကဲ့ပင် ဝမ်ရှန်းသည် စောင့်ပြီး လေ့ကျင့်ရန် သင့်တော်သည့်နေရာ တစ်နေရာကို ရှာကာ ကိုင်ရွှယ် နန်းတော်မှ လူများကိုသာ အထဲသို့ ဝင်သွားစေခဲ့၏။ သို့သော် ဝမ်ရှန်းသည် တော်ဝင်မိသားစု အဖြစ်အပျက် အကြောင်း သူတို့အား မပြောခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်၊ ယခုတစ်ချိန်တွင် ကိုင်ရွှယ် နန်းတော်မှ လူများသည် ထိုကဲ့သို့ အမှားမျိုး နောက်တစ်ခါ ထပ်မလုပ်တော့ချေ။ သူတို့သည် ဝမ်ရှန်းကို ထိုနေရာ၌သာ စောင့်စေလိုက်ကာ သူတို့ဘာသာ သူတို့ အထဲဝင် သွားလိုက်ကြ၏။ သူတို့ဘာသာ သူတို့ ကြိုးစား လုပ်ကိုင် လိုက်ကြသည်။
လဝက်ကြာပြီး နောက်တွင် ကိုင်ရွှယ် နန်းတော်သည် လူတစ်ယောက်သာ လျော့ကာ ဝမ်ရှန်းစောင့်နေသည့် နေရာသို့ ပြန်ရောက် လာခဲ့ကြသည်။ ထိုလူများကို တွေ့လိုက်ရသောအခါ ဝမ်ရှန်း အပိုစကား တစ်ခွန်းမှ မဆိုခဲ့။ အချိန်ကျလာသည့် အချိန်တွင် ကျန်သည့် လူများကို ခေါ်ကာ ဂျင်ဒီနယ်မြေမှသာ ပြန်ထွက် လာခဲ့လိုက်သည်။ အပြန်ခရီးစဉ်သည် အသွားခရီးစဉ်ထက် ပိုမြန်ခဲ့သည်။ နောက်ရက် အကြာမှာပင် သူတို့ဝူရုံမြို့သို့ ပြန်ရောက် ခဲ့သည်။
အဖွဲ့နှစ်ဖွဲ့ကို အောင်မြင်စွာ ခေါ်ဆောင်ပြီးသွားပြီ ဖြစ်သည့် အတွက်ကြောင့် ယခုအချိန်တွင် အဓိက အင်အားစုများသည် ငြိမ်ငြိမ်ထိုင် မနေနိုင်တော့ချေ။ သူတို့သာ မြန်မြန် မလှုပ်ရှားပါက ဂျင်ဒီနယ်မြေ၏ အတွင်းဘက် မဟုတ်လျှင်တောင် ရှီယင် အကျဉ်းထောင်နှင့် ချီရှုံးခန်းမတို့မှ သယံဇာတ အမွေအနှစ်များက သူတို့အလှည့် ရောက်သည့် အချိန်တွင် ကျန်ရှိတော့မည်မဟုတ်ချေ။
***