အပိုင်း ၂၇၆
တော်ဝင်မိသားစု၏ ပန်းတိုင် (၁)
“ဒါပေမယ့် မင်း စိုးရိမ်စရာ မလိုပါဘူး။ နှလုံးသန့်စင်ဆေး တစ်ပြားနှစ်ပြားလောက် သောက်ပြီး သုံးလေးခါလောက် ဝမ်းသွားလိုက်။ အခုရက်ပိုင်း မင်းဗိုက်ထဲမှာ ပုံနေတဲ့အဆိပ်တွေ ရှင်းသွားလိမ့်မယ်”
မိန်းမစိုးလီသည် လူသားဆန်ချင်သည် ဆိုမှတော့ လုံလောက်အောင် လုပ်ရန် လိုပေသည်။
“မင်းကို အဆိပ်ခတ်တဲ့ လူကတော့ တော်တော်ကို ဦးနှောက် မရှိတဲ့ကောင်ပဲ။ မင်းက မေးခွန်း ဆယ်ခုကို နှလုံးသန့်စင် ဆေးပြားတစ်ပြားနဲ့ လဲတယ်ဆိုတာ သိနေတာကို ဒီလိုမျိုး အဆိပ်ခတ် နေသေးတယ်”
ဝမ်ရှန်းက လုပ်ကြံခံနေရကြောင်း ဖော်ထုတ်ပေးခဲ့ကာ အဖြေကိုပါ တစ်ခါတည်း ပေးခဲ့သည်။ သို့သော် ဝူရုံမြို့ အပြင်ရောက်မှ ပြောခဲ့ခြင်းဖြစ်၏။
ဝမ်ရှန်းသည် အရင်ကတည်းက ကြိုသိနေခြင်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် မိန်းမစိုးအိုကို သူ၏စကားများ အတွက် ကျေးဇူးတင်မိ နိုင်ပေသည်။ ထို့ပြင် သူ၏စကား အသွားအလာကို လိုက်ကာ ဝူရုံမြို့ မြို့အရှင်ပေါ် သံသယများ တိုးသွားနိုင်၏။
နန်းတော်မှ မကောင်းဆိုးဝါးအိုကြီး ဆိုသည့်အတိုင်းပင်…
သူတစ်ပါးအပေါ် လျှို့ဝှက်ကြံစည်သည့် အဆင့်သည် ဆရာကြီးအဆင့် ရှိပေသည်။ စကားတစ်ခွန်းတည်းနှင့် တစ်ဖက်လူ၏ စိတ်ကို ထွေပြားသွားအောင် လုပ်နိုင်၏။
ဝမ်ရှန်း မိန်းမစိုးအိုအား စိတ်ထဲ၌ကျိတ်၍ လေးစားသွားမိသည်။ သို့သော် သူ၏ မျက်နှာထက်၌ ထိတ်လန့် ကြောက်ရွံ့သည့် အမူအရာ ဖြစ်ပေါ်နေဆဲဖြစ်၏။ နောက်မှသာ တဖြည်းဖြည်းချင်း ပြန်လည် တည်ငြိမ် သွားခဲ့သည်။ ထို့နောက် မိန်းမစိုးအို ညွှန်ကြားသည့် အတိုင်း နှလုံးသန့်စင် ဆေးပြားတစ်ပြား ထုတ်ကာ သောက်လိုက်သည်။
သိပ်မကြာခင်မှာပင် ဗိုက်ရစ် လာခဲ့တော့သည်။ ဝမ်ရှန်းသည် ရထားလုံးကို ဘေးကပ်၍ အလျင်အမြန် ရပ်ကာ လမ်းဘေးရှိ ခြုံတစ်ခု အတွင်းသို့တိုး၍ ကိစ္စရှင်းလိုက်၏။ ပြီးမှ ခရီးပြန်ဆက်ခဲ့သည်။
နှလုံးသန့်စင် ဆေးပြားသည် အဆိပ်ဖြေရာ အတွက် တကယ့်ကို ကောင်းမွန်သည့် ဆေးမျိုး ဖြစ်သည်ဟု ပြော၍ရပေသည်။ ဆေးသောက်ပြီး နောက်တွင် ဗိုက်ရစ်လာကာ ဝမ်းသွားပြီးနောက် အဆိပ်ရှင်း သွားမည်ဖြစ်၏။
ဝမ်ရှန်း၏ခန္ဓာကိုယ် အတွင်းတွင် မည်သည့် အဆိပ်အကြွင်းအကျန်မှ မရှိပေ။ သူ ဤဆေးသောက်ရခြင်းမှာ တစ်ချက်သည် မိန်းမစိုးအိုအား အယုံသွင်းရန်နှင့် နောက်တစ်ချက်သည် ဆေးပြား၏ ဆေးအာနိသင်နှင့် အဆိပ်ဖြေသည့် လုပ်ငန်းစဉ်ကို ခံစားဖူးချင် သောကြောင့် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် ဝမ်ရှန်း ကိစ္စလေးငါးခါခန့် ရှင်းခဲ့ရသေးသည်။ နောက်ဆုံးမှာမှ ကံကောင်းခြင်း ဆေးပြား၏ ဆေးအာနိသင် ပြယ်သွားခဲ့၏။ မိန်းမစိုးအို ပြောသည့် စကားအရ ဝမ်ရှန်း၏ ခန္ဓာကိုယ် အတွင်းတွင် အဆိပ်အကြွင်းအကျန်များ မရှိတော့ပေ။ မိန်းမစိုးအိုသည် ဝမ်ရှန်းအား မယုံလျှင် မြို့တော်ရောက်သည့် အချိန်၌ တတ်ကျွမ်းသည့် တော်ဝင်သမားတော် ရှာကာ စစ်ဆေးကြည့်၍ ရသည်ဟုပင် ပြောခဲ့သေးသည်။
သို့သော် ဟုတ်ပါသည်၊ ဝမ်ရှန်းသည် မိန်းမစိုးအို၏ စကားကို ယုံကြည်ပါသည်။ သူသည် မိန်းမစိုးအိုအား ကျေးဇူးတင် စကားသာ ဆိုလိုက်ကာ သမားတော်ဖြင့် စစ်ဆေးမည့် အကြောင်းကို ဘာတစ်ခွန်းမှ မဟခဲ့ပေ။ ထိုနေရာတွင် တော်ဝင်မိသားစုသည် သူ့အား အဆင်သင့် စောင့်နေကာ သူရောက်လာသည်နှင့် အသင့်ထွက်၍ ရပြီဖြစ်၏။
ထို့နောက် သူတို့သုံးယောက်သည် ခရီးလမ်း တစ်လျှောက်တွင် မလျှော့မတင်းသည့် အရှိန်ဖြင့် ဆက်သွား လိုက်ကြ၏။ လမ်းတစ်လျှောက်တွင် သူတို့အား သိသည့် လူများသည် မကောင်းသည့် ရည်ရွယ်ချက်ဖြင့် သူတို့နား မကပ်ရဲကြပေ။ သူတို့သုံးယောက်က မည်သူဖြစ်ကြောင်း မသိသည့် လူများကလည်း နည်းပေ၏။ ထို့ကြောင့် လမ်းတစ်လျှောက်တွင် မည်သည့် မတော်တဆမှုမျိုးမှ မဖြစ်ခဲ့ချေ။
ဝမ်ရှန်းသည် သူ ၁၀ ယောက်သာ ကာကွယ် ပေးနိုင်သည်ဟု ပြောခဲ့သောကြောင့် ယခုတစ်ကြိမ် တော်ဝင်မိသားစုများမှ လူများကို ခေါ်သွားရာတွင်လည်း ၁၀ ယောက်သာ ခေါ်သွားရမည်ဖြစ်၏။
သို့သော် ဝမ်ရှန်းအား အံ့အားသင့် သွားစေသည်မှာ ထို ၁၀ ယောက်ထဲတွင် မိန်းမစိုးအိုလည်း ပါနေခြင်းဖြစ်၏။ သူသည် ဝမ်ရှန်း ယခင်က ခေါ်သွား ပေးခဲ့ဖူးသည် အဖွဲ့နှစ်ဖွဲ့ ပေါင်းစာထက်ပင် ပိုကြောက်ဖို့ ကောင်းလောက်ပေသည်။ ထို့ပြင် မိန်းမစိုးအို ကိုယ်တိုင် လိုက်မည်ဆိုလျှင် ဤခရီးစဉ်သည် ရှေ့နှစ်ခေါက်ကဲ့သို့ လွယ်ကူနိုင်မည် မဟုတ်ပေ။
“အားလုံး စည်းကမ်းတွေ သိကြပြီးပြီမလား။ ကျွန်တော် နောက်တစ်ခေါက် ထပ်ပြောပြရဦးမလား”
ဝမ်ရှန်း အားလုံးရှေ့၌ ရပ်ကာ စည်းမျဉ်းစည်းကမ်းများ အကြောင်း မေးလိုက်သည်။
အားလုံး ခေါင်းခါ၍သာ ငြင်းဆို လိုက်ကြသည်။ ထို့နောက် ဘာမှ ထပ်မပြောခဲ့ကြတော့။ ရှေ့နှစ်ခေါက် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ခဲ့သည့် လူများ၏ အတွေ့အကြုံများက သူတို့အား သင်ကြားပေးခဲ့ပြီး ဖြစ်သည်။ ဂျင်ဒီနယ်မြေ အတွင်းတွင် ဝမ်ရှန်း လုပ်ခိုင်းသည့် အရာကို လုပ်ရမည်၊ မဟုတ်လျှင် ဘယ်လိုသေလို့ သေမှန်းပင် သိလိုက်မည် မဟုတ်ပေ။
“ဒီတစ်ခေါက်မှာ ကျွန်တော်တို့ သွားမှာက ပန်းတိုင်ရှိတယ်။ ဒါပေမယ့် အဲ့အကြောင်းအရင်း ပြောကြရအောင်။ အဲ့နေရာ ရောက်ရင် ဘယ်လိုရှာမယ်၊ ဘယ်လို လုပ်မယ် ဆိုတာက ခင်ဗျားတို့ အပိုင်းပဲ။ ကျွန်တော်နဲ့ မဆိုင်ဘူး…”
ဝမ်ရှန်းသည် မထွက်ခင်တွင် အားလုံးကို ရှင်းရှင်းလင်းလင်း ကြိုပြောထားမည်ဖြစ်၏၊ ထိုနေရာ ရောက်မှ ဗျာများနေစရာ မလိုပေ။
“ကျွန်တော်က လမ်းပြဖို့နဲ့ လမ်းမှာ ကြုံရမယ့် ရှောင်လွဲလို့မရတဲ့ အန္တရာယ်တွေ အတွက်ပဲ တာဝန်ရှိတယ်။ အဲ့ရောက်ရင် ခင်ဗျားတို့ ကျွန်တော်ကို မရှိတဲ့ လူလို့ သဘောထားလို့ ရတယ်။ လုပ်ချင်တာသာ လုပ်ကြ။ ကျွန်တော် ကူဖို့လည်း မမျှော်လင့်ကြနဲ့။ ကျွန်တော်က ခင်ဗျားတို့ကို ဘေးကင်းတဲ့ နေရာ တစ်နေရာရာမှာပဲ စောင့်နေမယ်”
တော်ဝင်မိသားစုမှ လွှတ်လိုက်သည့် လူများထဲတွင် တပ်မှူးအဆင့် ရှိဟန်ရှိသည့် လူတစ်ယောက်ပါ၏။ ယခု ဝမ်ရှန်း၏ ထိုစကားအား ကြားလိုက် ရသောအခါ သူ မျက်မှောင်ကြုတ် သွားသည်။ ထပြောရန် ရွယ်လိုက်သည့် အချိန်မှာပင် သူ့ဘေး၌ ရပ်နေသည့် မိန်းမစိုးအိုထံမှ ချောင်းဟန့် သတိပေးသံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် မကျေမနပ် ဖြစ်သည်ကို မျိုသိပ်ကာ ပြန်ငြိမ်သွားခဲ့၏။
“အဲ့ဒါကြောင့် ခင်ဗျားတို့နဲ့အတူ နောက်ထပ် တစ်ယောက် ထပ်ခေါ်လို့ ရတယ်။ အချိန်ကျလာရင် သူက ကျွန်တော် လုပ်ရမယ့် အရာတွေကို လုပ်ပေးရလိမ့်မယ်”
ဝမ်ရှန်းမှ ဖြေရှင်းချက် ပြန်ပေးလိုက်သည်။
“အဲ့လူက လူကြီးမင်းလီပေါ်ပဲ မူတည်ပါတယ်။ လူတစ်ယောက် ထပ်တိုးတာကို လူကြီးမင်းတို့ ဘက်က မကျေနပ်တာမျိုးတော့ မရှိဘူးမလား…”
လူတစ်ယောက် ထပ်ခေါ်ရမည်… ဒါပေါ့၊ တော်ဝင်မိသားစု ဘက်က ဘယ်လိုလုပ် မကျေမနပ် ဖြစ်မလဲ… သူ ဝမ်ရှန်းအား အဆိပ်အကြောင်း ပြောပြခဲ့သည်မှာ ဉာဏ်ကောင်းသည့် ရွေးချယ်မှုပင်ဖြစ်၏။ အကျိုးရလဒ်က ချက်ချင်းကြီးကို ရလာခဲ့သည်။
“အဲ့နေရာ ရောက်လို့ မင်းမရှိတဲ့အချိန် ငါတို့ အန္တရာယ် တစ်ခုခုကြုံရင် ဘယ်လို လုပ်မလဲ”
ထိုတပ်မှူးထံတွင် စဉ်းစားစရာ အချက်များ များစွာ ရှိပေသည်။ ဝမ်ရှန်း၏ အစီအစဉ်က ကောင်းမွန် သော်လည်း ရုတ်တရက် အဖြစ်အပျက်ဆိုတာ နေရာတိုင်း ရှိပေသည်။ ထို့ကြောင့် သူ သူ့အတွေးကို ချက်ချင်း ထမေးလိုက်သည်။
“အဲ့မေးခွန်း အတွက်ကတော့ လူကြီးမင်းလီရဲ့ ကျေးဇူးကို ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ။ ညဘက်တွေ နားတဲ့ အချိန်တိုင်း ခင်ဗျားတို့ ကျွန်တော့်ကို မေးခွန်းတွေ ကြိုက်သလောက် မေးလို့ရတယ်။ ကျွန်တော် ပြန်ဖြေပေးမယ်”
ဝမ်ရှန်းသည် မိန်းမစိုးလီအား တစ်ချက်ပြီးတစ်ချက် မျက်နှာသာ ပြန်ပေးနေခဲ့၏။
“အဲ့အချိန် ပန်းတိုင် ရောက်ပြီဆိုရင် ခင်ဗျားတို့ တော်တော်များများကို သိနေလောက်ပါပြီ။ ပြီးတော့ အဲ့အချိန် အန္တရာယ် ကြုံခဲ့မယ် ဆိုရင်တောင် ကျွန်တော့် ဝိညာဉ်အဆင့်က နိမ့်တယ်။ အဲ့နေရာမှာ ကျွန်တော်ရှိတာနဲ့ မရှိတာက ဘာမှ မကွာလောက်ပါဘူး”
ဝိညာဉ်အဆင့် အရာတွင် အဖွဲ့ထဲမှ မည်သူမဆို ဝမ်ရှန်းအား တစ်ချက်တည်းနှင့် သတ်ပစ်၍ ရကြောင်း မည်သူမဆို သိပေသည်။ ဝိညာဉ်အဆင့် အနိမ့်ဆုံး ဆဌမအဆင့် ရှိသည့် အဖွဲ့ထဲတွင် တတိယ အဆင့်သည် ကလေးသာသာမျှသာ ဖြစ်၏။
ဤနေရာတွင် ဝမ်ရှန်း ပြောသည်မှာ သင့်ပေသည်။ ဂျင်ဒီနယ်မြေ အတွင်းတွင် ဝမ်ရှန်းသည် ဘေးအန္တရာယ်များကို ကောင်းမွန်စွာ ကျော်လွှားနိုင်သည်။ လမ်းတစ်လျှောက်တွင် ထိုအရာများကို သင်ကြားသွားမည် ဆိုလျှင် သူတို့ပန်းတိုင် ရောက်သည့် အချိန်တွင် သူတို့လည်း တော်တော်များများ သိနေလောက်ပြီ ဖြစ်၏။ ထို့အပြင် သူတို့အသင်းထဲ၌ လူတစ်ယောက် ထပ်တိုးခြင်းက သူတို့ ဘေးကင်းရေးတွင် ဝမ်ရှန်း ရှိနေခြင်းထက် ပို၍ လုံခြုံ စိတ်ချရပေသည်။
သံသယများကို ပယ်ရှားနိုင်ရန် ဝမ်ရှန်း၏ ပြဿနာ ကိုင်တွယ် ဖြေရှင်းပုံကို မိန်းမစိုးလီ အပြည့်အဝ ချီးကျူးလိုက်သည်။ ဤကလေးသည် တကယ့်ကို ဉာဏ်ကောင်းသည့် ကလေးဖြစ်၏။ တော်ဝင် မိသားစုသာ ဤအကြောင်းကို အခြားလူများအား မသိစေချင်ဘူးဆိုလျှင် သူသည် သေချာပေါက် နှုတ်ဆိတ် နေမည်ဖြစ်၏။ ထိုနေရာသို့ ရောက်သည့် အချိန် သူတို့လုပ်သည်များကို စစချင်းကပင် ဂရုမစိုက်ဘဲ နေမည် ဆိုလျှင်တော့ အကောင်းဆုံးပင် ဖြစ်သည်။
ဝမ်ရှန်း၏ ရုတ်တရက် အပြောင်းအလဲကြောင့် ထွက်ခွာမည့် အချိန် တစ်ရက် နောက်ဆုတ် သွားခဲ့သည်။ တပ်မှူးသည် ဧကရာဇ်အား သတင်းတင်ပြရန် မြို့တော်သို့ အလျင်အမြန် ပြန်ကာ နောက်တစ်နေ့ မထွက်ခင်အမီ နောက်လူတစ်ယောက်ကိုပါ ညတွင်းချင်း ပြန်ခေါ် လာလိုက်သည်။
တော်ဝင်မိသားစုမှ လူများသည် အပြည့်အဝ ပြင်ဆင်ထားကြ၏။ ဝမ်ရှန်း၏ ကနဦး တောင်းဆိုချက်အတိုင်း အကာအကွယ် ဝတ်စုံအပြည့် ဝတ်ဆင် ထားကြသည်။ သူတို့ထဲ၌ အင်အားအကြီးဆုံး ဝိညာဉ်သခင်ဖြစ်သည့် မိန်းမစိုးလီထံ၌မူ သိုလှောင် လက်စွပ်ပေါင်း ဒါဇင်ကျော် ရှိနေသည်။ ထိုလက်စွပ်များထဲတွင် လူ ၁၂ ယောက်စာ အတွက် တစ်နှစ်စာ လုံလောက်သည့် စားနပ်ရိက္ခာများ ပါဝင်ပေသည်။
***