Switch Mode

Chapter – 274

လူသားခြင်း စာနာမှု (၁)

အပိုင်း ၂၇၄
လူသားခြင်း စာနာမှု (၁)

ထိုပုံစံဖြင့် နေနေပြီး နာရီဝက် ကြာပြီးနောက် မိန်းမစိုးအိုသည် တစ်စုံတစ်ခုအား စဉ်းစားမိ သွားဟန်ရှိကာ တစ်လုံးချင်း ပြောလိုက်သည်။

“ကောင်လေး၊ မင်း ဝိညာဉ်သိပ်သည်း ဆေးပြားသောက်ပြီး ဝိညာဉ်စွမ်းအားကို သိပ်သည်းတယ် ဆိုမှတော့ ကံကောင်းခြင်း ဆေးပြား ဆိုတာကိုလည်း မင်း ကြားဖူးမှာပဲ။ မကြားဖူးဘူးဆိုရင် မင်းကို မပြောပြတဲ့ ဟိုအဘိုးကြီးကို အပြစ်တင်ရမှာပဲ”

ယခုတစ်ကြိမ်တွင် မိန်းမစိုးအိုကြီး၏ အသံသည် ပို၍နူးညံ့ ညင်သာကာ ရိုးသားသည့် ဟန်များ များစွာ ပါဝင်နေသည်။

ဝမ်ရှန်းသည် တင်ပျဉ်ခွေ ထိုင်သည့် အနေအထားဖြင့်သာ သက်သောင့်သက်သာ ရှိနေကာ မိန်းမစိုးအို ပြောသည်ကို ကြားမကြား မသိပေ။ မိန်းမစိုးအိုသည် မိန်းမစိုးငယ်၊ ချင်းဝေ၊ အစေခံများနှင့် စားဖိုမှူးများကို အစောကတည်းက အပြင်ခြံဝန်းဘက်သို့ မောင်းထုတ် လိုက်ပြီဖြစ်၏။ မိန်းမစိုးအိုက အခြားသူများအား မကြားချင်သည့် စကားကို အခြားမည်သူမှ မကြားရပေ။

“မင်းမှာ လူတွေကို သတ်ချင်တဲ့စိတ် မရှိဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် သိုက်ဝူကျီးက မင်းလက်ထဲမှာပဲ သေခဲ့တာလို့လည်း ပြောကြတယ်”

မိန်းမစိုးအိုသည် ကျောက်စားပွဲထောင့်၌ ထိုင်ကာ ဝမ်ရှန်းအား မကြည့်နေပေ။ သူသည် စားပွဲ မျက်နှာချင်းဆိုင်၌ ဘာမှမရှိသည့် နေရာကို ရည်ညွှန်းကာ ပြောနေသကဲ့ပင် ဖြစ်၏။ သူသည် ပုံမှန်လေသံဖြင့်ပင် ဆက်၍-

“မင်းမှာ လူသတ်ရိပ်တော့ ရှိပါတယ်။ ဒါပေမယ့် အရှိန်အဝါ တစ်မျိုးမျိုး ပျောက်နေတယ်”

“အခုအချိန်မှာ မင်းရဲ့အော်ရာက တော်တော်ကို ပရမ်းပတာ ဖြစ်နေတယ်။ အရာအားလုံးကို သိမ်းပိုက် အနိုင်ယူနိုင်တဲ့ လူသတ်တဲ့ အော်ရာ၊ တည်ကြည် ဖြောင့်မတ်ပြီး အေးချမ်းတဲ့ အော်ရာ၊ ထူးခြားဆန်းကြယ်တဲ့ တာအိုအော်ရာ၊ ငါတို့မိသားစုတောင် မမြင်နိုင်တဲ့ အော်ရာ အမျိုးအစားတွေ အများကြီး ရှိနေတယ်”

စကားပြောနေရင်း မိန်းမစိုးအို သူ့ဘာသာသူ သေရည် ထငှဲ့လိုက်သည်။

“ဒါပေမယ့်၊ လောဘတကြီး စားသောက် ဝါးမျိုပြီး ကျင့်စဉ် ကျင့်ကြံတာမျိုးကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်။ ဝိညာဉ်ကျင့်ကြံခြင်း လောကမှာ အဲ့ဒါက ကြီးမားတဲ့ တားမြစ်ချက်ပဲကွ…”

“မင်းက အများကြီး လေ့လာနေတာတော့ မဟုတ်ဘူး၊ ဘာက မင်းရဲ့ အဓိက ဦးစားပေးလဲ ဆိုတာကို မင်း မဆုံးဖြတ် ရသေးတာ”

မိန်းမစိုးအိုသည် သေရည်အား စိမ်ပြေနပြေ သောက်ကာ သူ့ရှေ့၌ ဘာမှမရှိသည့် နေရာအား ကြည့်၍ကာ ဖြည်းညင်းစွာ ပြောလိုက်၏။

“မင်းက အဓိက အင်အားပဲဆိုတာ ကြေညာပြီး နောက်မှာ တခြား အင်အားစုတွေက အပိုအင်အားစုတွေပဲ။ မင်း တဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် လာနိုင်ရင် မင်းရဲ့လေ့ကျင့်မှုက နောက်တစ်ဆင့် တက်သွားနိုင်တယ်။ တိုက်ခိုက် တာတွေကို လေ့ကျင့်ရတာကိုပဲ တွေးကြည့်လိုက်၊ မသေခင်အထိ လေ့ကျင့်ရတာက ဘဝကြီးပဲ”

“မင်းက ဉာဏ်ကောင်းတဲ့ လူတစ်ယောက်ပါ။ ဉာဏ်ကောင်းတဲ့ လူတစ်ယောက်မှာ ဉာဏ်ကောင်းတဲ့လူရဲ့ အကြံဉာဏ်တွေနဲ့ လုပ်ဆောင်ချက်တွေ ရှိသင့်တယ်။ မင်း ဒါတွေကို ဖမ်းဆုပ် နိုင်မလား မဖမ်းဆုတ်နိုင်ဘူးလား ဆိုတာပေါ်ပဲ မူတည်တယ်”

မိန်းမစိုးအိုမှ တိုးလျသည့် အသံဖြင့် ပြောလိုက်သည်။ “မင်း ငါတို့မိသားစုကို အကြံပေးစေချင်တယ်၊ ငါတို့ကလည်း မင်းကို အကြံပေးခဲ့တယ်။ မင်း ကြားနိုင် မကြားနိုင်နဲ့ နားလည်နိုင်လား နားမလည်နိုင်ဘူးလား ဆိုတာကတော့ ငါတို့နဲ့ မဆိုင်တော့ဘူး”

ထိုသို့ ပြောပြီးနောက် မိန်းမစိုးအို သူ့လက်ထဲမှ သေရည်ခွက်ကို မော့သောက် လိုက်သည်။ ထို့နောက် နောက်တစ်ခွက် တဖြည်းဖြည်းချင်း ငှဲ့ကာ ဆက်သောက် နေလိုက်၏။ နောက်ထပ် ဘာစကားမှ မပြောခဲ့တော့…

ဝမ်ရှန်းသည် တင်ပျဉ်ခွေ ထိုင်ကာ ဝိညာဉ် သိပ်သည်းခြင်း ဆေးပြား၏ ဆေးအာနိသင်ကို သန့်စင်နေ၏။ ဝမ်ရှန်း သူ ပြောသည့် စကားများကို ကြားမကြား မိန်းမစိုးအို ကိုယ်တိုင်ပင် မသိပေ။

ဝိညာဉ်နယ်မြေ အတွင်းတွင် ဝမ်ရှန်းသည် ဝိညာဉ် သိပ်သည်းခြင်း ဆေးပြား၏ ဆေးအာနိသင်ကို ခံစား၍ ရနေ၏။ ဤဆေးပြားသည် အပ်စိုက်မှတ်များကို ချဲ့ပေးနိုင်သည့် ဆေးပြား ဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်ပေသည်။ ဗိုက်အတွင်းသို့ ဆေးပြား ရောက်သွားသည်နှင့် သန့်စင်သည့် ဝိညာဉ်စွမ်းအားများ အဖြစ် ပြောင်းလဲသွားကာ သူ၏ဝိညာဉ် နယ်မြေထံသို့ တိုက်ရိုက် ဦးတည် သွားလိုက်သည်။

အပ်စိုက်မှတ် ၁၆ ခုတွင် တစ်ခုချင်းစီသည် ဝိညာဉ်စွမ်းအားများကို စုပ်ယူနေ၏။ ဆေးပြား၏ ဝိညာဉ်စွမ်းအားက အပ်စိုက်မှတ်များကို ထိတွေ့ သွားသည်နှင့် ထိုစွမ်းအားများသည် အားကောင်းသည့် ရေစီးကြောင်း တစ်ခုကဲ့သို့ ပြောင်းလဲ သွားခဲ့၏။ စွမ်းအားများသည် အပ်စိုက်မှတ်များ အတွင်းသို့ အသည်းအသန် တိုးဝှေ့ ဝင်ရောက်ကာ အပ်စိုက်မှတ်အား ချဲ့ရန် ကြိုးစား နေခဲ့ကြ၏။

အပ်စိုက်မှတ်သည် ရေထွက်ပေါက် တစ်ခုနှင့်တူကာ ဝိညာဉ် စွမ်းအားများသည် ရုတ်တရက် ပန်းထွက်လာသည့် ရေစီးကြောင်း တစ်ခုနှင့်တူ၏။ ရေစီးကြောင်း၏ ဖိအားသည် ရေများကို လျင်မြန်စွာ စီးဆင်းစေကာ ရေထွက်ပေါက်၏ အစွန်အဖျားကို ပြင်းထန်စွာ ဖြတ်တိုက် သွားပြီး ထွက်ပေါက် အစွန်းသည် တဖြည်းဖြည်းချင်း ပြန့်ကားလာ၏။ ဝိညာဉ်သိပ်သည်းခြင်း ဆေးပြားသည်လည်း ဤအကြောင်းအရာကို အခြေခံထားခြင်း ဖြစ်သည်။ အပ်စိုက်မှတ်ကို ချဲ့နိုင်ရန်အတွက် များပြား သန့်စင်သည့် ဝိညာဉ်စွမ်းအားများကို အပ်စိုက်မှတ် အစွန်းသို့ အတင်းအကြပ် တိုးဝှေ့ ဝင်ရောက်စေခြင်း ဖြစ်သည်။

ဝိညာဉ်သိပ်သည်းခြင်း ဆေးပြား၏ လုပ်ဆောင်ပုံကို နားလည်ရန် ဝမ်ရှန်း ၁၀ မိနစ်ခန့် အချိန်ယူ လိုက်ရသည်။ ထို့နောက် နားလည် သွားဟန်ဖြင့် တဖြည်းဖြည်းခြင်း ခေါင်းညိတ် လိုက်၏။ ဟုတ်ပါသည် ဝိညာဉ်နယ်မြေ အတွင်းမှ အသိစိတ်က ညိတ်နေခြင်း ဖြစ်၏၊ အပြင်မှဝမ်ရှန်းက ညိတ်နေခြင်း မဟုတ်ပေ။

ဤနည်းလမ်းသည် သူ၏ ရည်ရွယ်ချက် ဖြစ်သည့် အပ်စိုက်မှတ် တိုးချဲ့ခြင်းကို နောက်ဆုံး၌ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိရောက်မှုက မည်မျှ ရှိသည်ကို မသိနိုင်ပေ။ အပ်စိုက်မှတ်များကို အမှန်တကယ် တိုးချဲ့နိုင်ကာ ဤအားကောင်းသည့် စီးကြောင်းများကို အားပြင်းသည့် ဝဲဂယက်အဖြစ် ပြောင်းလဲနိုင်ပါမှ ပို၍ ထိရောက်မှုရှိပေမည်။

ကံကောင်းသည်က အပ်စိုက်မှတ် အတွင်းရှိ ဝိညာဉ်စွမ်းအားများက တဖြည်းဖြည်း လည်လာလေရာ ဝမ်ရှန်းသည် ထိုကဲ့သို့ ဆက်လှည့်နေရန် အတွက် ဝိညာဉ်စွမ်းအားကိုသာ ထိန်းချုပ် လိုက်သည်။ အပ်စိုက်မှတ် အတွင်းသို့ ဝင်ရောက်နေသည့် ဆေးအာနိသင်များကိုလည်း ဝိညာဉ်စွမ်းအားများက ထိန်းညှိပေးနေခြင်း ဖြစ်သည်။

ထိုသို့ တဖြည်းဖြည်းချင်း ဝဲဂယက် ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ အပ်စိုက်မှတ်ကို ချဲ့ထွင်ခြင်း ပြီးဆုံးရန် ဘယ်လောက်မှ မလိုတော့ကြောင်း ဝမ်ရှန်း သိလိုက်ရသည်။

အပ်စိုက်မှတ်များကို ချဲ့ထွင်ရာတွင် လှည့်လည်နေသည့် ဝဲဂယက်သည် ရေများ အားပြင်းပြင်းဖြင့် တိုးဝင်ခြင်းထက် ပို၍ ထိရောက်မှု ရှိပေသည်။ ဆေးအာနိသင်ကို အသုံးပြုခြင်းလည်း ပို၍နည်းပါး၏။ ထိုပုံစံဖြင့် အပ်စိုက်မှတ်များ တဖြည်းဖြည်းချင်း ပြန့်ကား လာနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်းစိတ်ထဲ၌ မပြောပြ နိုင်လောက်အောင် ပျော်ရွှင် လာခဲ့သည်။

အပ်စိုက်မှတ်များ ပြန့်ကား လာခြင်းကြောင့် ခံစားရသည့် နာကျင်မှုများကိုမူ ဝမ်ရှန်း ထည့်ပင် မထည့်တွက်ချေ။ ဤနာကျင်မှုသည် လေ့ကျင့်သည့်အချိန် မြေပေါ်၌ တွားသွားကာ လူးလိမ့် နေရခြင်းထက် များစွာ သက်သာပေသည်။

ဝိညာဉ်စွမ်းအား သိပ်သည်းခြင်းသည် အပ်စိုက်မှတ်များကိုသာ ချဲ့ပေးခြင်း မဟုတ်ပါ။ ဝိညာဉ်စွမ်းအားကိုပါ သိပ်သည်းပေးကာ ဝိညာဉ်စွမ်းအားကို ပိုပို၍ သန့်စင်လာစေ၏။

များပြားသည့် ဆေးပြား၏ ဝိညာဉ်စွမ်းအားများက သန့်စင်သည့် ဝိညာဉ်စွမ်းအားများ အဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ် စွမ်းအားများနှင့် ပေါင်းစပ် ပြည့်နှက် သွားသည်။ ထို့ကြောင့် ထိုစွမ်းအားလောက် မသန့်စင်သည့် ဝိညာဉ်စွမ်းအားများသည် ခန္ဓာကိုယ်အတွင်း ဝင်ရောက်၍ မရတော့ပေ။

ပြင်ပဝိညာဉ် စွမ်းအားများနှင့် ပေါင်းစပ်ချင်ပါက ထိုစွမ်းအားများကို အပ်စိုက်မှတ် မှတဆင့် ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ် စွမ်းအားများနှင့် အဆင့်တူညီအောင် သန့်စင်ပြီးမှသာ ပေါင်းစပ်၍ ရပေလိမ့်မည်။

ဝမ်ရှန်းသည် သူ့ကမ္ဘာပေါ်၌ ရူပဗေဒပညာရပ်ကို သင်ကြားဖူးခဲ့၏။ သိပ်သည်းမှု မြင့်မားသည့် ပျော်ရည်သည် သိပ်သည်းမှု နည်းပါးသည့် ပျော်ရည် အတွင်းသို့ စိမ့်ဝင်နိုင်၏။ သို့သော် ထိုအရာနှင့် ပြောင်းပြန် သိပ်သည်းမှု နည်းပါးသည် ပျော်ရည်က သိပ်သည်းမှု မြင့်မားသည် ပျော်ရည် အတွင်းသို့ စိမ့်ဝင်ချင်သည်ဆိုလျှင် အခြား လုပ်ဆောင်ချက်များ လိုအပ်သေးပေသည်။

သန့်စင်သည့် ဝိညာဉ်စွမ်းအားများကို သိပ်သည်းရာ၌လည်း ဤသဘောတရားနှင့် အတူတူပင်ဖြစ်၏။ ပြောရမည်ဆိုလျှင် ထိုအချိန်မှသာ ကျင့်ကြံခြင်း၏ ထူးခြားဆန်းကြယ်မှုကို ဝမ်ရှန်း အမှန်တကယ် နားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အပ်စိုက်မှတ်များ တဖြည်းဖြည်းချင်း ပိုမိုကြီးမား လာနေကာ သုံးနာရီမျှ ကြာမြင့် သွားပြီဖြစ်၏။

ထိုအချိန်တွင် ဆေးအာနိသင် တဖြည်းဖြည်းချင်း ပျက်ပြယ်စ ပြုလာပြီး နောက်ဆုံး၌ လုံးဝ ကုန်ခန်း သွားခဲ့သည်။ သို့သော် ယခုအချိန်၌လည်း ရပ်၍ မရသေးပေ။ ယခင်က ချင်းဝေနှင့် မိန်းမစိုးအိုတို့၏ ညွှန်ကြားချက်အရ ဆေးအာနိသင် ကုန်ခန်း သွားသည်နှင့် ခန္ဓာကိုယ် အတွင်းရှိ သန့်စင်ထားသော ဝိညာဉ်စွမ်းအားများကို ထိန်းချုပ်ရမည် ဖြစ်သည်။ ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှုများနှင့် အသားကျရန် နာရီ အနည်းငယ်ကြာ စောင့်ရန်လည်း လို၏။ ထိုအရာများ ပြီးဆုံးမှသာ ပြီးဆုံးသည်ဟု သတ်မှတ်၍ရခြင်း ဖြစ်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset