အပိုင်း ၂၇၇
တော်ဝင်မိသားစု၏ ပန်းတိုင် (၂)
ဂျင်ဒီနယ်မြေ အတွင်းသို့ မဝင်ခင်တွင် ဝမ်ရှန်းသည် အန္တရာယ်ရှိသည့် သားရဲအားလုံးကို ရှောင်ကာ ပုံမှန်လမ်းအတိုင်း သွားမည်လား၊ သို့မဟုတ် အချိန်ကုန် သက်သာစေရန် ကြုံတွေ့မည့် သားရဲများကို ရင်ဆိုင်သတ်ဖြတ်ကာ တည့်တည့် သွားမည်လားဟု နောက်တစ်ကြိမ် အတည်ပြုခဲ့၏။
ပြောရမည်ဆိုလျှင် မိန်းမစိုးလီ၏ ဝိညာဉ်အဆင့်က မတွေးတတ်လောက်အောင် မြင့်မားသောကြောင့် ဝမ်ရှန်းသည် ဤမေးခွန်းမျိုးကိုပင် မေးစရာမလိုပေ။
သို့သော် ထိုမေးခွန်းသည် မိန်းမစိုးအိုအား ပို၍ စိတ်ကျေနပ် သွားစေခဲ့၏။ တော်ဝင်မိသားစုဘက်မှ ကြည့်မည်ဆိုလျှင် ဝမ်ရှန်းသည် အရှေ့နှစ်ခေါက်၌ ဤကဲ့သို့ ဆွေးနွေးမှုများ အလွယ်တကူ မပြုလုပ်ခဲ့ပေ။
အထူးသဖြင့် ဝမ်ရှန်းသည် အစကတည်းက လူကြီးမင်းလီ၏ ကျေးဇူးကြောင့် ဟု ပြောခဲ့သည့် အတွက်ကြောင့် မိန်းမစိုးအိုအား အလွန်မျက်နှာ ရစေခဲ့ပေသည်။
အဖွဲ့အတွင်းတွင် လူကြီးမင်းလီသည် အရေးပါသည့် ပုဂ္ဂိုလ်တစ်ယောက် အနေဖြင့် ဘာမှ မလုပ်ဘဲ အလိုလို နေရာရနေပြီ ဖြစ်၏။ သို့သော် ဝမ်ရှန်းသည် သူ့အား ဤကဲ့သို့ မျက်နှာရအောင် လုပ်ပေးခဲ့သေးသည်။ ထိုကဲ့သို့ စဉ်းစားမိကာ မိန်းမစိုးလီသည် ဝမ်ရှန်း လေ့ကျင့်သည့် အချိန်ကို ရွေးပြီး စကားပြောခဲ့ မိသည်ကို အနည်းငယ် စိတ်မကောင်း ဖြစ်သွားခဲ့သည်။
သို့သော် ဤခံစားချက်သည် တစ်ခဏသာ ဖြစ်၏။ နန်းတွင်းကဲ့သို့ မျက်နှာဖုံး အများဆုံးနှင့် အမှောင်မိုက်ဆုံး နေရာ၌ တိုက်ခိုက် ရှင်သန် နေထိုင်နေသည့် လူတစ်ယောက် အနေဖြင့် အရမ်းကြီး သူတော်ကောင်း ဆန်နေလျှင် ယနေ့အချိန်အထိ အသက်ရှင် နေထိုင်နိုင်မည် မဟုတ်ချေ။ ထိုကဲ့သို့ ပြောပြခြင်းသည်ပင် စိတ်နှလုံးကောင်း ရှိနေပြီဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ဝမ်ရှန်းသည် တော်ဝင်မိသားစုကို ဂျင်ဒီနယ်မြေတွင်း၌ တစ်လကြာ လမ်းပြပေးမည်ဟု ပြောခဲ့သည်။ လမ်း၌သာ အချိန်ကုန် သက်သာမည် ဆိုလျှင် ရှန့်ယင် အကျဉ်းထောင်တွင် အချိန်ကြာကြာ ပိုနေနိုင်ပေသည်။
မိန်းမစိုးလီ ထိုအကြောင်းကို တပ်မှူးနှင့် ဆွေးနွေး ကြည့်လိုက်သည်။ သို့သော် သူ့အနေနှင့် ဆိုလျှင် တည့်တည့် သွားခြင်းက ပို၍ လွယ်ကူပေသည်။ အဓိက ပြဿနာမှာ ရက်စက် ကြမ်းကြုတ်သည့် သားရဲများကို ရင်ဆိုင် သတ်ဖြတ်ရန်သာ ဖြစ်၏။
ဤရွေးချယ်မှုနှင့် ပတ်သက်၍ ဝမ်ရှန်းထံတွင် ဘာမှပြောစရာ မရှိပေ။ ဤရွေးချယ်မှုသည် အချိန်ကုန် သက်သာခြင်းသာ ရှိ၏၊ တခြားဘာမှမရှိ။ သူတို့ ထိုကဲ့သို့ ရွေးချယ်ခဲ့လျှင်လည်း ဂျင်ဒီနယ်မြေ အတွင်းသို့ဝင်ရန် ဝမ်ရှန်းကို လိုအပ်နေဉီးမည်ပင်။
ဂျင်ဒီနယ်မြေ အတွင်းတွင် သားရဲများအပြင် လူသားများ၏ အသက်ကို နုတ်ယူနိုင်သည့် အင်းဆက်များ များစွာရှိ၏။ အလွန် ကြောက်စရာ ကောင်းလှသည့် အပင်များလည်း ပေါများစွာ ပေါက်ရောက်နေသည်။ နှစ်ပေါင်း ရာနှင့်ချီ အတွင်းတွင် လူဘယ်နှယောက်မျှပင် သေခဲ့ပြီကို မသိနိုင်ချေ။
နောက်ဆုံးတွင် ဝမ်ရှန်း ထင်ထားသည့် အတိုင်းပင် တော်ဝင်မိသားစု ဘက်မှ သားရဲများကို သတ်ကာ အချိန်ကုန် သက်သာစေသည့် နည်းလမ်း ရွေးချယ်ခဲ့၏။ ဝမ်ရှန်းသည် သူတို့ကို ရှန့်ယင် အကျဉ်းထောင်ဆီ တည့်တည့် ခေါ်သွားပေးရမည် ဖြစ်သည်။
………
အဖွဲ့တစ်ဖွဲ့လုံးတွင် မိန်းမစိုးလီကို မထည့်တွက်သည့်တိုင် အနိမ့်ဆုံး အဆင့်သည် ဆဋ္ဌမအဆင့်ဖြစ်ကာ အမြင့်ဆုံးအဆင့်သည် သတ္တမအဆင့် ဖြစ်သည်။ ဤအဆင့်နှင့် အဖွဲ့သည် အလွန်ကို အင်အား ကြီးမားသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်နေပြီဖြစ်၏။
တောတွင်းသို့ ဝင်ရောက် လာကြပြီးနောက် သူတို့သည် သာမန် သားရဲများနှင့် တွေ့ကြုံသည့် အချိန်တိုင်း မိန်းမစိုးအိုနှင့် တပ်မှူးတို့ ဘာမှပင် လုပ်စရာ မလိုပေ။ ကျန်သည့် လူများသာ ရှေ့ထွက် တိုက်ခိုက်ခဲ့ကြ၏။ ဝမ်ရှန်းသည်လည်း လုံခြုံသည့် နေရာ၌သာ ပုန်းနေခဲ့သည်။
တော်ဝင် အဖွဲ့သည် အလွန် ကောင်းမွန်သည့် စည်းစည်းလုံးလုံး အဖွဲ့တစ်ခုပင် ဖြစ်၏။ လမ်းတစ်လျှောက်တွင် ဝမ်ရှန်းဘက်မှ ရှေ့၌ကြုံတွေ့မည့် သားရဲကို ကြိုပြောပေးရုံဖြင့် သားရဲကို သတ်ပြီးသွားသည့် အချိန်တိုင်း သူတို့သည် ဝမ်ရှန်းအား ခွဲတမ်းတချို့ ခွဲပေးပေသည်။ ခရီးစဉ် တစ်လျှောက်တွင် တစ်ဖွဲ့လုံးသည် အလွန်ကို စည်းလုံး ညီညွတ်ခဲ့ကြ၏။
ပြောရမည်ဆိုလျှင် အဖွဲ့အတွင်းမှ လူများ အားလုံးသည် ဝမ်ရှန်းက ဂျင်ဒီနယ်မြေ အတွင်း၌ ပုံမှန်မဟုတ်သည့် အလိုလို သိစိတ်ရှိကာ သားရဲများ၏ တည်ရှိမှုကို ကြိုသိနိုင်ကြောင်း ကြားဖူးကြပေသည်။ သို့သော် ထိုအချိန်က သူတို့ အဲ့လောက်ကြီး မယုံကြည်ခဲ့ကြ၊ သို့သော် ယခု သူတို့ကိုယ်တိုင် အကြိမ်ပေါင်းများစွာ ကြုံတွေ့ပြီး နောက်တွင် သူတို့သည် မယုံချင်ဘူး ဆိုလျှင်တောင် ယုံရတော့မည်ဖြစ်၏။
“အထီးကျန် ဝံပုလွေ၊ မင်း ဘယ်လိုလုပ် ဒီလိုတွေ လုပ်နိုင်တာလဲ”
ညနေပိုင်း အနားယူသည့် အချိန်၊ ပုံမှန်အမေးအဖြေ လုပ်သည့် အချိန်တွင် အားလုံးမှာ ဝမ်ရှန်း၏ ထူးဆန်းသည့် အပြုအမူအကြောင်း မေးလိုက်ကြသည်။ ဝမ်ရှန်းဘေး၌ ထိုင်နေသည့် မိန်းမစိုးလီသည် ဝမ်ရှန်းအား သေရည် ငှဲ့ပေးကာ –
“ဖြေဖို့ခက်တယ်ဆိုရင် မဖြေပါနဲ့၊ ရတယ် ထားလိုက်”
“ဘာမှခက်စရာ အကြောင်း မရှိပါဘူး”
ဝမ်ရှန်းသည် ထိုအကြောင်းကို ဖုံးကွယ် ထားချင်နေဟန် မရှိပေ။ ပုံမှန်အတိုင်းသာ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။ ထိုစကားကြောင့် အားလုံး ချက်ချင်း နားရွက်များ ထောင်ကုန်ကာ ဝမ်ရှန်း၏အဖြေကို စောင့်နေလိုက်ကြသည်။
“ကျွန်တော် ဒုတိယအဆင့် ဝိညာဉ်အဆင့် တက်ပြီးတဲ့နောက် ဘယ်နေရာမှာ အားကောင်းလာလဲ ဆိုတာ ခင်ဗျားတို့ သိလား”
ဝမ်ရှန်း ချက်ချင်း ပြန်မဖြေခဲ့ပေ။ သေရည်တစ်ကျိုက် သောက်ပြီးနောက် သူတို့အား မေးခွန်း ပြန်ထုတ် လိုက်သည်။
“အရသာခံနိုင်စွမ်း မြင့်မားလာတာ မလား”
မိန်းမစိုးလီ ထိုအကြောင်း သိပေသည်။ ထို့ကြောင့် ဘာမှ စဉ်းစားမနေဘဲ ပြန်ဖြေလိုက်၏။
“အဲ့ဒါကြောင့်ပဲ မင်းအစားအသောက်တွေက အရသာ ရှိနေတာပဲ”
“ကျွန်တော် ပထမအဆင့်မှာ တုန်းက အမြင်အာရုံ ပိုအားကောင်း လာခဲ့ပြီး အမြင်တွေ ပိုစူးရှလာခဲ့တယ်” ဝမ်ရှန်းမှ ပြုံး၍ ပြန်ဖြေလိုက်သည်။
“အဲ့ဒါကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်တော် ပထမဆုံး ဂျင်ဒီနယ်မြေထဲ ဝင်တဲ့အချိန် ကတည်းက သေနေလောက်ပြီ”
ဝိညာဉ်အဆင့် တက်သည့် ဖြစ်စဉ်တွင် မည်သည့် အရာမျိုးမဆို ဖြစ်ပျက်နိုင်သည်။ ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းမဆို ပိုမိုခွန်အားကြီး တောင့်တင်း ခိုင်မာလာနိုင်၏။ တစ်ကြိမ်တွင် ဝမ်ရှန်း၏ အရသာခံနိုင်စွမ်း မြင့်မားလာသည်ကို အားလုံး သိပေသည်။ ထို့ကြောင့် သူ ပထမအဆင့် တက်သည့် အချိန်၌ အမြင်အာရုံ ပိုမိုစူးရှလာသည် ဆိုမှာလည်း ဖြစ်နိုင်ခြေ များပေသည်။
ယခင်က အခြေအနေများကို ပြန်ကြည့်မည် ဆိုလျှင်လည်း ဤအရာသည် ဖြစ်နိုင်ပေသည်။ မဟုတ်လျှင် အဆင့်မြင့် ဝိညာဉ်သခင်များ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံနေရသည့် ပထမအဆင့် ဝိညာဉ်သခင် ပေါက်စလေးက ထိုအချိန်၌ ဂျင်ဒီနယ်မြေအား ဘေးအန္တရာယ် ကင်းကင်း ဖြတ်သန်း နိုင်ခဲ့သည်ကို မည်ကဲ့သို့ ရှင်းပြမည်နည်း…
ထိုပုံစံဖြင့် ဝမ်ရှန်းအပေါ် အားလုံး၏ စိတ်ဝင်စားမှုများ လျော့ကျ သွားခဲ့သည်။ ဤကဲ့သို့ ဝိညာဉ် အမျိုးအစားသည် လူတိုင်း ရရှိနိုင်သည့် အရာမဟုတ်ပေ။ ကံကောင်းမှသာ ရမည်ဖြစ်၏။ သို့သော် ဝမ်ရှန်း ဝိညာဉ်၏ မူလဝိညာဉ်ဖြစ်သည့် သိုက်မိသားစုမှ သိုက်ရှောင်းကတော့ ဤကဲ့သို့ ရရှိရန် အခွင့်အရေး ရနိုင်ပေသည်။
သွားရင်းသွားရင်းဖြင့် သူတို့မှာအရှိန် တဖြည်းဖြည်းချင်း ပိုမြန်လာခဲ့သည်။ သို့သော် တစ်ခါတစ်ရံ နောက်ဆုတ် ရသည်များလည်း ရှိပေသည်။ အန္တရာယ် အချို့နှင့် ကြုံတွေ့ရသည့် အချိန်နှင့် ဝမ်ရှန်း၏ မှန်းဆချက် မှားယွင်းသွားသည့် အချိန်မျိုးတို့တွင် ဖြစ်သည်။
ပုံမှန်လမ်းကြောင်းအတိုင်း သွားမည်ဆိုလျှင် မြို့တော်မှ ရှန်ယင် အကျဉ်းထောင်သို့ ရောက်ရန် အနည်းဆုံး ၁၃ ရက် ၁၄ ရက်ခန့် ကြာမည်ဖြစ်၏။ သို့သော် ယခုအချိန်တွင် ၇ ရက်အတွင်း ရောက်ခဲ့ကာ အချိန်တစ်ဝက် သက်သာပေသည်။ သို့သော် ထိုလူများကတော့ ဤအချက်ကို နားမလည် နိုင်လောက်ပေ။
လမ်းလျှောက်နေရင်း ဝမ်ရှန်း ရုတ်တရက် ရပ်သွားသည်ကို မြင်လိုက် ရသောအခါ မိန်းမစိုးလီသည် နောက်ထပ် သားရဲတစ်ကောင်နှင့် ကြုံတွေ့ရသည် အထင်နှင့် မျက်မှောင်ကြုတ် သွားခဲ့သည်။ တပ်မှူးသည်လည်း အားလုံးကို နောက်သားရဲအား တိုက်ခိုက်ရန် အတွက် ပြင်ဆင် ထားခိုင်းလိုက်သည်။
သို့သော် ဝမ်ရှန်းသည် လက်ခါပြကာ အားလုံး မစိုးရိမ်ကြရန် အချက်ပြလိုက်၏။ ထို့နောက် တစ်ဖက်သို့လှည့်ကာ တပ်မှူးအား ပြုံးပြ၍ ပြောလိုက်သည်။
“ကြည့်ရတာ ရောက်ပြီ ထင်တယ်”
“ဒီနေရာလား…”
အားလုံး ကြောင်အ သွားကြသည်။ သစ်ပင်ချုံနွှယ်များဖြင့် ပိတ်ဖုံးနေသည့် ဤနေရာက သူတို့ ပန်းတိုင်လား…
“အကွာအဝေးအရ ဆိုရင်တော့ ဒီနေရာပဲ နေမှာ”
ထူထပ်သည့် တောအုပ် အတွင်း၌ နှစ်ပေါင်း ရာနှင့်ချီ ရှိနေခဲ့သည့် မြို့ပျက်က ဘယ်လိုပုံစံ ဖြစ်နေမလဲ ဆိုတာကို သူတို့ တစ်ခေါက်မှ မမြင်ဖူးသည်ကို ဝမ်ရှန်း သိပေသည်။ ထို့ကြောင့် သူ ပြုံး၍ ရှင်းပြလိုက်သည်။
“ပြီးတော့…”
ဝမ်ရှန်း ဘေးပတ်ပတ်လည်အား လျှောက်သွားကာ-
“ဒီနေရာမှာ တစ်ယောက်ယောက် နေခဲ့တယ်ဆိုတာ သေချာတယ်”
အားလုံး ထိတ်လန့် အံ့အားသင့် သွားကြသည်။ ဤနေရာ၌ လူနေခဲ့သည်တဲ့လား… ဘယ်လိုလုပ် ထိုကဲ့သို့ ပြောနိုင်သနည်း…
“ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေကို ကြည့်ကြည့်လိုက်…”
သူတို့ မမြင်ကြောင်း သိကာ ဝမ်ရှန်း အချို့နေရာများကို လက်ညှိုး ထိုးပြလိုက်သည်။
“ဒါက လွန်ခဲ့တဲ့နှစ်တွေ အကြာကြီးက ပြိုကျပျက်စီး သွားခဲ့တဲ့ နံရံတစ်ခုပဲ။ ဒါကတော့ ရေတွင်း၊ ဒါပေမယ့် ရေတွေ ခန်းခြောက်ပြီး ချုံတွေ နွယ်တွေနဲ့ ပြည့်နေတယ်။ ပြီးတော့ ဒါကတော့ အမိုးပဲ၊ တွေ့လား တချို့ အုတ်ပြားတွေတောင် အကောင်းအတိုင်း ရှိသေးတယ်”
ဝမ်ရှန်း ချုံနွယ်များကို အပေါ်ယံ ရှင်းလင်း ဖယ်ရှား ပြလိုက်သည့် အချိန်တွင် အားလုံးသည် မယုံချင်လျှင်တောင် ယုံကြရပြီဖြစ်၏။ ယခင်တွင် ဤနေရာ၌ လူနေခဲ့ဖူးကြောင်း မှန်ပေသည်။ ဤအဆောက်အဦးသည် အိမ်တစ်လုံး ဖြစ်လောက်၏။
ဝမ်ရှန်း၏ လမ်းကြောင်းသာ မှန်သည်ဆိုလျှင် သူတို့ သူတို့၏ပန်းတိုင် ရှန့်ယင် အကျဉ်းထောင်ကို ယခု ရောက်ခဲ့လေပြီ။
***