အပိုင်း ၂၈၃
တော်ဝင်မိသားစု၏အခွင့်အရေး (၂)
ရက်အနည်းငယ် ကြာသည်အထိ ဧကရာဇ်နှင့် အခြားအရေးပါသည့် ဝန်မင်းတို့သည် စိတ်လှုပ်ရှားနေကြကာ အကြောင်းအရာ တစ်ခုကို ညီလာခံပင် ရပ်နားထားလျက် အဆက်မပြတ် ဆွေးနွေး အဖြေရှာ နေခဲ့ကြ၏။
ထိုမျှသာမက ရက်အနည်းငယ်ကြာ ဆွေးနွေးမှု အပြီးတွင် ရာထူးကြီး ဝန်ကြီးများ ဦးဆောင်ကာ မြို့တော် အတွင်းရှိ ပညာတတ် လူငယ်များ အားလုံးကို စုစည်းလိုက်သည်။ သူတို့အားလုံးကို ကြီးမားသည့် ကျောင်းတော် တစ်ခုသို့ ခေါ်သွားကာ ထူးခြား ဆန်းကြယ်သည့် ကျင့်ဝတ် ထုံးတမ်းများအကြောင်း လျှို့ဝှက်လေ့လာ သင်ကြားခိုင်းလိုက်၏။
ထိုကာလအတွင်း ကျောင်းတော်သို့ မည်သည့် အပြင်လူကိုမှ ဝင်ထွက်ခွင့် မပေးခဲ့။ ကျောင်းတော်တွင် စောင့်ကြပ်ရန် အစောင့်များကိုပါ ချထားလေသည်။ သို့သော် ထိုထဲသို့ ဝင်သွားသည့် စာပေပညာရှင် လူငယ်များသည် အလွန်ကို စိတ်လှုပ်ရှား နေကြဟန်ရှိပြီး သူတို့ ဤမျှလောက်ထိ တက်ကြွနေသည်ကို အခြားလူများ တစ်ခေါက်မှ မမြင်ဖူးပေ။
ကြီးမြတ်သည့် ကျင့်ဝတ် ထုံးတမ်းသည် ညတွင်းချင်း ရနိုင်သည့်အရာ၊ လူအနည်းငယ်ဖြင့် ရက်အနည်းငယ်ကြာ သုသေတန ပြုလုပ်ရုံဖြင့် ရနိုင်သည့် အရာမဟုတ်ပေ။ တောအုပ် အတွင်းတွင် ဝမ်ရှန်းသည် အကြောင်းအရာများစွာ မပြောခဲ့သော်လည်း အဓိက အချက်အချို့ကိုတော့ ပြောခဲ့ပေသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် တိုင်းပြည်အနှံ့ရှိ ကျောင်းတော် အသီးသီးမှ တော်ဝင်မိသားစု၏ ဖိတ်ကြားချက်များ ရရှိခဲ့သည်။ ထို့နောက် အားလုံး စုစည်းကြကာ ဆွေးနွေး တိုင်ပင်လိုက်ကြ၏။ မည်သို့ဆိုစေ သူတို့၏ ရည်ရွယ်ချက်သည် မည်သည့် အင်အားစုက တော်ဝင်မိသားစုအား ထောက်ခံသည်ကို သိစေပြီး ထိုထောက်ခံသည့် အင်အားစုများကို ဧကရာဇ်မှ ပညာရပ်များ သင်ကြားပေးမည် ဖြစ်သည်။
မည်သည့်ဂိုဏ်းမှ လက်ရွေးစင်များမဆို အကောင်းဆုံး အထူးခြားဆုံး ဖြစ်လာနိုင်သည်။
ဤကိစ္စရပ်တို့ဖြင့် ဤရက် အတောအတွင်းတွင် တော်ဝင်မိသားစုသည် တကယ်ကို အလုပ်ရှုပ် နေခဲ့ပေသည်။
ဝမ်ရှန်းသည် ဥပဒေကို မတင်းကျပ်ရန်လည်း မိန်းမစိုးလီအား သတိပေးခဲ့သေး၏။ အင်အားစု တစ်ခုတည်းကိုသာ ထောက်ပံ့စေပြီး သူတို့အား ကျောင်းတော်များမှ ပညာသင်စေကာ သူတို့၏ အားနည်းချက်များကို ပြုပြင်စေလျက် သူတို့ကို သိမ်းသွင်းရန် ဖြစ်သည်။
ဤသို့ တော်ဝင်မိသားစု၏ ထူးခြားသော အပြုအမူများသည် အခြားအင်အားစုများ၏ မျက်လုံးအောက်မှ မလွတ်မြောက် နိုင်ခဲ့ပေ။ သို့သော် တော်ဝင်မိသားစုသည် ဘာလုပ်ရမည်မှန်း မသိသည့် စာပေပညာရှင် လူငယ်အချို့ကို စုစည်းခဲ့ခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည့် အချိန်တွင် သူတို့ ထိုကိစ္စဘက်ကို သိပ်ပြီး အာရုံမစိုက် ကြတော့ချေ။
ထိုလူငယ်များသည် အမြဲတမ်း စာအုပ်တကားကားနှင့် စာပေပညာရပ်များ၌သာ ရူးသွပ်သည့် စာပေရူးများ ဖြစ်သည်။ သူတို့ ပူးပေါင်းလိုက်မည် ဆိုလျှင်လည်း ထိုကဲ့သို့သာ ဖြစ်မည်ဖြစ်၏။
သို့သော် အင်အားစုများသည် သူတို့အား ထည့်မတွက်ခြင်း မဟုတ်ပေ။ ထိုပညာရှင်များထဲတွင် အကြီးဆုံး အဆင့်မှာ တက္ကသိုလ်၌ သင်ကြားပေးသည့် ပါမောက္ခအဆင့်ထိ ပါဝင်ကြပြီး သူတို့သည် ပိတ်ရက်များ၌သာ ဝိညာဉ်ကျင့်စဉ် အကြောင်း လေ့လာ ကျင့်ကြံကြသည့် လူများဖြစ်သည်။ ဤအနေအထားတွင် မည်သည့် အင်အားစုမဆို အဋ္ဌမအဆင့် ဝိညာဉ်သခင် တစ်ယောက် စေလွှတ်ကာ သူတို့အားလုံးကို အစအနမကျန် ရှင်းပစ် လိုက်၍ ရပေသည်။
ဤကဲ့သို့ စာရူးပေရူး တစ်သိုက်ကို သတိထား စောင့်ကြပ်နေရန် လိုမည် မထင်ပေ။ ထို့ပြင် သူတို့ ဆွေးနွေးနေကြသည့် အရာမှာလည်း ပညာရပ်ဆိုင်ရာ အကြောင်းအရာများသာ ဖြစ်ပေမည်။ ထူး၍ အာရုံစိုက်စရာ မလိုပေ။
တော်ဝင်မိသားစုတို့ ဘက်မှ ကြီးမားသည့် လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် အချိန်တွင် ဝမ်ရှန်းသည် ဝူရုံမြို့သို့ ဘေးကင်းကင်း ပြန်ရောက်နေပြီ ဖြစ်သည်။
မိန်းမစိုးလီ၏ ခန့်မှန်းချက်သည် မှန်ပေသည်။ ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းတွင် တစ်ဖက်၏ အမုန်းတရား အာဃာတ တရားများကို ကြောက်နေစရာ မလိုပေ။ သူအနေဖြင့် ပိုးကောင်များကို အသုံးပြု၍ ရပေသည်။
ကြီးမားသည့် သားရဲများနှင့် ယှဉ်လျှင် အကောင်သေးကာ တွေးခေါ်နိုင်စွမ်း သိပ်မရှိသည့် ပိုးကောင်ငယ်များသည် ဝမ်ရှန်းနှင့် ပိုနီးစပ်ဟန် ရှိသည်။ ဝမ်ရှန်း ဤအချက်ကို တောင်ကုန်းပေါ်တွင် စာလုံးကိုးလုံး မန္တန် အသုံးပြုသည့် အချိန်၌ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
-阵 (ကျန့်)- ဟူသည့် စာလုံးသည် ဝမ်ရှန်းအား သားရဲတိရစ္ဆာန်များနှင့် နီးကပ်သည့် ခံစားချက် ခံစားရစေသည်။ ထို့ကြောင့်ပင် နောက်ဆုံးအကြိမ် ဖမ်းလာခဲ့သည့် လူဝံပေါက်စလေးသည် ဝမ်ရှန်းအား သူ့အမေဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။
တောင်ကုန်းထိပ်၌ ထိုစာလုံး လေ့ကျင့်စဉ်တွင် ပိုးကောင်အချို့ သူ့ခန္ဓာကိုယ်ပေါ် ပြုတ်ကျ လာသည်ကို ဝမ်ရှန်း သတိထားမိခဲ့သည်။ သို့သော် သူတို့သည် တိတ်ဆိတ်စွာသာ နေကြကာ ဝမ်ရှန်းအား ရန်မူမည့်ဟန် မရှိကြပေ။ ထို့ကြောင့် ဤအကောင်များသည် ဂျင်ဒီနယ်မြေထဲတွင် သူ၏လျှို့ဝှက် လက်နက်များ ဖြစ်ကြောင်း ဝမ်ရှန်း သိလာခဲ့ရခြင်း ဖြစ်သည်။
ယခုလက်ရှိ -阵 (ကျန့်)- စာလုံးအပေါ် သူ၏ကျွမ်းကျင် ပိုင်နိုင်မှုသည် ကြီးမားသည့် သားရဲကောင်များကို ထိန်းချုပ်နိုင်သည့် အဆင့်အထိ မရောက်သေးပေ။ မွေးဖွားသည်မှာ ရက်ပိုင်းသာ ရှိသေးသည့် သားရဲပေါက်များကို ဖြားယောင်းနိုင်သည့် အဆင့်သာ ရှိသေးခြင်း ဖြစ်သည်။ သို့သော် သေးငယ်သည့် ပိုးမွှားကောင်များကိုတော့ အပြည့်အဝ ထိန်းချုပ် နိုင်ပေသည်။
ဝမ်ရှန်းသည် စိတ်မရှည်သည့် လူတစ်ယောက် မဟုတ်ပေ။ သားရဲကြီးများအား ထိန်းချုပ်နိုင်ရန် တဖြည်းဖြည်းချင်း လေ့ကျင့်သွား၍ ရပေသည်။ တိုက်ခိုက်ရန် အတွက်မူ ဝမ်ရှန်းသည် ပစ်မှတ်ကို ရွယ်ကာ -阵 (ကျန့်)- ဟူသည့် စာလုံးကို ရေရွတ်လိုက်လျှင် ရပြီဖြစ်၏။
ထိုစာလုံးကို ကိုယ့်အတွက်ကိုယ် သုံးမည်ဆိုလျှင် ကိုယ့်ထံ၌ ရှိနေသည့် နွေးထွေးသည့် အငွေ့အသက်ကို တိုးမြှင့် စေပေသည်။ အခြားလူများအပေါ် အသုံးပြုမည် ဆိုလျှင်တော့ သူတို့၏ အမုန်းတရားကို တိုးမြှင့်အောင်၊ လျှော့ပါးအောင် လုပ်နိုင်ပေသည်။
မိန်းမစိုးအိုသည် ဉာဏ်ကောင်းကာ စူးရှသည့် အမြင်ရှိ၏။ တပ်မှူး တိုက်ခိုက်မည့် အချိန်တွင် တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားမိခဲ့သည်။ ထို့နောက် ဝမ်ရှန်း၏ အကြံအစည်ကို သတိပြုမိသွားကာ တပ်မှူးအား အလျင်အမြန် တားလိုက်၏။ သို့သော် နောက်ပိုင်း တပ်မှူးအား သတ်လိုက်ခြင်းမှာ ဝမ်ရှန်းပြောသည့် မြေရှင်ပဒေသရာဇ် စနစ်က တော်ဝင်မိသားစုအတွက် မည်မျှပင် အကျိုးရှိကြောင်း အားလုံးထက် ပိုသိသောကြောင့်၊ ဝမ်ရှန်း သူတို့ပေါ် အမြင်ရှင်းသွားစေရန် သတ်လိုက်ခြင်း ဖြစ်သည်။
အဓိက အင်အားစုများမူ ဤအကြောင်းမသိကြပေ။ သူတို့အမြင်တွင် တော်ဝင်မိသားစုသည် ဘာမှ မပြောင်းလဲသွားခဲ့။ ယခင်တွင် ဧကရာဇ်သည် မြို့တော်မှ ထွက်၍မရ၊ ယခုသည်လည်း ဤအတိုင်းပင်ဖြစ်သည်။
ယခင်တွင် သူတို့ထိန်းချုပ်သည့် နယ်မြေများကို သူတို့မိသားစု တစ်ခုချင်းစီ ပိုင်ဆိုင်သည့် နယ်မြေများဟုသာ ခေါ်နိုင်သည်။ သို့သော် ထိုနယ်မြေများကို မင်းသားများသာ ပိုင်းခွဲအုပ်ချုပ် လိုက်မည်ဆိုလျှင် ထန်မိသားစု၏ ပိုင်နက်သည် ထန်ပြည်နယ် ဖြစ်လာကာ စုန့်မိသားစု၏ ပိုင်နက်သည် စုန့်ပြည်နယ်၊ ရှီမိသားစု၏ ပိုင်နက်သည် ရှီပြည်နယ် အစရှိသဖြင့် ပြည်နယ်များသာ ဖြစ်သွားမည်ဖြစ်၏။ နာမည်များသာ ပြောင်းသွားခြင်း ဖြစ်သော်လည်း တစ်စုံတစ်ဦး၏ အပိုင် ပိုင်နက်ဆိုတာ ထက်တော့ များစွာ ပိုနားထောင်လို့ ကောင်းပေသည်။
အရေးအကြီးဆုံး အရာမှာ ယခင်က အင်အားစု တစ်ခုချင်းစီ၏ ခေါင်းဆောင်များသည် နောင်တွင် သူတို့ပြည်နယ်၏ ဘုရင်ခံများ ဖြစ်လာမည် ဖြစ်သည်။ ယခင်တွင် သူတို့သည် ဘုရင်တစ်ပါးကဲ့သို့ ဘဝမျိုး နေထိုင်ခဲ့သော်ငြား သူတို့က မည်မျှပင် မောက်မာစေကာမူ သူတို့ကိုယ်သူတို့ ထိုပြည်နယ်၏ ဘုရင်ဟု မခေါ်ဆို ရဲကြပေ။
ထန်အရှင်၊ စုန့်အရှင်… ဤကဲ့သို့သော နာမည်နာမမျိုးသည် မည်မျှပင် ဂုဏ်ရှိလိုက်သနည်း…
ဧကရာဇ်က ထိုကဲ့သို့ ခွဲလိုက်မည်ဆိုလျှင် ပြည်နယ်သည် ဤပြည်နယ်သာ ဖြစ်နေဆဲဖြစ်၏။ သို့သော် ဂုဏ်ပုဒ် အဆင့်အတန်းက များစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။ ဤကဲ့သို့သော သွေးဆောင် ဖြားယောင်းမှုမျိုးကို မည်သည့် အင်အားစုက တောင့်ခံနိုင်မည်နည်း…
ထို့အပြင် ဘုရင်ခံ ဟူသည့် ဂုဏ်ပုဒ်ဖြင့်ဆိုလျှင် နယ်မြေကို ထိန်းချုပ်မည့် အရာရှိများကို သူတို့ကိုယ်တိုင် ခန့်အပ်၍ ရပြီဖြစ်၏။ ယခုကဲ့သို့ တော်ဝင်မိသားစုနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်နေစရာ မလိုတော့။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကာ မှတ်တမ်း ရေးမှတ်ပြီး ဧကရာဇ်ထံ ပြန်တင်ပြရန်သာ လို၏။ ထိုကဲ့သို့ဆိုလျှင် အင်အားစုများ၏ သူတို့ပိုင်နက်အပေါ် ထိန်းချုပ် နိုင်စွမ်းသည် များစွာ ပိုတိုးသွားပြီဖြစ်ကာ မည်သူမှလည်း ငြင်းဆန်နိုင်မည် မဟုတ်ပေ။
ထိုအချက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် အချိန်တွင် ဝမ်ရှန်း၏ အကြံဉာဏ်က ပါရမီရှင် တစ်ယောက်၏ အကြံဉာဏ်ပင် ဖြစ်ကြောင်း တော်ဝင်မိသားစု နားလည် လာခဲ့သည်၊ အလွန်ကို အံ့အားသင့်စရာ ကောင်းလှ၏။ မြေရှင်ပဒေသရာဇ် စနစ်ကို ကောင်းမွန်စွာ ဆုပ်ကိုင်နိုင်မည် ဆိုလျှင် နောင်တွင် ဧကရာဇ်သည် အင်အားစုများ ကြားမှ တိုက်ပွဲနှင့် သူတို့၏ နေရာ ဆက်ခံမည့် လူများကို ရွေးချယ်သည့် ကိစ္စ၌ ဝင်ရောက် စွက်ဖက်နိုင်ပြီ ဖြစ်သည်။ ထိုကဲ့သို့ဆိုလျှင် မျိုးဆက် အနည်းငယ် ကြာပြီးနောက်တွင် တော်ဝင်မိသားစုသည် သေချာပေါက် ယခုထက် ပိုပြီး အင်အားကြီးမား လာပေလိမ့်မည်။
ဟုတ်ပါသည်၊ ကျိုးမင်းဆက်က ထိုမြေရှင်များကို မည်ကဲ့သို့ သနားစရာ ကောင်းစွာ ဆက်ဆံခဲ့ကြောင်းကိုတော့ ဝမ်ရှန်း မိန်းမစိုးလီအား မပြောပြခဲ့ပေ။ အရေးလည်း မကြီးပေ၊ အရေးကြီးသည်မှာ တော်ဝင်မိသားစုကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်၏။ တော်ဝင်မိသားစုမှ မြေရှင်ပဒေသရာဇ် စနစ်ကို အသက်သွင်း လိုက်သည်နှင့် အဓိက အင်အားစုများလည်း ပါလာနိုင်ပေသည်။
ထိုအချိန်တွင် ဝမ်ရှန်းသည် ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ သူတို့၏ အမိန့်အာဏာကို ငှားရမ်း အသုံးချပြီး ဂျင်ဒီနယ်မြေ အတွင်းပိုင်းမှ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်မည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဝမ်ရှန်း သူ့ပြဿနာကို အရင်ရှင်းရန် လိုနေသည်။ သူသည် ကိုင်ရွှယ်နန်းတော်မှ အဖိုးအခ ကြေးငွေကို လက်ခံခဲ့ပြီး ဖြစ်သည်။ ဒါ့ပြင် နှလုံးသန့်စင် ဆေးပြားကိုလည်း သောက်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူတို့အဖွဲ့ကို ဂျင်ဒီနယ်မြေသို့ ခေါ်ဆောင် သွားပေးရန် လိုအပ်ပေသည်။
***