Switch Mode

Chapter – 282

တော်ဝင်မိသားစု၏ အခွင့်အရေး (၁)

အပိုင်း ၂၈၂
တော်ဝင်မိသားစု၏ အခွင့်အရေး (၁)

မိန်းမစိုးအိုသည် ကျန်သည့် ဝိညာဉ်သခင်များ၏ ထိတ်လန့်တကြား အကြည့်များကို ဂရုမစိုက်ခဲ့ပေ။ အနားယူပြီးနောက် ထိုလူများကို ဦးဆောင်ကာ ဂျင်ဒီနယ်မြေ အပြင်ဘက်ကိုသာ အလျင်အမြန် ဦးတည် သွားလိုက်သည်။

ဝမ်ရှန်းသည် သူ့နေရာ၌သာ ရပ်နေကာ သူတို့ ထွက်သွားသည်ကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် သူသည် လျှို့ဝှက် အကြံအစည်များ များပြားလွန်းကာ ရှုပ်ထွေးလှသည့် တော်ဝင်မိသားစုနှင့် တကယ်ပဲ ဘာမှ မပတ်သတ်ချင်ပေ။

ကျန်နေသည့် ဆယ်မိုင်ခရီးသည် အလွန် ချောမွေ့ကာ ဘာပြဿနာမှ မရှိခဲ့ပေ။ တစ်ခဏ အတွင်းမှာပင် ကျန်သည့် ဝိညာဉ်သခင် ခြောက်ယောက်သည် ဂျင်ဒီနယ်မြေ အတွင်းမှ ထွက်လာကာ မြို့တော် နယ်နိမိတ်နားသို့ ပြန်ရောက် လာခဲ့၏။

မြို့တော် နယ်နိမိတ်နား ရောက်ပြီး ဂျင်ဒီနယ်မြေ၏ အန္တရာယ် အငွေ့အသက်ကို မခံစားရတော့သည့် အချိန်မှာမှ မိန်းမစိုးအို စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလျက် ခေါင်းထက်မှ ချွေးများကို သုတ်လိုက်သည်။ လမ်းတစ်လျှောက်လုံးတွင် သူသည် စိတ်တင်းကျပ် လေးလံ နေခဲ့ကာ ယခု အချိန်မှာမှ စိတ်ကို လျှော့ချလိုက်ရခြင်း ဖြစ်၏။

“အကြီးအကဲလီ၊ ဒီကိစ္စကို ဘယ်လို ပြန်သွား ရှင်းပြမှာလဲ။ လမ်းတစ်လျှောက်လုံး အကြီးအကဲ ပြောခဲ့တာက ဘာမှပြောစရာ မလိုဘူးဆို”

ဝိညာဉ်သခင်တစ်ယောက်မှ မေးလိုက်သည်။

မိန်းမစိုးလီ စိတ်အိုက် သွားသည်။ သူတို့က ဘာလို့ ဦးနှောက် မရှိကြသနည်း။ ဝမ်ရှန်းသည် ယခုလေးတင် ဧကရာဇ်နှင့် မင်းသားတို့ အကြောင်း ပြောခဲ့သည်။ သို့သော် သူတို့က နားမလည်ခဲ့။ သူက သူတို့ခေါင်းဆောင်ကို သတ်ကာ ဝမ်ရှန်းထံ၌ မျက်နှာလို မျက်နှာရ လုပ်ခဲ့သည်ကိုသာ သူတို့မြင်သည်။ သူတို့ကို အသက်ပျောက် သွားစေနိုင်သည့် ကြောက်စရာ ကောင်းသော အဖြစ်အပျက်ကို သူတို့ မမြင်ခဲ့ကြ…

“အမှန်အတိုင်းပဲပြော၊ ဘာမှ ဖုံးကွယ် ထားမနေနဲ့”

မိန်းမစိုးလီ အသက်ကို ပုံမှန်ရှူကာ ပုံမှန်အသံဖြင့် ပြောလိုက်သည်။

“အခုချက်ချင်း နန်းတော်ကို ပြန်ကြမယ်…”

မည်သူမှ မငြင်းဆန်ရဲကြပေ။ ထုံးစံအတိုင်း မိန်းမစိုးလီကို အလယ်၌ထား ကာကွယ်ကာ မြို့တော်ထံသို့ တည့်တည့်မတ်မတ် ပြန်သွား လိုက်ကြသည်။ လမ်းတွင် တော်ဝင် တပ်တော်စောင့်နှင့် တွေ့ပြီဆိုလျှင် လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ပေ။

“အဲ့အချိန်တုန်းက အထီးကျန်ဝံပုလွေကို သတ်လို့ ရတယ်လို့ မထင်လိုက်နဲ့”

အန္တရာယ်ကို နားလည်နိုင်ရန် အတွက် မိန်းမစိုးလီမှ ရှင်းပြလိုက်သည်။

“အဲ့နံပါတ် ကိုးကောင်က သူ့ကိုယ်သူ တပ်မှူးလို့ တွေးပြီး လုပ်ချင်တာ လုပ်လို့ရတယ်လို့ ထင်နေတယ်။ အဲ့အချိန် သူသာ မဆင်မခြင် လှုပ်ရှား လိုက်မယ်ဆိုရင် မင်းတို့ထဲက ဘယ်သူမှ အသက်ရှင်မှာတောင် မဟုတ်ဘူး”

သူတို့သည် မိန်းမစိုးလီ ပြောသည်ကို သံသယ မရှိပေ။ သို့သော် သူတို့ ဘယ်လိုပဲ စဉ်းစားစဉ်းစား နားမလည် နိုင်ကြပေ။ ထိုအချိန်တွင် ဝမ်ရှန်းဘေး၌ ကြောက်စရာ ကောင်းသည့် မည်သည့် သားရဲမှ မရှိနေခဲ့၊ အဆိပ်ရှိသည့် အပင်များလည်း ရှိဟန်မရှိပေ။ အဲ့ဒါကို ဘာလို့ အန္တရာယ် ရှိသည်ဟု ပြောနေသနည်း…

တတိယအဆင့် ဝိညာဉ်သခင်ဖြစ်သည့် ဝမ်ရှန်းသည် သူတို့ ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ဝိညာဉ်သခင်များကို ဘယ်လိုလုပ် သတ်နိုင်မည်နည်း။ ဒါ့ပြင် ထိုနေရာတွင် အကြီးအကဲလီရော ရှိနေသည် မဟုတ်ပါလော…

“မင်းတို့ ဂျင်ဒီနယ်မြေထဲမှာ တစ်လလောက် နေခဲ့တာကို အခုအချိန်အထိ အဖြေကို မတွေးကြည့် နိုင်သေးဘူးလား”

မိန်းမစိုးအို အနည်းငယ် သုန်မှုန်သွားသည်။ ဤလူများသည် အကောင်သာ ကြီးကာ ဦးနှောက် မရှိကြ။ သစ္စာရှိသည့် နေရာတွင် ပြဿနာ မရှိသော်လည်း သူတို့၏ တွေးခေါ် နိုင်စွမ်းကတော့ တကယ့်ကို ဆိုးဝါးလှသည်။

“ဂျင်ဒီနယ်မြေထဲမှာ အန္တရာယ် အရှိဆုံးက သားရဲကောင်တွေ မဟုတ်ဘူး။ အင်းဆက် ပိုးမွှားကောင်တွေပဲကွ၊ သိလား အင်းဆက် ပိုးမွှားတွေပဲ… နားမလည်ပြီလား”

ကျန်သည့် ဝိညာဉ်သခင် ငါးယောက်လုံး ပြိုင်တူ ခေါင်းညိတ် လိုက်ကြသည်။ ဂျင်ဒီနယ်မြေမှ ပိုးမွှားများက ကြောက်စရာ ကောင်းကြောင်း သူတို့ သိပေသည်။ ရှန့်ယင် အကျဉ်းထောင် အတွင်း၌ သေဆုံးခဲ့သည့် လူလေးယောက်ထဲတွင် နှစ်ယောက်သည် ပိုးမွှားများကြောင့် သေခဲ့ခြင်းဖြစ်၏။

သို့သော် ဤအရာက ဝမ်ရှန်းနှင့် ဘာဆိုင်နေလို့လဲ..

“ငါတို့ ထိုင်ပြီး နားနေကြတုန်းက လူတိုင်းရဲ့ ဘေးနားမှာ အဆိပ်ရှိတဲ့ ပိုးမွှားကောင်တွေ အနည်းဆုံး ဒါဇင်နဲ့ချီ ရှိတယ်”

မိန်းမစိုးလီ သက်ပြင်းချကာ ခေါင်းခါယမ်း လိုက်၏။ သူတို့၏ တုံးအမှုအတွက် သူတို့ကို တဲ့တိုးသာ ပြောပြလိုက်တော့သည်။

“အဲ့အချိန်တုန်းက နံပါတ်ကိုးကောင်သာ လှုပ်ရှားခဲ့မယ်ဆိုရင် သူ အဲ့နေရာမှာပဲ ချက်ချင်း သေမှာပဲ”

ထိုအချိန်က အားလုံးဘေး၌ ပိုးကောင်များ ရှိနေခဲ့သည်လား…

သူတို့ သူတို့နားကိုပင် သူတို့ မယုံနိုင်ကြပေ။ သို့သော် အကြီးအကဲလီက လိမ်မည် မဟုတ်ကြောင်းကိုလည်း သူတို့ သိ၏။ ထိုအချိန်က ထိုအဖြစ်အပျက်ကို မသိခဲ့သည့် သူတို့သာ ယခုအချိန် ထိုအကြောင်းကြားပြီး ချက်ချင်း ကြက်သီးထကာ ချွေးစေးများ ပျံလာခဲ့သည်။

“ပြီးတော့ ပြန်ရောက်တဲ့ အချိန်ကျရင် နောက်ပိုင်း အထီးကျန်ဝံပုလွေ ပြောခဲ့တဲ့ စကားတွေ အားလုံးကို မင်းတို့အားလုံး မေ့ပစ်ရမယ်”

ရုတ်တရက် အဘိုးကြီးလီ၏ အသံ အေးစက် ခက်ထန်လာခဲ့သည်။

“တစ်လုံးတလေမှ မမှတ်မိရင် အကောင်းဆုံးပဲ”

“နားလည်ပါတယ်…”

ကျန်သည့် ဝိညာဉ်သခင် ငါးယောက်လုံး ပြိုင်တူ ဖြေလိုက်ကြသည်။ တော်ဝင် အစောင့်တပ်သား တစ်ယောက်အနေဖြင့် တစ်ခါတစ်ရံ သူတို့ဦးနှောက်က လိုက်မမီဘူး ဆိုလျှင်ပင် အချို့အကြောင်းအရာများတွင် သူတို့ မသိသင့် မသိထိုက်သည့် အရာများ ရှိကြောင်းကိုတော့ သူတို့ သိပေသည်။

ထိုအကြောင်းအရာများကို သိနေမည် ဆိုလျှင်တောင် မသိချင်ယောင် ဆောင်ရမည်ဖြစ်၏။ စကားများသည့် လူတစ်ယောက်သည် အသက်တို သွားနိုင်သည်။ အကြီးအကဲလီက သူတို့အား ထိုစကားများ မေ့ပစ်ခိုင်းခြင်းကပင် သူတို့ကို သက်ညှာမှုပေးကာ အလွတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သတ်မှတ်၍ ရနေပြီဖြစ်သည်။

မကြာမီတွင် သူတို့အဖွဲ့ တော်ဝင်အစောင့် တပ်သားအုပ်စုနှင့် တွေ့ခဲ့ပြီး သူတို့နှင့်အတူ နန်းတော်ထံသို့ ဦးတည် သွားလိုက်သည်။

နန်းတော် အတွင်း ဝင်သည်နှင့် လူကြီးမင်းလီမှ မင်းကြီးအား ချက်ချင်း လျှောက်တင် ပေးစေသည်။ ဧကရာဇ်အား ခစားရသည့် မိန်းမစိုးသည်လည်း မင်းကြီးထံ ချက်ချင်း အပြေးအလွှား သွား၍ လျှောက်တင်၏။ ထိုအချိန်တွင် ဧကရာဇ်သည် မှူးမတ်အရာရှိများနှင့် ကိစ္စရပ်များဆွေးနေသည်။ မိန်းမစိုးသည် ဧကရာဇ်ဘေး လျှောက်သွားကာ ဧကရာဇ်အား စကားအချို့ တီးတိုး ပြောလိုက်သည်။ စိတ်လက် မအီမသာ ဖြစ်နေသည့် ဧကရာဇ်သည် ချက်ချင်း ထရပ်ကာ ပျော်ရွှင်သွားသည့် မျက်နှာထားဖြင့် – “မြန်မြန် ဝင်ခိုင်းလိုက်”

ဆွေးနွေးနေမှုများ ချက်ချင်း ရပ်တန့် သွားခဲ့ကာ မှူးမတ် အရာရှိများကိုလည်း ချက်ချင်း ထွက်သွား စေလိုက်သည်။ ထိုအချိန်မှာပင် အဝတ်အစားများ ညစ်ပတ် ပေပွနေသည့် မိန်းမစိုးအို နန်းဆောင် အတွင်းသို့ သုတ်ခြေတင် လျှောက်ဝင် လာသည်ကို သူတို့ မြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။

နေ့လယ်ပိုင်း ဧကရာဇ်ထံ အခစား ဝင်သည်မှစ၍ ညသန်းခေါင် ရောက်သည်အထိ မိန်းမစိုးလီသည် ဂျင်ဒီနယ်မြေသို့ သွားသည့် ခရီးစဉ်တစ်လျှောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် နန်းတော်သို့ လာရာလမ်း တစ်လျှောက်၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို မခြွင်းမချန် တင်ပြခဲ့သည်။

ဝမ်ရှန်း သူ့အား ပြောပြခဲ့သည့် မြေရှင်ပဒေသရာဇ်စနစ် အကြောင်းကိုပါ မသိုမဝှက် ပြောပြလိုက်သည်။ ဝမ်ရှန်းအား တောင်းပန်ရန်အတွက် တပ်မှူးကို ခေါင်းဖြတ်သတ်သည့် အကြောင်းကိုလည်း မထိမ်ချန်ခဲ့ပေ။

“လုပ်ဆောင်ချက် ကောင်းတယ်…”

မိန်းမစိုးအို၏ စကားများကို ကြားပြီးနောက် ဧကရာဇ်မှ သူ၏ကြိုးစားမှု အတွက် ချီးကျူးလိုက်သည်။ သူသည် မိန်းမစိုးလီ ပြောသည့် စနစ်ကို ယခုမှ ကြားဖူးခြင်းဖြစ်ကာ စိတ်လှုပ်ရှားလွန်း၍ တုန်လှုပ်လုနီးပါးပင် ဖြစ်နေပြီဖြစ်၏။ ဝမ်ရှန်းလို လူမျိုးအား သတ်ရန် ကြိုးစားခြင်းက ကြီးမားသည့် အမှားတစ်ခုပင် ဖြစ်သည်။ သူသည် ထိုတပ်မှူးကို ကျိုးကြောင်း ဆက်စပ်အောင် တွေးတတ်သည့် လူတစ်ယောက်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။

မိန်းမစိုးအိုက ပြတ်ပြတ်သားသား ပြုလုပ်ခဲ့၍ တော်သေးပေသည်။ ဝမ်ရှန်းပြောခဲ့သည့် အကြောင်းအရာမှာ တော်ဝင် မိသားစုအတွက် ကြီးမားသည့် ဆုလက်ဆောင် တစ်ခုပင်ဖြစ်သည်။ သူ့ထံတွင် သူ မပြောရသေးသည့် အတွေးများ မည်မျှပင် ရှိမည်ကို မသိနိုင်ပေ။ ထိုဦးနှောက်မရှိသည့် တပ်မှူးသာ ဝမ်ရှန်းအား သတ်နိုင်လိုက်ပါက တော်ဝင်မိသားစုသည် အခွင့်အရေး အလားအလာများ ပျောက်ဆုံး သွားရမည်ပင်။

“ဆုံးဖြတ်ချက် ချခဲ့တာတော်တယ်…”

တပ်မှူးအား သတ်ခဲ့သည့် ဆုံးဖြတ်ချက်အတွက် ဧကရာဇ်မှ မိန်းမစိုးအိုအား နောက်တစ်ကြိမ် ချီကျူးလိုက်သည်။ မြေရှင်ပဒေသရာဇ် စနစ်အကြောင်း သူ့စိတ်ထဲ ပေါ်လာသည့် အချိန်တွင် သူသည် စိတ်လှုပ်ရှားလွန်း၍ အရှေ့အနောက် တောင်စဉ်မရပင် လျှောက်နေခဲ့မိတော့၏။

“ဝန်ကြီးတချို့ကို ချက်ချင်း ဆင့်ခေါ်ပြီး အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိတယ်လို့ပြောလိုက်”

တော်ဝင်မိသားစု၏ အဆင့်အတန်းကို မြင့်မားပေးနိုင်မည် ဖြစ်သည့် အတွက်ကြောင့် ဧကရာဇ်သည် နည်းနည်းလေးပင် ထပ်ပြီး မစောင့်နေချင်တော့ပေ။ ညသန်းခေါင်ယံ အချိန် ဖြစ်နေသော်လည်း သူ ဂရုမစိုက်နိုင်တော့ဘဲ အရေးပါသည့် ဝန်ကြီးအချို့ကို ချက်ချင်း ဆင့်ခေါ်ခိုင်း လိုက်တော့သည်။ မိန်းမစိုးလီနှင့် အခြားလူများ ဂျင်ဒီနယ်မြေအတွင်းမှ ရခဲ့သည့် အရာကိုပင် သူ မကြည့်နိုင်အားသေးပေ။

ယနေ့ညတွင် နန်းတော်သည် အလွန်ကို တက်ကြွ လှုပ်ရှားနေ၏။ ဧကရာဇ်နှင့် ဝန်မင်းအချို့သည့် ဆွေးနွေးခန်းဆောင် အတွင်း၌ မနက်မိုးသောက်အထိ ရှိနေခဲ့ကြသည်။ ညီလာခံကိုပင် ရွေ့ဆိုင်းထားခြင်းဖြစ်၏။ ထိုရုတ်တရက်ဆန်သည့် အဖြစ်အပျက်ကြောင့် မြို့တော်အတွင်းမှ လူများသည်လည်း အံ့သြနေကြတော့သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset