အပိုင်း(၂၇၂)
တော်ဝင် မကောင်းဆိုးဝါးအို (၁)
အဲ့အဘိုးကြီးကလား…..
တော်ဝင်မိသားစု၏ အရေးကြီး ပုဂ္ဂိုလ်ဖြစ်သည့် ထိုအဘိုးအိုကြီးကို အိမ်တော်ထိန်းသည် သာမန် နားငြီးမခံနိုင်သည့် အဘိုးအိုကြီးဟု ပြောခဲ့သည်တဲ့လား…. ထိုစကားကို ယုံမည်ဆိုလျှင် မည်သူမျှ ဤနေရာ၌ အသက်ရှင်လျက် ထိုင်နေနိုင်မည် မဟုတ်ပေ။
…
ထိုအချိန်တွင် ဝမ်ရှန်းသည်လည်း အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရသည့် အဘိုးကြီးအား ထိုင်၍ စိုက်ကြည့် နေခဲ့၏။ သူသည် ဖန်းမိသားစုမှ လက်ဆောင် ပေးခဲ့သည့် ထိပ်တန်း အကာအကွယ် ဝတ်စုံကိုပင် ဝတ်ဆင် ထားသေးသည်။ ယခုအချိန်တွင် ထိုဝတ်စုံ ဝတ်ပြီးနောက် ဖြစ်လာမည့် အကျိုးဆက်များကို သူမကြောက်နိုင် သေးပေ။
မိန်းမဆိုးအိုကြီးသည် ဝမ်ရှန်း၏ အတွင်းခြံဝင်းရှိ ကျောက်စားပွဲထောင့်၌ ထိုင်နေ၏။ စားပွဲပေါ်တွင် လက်ဖက်ရည်အိုး တစ်လုံးနှင့် လက်ဖက်ရည်ခွက် တစ်ခွက်သာ ရှိနေသည်။ ဘေးဘက်တွင်လည်း မိန်းမဆိုး ငယ်လေးမှ သူ့အား ရပ်စောင့်နေ၏။ ထိုအရာများမှလွဲ၍ ခြံဝင်း အတွင်းတွင် ဘာမျှမရှိချေ။
သို့သော် ဝမ်ရှန်းသည် သူ၏ သေနတ် လက်နက်များကို မထုတ်သည်မှလွဲ၍ အကာအကွယ် ဝတ်စုံကို အပြည့်အဝ ဝတ်ဆင် ထားပေသည်။ သူ့လက်ထဲတွင် လက်မောင်းဝက်ခန့် ရှိသည့် ဓားတစ်ချောင်းကိုပင် ကိုင်ထားသေး၏။ သူသည် မိန်းမဆိုး အိုကြီးအား စိုက်ကြည့်နေကာ ထိုအဘိုးအို၏ ဟာကွက်များကို ရှာရန် ကြိုးစား နေခဲ့သည်။
မိန်းမဆိုးအိုကြီးမှ အေးအေးလူလူပင် လက်ဆန့်ထုတ်ကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင် လိုက်ပြီး လက်ဖက်ရည် မော့သောက်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်း လှုပ်ရှား လိုက်သည်။ သံလုံးတစ်လုံးသည် မိန်းမဆိုး အိုကြီး၏ လက်အတွင်းရှိ လက်ဖက်ရည်ခွက် ထံသို့ ကျည်ဆံ တစ်ထောင့်ကဲ့သို့ ဦးတည်သွားကာ ဒုတိယ တစ်လုံးသည် ထိုအဘိုးအိုကြီး၏ လည်ပင်းသို့ တည့်တည့် ဦးတည် သွားနေ၏။ ဝမ်ရှန်းသည်လည်း ထိုင်ရာမှ ထကာ အဘိုးအိုထံသို့ ပြေးတက် သွားလိုက်သည်။
ယခုလို အခြေအနေမျိုးတွင် သာမန် ဝိညာဉ်သခင်များ မဆိုထားနှင့် အရိပ်မိန်းမဆိုးနှင့် ဟန်ဘင်းလီ သည်ပင် ဝမ်ရှန်း တိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဆိုလျှင် သတိ အနည်းငယ်တော့ ရှိနေမည် ဖြစ်သည်။ သူတို့ နှစ်ယောက်လုံးသည် ဝမ်ရှန်း၏ အင်အားနှင့် အလွန် ရင်းနှီးကျွမ်းဝင်ကာ ဝမ်ရှန်း အားအပြည့်ဖြင့် ပစ်လွှတ် လိုက်သည့် သံလုံးများက ဘယ်လောက် ကြောက်စရာ ကောင်းမှန်း သိလိုက်သည်။
သို့သော် ဝမ်ရှန်းမှ နှစ်ချက်ဆက်တိုက် ပစ်ခတ်ပြီးသည့်တိုင် မိန်းမဆိုးအိုကြီးသည် မျက်တောင် တစ်ချက်ပင် မခတ်ခဲ့ပေ၊ လက်ဖက်ရည်ကိုသာ ဇိမ်ပြေနပြေ ဆက်သောက် နေလိုက်၏။
ပထမသံလုံးက လက်ဖက်ရည်ခွက်ကို ထိတော့မည့် အချိန်မှာပင် မိန်းမဆိုး အိုကြီးသည် လက်ဖက် ရည်ခွက်အား ကိုင်ထားသည့် လက်သန်းကို အနည်းငယ် လှုပ်ရှား လိုက်သည်နှင့် သံလုံးသည် အခြားတစ်ဖက်သို့ လွင့်ထွက်သွားသည်။
ဒုတ်…..
ထိုသံလုံးသည် မြေကြီးပေါ်ရှိ တွင်းတစ်တွင်းထဲသို့ ကျသွားခဲ့၏။ ထိုတွင်းထဲတွင် ဒါဇင်နှင့်ချီသည့် သံလုံးများ ရှိနေပေသည်။
ထို့နောက် ချက်ချင်း ဒုတိယမြောက် သံလုံးက သူ့လည်ပင်းနားသို့ ရောက်ခါနီး အချိန်တွင် မိန်းမဆိုး အိုကြီးသည် လက်ဖက်ရည်ခွက်ကို ချလိုက်ပြီဖြစ်၏။ သို့သော် ယခုတစ်ချိန်တွင် သူသည် လက်ပင် မသုံးခဲ့ပေ။ ခနဲ့တဲ့တဲ့ဖြင့် နှာခေါင်းသာ ရှုံ့လိုက်၏။
ထိုအချိန်တွင် ကျည်ဆံ တစ်ထောင့်ကဲ့သို့ လွင့်ထွက်လာသည့် သံလုံးသည် လေထဲ၌ တစ်ခဏ ရပ်တန့် သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့သည်။
သူ့ထံသို့ ပြေးလာနေသည့် ဝမ်ရှန်း အတွက်မူ မိန်းမဆိုး အိုကြီးသည် လက်တစ်ချက်သာ တောက်လိုက်၏။ ဝမ်ရှန်းသည် ကြီးမားသည့် တူတစ်ချောင်းနှင့် ရိုက်နှက် ခံလိုက်ရသကဲ့သို့ အလျင်အမြန်ပင် နောက်ဆုတ် လိုက်သည်။
ခြံအတွင်း၌ ထိုကဲ့သို့ ဖြစ်ပျက် နေသော်လည်း ဝမ်ရှန်းဖြစ်စေ မိန်းမဆိုးအိုကြီးဖြစ်စေ မည်သူ့ထံမှ လူသတ်သည့် အငွေ့အသက်များ မထွက်ပေါ်နေပေ။ အားလုံးသည် အလွန်ပင် တည်ငြိမ်နေကြ၏။
ဤနေရာသည် တိုက်ပွဲကွင်းပြင် ဖြစ်နေခြင်း မဟုတ်။ သူတို့သည် ရန်သူများလည်း မဟုတ်ချေ။ မိန်းမဆိုးအိုကြီးမှ ဝမ်ရှန်းအား လေ့ကျင့် သင်ကြားမည့် နည်းလမ်း တစ်ခုပင်ဖြစ်၏။ တော်ဝင်မိသားစုသည် ဝမ်ရှန်း၏ တောင်းဆိုချက်ကို လက်ခံခဲ့ကာ ချည့်နဲ့ တုန်ယင်နေသည့် မိန်းမဆိုးအိုကြီး ကိုယ်တိုင် ဝမ်ရှန်းအား သင်ကြားပေးရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
မိန်းမဆိုးအိုကြီး သင်ကြားပေးသည့် နည်းလမ်းသည် အလွန် ကောင်းမွန် လှပေသည်။ သူသည် ဝမ်ရှန်းကို ဘာလုပ်ရမလဲဟု မပြော ထိုအစား ဝမ်ရှန်းကို သူ့အား တိုက်ခိုက်စေသည်။ ထို့နောက် သူ၏ တန်ပြန်တိုက်ချက် များမှတစ်ဆင့် ဝမ်ရှန်းအား လေ့လာသင်ယူခိုင်းမည် ဖြစ်သည်။
ဝမ်ရှန်းသည်လည်း ထိုနည်းလမ်းမှ အမှန်တကယ်ကို သင်ယူနေခဲ့၏။ ဝမ်ရှန်းသည် တစ်နာရီအတွင်း သူတိုက်ခိုက်ခဲ့သည့် ဒါဇင်နှင့်ချီသည့် နည်းလမ်းများ၏ အားသာချက် အားနည်းချက်များကို သိရှိခဲ့ပြီး ဖြစ်သည်။ ပြောရမည်ဆိုလျှင် မိန်းမဆိုး အိုကြီးသည် သူ့အား လျော့ပေါ့ တိုက်ခိုက် ပေးနေခြင်းပင် ဖြစ်၏။
မိန်းမဆိုးအိုကြီးသည် ပြန်တိုက်ရာတွင်လည်း ဒီတိုင်း ပြန်တိုက်ခိုက်ခဲ့ခြင်း မဟုတ်၊ ဝမ်ရှန်း၏ ခုခံ ကာကွယ် နိုင်စွမ်းပေါ် မူတည်၍ ပြန်တိုက်ခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် အစပိုင်းတွင် ညအမှောင်ဝင်ချိန် ဝံပုလွေဖြင့် ပြုလုပ်ထားသည့် အကာအကွယ် ဝတ်စုံကို ဝတ်ကာ တိုက်ခိုက်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် အဆင့် ၈ သားရဲသားရေဖြင့် ပြုလုပ်ထားသည့် အကာအကွယ် ဝတ်စုံကို ဝတ်ကာ ပြန်လည် တိုက်ခိုက်ခဲ့သည်။ မိန်းမဆိုး အိုကြီး၏ ပြန်လည် တိုက်ခိုက်မှုများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် အချိန်တွင် နာကျင် သော်လည်း အမှတ်ရစေမည့် နာကျင်မှုမျိုးသာ ဖြစ်၏။ ထိခိုက်ဒဏ်ရာ ရစေမည့် နာကျင်မှုမျိုး မဟုတ်ပေ။
ထိုနာကျင်မှုမျိုးသည် ဝမ်ရှန်းကို သူ၏အမှားအား သေချာပေါက် ခေါင်းထဲ၌ မှတ်မိသွားစေကာ တူညီသည့် အမှားမျိုးကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်လုပ်တော့မည် မဟုတ်ချေ။ ဒါ့ပြင် ပြန်လည် တိုက်ခိုက်မှုတိုင်း တစ်ခုစီတိုင်းသည် ဝမ်ရှန်း၏ ခုခံကာကွယ်မှုအား အနည်းဆုံး နေရာကိုသာ ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ရှန်းသည် တကယ့်ကို ဉာဏ်ကောင်းလှ၏။ ဘယ်လို တိုက်ခိုက်ရမည်ကို သူ သိပေသည်။ အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်း၏ ဤကမ္ဘာသို့ ရောက်လာသည်မှာ ၂ နှစ်နီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် သူသည် ပန်းပွင့်ခြွေဓားချက် သို့မဟုတ် လျင်မြန်လှသည့် နာမည်ကြီး ဓားသိုင်းများကို ဘယ်တော့မှ မသင်ကြားခဲ့ဖူးချေ။ ထိုဓားသိုင်းများသည် အခြေခံ လုပ်ရိုးလုပ်စဉ် ဓားသိုင်းများဖြစ်၏။
ဝမ်ရှန်းသည် သူ့ကမ္ဘာပေါ်မှာ ခေတ်သစ် တိုက်ခိုက်ရေး သင်တန်းများကို တက်ရောက်ပြီးနောက် တိုက်ခိုက်စဉ်တွင် လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်လုပ်ရန် မလိုအပ်ကြောင်း ရှင်းရှင်းလင်းလင်း သိခဲ့ပေသည်။ ထိုလုပ်ရိုး လုပ်စဉ်အတိုင်း တိုက်ခိုက်သည့် လူသည် သေချာပေါက် စောစော သေရပေသည်။ တိုက်ခတ်ခြင်းသည် ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမည်ဖြစ်ကာ တိုက်ခိုက်နေသည့် အခိုက်အတန့် အတွင်းမှာပင် ဆုံးဖြတ်ချက် ချရခြင်းမျိုးဖြစ်၏။ ဤကမ္ဘာပေါ်တွင် လုပ်ရိုးလုပ်စဉ်အတိုင်း လိုက်ပြီး တိုက်ခိုက်ပေးမည့် ရန်သူမျိုးလည်း မရှိပါ။
အချို့ဂိုဏ်း သခင်များသည်လည်း ထိုကဲ့သို့သာ တွေးကြ၏၊ ထို့အတူ ကံကောင်းသည်မှာ မိန်းမဆိုး အိုကြီးသည်လည်း ထိုကဲ့သို့ တွေးခြင်း ဖြစ်သည်။ သူ၏ အတွေးသည် ဝမ်ရှန်း တွေးထင်ထားသည်နှင့် တစ်ထပ်တည်းဖြစ်၏။ သူ၏ အလျင်သည်လည်း သားရဲတစ္ဆေများထက်ပင် ပို၍ ကြောက်ဖို့ ကောင်းသေးပေသည်။
ဤမိန်းမဆိုးအိုကြီးက လျင်မြန်ခြင်း မတတ်နိုင်ဟု ထင်လျှင် မှားသွား ပေလိမ့်မည်။ သူ၏ ခန္ဓာကိုယ် တောင့်တင်းခိုင်မာ နေမှုကလည်း တွေးကြည့်၍ပင် မရပေ။ ချည့်နဲ့ ပိန်လီနေကာ တုန်ယင်နေသည့် သူ၏ပုံစံကို မကြည့်နှင့်။ ဝမ်ရှန်းကဲ့သို့ ခွန်အားကြီးသူ တစ်ယောက်ပင် သူနှင့် ဆောင့်တိုက်မိမည် ဆိုလျှင် လွင့်ထွက်သွားမည့် သူမှာ သေချာပေါက် ဝမ်ရှန်းပင် ဖြစ်ပေမည်။
ထိုအချိန်တွင် ဝမ်ရှန်းသည် သူ၏ တိုက်ခိုက်မှုများကို ရပ်တန့်ကာ ယခု သူတိုက်ခိုက်ခဲ့သည့် သိုင်းကွက်များ ဘာမှားယွင်းခဲ့လဲ ဆိုတာကို စတင် တွေးတော ကြည့်လိုက်သည်။ တစ်ခါတစ်ရံ နားမလည်သည့် အချိန်များတွင် သူသည် မိန်းမဆိုးအိုအား အကြံအဉာဏ် တောင်းတတ်၏။ ထိုကိစ္စနှင့် ပတ်သက်၍ ရှက်စရာကောင်းသည်ဟုလည်း မခံစားရပေ။
“ငါ မင်းလိုမျိုး ဉာဏ်ကောင်းတဲ့ သူတွေကို ကြိုက်တယ်…..”
ဝမ်ရှန်းအား ညွှန်ကြား ပြသပေးပြီးနောက် မိန်းမဆိုးအိုကြီးမှ ပြုံး၍ ချီးကျူးလိုက်သည်။
“အချို့ အရူးကောင်တွေက နာခံတာက နာခံတာပဲ။ ဒါပေမဲ့ သူတို့ ခေါင်းကို ဘယ်လို သုံးရမယ် ဆိုတာကို သူတို့မသိဘူး။ နားမလည်လဲ မမေးတတ်ကြဘူး။ သူတို့ မမေးမှတော့ ငါက ဘယ်လိုလုပ် ဖြေလို့ရမှာလဲ မဟုတ်ဘူးလား… မင်းကတော့ တော်တယ်လို့ ပြောရမယ် ငါကြိုက်တယ် …….”
ချီးကျူးသည့်စကား ဖြစ်သည် ဆိုသော်လည်း မိန်းမဆိုးအိုကြီးသည် ပါးစပ်ဟ လိုက်သည်နှင့် မကောင်းသည့် စကားကတော့ ပါသေးပေသည်။ ထိုစကားများသည် ကြားရသူ အဖို့လည်း ကျောချမ်းစရာ ကောင်းလှပေသည်။ ထိုအချိန်တွင် လူဝံပေါက်လေးသည်လည်း သိသိသာသာကိုပင် ငြိမ်နေခဲ့၏။ ဝမ်ရှန်း မိန်းမဆိုးအိုကြီးအား စတင် တိုက်ခိုက်သည့် အချိန်ကတည်းက ငြိမ်နေသည်ကို ကြည့်လျှင် သူသည် မိန်းမဆိုးအိုကြီးကို ကြောက်နေကြောင်း ပြော၍ ရပေသည်။
တစ်နာရီကျော် ရှိသေးသော်လည်း ဝမ်ရှန်းသည် ချွေးတဖြိုက်ဖြိုက် ကျနေပြီ။ ဤအဖြစ်အပျက်သည် ယခင်က တစ်ခါမှ မဖြစ်ပျက်ဖူးသည့် အဖြစ်အပျက်မျိုး ဖြစ်၏။ ဝမ်ရှန်း၏ လက်ရှိ ခွန်အားနှင့် ဆိုလျှင် သူသည် တန်ချိန်များစွာ လေးသည့် ဝိတ်တုံးများကို အကြိမ် အနည်းငယ်ကြာ မမည်ဆိုလျှင်ပင် ချွေးတစ်စက်မှ ကျမည် မဟုတ်ပေ။ သို့သော် မိန်းမဆိုးအိုကြီးမှ လက်ချောင်းနှင့် လှုပ်ကာ တိုက်ခိုက်ခြင်းက သူ့အား ချွေးတဒီးဒီး ကျစေသည်။
သို့သော် တန်ပါသည်။ လူဘယ်နှယောက်လောက် မိန်းမဆိုးအိုကြီးအား အကြံဉာဏ် တောင်းချင်နေမှန်း မသိချေ။ သို့သော် သူတို့ထံ၌ အခွင့်အရေးမရှိခဲ့… ယခုတစ်ချိန်သည် ဝမ်ရှန်းသည် အကျိုးရလဒ် များစွာ ရှိခဲ့ပေသည်။
***