Switch Mode

Chapter – 275

လူသားခြင်း စာနာမှု (၂)

အပိုင်း ၂၇၅
လူသားခြင်း စာနာမှု (၂)

ဝိညာဉ်စွမ်းအားနှင့် သက်ဆိုင်သည့် ဆေးပြား သောက်သုံးခြင်းသည် အလွန် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ စူးစမ်းဆင်ခြင်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုတို့ပေါ်၌ အပြည့်အဝ အာရုံစိုက်ရမည် ဖြစ်သည်။ ထိုအချိန် အတွင်းတွင် မည်သည့် အနှောင့်အယှက်မှ ရှိ၍မရ။ ထို့ကြောင့်သာ ဝမ်ရှန်း ဈာန်ဝင်နေသည့် အချိန်တွင် မိန်းမစိုးအိုသည် ထိုစကားများကို သူ့ဘာသာသူ ပြောနေသကဲ့သို့ ပြောနေခဲ့ခြင်း ဖြစ်သည်။

ထိုစကားများကို ဝမ်ရှန်း ကြားခဲ့မည် ဆိုလျှင် သူ ကံကောင်းသည်ဟု ပြောရပေမည်။

မည်သို့ပင်ဆိုစေကာမူ မိန်းမစိုးအိုမှာ ဘေး၌ရှိနေသည့် အတွက်ကြောင့် ဝမ်ရှန်း စိတ်ချလက်ချ အနားယူ၍ ရပေသည်။ ဝမ်ရှန်း သူတို့ကို ဂျင်ဒီနယ်မြေသို့ ဦးဆောင် ခေါ်သွားပေးရမည် ဖြစ်သည့် အတွက်ကြောင့် သူသည် ဝမ်ရှန်းအား မည်သည့် မတော်တဆမှ ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။ သူသည် ဝိညာဉ်သိပ်သည်းခြင်း ဆေးပြားအတွက် ဝမ်ရှန်းကိုပင် ကူညီပေးခဲ့သေးသည်။

မိန်းမစိုးအို ရှေ့တွင် ဝမ်ရှန်းသည် သူ၏ခွန်အားနှင့် အမျိုးမျိုးသော တိုက်ခိုက်ရေး နည်းလမ်းများကိုသာ ပြသခဲ့ပြီး စာလုံးကိုးလုံး မန္တန်အကြောင်း တစ်စွန်းတစ်စလေးပင် မပြခဲ့ပေ။

ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေ အတွင်းရှိ တိုက်ပွဲဝိညာဉ်၏ တည်ရှိမှု အကြောင်းလည်း မိန်းမစိုးအို မသိပေ။ ဝမ်ရှန်းသည် ဆေးပြားသောက်ကာ လေ့ကျင့်နေစဉ်၌ပင် တိုက်ပွဲဝိညာဉ်ကို ကိုယ်ပွားတစ်ခု ခွဲစေကာ မိန်းမစိုးအို၏ အပြုအမူများကို စောင့်ကြည့် နေစေခဲ့သည်။

ဝမ်ရှန်း၏အိမ်သည် ဝူရုံမြို့မြို့ အတွင်းပိုင်း၌ ရှိကာ ထိုနေရာသည် ဂျင်ဒီနယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဂျင်ဒီနယ်မြေ နယ်နိမိတ် အတွင်း ရှိနေသ၍ တိုက်ပွဲဝိညာဉ်သည် ဝမ်ရှန်းဘေး ပတ်ပတ်လည်ရှိ မည်သည့် အင်အားကြီး ပုဂ္ဂိုလ်၏ တည်ရှိမှုကို မဆို ရှာတွေ့နိုင်ပေသည်။

ဝမ်ရှန်း အပ်စိုက်မှတ်များကို ထိန်းချုပ်နိုင်ကာ သန့်စင်သည့် ဝိညာဉ်စွမ်းအင်များနှင့် နေသားကျသည့် အချိန်တွင် နောက်တစ်နေ့မနက် ရောက်နေပြီဖြစ်၏။ ဤနေရာတွင် ဝမ်ရှန်းသည် သာမန်လူများထက် နှစ်ဆ ပိုကြာခဲ့ပေသည်။

များပြားလှသည့် ဆေးဝိညာဉ် စွမ်းအားများ၏ လုပ်ဆောင်ချက်များသည် ဝမ်ရှန်း၏ အပ်စိုက်မှတ် ၁၆ ခုကို နှစ်ဆ ပိုမိုကြီးမား လာစေခဲ့သည်။ အပ်စိုက်မှတ်သည် သက်ရှိ ဖွဲ့စည်းမှုတစ်ခု မဟုတ်ပေ။ လေ့ကျင့်ရန်အတွက် ဝိညာဉ်စွမ်းအားများ စုဝေးရာ နေရာတစ်ခုသာ ဖြစ်သည်။ ယခုအချိန်တွင် ဝမ်ရှန်းသည် ဝိညာဉ်စွမ်းအားများကို လေးဆ ပိုမိုလျင်မြန်စွာ စုပ်ယူနိုင်နေပြီ ဖြစ်ကာ ထိန်းသိမ်း ထားနိုင်သည့် ဝိညာဉ်စွမ်းအား ပမာဏသည်လည်း လေးဆ တိုးလာပြီဖြစ်၏။

လေ့ကျင့်ခြင်း၌ ဈာန်ဝင်နေရာမှ သတိပြန်ဝင် လာသည့် အချိန်တွင် ဝမ်ရှန်း၏ အသိစိတ်သည် လက်တွေ့ ကမ္ဘာဆီသို့ ချက်ချင်း ပြန်မသွားခဲ့ပေ။ ဝမ်ရှန်း လေ့ကျင့်စဉ်၌ မိန်းမစိုးအိုအား စောင့်ကြည့် နေခဲ့သည့် တိုက်ပွဲဝိညာဉ်သည် မိန်းမစိုးအို၏ လှုပ်ရှားမှု တစ်ခုချင်းစီအတိုင်း လျင်မြန်စွာ ပြန်လည် ပြသနေ၏။

မိန်းမစိုးအိုသည် ဝမ်ရှန်း သတိပြန်မဝင် လာသေးမချင်း ထိုကျောက်စားပွဲ ထောင့်၌သာ ထိုင်ကာ စိမ်ပြေနပြေ သောက်နေဟန် ရှိသည်။ သို့သော် ဝမ်ရှန်းသည် သာမန်လူ တစ်ယောက် မဟုတ်ပေ၊ မိန်းမစိုးအိုက အချိန်တစ်ခုအထိ စကားများ တစ်ခွန်းပြီးတစ်ခွန်း ပြောနေသည်ကို သူ လျင်မြန်စွာ သတိပြုမိ လိုက်သည်။

ထို့နောက် ဝမ်ရှန်းသည် တိုက်ပွဲဝိညာဉ်အား ထိုအပိုင်းကို ပုံမှန်အရှိန်ဖြင့် ပြန်ပြစေလိုက်သည်။ ရုတ်တရက် မိန်းမစိုးအို သူ့ဘာသာသူ ပြောနေခဲ့သည့် စကားများ ဝမ်ရှန်း၏ နားတွင်းသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက် လာခဲ့သည်။

အကယ်၍ ဝမ်ရှန်း၏ ဝိညာဉ်နယ်မြေ အတွင်းတွင် ဤကဲ့သို့ ကောင်းကင်နိယာမကို ဆန့်ကျင်နေသည့် တည်ရှိမှုမျိုး ရှိနေကြောင်း သိမည်ဆိုလျှင် မိန်းမစိုးအိုသည် ဝမ်ရှန်းဘေး၌ ထိုစကားများ တစ်ခွန်းမှ ပြောခဲ့မည် မဟုတ်ချေ။ ကံဆိုးသည်က ဤကမ္ဘာပေါ်တွင်လည်း အကယ်၍ ဟူသည့် အဖြစ်အပျက်မျိုး မရှိနေခြင်းဖြစ်သည်။

“ဒီလိုကိုး…” ထိုစကားများ ကြားပြီးနောက် ထိုစကားများကို ချက်ချင်း နားလည် သွားသည်ဟု မပြောနိုင်သော်လည်း မိန်းမစိုးအို ပြောသည်မှာ မှန်ကြောင်းကိုတော့ ဝမ်ရှန်း သိပေသည်။ ဤနေရာတွင် သူသည် သူ၏ကိုယ်ပိုင် လေ့ကျင့်မှုများကို နားလည်မှု လွဲနေခြင်းပင်ဖြစ်၏၊ ဝိညာဉ်အဆင့် သို့မဟုတ် ကျင့်စဉ် အမျိုးအစားနှင့် သက်ဆိုင်နေခြင်း မဟုတ်ပေ။

ထို့ကြောင့် ဝမ်ရှန်းသည် လေ့ကျင့်မှုကို ရပ်တန့်ကာ သူ၏အသိစိတ်ကို လက်တွေ့ ကမ္ဘာသို့ ပြန်လည် ပို့ဆောင် လိုက်သည်။

“လူကြီးမင်းလီကို ကျေးဇူးတင်ပါတယ်…” သူ၏ခန္ဓာကိုယ် အတွင်းမှ ဝိညာဉ်စွမ်းအားများက ယခင်ကနှင့် လုံးဝ ကွာခြားနေသည်ကို ဝမ်ရှန်း ခံစားလိုက်ရသည်။ ထို့နောက် သူသည် ထရပ်ကာ ကျောက်စားပွဲပေါ်၌ ထိုင်နေသည့် မျိုးရိုးနာမည် လီနှင့် မိန်းမစိုးအိုအား လေးနက်စွာ ဦးညှွတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထိုကျေးဇူးတင် စကားထဲတွင် မိန်းမစိုးလီ၏ သူ့အား ကာကွယ်ပေးမှုနှင့် သူ၏မှားယွင်းသည့် လေ့ကျင့်မှုကိုပါ ညွှန်ကြားပေးသည့် ကျေးဇူးတင်မှုတို့ ပါဝင်ပေသည်။ သို့သော် မိန်းမစိုးလီသည် ထိုစကားနောက်မှ နက်ရှိုင်းသည့် အဓိပ္ပာယ်ကို သတိထားမိဟန် မရှိပေ။

ယခုရက်အတွင်း မိန်းမစိုးလီ၏ ညွှန်ကြား ပြသမှုများသည် ဝမ်ရှန်းကို သူ၏အားနည်းချက်၊ ချို့ယွင်းချက်များကို ရှာတွေ့စေခဲ့၏။ ထို့မဟုတ်ပါက သူသည် ထိုအားနည်းချက်များကို ရှာတွေ့ရန် အချိန်မည်မျှ ကြာမည် မသိနိုင်ပေ။

တာအိုဘုန်းတော်ကြီး လင်ရှူးသည်လည်း ဝမ်ရှန်း၏ အားနည်းချက်များကို သိချင်သိ နေနိုင်ပေသည်။ သို့သော် သူ့သည် ဘယ်တော့မှ သူ့ဘက်မှ စပြောမည် မဟုတ်ချေ။

ယခုအချိန်တွင် တော်ဝင် မိသားစုသည်လည်း စောင့်နေရသည်မှာ စိတ်မရှည် ဖြစ်နေလောက်ပြီး ထွက်ခွာရန် အချိန်လည်း ရောက်နေပြီ ဖြစ်သည်။

ဝမ်ရှန်းသည် အဆင့်မြင့် ကျင့်စဉ်များ၊ ဆေးပြားများနှင့် ရွှေဒင်္ဂါးအချို့ကို သိုလှောင်လက်စွပ် အတွင်းထားကာ ကျန်သည်များကို အိမ်၌သာ ထားခဲ့လိုက်သည်။ မြို့အရှင်က ဝမ်ရှန်းအား ဖိအား မပေးသေးသ၍ မည်သူကမှ ဝမ်ရှန်းအိမ်အတွင်း ဝင်ရောက်ရဲမည် မဟုတ်ပေ။ ထို့ကြောင့် ထိုနေရာသည် အလွန် လုံခြုံလှပေသည်။

အားလုံးထုပ်ပိုး ပြင်ဆင်ပြီးနောက် ဝမ်ရှန်းသည် မိန်းမစိုးလီနှင့် သူ့လက်အောက် မိန်းမစိုးငယ်တို့ နှင့်အတူ တော်ဝင်မြို့တော်ထံသို့ ဦးတည် သွားလိုက်သည်။ တော်ဝင်မိသားစုသည် ထိုနေရာ၌ အသင့်ပြင်၍ စောင့်နေပြီဖြစ်ကာ ဝမ်ရှန်း ရောက်လာသည်နှင့် ထွက်၍ရပြီဖြစ်၏။

သူတို့သုံးယောက်သည် ရထားလုံး တစ်စီးရခဲ့ကာ ဝမ်ရှန်းနှင့် မိန်းမစိုးငယ်တို့မှ တစ်ယောက်တစ်လှည့် မောင်းကြ၏။ လမ်းကောင်းသောကြောင့် သူတို့ရထားလုံး၏ အရှိန်တင်လျက် မောင်းနှင်ခဲ့သည်။

“ကောင်လေး၊ ဝူရုံမြို့က ထွက်လာပြီဆိုတော့ ငါ မင်းကို တစ်ခုပြောပြမယ်။ ဒါက မင်းအသက်ကို ကယ်တာလို့လည်း ပြောလို့ရတယ်”

ဝူရုံမြို့မှ ထွက်လာပြီးနောက် မိန်းမစိုးအိုကြီးလီမှ ဝမ်ရှန်းအား ပြောလိုက်သည်။

“လူကြီးမင်းလီ ညွှန်ကြား ပြသပေးဖို့ တောင်းဆိုပါတယ်”

ဝမ်ရှန်း စိတ်လှုပ်ရှား သွားကာ မိန်းမစိုးလီ သူ့အား ညွှန်ကြားပေးရန် ရိုသေလေးစားစွာ တောင်းဆိုလိုက်သည်။

“မင်းအိမ်က ဟင်းတွေက တော်တော်ကို အရသာရှိပါတယ်။ ဒါပေမယ့် အဲ့ထဲမှာ အကျည်းတန်တာ တစ်ခု ပါနေတယ်”

မိန်းမစိုးလီမှ ဆက်ပြော လိုက်သည်။ “မင်းကြိုက်တဲ့ ငါးဟင်းက အဆိပ်ရှိနေတယ်။ မင်း မသေချင်သေးဘူး ဆိုရင် အဲ့ဟင်းကို လျှော့စားသင့်တယ်”

ပြောရမည်ဆိုလျှင် မိန်းမစိုးလီက သူ့အိမ်၌ ရက်အတော်ကြာအောင် နေခဲ့သည့်အတွက် ငါးက အဆိပ်ရှိနေကြောင်း သူ ရှာတွေ့မည်ကို ဝမ်ရှန်း ကြိုတွေးထားပြီး ဖြစ်၏။ ဒါ့ပြင် သူသည် ငါးရိုးနွှင် ရသည်ကို အလုပ်ရှုပ်သည်ဟု ဆိုကာ ငါးဟင်းကိုလည်း ဘယ်လောက်မှ မစားခဲ့ပေ။ ယခုတွင်လည်း သူကိုယ်တိုင် ပြောလာကာ ဝမ်ရှန်း၏ ခန့်မှန်းချက်ကို အတည်ပြု ပေးခဲ့သည်။

ထို့နောက် ဝမ်ရှန်းသည် တကယ်ကို ကြောက်လန့် သွားသကဲ့သို့ ဟန်ဆောင် လိုက်သည်။

ဝမ်ရှန်း၏ အမူအရာကို မြင်သောအခါ မိန်းမစိုးလီ စိတ်ထဲ၌ ကျိတ်၍ ပြုံးလိုက်သည်။ သူ၏ ဤကြင်နာမှုကြောင့် ဝမ်ရှန်းသည် တော်ဝင်မိသားစုအား ပံ့ပိုးရန် အကောင်းဆုံး ကြိုးစားရတော့မည်ပင်။
***

Comment

Leave a Reply

Options

not work with dark mode
Reset