Switch Mode

Chapter – 279

အမှားအမှန်နှင့် ဝေးဝေးနေခြင်း (၂)

အပိုင်း ၂၇၉
အမှားအမှန်နှင့် ဝေးဝေးနေခြင်း (၂)

တပ်မှူးသည် သိပ်ပြီး ကျေနပ်သည် မဟုတ်လှသော်လည်း ဝမ်ရှန်းအား မည်သူမှ တားမည် မဟုတ်ပေ။ ဝမ်ရှန်းသည် လူအုပ်ကြီး အတွင်းမှ ထွက်ခွာသွားကာ တောင်ကုန်းထိပ်သို့ အလျင်အမြန် တက်သွားလိုက်သည်။

တောင်ကုန်းထိပ်မှ မြင်ကွင်းသည် မဆိုးလှပေ။ အထူးသဖြင့် တောင်ကုန်းထိပ်ရှိ သစ်ပင်တစ်ပင်၏ ထိပ်မှကြည့်လျှင် မြင်ကွင်းသည် ပို၍ပင်လှ၏။ ဤနေရာသည် စနိုက်ပါသမား တစ်ယောက်အတွက် အကောင်းဆုံး နေရာပင်ဖြစ်သည်။ သစ်ပင်ထိပ်မှ ကြည့်လျှင် နေရာ အတော်ဝေးဝေးအထိ မြင်ရ၏။

သို့သော် ဆိုးသည်က ဂျင်ဒီနယ်မြေ အတွင်းတွင် တောအုပ်သည် အလွန်ကို ထူထပ် သိပ်သည်းခြင်း ဖြစ်သည်။ အောက်ဘက်၌ ရှိနေသည့် တော်ဝင်မိသားစု အဖွဲ့ကိုပင် ဝမ်ရှန်း ရှင်းရှင်းလင်းလင်း မမြင်ရပေ။ အဝေးကြည့် မှန်ပြောင်းသာ အားရှိဦးမည် ဆိုလျှင် သူတို့၏ လှုပ်ရှားမှုများကို ဝမ်ရှန်း အနီးကပ် မြင်ရနိုင် လောက်ပေသည်။

သစ်ပင်ဘေး ပတ်ပတ်လည်တွင် သတိပေးချက်များ ချမှတ်ကာ သစ်ပင်ပေါ်၌ တစ်ယောက်စာမျှ သေးငယ်သည့် ယာယီတဲတစ်ခု ဝမ်ရှန်း ဆောက်လုပ် လိုက်သည်။ လိုအပ်သည့် ပစ္စည်းများ အားလုံးကို သိုလှောင်လက်စွပ် အတွင်း ထည့်ကာ သယ်လာခဲ့သောကြောင့် တစ်လအတွင်း ရိက္ခာပြတ်မည် ကိုတော့ စိုးရိမ်နေစရာ မလိုပေ။ ထိုကဲ့သို့ စောင့်နေချိန် အတွင်း ဝမ်ရှန်း သူ့ကျင့်စဉ်၏ အဓိကပန်းတိုင်ကို သေချာဂရုတစိုက် စဉ်းစားကြည့် လိုက်သည်။

ဤပန်းတိုင် ဆိုသည်မှာ ခွန်အား သို့မဟုတ် အလျင်ကို ဦးတည် ဆိုလိုခြင်း မဟုတ်ပေ။ မိမိစိတ် ခံစားချက်အရ ဖြစ်ပေါ်သည့် အင်အား သို့မဟုတ် ဝိညာဉ်စွမ်းအား သို့မဟုတ် နားလည် သိမြင်နိုင်ကာ မယိမ်းယိုင်နိုင်သည့် အရာကို ဆိုလိုခြင်းဖြစ်သည်။ ထိုအချက်များသည် ဝမ်ရှန်း ဆေးပြားကို သန့်စင်နေသည့် အချိန်၌ မိန်းမစိုးလီမှ ပြောခဲ့သည့် သူ၏လွှဲမှားနေသော အချက်များ ဖြစ်သည်။

မိန်းမစိုးလီသည် ဝမ်ရှန်းက သူ့စကားများကို မကြားဟု ထင်နေခဲ့၏။ သို့သော် ထိုအချိန်တွင် ဝမ်ရှန်းသည် မိန်းမစိုးလီ၏ စကား တစ်ခွန်းချင်းစီတိုင်းကို သူ့ကမ္ဘာမှ ပါလာခဲ့သည် ပစ္စည်းများထဲမှ တစ်ခု ဖြစ်သည့် တိုက်ပွဲတွင်းသုံး ဆက်သွယ်ရေး စက်ဖြင့် အသံသွင်း ထားခဲ့ပေသည်။

ဆက်သွယ်ရေး ဂြိုလ်တုများ မရှိသောကြောင့် ထိုဆက်သွယ်ရေး စက်များကို အသံသွင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် ဒေတာအချို့ သိမ်းဆည်းခြင်းတို့၌သာ အသုံးပြု၍ရ၏။ မိန်းမစိုးလီ အိမ်ထဲသို့ ခဏဝင်သွားသည့် အချိန်၌ ဝမ်ရှန်း ထိုစက်ကို အသင့်ကြိုပြင်ထားခြင်း ဖြစ်သည်။ သူသည် အသံသွင်းသည့် ခလုတ်ကို ကြိုဖွင့်ထားကာ မည်သူမှ မသိသည့် လုံခြုံသည့်နေရာ တစ်နေရာ၌ ဖွက်ထားခဲ့ခြင်း ဖြစ်၏။

ယခု ဤနေရာတွင် သူတစ်ယောက်တည်း ရှိပေသည်။ ထို့ကြောင့် ဝမ်ရှန်းသည် ထိုစက်ကို ထုတ်ကာ နားကြပ် တပ်လိုက်ပြီး အသံသွင်း ထားသည်ကို ပြန်နားထောင် လိုက်၏။ တိုက်ပွဲဝိညာဉ်သည် မိန်းမစိုးလီ၏ ပုံစံအတိုင်း တစ်ကြိမ်သာ ပြန်လုပ်ပြနိုင်သည်။ သို့သော် ဤစက် အတွင်း၌ အသံသွင်း ထားသည်ကိုတော့ အချိန်မရွေး ပြန်နားထောင်၍ ရပေသည်။ ဒါ့ပြင် အသံကို နားထောင်ခြင်းသည် လေ့လာရာ၌ ပို၍ လွယ်ကူ စေတတ်ပေသည်။

မိန်းမစိုးလီ ပြောခဲ့သည့် စကား တစ်ခွန်းချင်းစီတိုင်း၊ စာလုံး တစ်လုံးချင်းစီတိုင်းကို ဝမ်ရှန်း သေချာ ဂရုတစိုက် နားထောင် နေခဲ့သည်။ ထို့နောက် သူ ဘာကို အားစိုက်လုပ်ရမလဲ ဆိုတာကို စဉ်းစားကြည့် လိုက်၏။

ဂျင်ဒီနယ်မြေသည် ဝမ်ရှန်းနှင့် တကယ့်ကို ရေစက် ရှိပေသည်။ ချီဝမ်နဂါး ခွဲခြမ်းစိတ်ဖြာခြင်း ကိုလည်း ဤဂျင်ဒီနယ်မြေ အတွင်း၌သာ အောင်မြင်ခဲ့ခြင်းဖြစ်၏။

တစ်နှစ်ကျော်ကြာ လက်ရေးလှ ကျင့်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်၊ မိန်းမစိုးအိုသည် ဝမ်ရှန်းက စာရေးရာ၌ တည်ငြိမ် အေးချမ်းသည့် ပုံစံရှိသည်ဟု ပြောခဲ့၏။ ဝမ်ရှန်းသည်လည်း ထိုကဲ့သို့ လက်ရေးလှ လေ့ကျင့်စဉ်တွင် လက်ရေးလှ ပညာရပ်ကို တကယ်ပဲ ကြိုက်နှစ်သက်ခဲ့ပါသည်။

သို့သော် သူသည် သူ့ကိုယ်သူ စာသမားပေသမား လူရည်မွန် တစ်ယောက်အဖြစ် ပြောင်းလဲ ပစ်လိုက်မည် မဟုတ်ပေ။ အေ့စ်စနိုက်ပါသမား တစ်ယောက်အနေဖြင့် အခြားလူများကို အကျင့်သိက္ခာ အကြောင်းနှင့် ဖြောင့်မတ် မှန်ကန်မှုများအကြောင်း တရားချချင်သည်ဆိုလျှင် စနိုက်ပါသမားပင် မလုပ်မှသာ ရပေလိမ့်မည်။

ထူးခြားဆန်းကြယ်သည့် သိုက်ချီ သိုင်းပညာသည် တာအိုဘုန်းတော်ကြီး လင်ရှူးနှင့် ပတ်သက် ဆက်နွှယ်မှုရှိ၏၊ ဒါ့ပြင် လောင်ဇီရုပ်ထု ထွင်းထုခြင်းသည်လည်း ထိုတာအို ကဗျာကာရံများနှင့် ဆက်စပ်မှု ရှိနေသည်၊ စာလုံးကိုးလုံး မန္တန်သည်လည်း ထိုနည်း လည်းကောင်းပင်ဖြစ်ပေသည်။

ဝမ်ရှန်းသည် တာအိုပညာရပ်၏ သဘောတရားနှင့် ယဉ်ကျေးမှုကို လေ့လာ သင်ယူကာ အခြားသူများကို ပြန်လည် ဖြန့်ဝေပေး၍ရ၏။ သို့သော် သူ့ကိုယ်သူ ထိုပညာရပ်၌ နစ်မြှုပ် လိုက်ရန်ကတော့ အနည်းငယ် ပြဿနာ ရှိပေသည်။

အခြေခံကျကျ တွေးကြည့်မည် ဆိုလျှင် ဝမ်ရှန်းသည် မည်သို့သော လူမျိုးဖြစ်သနည်း…

အမှန်အားဖြင့် သူသည် ဝါရင့်စနိုက်ပါ သမားတစ်ယောက်၊ စစ်တပ်၌ အရေးပါသော လူတစ်ယောက်၊ ကျွမ်းကျင်သည့် တိုက်ခိုက်ရေးသမား တစ်ယောက် ဖြစ်ပေသည်။

ထို့ပြင် သူအကျွမ်းကျင်ဆုံးက မည်သည့် အရာများဖြစ်သနည်း…

နောက်ပိုင်းမှ သင်ယူ တတ်မြောက်ခဲ့ရသည့် ဝိညာဉ်နှင့် ဆက်စပ်သော အရာများကို ဖယ်ထုတ် လိုက်မည်ဆိုလျှင် ဝမ်ရှန်း အကျွမ်းကျင်ဆုံး အရာမှာ ခေတ်သစ် လက်နက်များကို အသုံးပြုကာ ဤခေတ်နောက်ကျသည့် လူများကို အနိုင်ကျင့်ခြင်းနှင့် ခေတ်သစ် အတွေးအခေါ်နှင့် ဗဟုသုတများကို အသုံးပြုကာ ဤကမ္ဘာပေါ်မှ ခေတ်နောက် ပြန်ဆွဲနေသည့် အတွေးအခေါ်များကို ချေဖျက်ပစ်ခြင်း ဖြစ်သည်။

ထို့ကြောင့် မည်သည့် လမ်းကြောင်းသည် ဝမ်ရှန်းအတွက် အသင့်တော်ဆုံး ဖြစ်သနည်း…

ထိုအကြောင်းကို တစ်ရက်ကျော် ကြာအောင် စဉ်းစားခဲ့ပြီးနောက် ရုတ်တရက် ဝမ်ရှန်း ထရယ် လိုက်သည်။

သူသည် အမြဲတမ်း စစ်သား တစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် တခြား ဘာတွေးစရာ လိုသေးသနည်း… လုပ်ချင်သည်ဆိုလျှင် စစ်သားတစ်ယောက်၊ မည်သူမှ မလွှမ်းမိုးနိုင်သည့် အနိုင်မခံ အရှုံးမပေး စစ်သားတစ်ယောက် လုပ်ရပေမည်။

သူ ကမ္ဘာပေါ်၌ သင်ယူ လေ့လာခဲ့ရသည့် ပညာရပ်များ အားလုံးသည် ဤရည်ရွယ်ချက် တစ်ခုတည်း အတွက်ဖြစ်သည်။ အမျိုးမျိုးသော တိုက်ခိုက်ရေး နည်းလမ်းများဖြစ်စေ၊ လုပ်ကြံရေး နည်းလမ်း အမျိုးမျိုးဖြစ်စေ၊ အမျိုးမျိုးသော ခေတ်သစ် အတွေးအခေါ် ဗဟုသုတများဖြစ်စေ နောက်ဆုံးတွင် ထိုအရာများ အားလုံးသည် သူတို့ကို အသန်မာဆုံး တိုက်ခိုက်ရေးသမား ဖြစ်လာစေသည့် အရာများပင်ဖြစ်၏။

ဤကမ္ဘာတွင်လည်း ထိုနည်းလည်းကောင်းပင် မဟုတ်ပါလော။

ဘာလို့ ဤကမ္ဘာရောက်မှ ပြောင်းလဲ ပစ်လိုက်ရမည်နည်း…

မိန်းမစိုးအိုသည် သူက ဟိုစပ်စပ်ဒီစပ်စပ် လေ့လာကာ တသီးတသန့် မရှိဟု ပြောခဲ့၏၊ ထိုကဲ့သို့ ဆိုလျှင်လည်း ဘာမှမဖြစ်ပေ။ စစ်သားများသည် တိုက်ခိုက်ရေး နည်းလမ်း တစ်ခုတည်းကိုသာ ကျွမ်းကျင်ကြခြင်း မဟုတ်ပေ။ သူတို့သည် သူတို့လက်ထဲ၌ ရှိနေသည့် မည်သည့် အရာနှင့်မဆို တိုက်ခိုက် နိုင်ကြသည် မဟုတ်ပါလော။

သူ့ကမ္ဘာမြေပေါ်၌ လေ့ကျင့်ရေး ဆင်းသည့် အချိန်တွင် ဝမ်ရှန်းသည် သူက ပညာရပ် များစွာကို သင်ယူ နေရသည်ဟု တစ်ခေါက်မှ မခံစားမိပေ။ ပြောင်းပြန်ပင် များစွာ သင်ယူလေ ပိုမိုတတ်မြောက်လေပင် ဖြစ်၏။

မိန်းမစိုးအိုမှ ဝမ်ရှန်းအား အချိန်မီသတိပေးခဲ့၏။ သို့သော် ရလဒ်အနေဖြင့် ဝမ်ရှန်းသည် သတ်ဖြတ်ခြင်း နည်းလမ်း သို့မဟုတ် တာအိုပညာရပ် အစရှိသဖြင့် လမ်းကြောင်း တစ်ခုတည်းကိုသာ အထူးဦးစားမပေးခဲ့ဘဲ စစ်သားတစ်ယောက် အနေဖြင့် သူ၏လမ်းကြောင်းကိုသာ ပိုမိုခိုင်မာ လာစေခဲ့သည်

ထိုအကြောင်းများ တွေးပြီးနောက် ဝမ်ရှန်း သူ၏စိတ်ထဲတွင် စိတ်တင်းကျပ်မှုများ မရှိတော့ပေ။ ချက်ချင်းပင် သူ့စိတ်ထဲ၌ စာလုံးကိုးလုံး မန္တန်၏ ပထမစာလုံး ထွက်ပေါ်လာခဲ့ကာ သူ ထိုစာလုံးကို အသံထွက် ရေရွတ်လိုက်၏။ “临 (လင်)”

“临 (လင်)” ဟူသည့် စာလုံးသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ငြိမ်သက်မှုကို ဆိုလို၏။ ယခုအချိန်တွင် ထိုစာလုံး အဓိပ္ပာယ်ကို ဝမ်ရှန်း အမှန်တကယ် နားလည်ပြီဖြစ်သည်။

စိတ် ဟူသည့် အရာသည် နူးညံ့ကာ အထိမခံသည့် အရာဖြစ်၏။ တိုက်ခိုက်သည့် အချိန်တွင် ထိုစာလုံးကို အသုံးပြုကာ သူ့ပြိုင်ဘက်၏ စိတ်အခြေအနေကို ယိမ်းယိုင်သွားအောင် ပြုလုပ်နိုင်ပေသည်။

ထိုအချိန် ဝိညာဉ်နယ်မြေ အတွင်းတွင် ကျောက်တိုင်ထက်ရှိ “临 (လင်)” စာလုံးသည်လည်း “兵 (ပင်း)” နှင့် “者 (ကျယ်) စာလုံးများကဲ့သို့ တောက်ပ လာခဲ့သည်။ သူသည် “阵 (ကျန့်)” ဟူသည့် စာလုံးထက်ပင် ပိုမိုတောက်ပနေ၏။

ထို့နောက်မှစ၍ ဝမ်ရှန်းသည် သစ်ပင်ထက်တွင် ထိုစာလုံးကိုးလုံး မန္တန်ကိုသာ လေ့လာ ရွတ်ဖတ် နေခဲ့သည်။ ယခုအချိန်တွင် သူသည် တော်ဝင်မိသားစုမှ လူများအတွက် မစိုးရိမ်နေပေ၊ သူတို့ ဘာလုပ်နေလဲ ဆိုတာကိုလည်း စိတ်မဝင်စား။ သဘောတူ သတ်မှတ်ထားသည့် အချိန်ရောက်အောင် စောင့်ရင်းသာ သူ့ဘာသာသူ လေ့ကျင့် နေလိုက်၏။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားကာ လဝက်ဟူသည့် အချိန်သည် ဘယ်လောက်မှပင် မကြာလိုက်ပေ။ ဝမ်ရှန်းသည် သူ့လေ့ကျင့်မှု၌ပင် ဈာန်ဝင်နေကာ ရုတ်တရက် တိုက်ပွဲဝိညာဉ်ထံမှ ရင်းနှီးသည့် သတိပေးချက် ထွက်ပေါ်လာခဲ့သည်။ ဝမ်ရှန်း အပေါ်မှ ငုံ့ကြည့်လိုက်သည့် အချိန်တွင် တော်ဝင်မိသားစုများ ထွက်လာသည်ကို ချက်ချင်း မြင်လိုက်ရ၏။

သူတို့ ထွက်လာသည်မှာ သတ်မှတ်ထားသည်ထက် အချိန် နှစ်နာရီ ပိုစောနေသေးပေသည်။ ကြည့်ရသည်မှာ သူတို့သည် တကယ်ပဲ အလွန်ကို အချိန်တိကျဟန် ရှိ၏။ ဝမ်ရှန်းသည်လည်း သစ်ပင်အောက် ဆင်းကာ သူတို့အား တည်ငြိမ်စွာ စောင့်နေလိုက်သည်။

သူတို့အုပ်စု မြင်ကွင်းထဲ ရောက်လာသည့် အချိန်တွင် ဝမ်ရှန်း မအံ့သြပဲ မနေနိုင် ဖြစ်သွားခဲ့သည်။ အထဲသို့ ဝင်သွားသည်မှာ ၁၁ ယောက်ဖြစ်၏။ သို့သော် ပြန်လာသည့် အချိန်တွင် ၇ ယောက်သာ ပါလာခဲ့သည်၊ ၄ ယောက် ပျောက်နေလေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset