အပိုင်း ၂၈၁
မိန်းမစိုးအို၏ သဘောထား (၂)
ဝမ်ရှန်းနှင့် မိန်းမစိုးလီတို့မှ လွဲ၍ အခြားလူများ အားလုံး နားမလည်နိုင် ဖြစ်နေကြကာ သူတို့ဘာပြောနေလဲ ဆိုတာ မသိကြပေ။
သို့သော် ဝမ်ရှန်း မိန်းမစိုးလီအား စိတ်ထဲ၌ ကျိတ်၍ ချီးကျူးလိုက်သည်။ မိန်းမစိုးလီ၏ အမြင်သည် တကယ့်ကို သူခိုးအမြင်ဖြစ်၏။ သူ သူ၏ပန်းတိုင်ကို ဆုံးဖြတ်ချက် ချခဲ့သည်မှာ ဘယ်လောက်မှ ကြာသေးပေ။ သို့သော် မိန်းမစိုးလီသည် သူတို့ ပြန်တွေ့ပြီးနောက် ပထမဆုံးအကြည့် တစ်ချက်တည်းဖြင့် သူ့အား သတိထားမိခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဝမ်ရှန်း၏ လုပ်ဆောင်မှုကြောင့် မိန်းမစိုးလီသည်လည်း အံ့သြခဲ့ရပေသည်။ ဝမ်ရှန်းသည် သူ့အား အံ့အားသင့်စရာ ကောင်းသည်များ တစ်ခုပြီးတစ်ခု သယ်ဆောင် လာပေးတတ်သည့် လူငယ်လေး တစ်ယောက်ပင် ဖြစ်သည်။
ဝမ်ရှန်းသည် သူပြောခဲ့သည့် စကားများကို အစအဆုံး ကြားခဲ့ဟန်ရှိ၏၊ ထို့ပြင် ဤတိုတောင်းသည့် လဝက်အတွင်းတွင် သူသည် အဖြေကိုပင် တွေးနိုင်ခဲ့ပြီပင်။
ဝမ်ရှန်း၏ တိကျပြတ်သားပြီး ယုံကြည်ချက်ရှိသည့် အကြည့်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏လေ့ကျင့်ခြင်း လမ်းစဉ်၌ ယိမ်းယိုင်မှုများ နောက်တစ်ကြိမ် ထပ်ဖြစ်တော့မည် မဟုတ်ကြောင်း မိန်းမစိုးအို သိလိုက်ရသည်။ ပြောရမည်ဆိုလျှင် ဝမ်ရှန်း၏ ရှေ့လျှောက် လေ့ကျင့်ရေး ခရီးလမ်းကြောင်းသည် ဖြောင့်ဖြူးနေပြီဖြစ်၏။
မိန်းမစိုးအိုအား စိတ်လှုပ်ရှားမှု အဖြစ်စေဆုံးမှာ ဝမ်ရှန်း၏ ဝိညာဉ်အဆင့်သည် တတိယအဆင့် ဖြစ်သော်လည်း ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ဝိညာဉ်သခင်များ အပြင် ခန့်မှန်းရ ခက်သည့် သူ့ကိုယ်ပင် ကြောက်ရွံ့သည့် အရိပ်အယောင် နည်းနည်းလေးပင် မရှိနေခြင်းဖြစ်၏။
ထိုအရာမှာ သူသည် အပြင်ပန်း၌သာ တည်ငြိမ်ချင်ဟန် ဆောင်နေခြင်းများလော…
သို့သော် မိန်းမစိုးအို၏ ဝမ်ရှန်းအပေါ် သိနားလည်မှုနှင့် ဝမ်ရှန်း ယခင်က လုပ်ဆောင်ခဲ့သည့် ကိစ္စရပ် အမျိုးမျိုးတို့ကို ကြည့်မည်ဆိုလျှင် ထိုကဲ့သို့ မဟုတ်ကြောင်း သိသာပေသည်။
ဂျင်ဒီနယ်မြေ အတွင်း၌ ရှိနေခြင်းကြောင့် ဖြစ်နိုင်ပေသည်။
ယခင်က ဝမ်ရှန်းသည် ဝိညာဉ်အဆင့် လမ်းကြောင်းအတွင်း မရှိစဉ်၌ပင် ဒါဇင်နှင့် ချီသည့် ပဥ္စမအဆင့် ဝိညာဉ်သခင်များနှင့် ရာနှင့်ချီသည့် အခြားဝိညာဉ်သခင်များကို သေကြေ ပျက်စီးစေခဲ့သည်။ ယခု သူသည် တတိယအဆင့် အထွတ်အထိပ် အဆင့်ဖြစ်၏။ ထို့ကြောင့် ဂျင်ဒီနယ်မြေ အတွင်းတွင် လူဘယ်နှယောက်လောက်ကများ သူ့အား ရှင်းပစ်နိုင်မည်နည်း…
အပြန်လမ်း တစ်လျှောက်တွင် မိန်းမစိုးအိုသည် ဝမ်ရှန်းအား အကြိမ်ပေါင်း များစွာ တိတ်တဆိတ် စမ်းသပ်ခဲ့၏။ သို့သော် ဝမ်ရှန်းထံမှ မည်သည့် ဟာကွက်၊ မည်သည့် မလုံမလဲ ဖြစ်စိတ်ကိုမှ မတွေ့ခဲ့ရပေ။ တချို့ အကွက်များတွင် သူ့ဘေးမှ တပ်မှူးနှင့် အခြားဝိညာဉ် သခင်များပင် သတိမထားမိခဲ့။
သို့သော် ဝမ်ရှန်းသည် ထိုလှည့်ကွက်များကို ပေါ့ပေါ့ပါးပါးပင် ရှောင်သွားခဲ့၏။ ပထမပိုင်း တစ်ခေါက် နှစ်ခေါက်ခန့်ကိုတော့ ကံကောင်းသည်ဟု တွေး၍ ရပေသည်။ သို့သော် ခုနစ်ခေါက် ရှစ်ခေါက်ခန့် ရှိလာသည့် အချိန်တွင် ကံကောင်းမှုကိုသာ ပုံချ၍ မရတော့ပေ။
ဝမ်ရှန်းသည် သူ့ဘေးပတ်ပတ်လည်၌ ရှိနေသည့် ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့် ဝိညာဉ်သခင် များထက်ပင် ပို၍ ဉာဏ်ကောင်းကာ ထက်မြက်နေခြင်းမှာ အမှန်တကယ်ပင် ဖြစ်၏။ မိန်းမစိုးအို၏ မက်လုံးအောက်မှ နှစ်ကြိမ်တိုင်တိုင် လွတ်မြောက် ခဲ့ပြီးနောက်တွင် ဝမ်ရှန်းသည် အေးဆေး တည်ငြိမ်စွာပင် ပြုံးခဲ့သေးသည်။ ထိုအချိန်မှစ၍ မိန်းမစိုးအိုသည် ဝမ်ရှန်းအား စမ်းသပ်ရန် ထပ်ပြီး မကြိုးစားခဲ့တော့ပေ။
တပ်မှူးသည် တပ်မှူးအဆင့်သာ ဖြစ်၏။ သို့သော် မိန်းမစိုးအိုသည် ဧကရာဇ် ယုံကြည်ရသည့်လူ ဖြစ်သည်။ ဒါ့ပြင် ဤအဖွဲ့သည် သူ့အမိန့်အောက်၌ ရှိနေခြင်းဖြစ်၏။ ထို့ကြောင့် သူ မလုပ်ခိုင်းလျှင် မည်သူမှ ဘာမှ မလုပ်ရဲကြပေ။
“အထီးကျန်ဝံပုလွေ၊ တော်ဝင်မိသားစုက ဘယ်တော့မှ မင်းနဲ့ရန်သူတွေ မဖြစ်ချင်ပါဘူး”
ထိုစကား ထွက်လာသည်နှင့် တပ်မှူးနှင့် အခြားလူများ တုန်ယင် သွားခဲ့ကြသည်။ ဤစကားသည် ဘာကို ဆိုလိုသနည်း… ဧကရာဇ်ဘက်မှ စိတ်ပိုင်းဖြတ် ပြီးသွားပြီလား… တပ်မှူးသည်လည်း သူ့ကိုယ်သူ မေးကြည့်လိုက်သည်၊ သူ လုပ်ခဲ့သမျှ အရာအားလုံးသည် တော်ဝင်မိသားစု အတွက်ဖြစ်၏၊ ဤနေရာတွင် သူမသိသည့် လျှို့ဝှက်ချက်များ ရှိနေသေးသည်လော။ ချက်ချင်းပင် တပ်မှူး ချွေးစေးများ ပြန်သွားခဲ့သည်။
“တော်ဝင်မိသားစုရဲ့ ဒီတစ်ခေါက် ခရီးစဉ်အကြောင်း တစ်ယောက်ယောက်က မေးခဲ့မယ်ဆိုရင် မင်း အမှန်အတိုင်း ပြောလို့ရတယ်”
မိန်းမစိုးလီမှ ထပ်မံ၍ ဆက်ပြောလိုက်သည်။ ထိုအဖြေသည် တပ်မှူးအား ပို၍ပင် နားမလည် ရှုပ်ထွေးသွားစေခဲ့၏။
ဝမ်ရှန်း သူ ရပ်နေသည့် နေရာမှနေ၍ မိန်းမစိုး၏ မျက်လုံးများအား တည့်တည့် စိုက်ကြည့် လိုက်သည်။ မိန်းမစိုးသည်လည်း အကြည့်မလွှဲဘဲ ဝမ်ရှန်း၏ မျက်လုံးများအား တည့်တည့် ပြန်စိုက်ကြည့် နေခဲ့၏။ အတန်ငယ်ကြာမှ ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်။
ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်ကို မြင်လိုက် ရသောအခါ မိန်းမစိုးအိုသည် ပြင်းထန်သည့် တိုက်ပွဲတစ်ခု အဆုံးသတ် သွားသကဲ့သို့ စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။
“တော်ဝင်မိသားစုရဲ့ လက်ရှိ အဆင့်အတန်းက တော်တော်ကို ရှက်စရာ ကောင်းတယ်။ အဲ့အခြေအနေကို ပြောင်းလဲပစ်ဖို့ တစ်ခေါက်မှ မစဉ်းစား ကြည့်ဖူးဘူးလား”
ခနော်နီခနော်နဲ့ ဖြစ်နေသည့် မိန်းမစိုးအို၏ ပုံစံအားကြည့်ကာ ဝမ်ရှန်း သူ၏အတွေးကို ပထမဆုံး ရုတ်တရက် ထပြောလိုက်သည်။
“ဘယ်လို ပြောင်းလဲရမှာလဲ”
မိန်းမစိုးအို တစ်ခဏ ကြောင်အ သွားသည်။ ဝမ်ရှန်း သူ့အား ဤစကားမျိုး ပြောလာလိမ့်မည်ဟု သူ တစ်ခေါက်မှ မတွေးမိပေ။ ထို့ကြောင့် ထိုမေးခွန်း ကြားသည့် အချိန်တွင် သူ ခေါင်းထောင်လာကာ မျက်မှောင်ကြုတ်၍ မေးလိုက်၏။ တစ်ချိန်တည်းမှာပင် တပ်မှူးနှင့် အခြားသူများကို အနောက်သို့ ဆုတ်ခိုင်းလိုက်သည်။ ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်း လွတ်လွတ်လပ်လပ် ပြော၍ ရပြီဖြစ်၏။
“ဧကရာဇ်က မင်းသားတွေကို နယ်မြေတွေ ခွဲဝေပေးပြီး အုပ်ချုပ်စေမယ် ဆိုရင်ရော” ဝမ်ရှန်းမှ ပုံမှန်အတိုင်း ဆက်ပြော လိုက်သည်။
“ဘယ်လိုမျိုးလဲ”
မိန်းမစိုးအိုသည် ဤကဲ့သို့သော စကားမျိုးကို တစ်ခေါက်မှ မကြားဖူးလေရာ အလျင်အမြန်ပင် ပြန်မေးလိုက်၏။
ဝမ်ရှန်းသည် ကျန့်နိုင်ငံတော် သမိုင်းကြောင်း၌ ဧကရာဇ်၏ မြေရှင် ပဒေသရာဇ် စနစ်ကို အကြမ်းဖျဉ်း သိထား မှတ်မိထား သမျှအား ရှင်းပြလိုက်သည်။ အမှန်အတိုင်း ဆိုရလျှင် ဝမ်ရှန်းသည် အသေးစိတ်ကျကျ ပြောခဲ့ခြင်း မဟုတ်ပေ။ သို့သော် မိန်းမစိုးမှ ဂရုတစိုက် နားထောင်နေခဲ့၏။ သူသည် ပိုနားထောင်လေ ပိုစိတ်လှုပ်ရှား လာလေ ဖြစ်လာခဲ့ကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးပင် တုန်ယင်လုနီးပါး ဖြစ်နေပြီဖြစ်၏။
ရှေးခေတ် တရုတ်ပြည် သမိုင်းကြောင်းတွင် ကျိုးမင်းဆက်သည် ရှန့်မင်းဆက်အား ဖျက်ဆီး ပြီးနောက် သူသည် လက်အောက်ခံ ပြည်နယ်များကို ထပ်မံ ပိုင်းခြားကာ ကမ္ဘာတစ်ခုလုံး နီးပါး သိမ်းပိုက်နိုင်ခဲ့သည်။ ဝမ်ရှန်း ဤသမိုင်းကြောင်းကို များများစားစား မသိသော်ငြား အနည်းအကျဉ်းတော့ သိ၏။ ထို့အပြင် ဝမ်ရှန်းသည် ထိုအချိန်က သမိုင်းကြောင်း အကြောင်းကို အဓိက ဦးစားပေး သိခြင်းမဟုတ်၊ နယ်မြေ ပိုင်းခြားကာ အပိုင်စားပေးသည့် နိုင်ငံရေး အုပ်ချုပ်ပုံ စနစ်ကိုသိခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေကာမူ ကျန့်မင်းဆက် အုပ်စိုးသည့် ကာလတွင် ဧကရာဇ်၏ ဂုဏ်ရာထူးသည် ယခုလက်ရှိ တော်ဝင်မိသားစုထက် မဆိုးဝါးပေ။ ဧကရာဇ်တစ်ပါး၏ ဂုဏ်ပုဒ်ဖြင့် လုပ်ပိုင်ခွင့် အာဏာများရှိ၏.။ နောက်ပိုင်း သုံးပြည်ထောင် မင်းဆက်ကာလ (ဝေမင်းဆက်၊ ရှုဟန်မင်းဆက်၊ ဝူမင်းဆက်) အတွင်းတွင် မြေရှင်ပဒေသရာဇ် စနစ်က အာဏာအကြီးဆုံး ဖြစ်ခဲ့လေသည်။
တော်ဝင် မိသားစုကသာ ဧကရာဇ်၏ အရှိန်အဝါကို ပိုမိုကြီးမားအောင် လုပ်နိုင်မည်ဆိုလျှင် ကိစ္စတော်တော်များများ ပို၍လွယ်ကူ သွားပြီဖြစ်၏။ အနည်းဆုံးတော့ တော်ဝင်မိသားစုသည် မြို့တစ်မြို့၏ ထောင့်တစ်နေရာ၌ ပိတ်မိမနေတော့ပေ။ အတော်များများ မပြောင်းလဲ သွားနိုင်သော်ငြား ပို၍ ကောင်းမွန် လာပေမည်။
ဝမ်ရှန်းသည် တော်ဝင်မိသားစုကို သူတို့အာဏာ ဖြန့်ကြက် တိုးပွားအောင် ဘယ်လို ကူညီရမည်ကို စဉ်းစားနေခြင်း မဟုတ်၊ တော်ဝင်မိသားစုမှ အခြား အထက်တန်းလွှာ မိသားစုများအပေါ် ထိန်းချုပ်နိုင်စွမ်း ရှိစေချင်ခြင်း ဖြစ်၏။ ထိုကဲ့သို့ဆိုလျှင် သူ ရှေ့လျှောက် လုပ်ဆောင်ရမည့် အရာများသည် ပို၍လွယ်ကူ သွားနိုင်ပေသည်။
ထိုအချိန် ဝမ်ရှန်းသည် မိန်းမစိုးအိုအား သင့်တော်သည့်လူဟု မြင်သောကြောင့် သူ့ဘက်က စပြောခဲ့ခြင်း ဖြစ်သည်။ တော်ဝင်မိသားစုမှ စတင် လှုပ်ရှား လိုက်သည်နှင့် အချိန်တစ်ခု ကြာသည်အထိ အင်အားစုများ အချင်းချင်းကြား၌ အငြင်းပွားမှုများ ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် ထိုအချိန်ကာလ၌ သူသည်လည်း လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ လုပ်ဆောင်၍ ရပေမည်။
သို့သော် မိန်းမစိုးအို နားထဲတွင် ဤစကားများသည် မိုးကြိုးပစ်ချ လိုက်သကဲ့ပင် ဖြစ်၏။ တော်ဝင်မိသားစုသည် အမြဲတမ်း ခနော်ခနဲ့ နေရာ၌ ရှိနေခဲ့၏။ သို့သော် ဧကရာဇ်ကသာ မင်းသားများ အားလုံး အသိအမှတ်ပြုသည့် ဧကရာဇ်တစ်ပါး ဖြစ်လာမည်ဆိုလျှင် သူ၏ဂုဏ်ရာထူး အဆင့်သည် လုံးဝ ကွဲပြားသွားပြီ ဖြစ်၏။
ဤနေရာတွင် မိန်းမစိုးအိုသည် သူ ကောင်းကောင်း နားမလည်နိုင်သည့် အရာများ ရှိနေသေးသောကြောင့် ဝမ်ရှန်းအား အကူအညီတောင်း မေးမြန်းလိုက်သည်။
“မြို့တော်ထဲမှာ ပညာရှင်တွေ အများကြီး ရှိတယ်၊ အဲ့ဒါကို ခင်ဗျားတို့က အားတဲ့ အချိန်မှာ ဘာတွေ လုပ်နေကြတာလဲ”
ဝမ်ရှန်းသည် အရာဝင်ချင်နေသည့် ထိုစာပေ ပညာရှင်များကို ကိစ္စထဲ ဆွဲထည့်ရင်း မိန်းမစိုးအိုအား အသိပေး လိုက်သည်။
“သူတို့အားလုံးကို စုစည်းပြီး စနစ်တစ်ခုလုံးကို ပြင်ဆင် သတ်မှတ် ခိုင်းလိုက်။ တဖြည်းဖြည်းချင်းနဲ့ တိုးတက်အောင် လုပ်ပေါ့…”
ထိုစကားကို စဉ်းစားပြီးနောက် ဝမ်ရှန်းပြောသည်မှာ မှန်သည်ဟု မိန်းမစိုးအို ထောက်ခံလိုက်သည်။ ဥပဒေပိုင်းနှင့် ပတ်သက်လာလျှင် ထိုစာပေ ပညာရှင်များက အခြားသူများထက် ပို၍ ကျွမ်းကျင်၏။ သူတို့သည် ကျိုးကြောင်းဆီလျော်မှု ရှိအောင် ပိုမို စဉ်းစားနိုင်ကာ ကောင်းမွန်သည့် စနစ်ကို သေချာပေါက် ရေးဆွဲနိုင်ပေလိမ့်မည်။
“ဒီနေ့ ငါ အများကြီး သင်ယူခဲ့ရတယ်။ ဒါပေမယ့် မင်းကို ဆုကြီးကြီး ချီးမြင့်ဖို့က ဒီနေရာမှာ မရှိသေးဘူး။ အရင်ဆုံး အကြွေးအနေနဲ့ မှတ်ထားလိုက်…”
ထိုသို့ ပြောပြီးနောက် မိန်းမစိုးအို ထရပ်ကာ ဝမ်ရှန်းအား အရိုအသေ ပေးလိုက်သည်။ ထိုမြင်ကွင်းကြောင့် အဝေး၌ ရပ်နေကြသည့် လူများအားလုံး နောက်တစ်ကြိမ် အံ့အားသင့် သွားခဲ့ကြရ၏။
ထိုမျှနှင့်မပြီးသေး။ အရိုအသေ ပေးနေစဉ်မှာပင် မိန်းမစိုးအို၏ အကြည့်သည် လျှပ်စီးတန်း တစ်ခုကဲ့သို့ ထိုလူများဘက်သို့ စူးရှစွာ ကျရောက် လာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် လက်လှုပ်ရှား လိုက်သည့် တပ်မှူးသည် ချက်ချင်း တောင့်တင်းသွားလျက် သူ့ခေါင်းမှာ လေပေါ်သို့ ပျံတက် သွားခဲ့တော့သည်။
“သူက မင်းကို သတ်ချင်နေတယ်။ ငါ မင်းအတွက် သူ့ခေါင်း ဖြတ်ပေးလိုက်မယ်။ နောက်ကျ မင်း မြို့တော်ကို လာတဲ့အချိန်တိုင်း ဧကရာဇ်က မင်းကို အချိန်ပြည့် ကြိုဆိုနေမှာပါ…”
မိန်းမစိုးအိုမှ သိုသိပ်စွာ လှုပ်ရှားလိုက်ရင်း ဧကရာဇ်အမည်ကိုပါ ထုတ်သုံးလိုက်သည်။
***