Switch Mode

Chapter – 273

တော်ဝင် မကောင်းဆိုးဝါးအို (၂)

အပိုင်း ၂၇၃
တော်ဝင် မကောင်းဆိုးဝါးအို (၂)

ယခုတစ်ကြိမ်တွင် တော်ဝင်မိသားစုမှ လက်ဦးမှု ရယူခဲ့ကာ တန်ကြေးကြီးကြီး ပေးခဲ့သည်။ ဝူရုံမြို့သို့ ပေးရသည့် အဖိုးအခကို သာမက ဝမ်ရှန်းကိုလည်း “ကောင်းကင် တုန်ခါခြင်း” ဟုခေါ်သည့် အဆင့်မြင့် ကျင့်စဉ်အပြင် တစ်လသင်ကြား ပြသပေးမည့် ဤမကောင်းဆိုးဝါး အိုကြီးလည်း ပေးခဲ့သေးသည်။

မိန်းမစိုးအိုကြီး၏ ဝိညာဉ်အဆင့်ကို ဝမ်ရှန်း မသိပေ။ အဋ္ဌမအဆင့် အထွတ်အထိပ်အဆင့် သို့မဟုတ် နဝမအဆင့် ရှိနိုင်၏။ သို့သော် ဤသည်တို့မှာ တွေးကြည့်၍ပင် မရနိုင်သည့် အဆင့်များ ဖြစ်ပေသည်။

သူ့လိုမျိုး ဝိညာဉ်သခင် တစ်ယောက်ကို ဝမ်ရှန်း တွေ့ခဲ့ဖူးသည်။ ဝမ်ရှန်း မြင်ဖူးသမျှထဲတွင် တာအိုဘုန်းတော်ကြီး လင်ရှူးသည် အင်အား အကြီးဆုံး ဖြစ်နိုင်၏၊ သို့သော် ထိုဘုန်းတော်ကြီးသည် အလွန် လျှို့ဝှက်ထူးဆန်းကာ အနည်းငယ် နားလည်ရ ခက်သည်။ ထိုအချိန်က ဝမ်ရှန်း ဘုန်းတော်ကြီးနှင့် သိပ်ပြီး မရင်းနှီးသောကြောင့်လည်း ပါချင်ပါနိုင်၏။

သို့သော် ဤမိန်းမစိုးအိုကြီးသည် အလွန် ထူးခြား ဆန်းကြယ်သည့် အရာများကို လက်တွေ့ပြခဲ့၏။ အနည်းဆုံးတော့ ယခုအချိန်တွင် ဝမ်ရှန်းသည် သူ့လက်ချောင်းများ၏ ထူးခြားသည့် စွမ်းအားနှင့် နှာခေါင်းရှုံ့ လိုက်ရုံဖြင့် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည့် သံလုံးများကိုပင် ရပ်တန့်အောင် လုပ်နိုင်သည့် စွမ်းအားကို မြင်ခဲ့ရပြီ ဖြစ်သည်။ ထိုအရာများ အားလုံးသည် အလွန် စိတ်ကူးယဉ် ဆန်လှပေသည်။

ဤရာသည် ဘုန်းတော်ကြီးနှင့် မိန်းမစိုးအိုကြီးတို့ ကြားမှ ကွာခြားချက် ဖြစ်နိုင်သည်။ မိန်းမစိုးအိုကြီးသည် သူ၏လှုပ်ရှားမှုများကို ပွင့်ပွင့်လင်းလင်း ပြသခဲ့၏။ ထို့ကြောင့် သူ၏ထူးခြား ဆန်းကြယ်မှုများကို မြင်ခဲ့ရသည်။ ဘုန်းတော်ကြီးကမူ ဤကဲ့သို့ မလုပ်နေ၊ ထို့ကြောင့် သူသည် ကမ္ဘာကြီးနှင့် လိုက်လျော ညီထွေဖြစ်စွာ နေနိုင်နေသည်။

မည်သို့ပင်ဆိုစေကာမူ ဤမကောင်းဆိုးဝါးအိုကြီး၏ အကြံဉာဏ်များသည် ဝမ်ရှန်းအတွက် အလွန် အသုံးဝင်နေဆဲ ဖြစ်သည်။ အနည်းဆုံးတော့ လဝက်ကျော် ကြာပြီးနောက်တွင် ဝမ်ရှန်းသည် မိန်းမစိုးအိုကြီး၏ အင်္ကျီအနားစကို ထိနိုင်ပြီဖြစ်၏။

တိုက်ခိုက်ခြင်း အပြင် မိန်းမစိုးအိုကြီးသည် အခြား အချိန်များ၌လည်း အကြံဉာဏ်အချို့ ပေးလေ့ရှိ၏။ ဝမ်ရှန်း၏ ကျိုးပဲ့နေသည့် ဝိညာဉ်ကို ဘယ်လို အဆင့်မြင့်တင်၍ ရလဲဆိုတာ မည်သူမှ မသိပေ။ ထို့ကြောင့် သူသည်လည်း ခန့်မှန်းချက်နှင့် သူ့ခန့်မှန်းချက်များ၏ ရလဒ်များကိုသာ ပြောပြနိုင်သည်။

သို့သော် တစ်ခါတစ်ရံတွင် မိန်းမစိုးအို၏ ခန့်မှန်းချက်များသည် ဝမ်ရှန်းအား ပြောစရာ စကားများ ဆွံ့အ သွားစေခဲ့၏။ ဤမိန်းမစိုးအိုကြီးသည် သူ၏ လေ့ကျင့်မှုကို အသေးစိတ် နီးပါး ခန့်မှန်းနိုင်သည်ဟု ပြော၍ ရပေသည်။

မိန်းမစိုးအိုကြီး ပြောသည်များက ဝမ်ရှန်းအား အကြောင်းအရာ တစ်ခုကို ပိုမိုယုံကြည် သွားစေခဲ့သည်။ သိုက်မိသားစု သိမ်းယူသွားသည့် သိုက်ရှောင်းထံ၌ ရှိနေသည့် ကြယ်ကိုးပွင့် ဝိညာဉ်သည် မိန်းမစိုးအိုကြီး ပြောသည့် နည်းလမ်းအတိုင်း အဆင့်မြင့်တင်နေခြင်း ဖြစ်နိုင်ပေသည်။

“ဒီနှစ်တွေ အတွင်းမှာ မင်း တတ်နိုင်သလောက် အဆင့်မြင့်တက်အောင် လုပ်တာက မင်းအတွက် မှန်တယ်”

ဝမ်ရှန်း သေချာ ဂရုတစိုက် ညွှန်ကြား ချက်ပြုတ်ခိုင်းသည့် ဟင်းလျာများသည် ဧကရာဇ် စားသောက်သည့် အစားအသောက်များထက်ပင် များစွာ ပိုမိုကောင်းမွန်၏။ ထို့ကြောင့် ဝမ်ရှန်းနှင့်အတူ နေရစဉ်တွင် မိန်းမစိုးအိုကြီးသည် ပျော်ရွှင်ရပေသည်။ ထို့ကြောင့် သူ ဝမ်ရှန်းအား စိတ်ရင်းအတိုင်း စကားအချို့ ပြောလိုက်သည်။

“မင်းရဲ့ ဧည့်ဝတ် ကျေပွန်မှုကြောင့် ငါ မင်းကို အကြံတချို့ ပေးလိုက်မယ်”

ထိုသို့ပြောပြီးနောက် မိန်းမစိုးအိုကြီးမှ ဝမ်ရှန်းအား မေးလိုက်သည်။

“သိုက်မိသားစုရဲ့ ကြယ်ကိုးပွင့် ဝိညာဉ်က အဆင့်မြှင့်တင်လို့ ရတယ် ဆိုပေမယ့် သူ့ဆီမှာ ဆိုးဝါးတဲ့ ဟာကွက်တစ်ခု ရှိတယ်။ အဲ့ဒါဘာလဲ မင်းသိလား”

မိန်းမစိုးအိုကြီးမှ ဝိညာဉ်အဆင့် တက်အောင် လုပ်ခြင်းမှာ မှန်ကန်ကြောင်း ပြောလာသည့် အချိန်တွင် ဝမ်ရှန်း စိုးရိမ်သွားခဲ့မိသည်။ သူ သူ့အိပ်မက်ထဲမှ ကောင်မလေးကို ရှာနေသည့် အကြောင်း ပေါ်သွားပြီလားဟု တွေးမိသွားခြင်းဖြစ်၏။ သို့သော် မိန်းမစိုးအိုကြီးမှ သိုက်မိသားစု၏ ကြယ်ကိုးပွင့် ဝိညာဉ်အကြောင်း ပြောလာသည့် အချိန်မှသာ ဝမ်ရှန်း အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

“အလယ်လောက်မှာ ဝိညာဉ် ပြောင်းလိုက်လို့ ထိန်းရ မလွယ်တော့တာမျိုးလား”

ဝမ်ရှန်း ခဏစဉ်းစားကာ ပြန်ဖြေ လိုက်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းက အားသာချက် ရှိသော်လည်း ဝမ်ရှန်းသည် သူကိုယ်တိုင် ဝိညာဉ်ကျင့်စဉ် ကျင့်ကြံပြီး နောက်မှာတွင် ဝိညာဉ် လဲလှယ်ခြင်းက မလွယ်ကူ လှကြောင်းနှင့် နောက်ပိုင်း အကျိုးဆက်များကလည်း မသေးငယ်လှကြောင်း သိခဲ့ရသည်။

“အဲ့ဒါက ဘယ်လောက်မှ ကြီးကြီးမားမား မဟုတ်ပါဘူး”

မိန်းမစိုးအိုကြီးမှ ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“အကြီးဆုံး ဟာကွက်က မင်းပျောက် နေတာပဲ။ နားလည်လား…”

ဝမ်ရှန်းသည်လည်း ယခင်က ထိုအချက်ကို တွေးခဲ့မိပေသည်။ ထို့ကြောင့်သာလည်း ဒုတိယ ပြောင်းလဲခြင်းတွင် တောက်တိ ပြောင်းလဲခြင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။ သိုက်မိသားစုက သူ့ဝိညာဉ်ကို စုပ်ယူသွားမည်ကို စိုးသောကြောင့် ဖြစ်သည်။

သို့သော် ဤအရာက ကြီးမားသည့် ဟာကွက်တစ်ခု ဖြစ်သည်ဟု သူ ဘယ်တုန်းကမှ မတွေးမိပေ။ ဘာပဲပြောပြော သူ၏အကြွင်းအကျန် ကျိုးပဲ့ဝိညာဉ် တစ်ခုသည်ပင် ဤအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်သည် ဆိုလျှင် ဝိညာဉ်ပေါင်း ၉၉ ခုကို ပေါင်းစပ်ထားသည့် ဝိညာဉ်က ပိုပြီး ကျင့်ကြံနိုင်မည် မဟုတ်ပါလော။

သို့သော် မိန်းမစိုးအိုကြီးမှ ဤကဲ့သို့ ပြောလာသည့် အတွက်ကြောင့် ဤအချက်ကို သိသည်မှာ သူတစ်ယောက်တည်းတော့ မဟုတ်လောက်ပေ။ တခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် ရှေ့လျှောက် သိုက်မိသားစု သူ့အား နောက်ကျော ဓားနှင့်ထိုးမည်ကို သတိထားရန် လိုအပ်လာပြီ ဖြစ်၏။

ဤနေရာသည် တော်ဝင်မြို့တော်၏ သေးငယ်သည့် အစိတ်အပိုင်း တစ်ခုဖြစ်ကာ ဂျင်ဒီနယ်မြေနှင့် နီးကပ်သည့် နေရာလည်း ဟုတ်၏။ တော်ဝင်မိသားစုမှ လူများသည် ဤနေရာမှ ဂျင်ဒီနယ်မြေအတွင်း ဝင်ရောက်မည် ဖြစ်သည်။ သူတို့၏ပန်းတိုင် အတွက်မူ ထိုနေရာသည် ဝမ်ရှန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီကာ အဓိကနယ်မြေ အတွင်းသို့ မရောက်ပေ။ သို့သော် ထိုနေရာကို ဝမ်ရှန်း ခန့်မှန်း နိုင်နေပြီဖြစ်၏။ ရှန့်ယင် အကျဉ်းထောင်၏ အပျက်အစီးများ ရှိရာနေရာပင် ဖြစ်သည်။

ချီရှုန်းခန်းမဖြစ်စေ၊ ရှန့်ယင် အကျဉ်းထောင်ဖြစ်စေ ထိုနှစ်နေရာလုံးသည် လင်မိသားစု၏ အပြင်ဘက်၌ ရှိခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် စိတ်ဝင်စားစရာ ကောင်းသည့် အရာများ ရှိချင်ရှိနေနိုင်၏၊ သို့သော် ဝမ်ရှန်းလိုချင်သည့် အရာများကတော့ ဘယ်တော့မှ ရှိမည်မဟုတ်ပေ။

ဝမ်ရှန်းသည် မိန်းမစိုးအိုကြီးထံမှ ဝိညာဉ်အဆင့် လျင်မြန်စွာ တိုးတက် လာသည်ကို သင်ယူခဲ့ရခြင်း မဟုတ်ပေ။ ယခုအချိန်တွင် ဝမ်ရှန်းသည် စာလုံးကိုးလုံး မန္တန်ဖြင့်သာ အဆင့်တက်၍ ရသည်ဖြစ်၏၊ အခြားအရာများဖြင့် မရပေ။ ထို့ကြောင့် ဤတစ်လ အတွင်းတွင် သူ၏တိုက်ရည်ခိုက်ရည် တိုးတက် လာသည်ဟုသာ ပြော၍ရပေ။ ပိုအရေးကြီးသည်မှာ တကယ့် အဆင့်မြင့် ဝိညာဉ်သခင် တစ်ယောက်က ဘာတွေလုပ်နိုင်လဲ ဆိုတာကို မျက်ဝါးထင်ထင် မြင်ခဲ့ရခြင်းဖြစ်၏…

မိန်းမစိုးအိုကြီးနား စိတ်ပါဝင်စားစွာ သင်ယူနေကာ ဝမ်ရှန်းသည် လူဝံပေါက်လေးအား လေလံတင်သည့် ပွဲကိုပင် မသွားခဲ့ပေ။ ချင်းဝေကသာ အကောင်ပေါက်လေးကို လာခေါ်ကာ လေလံပွဲပြီးနောက် ရသည့် ပစ္စည်းများကိုလည်း သူမကိုယ်တိုင် ပြန်လာပို့ ပေးခဲ့၏။

ဆဌမအဆင့်၊ အပ်စိုက်မှတ် ၅၀ လိုအပ်သည့် “ဘီလူးခွန်အား” အပြင် ရွှေဒင်္ဂါးသုံးသိန်း ဝမ်ရှန်းအိမ်သို့ ရောက်ရှိ လာခဲ့သည်။ ယခင်တွင် ဝမ်ရှန်းသည် ရွေးချယ်စရာ မရှိသောကြောင့် ရွှေဒင်္ဂါးများကို ကြေးစားခန်းမ၌ အလုပ်တင်ကာ ထားထားရသည်။ သို့သော် ယခုအချိန်တွင် ဝမ်ရှန်းအား ရွှေဒင်္ဂါးအတွက်နှင့် မည်သူကမှ လာရောက် နှောင့်ယှက်တော့မည် မဟုတ်ပေ။

ထိုလေလံပစ်၍ ရသည့် ပစ္စည်းများ နှင့်အတူ ချင်းဝေသည် သူမ၏ ကိုင်ရွှယ်စံအိမ်၏ နောက်ဆုံးသတင်း အကြောင်းကိုလည်း သယ်လာခဲ့သေးသည်။ သူတို့သည် နောက်တစ်ကြိမ်ကို သူတို့အလှည့် မဖြစ်မည် စိုးသောကြောင့် ဝမ်ရှန်း၏ တောင်းဆိုချက်ကို အပြည့်အဝ သဘောတူခဲ့၏။

ဝမ်ရှန်းက သူတို့ကို ပြန်ငြင်းလိုက်မည်ကိုပင် စိုးရိမ်သည့် အတွက်ကြောင့် သူတို့သည် ကတိပေးထားသည့် အတိုင်း သတ္တမအဆင့် ကျင့်စဉ်နှင့် ဝိညာဉ်သိပ်သည်း ဆေးပြားများကို ချင်းဝေ နှင့်အတူ တစ်ပါတည်း ထည့်ပေးလိုက်၏။

ဝိညာဉ်သိပ်သည်း ဆေးပြားက အစစ်ဟုတ်မဟုတ် ဝမ်ရှန်း မသိပေ။ တိုက်ပွဲဝိညာဉ်ထံမှလည်း မည်သည့် တုံ့ပြန်မှုမှ မရခဲ့။ သို့သော် တော်ဝင်မိသားစု၏ မိန်းမစိုးအိုသည် ဗဟုသုတ ကြွယ်ဝကာ ဤကဲ့သို့ ပစ္စည်းကောင်းမျိုးကို သိပေလိမ့်မည်။

မိန်းမစိုးအိုသည် ဝမ်ရှန်းအိမ်၌ ရှိနေသည်။ ဝမ်ရှန်း သူတို့ကို ဂျင်ဒီနယ်မြေ အတွင်းသို့ မခေါ်သွားခင် ဝမ်ရှန်း မတော်တဆမှု တစ်ခုခုဖြစ်မည်ကို သူတို့ဘက်မှ ဘယ်တော့မှ လိုလားမည် မဟုတ် ဟု ဝမ်ရှန်း ယုံကြည်ပေသည်။ ထို့ကြောင့် သူသည် ချီသိပ်သည်းခြင်း ဆေးပြားကို မိန်းမစိုးအိုရှေ့၌ပင် ထုတ်ကာ မျိုချလိုက်၏။

ချီသိပ်သည်း ဆေးပြားသည် အပ်စိုက်မှတ်များကို တိုးချဲ့ပေးနိုင်ကာ ဝိညာဉ်စွမ်းအား စုပ်ယူနိုင်မှုကို တိုးမြှင့်စေ၏။ ထိုအခြင်းအရာသည် ဝိညာဉ်အဆင့် အခြေခံကိုလည်း ခိုင်မာစေပေသည်။ ထို့ကြောင့် ဤဆေးပြားများသည် ဝိညာဉ်အဆင့် တိုးမြှင့်အောင် မလုပ်ပေးနိုင်သော်လည်း မဆိုးလှပေ။

ဝမ်ရှန်း ဂျင်ဒီနယ်မြေ အတွင်းသို့ မဝင်ခင် သူ၏ဝိညာဉ်အဆင့် အဆင့်ထပ်တက်ဖို့ကို မိန်းမစိုးအိုလည်း မျှော်လင့်မိပေသည်။ သူညွှန်ကြားသည့် ဝိညာဉ်အဆင့် မြင့်တက်ခြင်း နည်းလမ်းသည် သိပ်ပြီး လျင်မြန်မှု မရှိပေ။

သို့သော် ဝိညာဉ်သိပ်သည်းခြင်း ဆေးပြားကတော့မတူ။ ထို့ကြောင့် ဝမ်ရှန်း ဝိညာဉ်သိပ်သည်းခြင်း ဆေးပြားကို သောက်ပြီးနောက်တွင် သူကိုယ်တိုင် ဝမ်ရှန်းအား စောင့်ကြပ် ပေးလိုက်၏။ ဝမ်ရှန်းကို မည်သူမှ အနှောင့်အယှက် ပေးခွင့်မပြုတော့။

ထိုသို့ စောင့်ကြပ်ပေးနေရင်း မိန်းမစိုးအို ကောင်းကင်အား မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့၏။ တော်ဝင်ဝိညာဉ် သခင်များဖြင့် ပြည့်နှက်နေသည့် ရှန့်ယင် အကျဉ်းထောင်အား ပြန်လည် တွေးတော ကြည့်လိုက်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset