Switch Mode

Chapter – 278

အမှားအမှန်နှင့် ဝေးဝေးနေခြင်း (၁)

အပိုင်း ၂၇၈
အမှားအမှန်နှင့် ဝေးဝေးနေခြင်း (၁)

ယနေ့တွင် တော်ဝင် မိသားစုမှလူများ အမြင်ကျယ်ခဲ့ရသည်။ တစ်ချိန် တစ်ခါက ခမ်းနား ကြီးကျယ်ခဲ့သည့် ဂိုဏ်းသည် တောအုပ်၏ တိုက်စားမှုကို နှစ်ပေါင်းရာနှင့်ချီ ခံရပြီးနောက် ဤပုံစံမျိုး ဖြစ်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

ယခင်က အဆောက်အဦးများ မရှိတော့ကြောင်းကတော့ ပြောစရာပင် မလိုပေ။ သို့သော် ထိုအဆောက်အဦးများ ရှိနေသော်ငြားလည်း ဝမ်ရှန်းကဲ့သို့ အမြင်မျိုး မရှိပါက သူတို့သည် ဤနေရာကို ဘယ်တော့မှ သိမြင်လိမ့်မည် မဟုတ်ပေ။

ယခု သူတို့ ဘာဆက်လုပ် ရတော့မည်နည်း…

တော်ဝင်မိသားစုတွင် ရှန့်ယင်အကျဉ်းထောင်၏ တည်နေရာ အသေးစိတ်ကို မှတ်တမ်း တင်ထားသည့် ရတနာမြေပုံ ရှိပေသည်။ ထိုမြေပုံအတိုင်း သွားမည်ဆိုလျှင် သူတို့၏ ပန်းတိုင်ကို ရှာတွေ့မည် ဖြစ်ကာ သူတို့ ရှာဖွေနေသည့် အရာကို ရှာတွေ့နိုင်ပေသည်။

သို့သော် ယခုလက်တွေ့တွင်မူ ရောက်နေသည့် နေရာကိုပင် မသိရှိပဲ ဖြစ်နေကာ သူတို့ပန်းတိုင်ကို သူတို့ ဘယ်လိုလုပ် ရှာတွေ့နိုင်မည်နည်း။

ထို့အပြင် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် အဆောက်အဦး အချို့သည် ပျက်စီး ယိုယွင်းနေပြီဖြစ်ကာ အချို့သည် သစ်ပင်ချုံနွယ်များဖြင့် ရစ်ပတ် ဖုံးလွှမ်းနေပြီ ဖြစ်၏။ ပိုပြီး အရေးကြီးသည်မှာ ဤကမ္ဘာ၏ မြေပုံတွင် အချိုးစကေးများ မပါရှိခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ နောက်ဆုံးပန်းတိုင် ရောက်အောင် ဘယ်လောက် ကြာသွားရမလဲ ဆိုတာကို မည်သူမှ မသိပေ။

ဤခေတ်ကမ္ဘာမှ ဝိညာဉ်သခင်များသည် တကယ့်ကို ကျွမ်းကျင်သည့် လူများဖြစ်ကြ၏။ သို့သော် သူတို့သည် တိုက်ခိုက်ခြင်းနှင့် ဝိညာဉ်အဆင့်များ၌သာ ကျွမ်းကျင်ကြခြင်း ဖြစ်သည်။ တည်နေရာများ စူးစမ်းရှာဖွေရာတွင် များစွာ နောက်ကောက်ကျ နေသေးပေသည်။

ဝမ်ရှန်း သူတို့အား ညွှန်ပြသည့်အပိုင်းကို တပ်မှူး သေချာဂရုတစိုက် စစ်ဆေး ကြည့်လိုက်သည်။ ရှန့်ယင် အကျဉ်းထောင်က ဤအခြေအနေမျိုး ဖြစ်နေပြီဆိုလျှင် သူတို့အနေဖြင့် ပြဿနာ တစ်ရပ်ပင်ဖြစ်၏။ သူတို့ ဘာလုပ်သင့်သနည်း…

ပထမဦးစွာ တပ်မှူးသည် မိန်းမစိုးအိုအား လှည့်ကြည့် လိုက်သည်။ ထို့နောက် ဝမ်ရှန်းဘက် လှည့်လိုက်၏။ ထို့နောက် မိန်းမစိုးအိုအား ပြန်ကြည့်ကာ သူနှင့်ဆွေးနွေး တိုင်ပင်ရန် ပြောမည်အပြု မိန်းမစိုးအိုမှ ခေါင်းခါယမ်းကာ ရယ်ရယ်မောမော ပြောလိုက်သည်။

“သူ သေချာပေါက် ဒီထဲဝင်မှာ မဟုတ်ဘူး။ မင်း လက်လျှော့လိုက်တော့”

မိန်းမစိုးအိုမှ ခြောက်သွေ့သည့် အပြုံးဖြင့် ပြောလိုက်သည်။

“အဲ့ကလေးက ငါမြင်ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံး ကလေးပဲ။ သူ ဒီလိုကိစ္စမျိုးတွေမှာ ဝင်ပါမှာ မဟုတ်ဘူး”

“ဈေးကြီးကြီးပေးပြီး ဈေးညှိမယ် ဆိုရင်ရော”

တပ်မှူးမှ တစ်ခဏ စဉ်းစားကာ ရလိုရငြား မေးကြည့်လိုက်သည်။

“မင်းက မင်းအသက်ကို ဈေးကြီးပေးပြီး အသေခံ မလို့လား”

မိန်းမစိုးမှ နောက်တစ်ကြိမ် ခေါင်းခါယမ်းကာသာ ပြန်ဖြေလိုက်သည်။

တော်ဝင်မိသားစု၏ လျှို့ဝှက်ကိစ္စများ၌ ဝင်ရောက် စွက်ဖက်ခြင်းက နောက်ဆက်တွဲ သိပ်မလွယ်ကူလှပေ။ ဘာမှ မသိဘူးဆိုလျှင်တော့ ဘာမှပြသနာ ကြီးကြီးမားမားမရှိ။ သို့သော် သိသွားပြီ ဆိုလျှင်၊ သို့မဟုတ် တော်ဝင်မိသားစု အဖွဲ့ဝင်တစ်ယောက် မဟုတ်ဘူးဆိုလျှင် တစ်ခုတည်းသော ရလဒ်မှာ သေခြင်းတရားပင် ဖြစ်၏။ ဝမ်ရှန်းသည် သေချာပေါက် ထိုကဲ့သို့ ဖြစ်ချင်မည် မဟုတ်ပေ။ ထို့ကြောင့် ဤခရီးစဉ်တွင် သူ ဒီထက်ပိုပြီး ပါဝင်တော့မည် မဟုတ်ချေ။

“သူ့ကို အတင်းအကြပ် ဖိအားပေး နှိပ်စက်ပြီး ဝင်ခိုင်းမယ် ဆိုရင်ရော”

“သူ သေလို့ရတာ သေချာတယ်ဆိုရင် ဒါမှမဟုတ် မင်းမှာ ဒီဂျင်ဒီနယ်မြေထဲ လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်တဲ့ အရည်အချင်း ရှိတယ်ဆိုရင်တော့ လုပ်ပေါ့”

ယခုတစ်ကြိမ်တွင် မိန်းမစိုးအိုသည် မည်သည့် ထင်မြင်ချက်မှ မပေးခဲ့ပေ။ အခြေအနေ နှစ်ရပ်ကိုသာ ပြောပြလိုက်၏။ ထို့နောက် ဘာမှ ထပ်မပြောတော့ဘဲ အနားယူလိုက်သည်။ ထိုအစား တပ်မှူးကိုသာ တာဝန်ယူ ခိုင်းလိုက်၏။

ဝမ်ရှန်းအား အတင်းအကြပ် ဖိအားပေးမည့်ထဲ မပါခြင်းကပင် ခရီးလမ်း တစ်လျှောက် ဝမ်ရှန်း သူ့အား မျက်နှာသာ ပေးခဲ့မှုများအတွက် ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု သတ်မှတ်၍ ရပေသည်။

တစ်ခဏကြာ စဉ်းစားပြီးနောက် ဝမ်ရှန်းအား ခေါ်သွားရန် တပ်မှူး ဆုံးဖြတ်ချက် ချလိုက်သည်။

“အထဲ လိုက်ဝင်သွားပြီး ခင်ဗျားတို့ကို ကူညီပေးရမယ် ဟုတ်လား…”

ဝမ်ရှန်းမှ မေးလိုက်သည်။

“မရဘူး မရဘူး မရဘူး။ ဒါက ကျွန်တော် အရင်က ပြောထားတာနဲ့ မတူတော့ဘူး။ ကျွန်တော် ခင်ဗျားတို့ကို ဒီထိ လိုက်ပို့ပြီး ကျန်တာ ခင်ဗျားတို့ အပိုင်းပဲလို့ သဘောတူ ထားကြတာပဲ။ အဲ့ဒါကြောင့်လည်း နောက်ထပ် လူပိုတစ်ယောက် ခေါ်လာခဲ့တာလေ”

ဝမ်ရှန်း၏ စကားများသည် တကယ့်ကို ရှင်းလင်းပေသည်။ သို့သော် တပ်မှူးသည် အင်အားကြီး မိသားစုတစ်ခုမှ ဖြစ်၏၊ ထိုလိုလူမျိုးက စကားကို ပြန်ပြောင်းရန် လွယ်ကူ လှပေသည်။ ယခုတစ်ကြိမ် ဝမ်ရှန်း ဘေးထွက် နေသည်ကို သူ သည်းခံနိုင်ရန် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…

ဝမ်ရှန်းသည် တကယ်ကို ဉာဏ်ကောင်း လှပေသည်။ တပ်မှူး ဘာပြောမည် ဆိုတာကို သိသောကြောင့် တပ်မှူးအား နောက်တစ်ကြိမ် စကားပြောခွင့် မပေးတော့ဘဲ သူပဲ အရင်ဦးစွာ စပြောလိုက်သည်။

“ကျွန်တော်သာ ခင်ဗျားဆိုရင် ဒီလိုဦးနှောက် မရှိတဲ့ လုပ်ရပ်မျိုး လုပ်မှာ မဟုတ်ဘူး။ အထူးသဖြင့် ဂျင်ဒီနယ်မြေ ထဲမှာပေါ့”

သို့သော် တပ်မှူးသည် ထိုမျှလောက်နှင့် ကြောက်သွားမည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ရှန်းမှသာ ဆက်၍

“ကျွန်တော် လမ်းပြပေးတာကြောင့် ကျွန်တော်တို့ ဒီနေရာကို ဘေးကင်းကင်းနဲ့ ရောက်လာ နိုင်ခဲ့တယ်။ ကျွန်တော် ပြောတာယုံ၊ ကျွန်တော်သာ ထွက်သွား ချင်တယ်ဆိုရင် ဒီနေရာက ဘယ်သူမှတောင် တားနိုင်မှာ မဟုတ်ဘူး”

တပ်မှူး ဒေါသထွက်သွားကာ ဝမ်ရှန်းအပေါ် ဒေါသပုံချရန် ပြင်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်းမှ လေးနက် တည်ငြိမ်စွာဖြင့် –

“မလှုပ်နဲ့..”

ဝမ်ရှန်း ဦးဆောင်သည့် စည်းမျဉ်း စည်းကမ်းများကို အားလုံး စွဲစွဲမြဲမြဲ မှတ်မိကြပေသည်။ ဝမ်ရှန်းထံမှ “မလှုပ်နဲ့” ဟူသည့် စကားကြားသည်နှင့် မည်သူမှ အလွယ်တကူ လှုပ်ရှား ရဲကြသည် မဟုတ်…

ဝမ်ရှန်း သူ၏ဓားမြှောင်ကို ထုတ်ကာ တပ်မှူး၏ ပခုံးထံသို့ တဖြည်းဖြည်းချင်း ရွေ့သွားလိုက်သည်။ ထိုလုပ်ရပ်ကြောင့် တပ်မှူးဒေါသ ထွက်သွားကာ ပေါက်ကွဲမည့် အချိန်မှာပင် သူနှင့်အတူ လိုက်ပါလာသည့် လူများက သူ့အား မျက်လုံးမှိတ် အချက်ပြ နေကြသည်ကို သူမြင်လိုက်ရသည်။ သူတို့ပုံစံသည် သူ လှုပ်ရှား မိလိုက်မည်ကို စိုးရိမ် နေကြသကဲ့ပင် ဖြစ်၏။

ထို့ကြောင့် သူသည်လည်း ငြိမ်ငြိမ်သာ ရပ်နေကာ ဝမ်ရှန်း၏ ဓားသွား အတိုင်း သူ၏မျက်လုံးများကို ရွှေ့လျား လိုက်သည်။ ရုတ်တရက် ဝမ်ရှန်း လက်လှည့်လိုက်ကာ သူ၏ဓားပေါ်တွင် အနက်ရောင် ပင့်ကူတစ်ကောင် ပါလာခဲ့၏။ ထိုအကောင်သည် လေထဲ၌ တန်းလန်း ပါလာခဲ့ကာ ဝိညာဉ်သခင် တစ်ယောက်မှ အလျင်အမြန်ပင် မြားဖြင့် ပစ်ထည့်လိုက်သည်။

ဒုတ်…

ထိုအကောင်သည် မြားနှင့်အတူ အဝေးရှိ သစ်ပင် ပင်စည်၌ သွားစိုက်ခဲ့တော့သည်။

မြားထိပ်၌ စိုက်နေသည်မှာ သစ်ကြားသီး အရွယ်အစားရှိ အဖြူရောင် ခွာမြှောင်းများနှင့် အနက်ရောင် ပင့်ကူတစ်ကောင် ဖြစ်သည်။ သစ်ပင် ပင်စည်၌ သွားစိုက်သည့် အချိန်တွင် သူ၏သေးငယ်သည့် ခြေချောင်း ရှစ်ချောင်းသည် တဖျတ်ဖျတ် လှုပ်ခါနေဆဲဖြစ်၏။

ထိုအနက်ရောင် ပင့်ကူအား မြင်လိုက်သည်နှင့် တပ်မှူး ချက်ချင်း မျက်နှာပျက် သွားခဲ့သည်။ ပင့်ကူသည် ယခုလေးတင် သူ့ပခုံးပေါ် တက်ခဲ့ခြင်း ဖြစ်ပြီး သူ သတိမထား မိခဲ့ခြင်းဖြစ်၏။ ဝမ်ရှန်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူ ဒုက္ခအကြီးအကျယ် ရောက်ပြီ ဖြစ်သည်။ အထူးသဖြင့် သူက ဝမ်ရှန်းအား ခြိမ်းခြောက် ချင်နေသည့် အချိန်မှာပင် ဝမ်ရှန်းမှ သူ့အသက် ကယ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကို သူ သိပ်ပြီး လက်မခံချင်ကာ အင်တင်တင် ဖြစ်နေခဲ့တော့သည်။

ဤအဖြစ်အပျက်နှင့် ကြုံတွေ့ရပြီးနောက် ဤနေရာက ဂျင်ဒီနယ်မြေ အတွင်းဖြစ်ကာ မည်သူကမှ ဝမ်ရှန်းအား လှည့်စား၍ မရသည်ကို တပ်မှူး နားလည် သွားခဲ့သည်။ အသေအချာ စဉ်းပြီးနောက် နောက်ဆုံးတွင် သူသည် ဝမ်ရှန်းအား ဖိအားပေးမည့် အကြံကို လက်လျှော့လိုက်၏။ လုပ်ချင်သည် ဆိုလျှင်တောင် နောင် ဂျင်ဒီနယ်မြေ အတွင်းမှ ထွက်ပြီးသည့် အချိန်မှသာ လုပ်ရပေမည်။

သူ မပြောခဲ့ရသည့် စကားများကိုလည်း မပြောဘဲ နေလိုက်တော့၏။ ထို့နောက် မိန်းမစိုးလီဘက်သို့ မကျေမနပ်ဖြင့် ပြန်သွားလိုက်သည်။ မိန်းမစိုးအိုသည် သုန်မှုန်နေသည့် တပ်မှူး၏ မျက်နှာကို ကြည့်ကာ ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်တော့သည်။

ဝမ်ရှန်းသည် သူ ဤဝဲဂယက်အတွင်းမှ ဘေးထွက်နေသင့်ကြောင်း သူ့ကိုယ်သူ သိပေသည်။ ထို့ကြောင့် တပ်မှူး သူ့နေရာသို့ ပြန်သွားပြီးနောက် သူ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

“ညာဘက်မှာ တောင်ကုန်း တစ်ခုရှိတယ်။ အဲ့တောင်ကုန်းက ဒီနေရာမှာ အမြင့်ဆုံး နေရာပဲ”

ဝမ်ရှန်း သူတို့အား ညာဘက်ရှိ အမြင့်ဆုံး နေရာအား လက်ညှိုးထိုး ညွှန်ပြလိုက်သည်။

“ကျွန်တော် ခင်ဗျားတို့ကို အဲ့တောင်ထိပ်ပေါ်မှာ စောင့်နေမယ်…”

“လဝက်…”

အားလုံး သတ်မှတ်ထားသည့် အတိုင်း ဝမ်ရှန်း အချိန်ကို တွက်ချက်ကာ ရက်သတ်မှတ် ပေးလိုက်သည်။

“တောင်ထိပ်ပေါ်မှာ ခင်ဗျားတို့ကို လဝက်စောင့်မယ်။ အချိန်ပြည့် သွားရင် ခင်ဗျားတို့ ပြန်ရောက် လာသည်ဖြစ်စေ၊ ပြန်မရောက် လာသည်ဖြစ်စေ ရောက်လာတဲ့ လူတွေကိုပဲ ခေါ်ပြီးပြန်မယ်”

“ခင်ဗျားတို့ ဘာဆက်လုပ်ကြမှာလဲ ဆိုတာကို ကျွန်တော် စိတ်မဝင်စားဘူး၊ သိလည်း မသိချင်ဘူး။ အဲ့ဒါကြောင့် ဘာမှ လာမပြောပြကြနဲ့”

ဝမ်ရှန်း အားလုံးအား နောက်တစ်ကြိမ် သတိပေးလိုက်သည်။

“ကျွန်တော်က ဒီတိုင်း လမ်းပြ သက်သက်ပဲ။ လူသတ်တာပဲဖြစ်ဖြစ်၊ မီးရှို့တာပဲဖြစ်ဖြစ်၊ လူကယ်တာပဲဖြစ်ဖြစ်၊ ဘာလုပ်လုပ် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး..”
***

Comment

Leave a Reply

Options

not work with dark mode
Reset