Switch Mode

Chapter – 271

သီးသန့်လမ်းကြောင်း (၂)

အပိုင်း ၂၇၁
သီးသန့်လမ်းကြောင်း (၂)

ထို့နောက် အရိပ်မိန်းမစိုး ထပ်မပေါ်လာခဲ့တော့။ ထိုနေ့ နေ့လယ်တွင် အင်ပါယာ မြို့တော်မှ စားဖိုမှူးကြီး ကိုယ်တိုင် ဝူရုံမြို့သို့ ရောက်လာခဲ့သည်။ သူနှင့်အတူ လမ်းပင်ကောင်းကောင်း မလျှောက်နိုင်သည့် တုန်ချိတုန်ချိနှင့် အသက်ကြီးကြီး မိန်းမစိုးပါ တစ်ယောက်အား အသက်ငယ်ရွယ်သည့် မိန်းမစိုးမှ တွဲခေါ်လာလျက် ပါလာခဲ့သည်။

ထိုတုန်ယင်နေသည့် မိန်းမစိုးအိုကြီး ဝူရုံမြို့အတွင်းသို့ ဝင်လာသည့် အချိန်တွင် ဝိညာဉ်အဆင့်နိမ့်သည့် လူများသည်ပင် သူ့အား ဂရုမစိုက်ခဲ့ကြ။ ထိုနေရာ၌ ရှိနေသည့် အဓိက အင်အားစုများ၏ ခေါင်းဆောင်များနှင့် နာမည်ကြီး ဝိညာဉ်သခင် များကလည်း သူ့အား အဖတ်မလုပ်ခဲ့ကြချေ။

သို့သော် ထိုမိန်းမစိုးအိုတို့ အုပ်စုအား မြင်လိုက်ရသည့် အချိန်တွင် ကျင့်ဝတ်ထုံးတမ်း နှင့်အညီ အရိုအသေ ပေးခဲ့သည့် လူအချို့လည်း ရှိပေသည်။ ထိုမြင်ကွင်းအား မြင်လိုက် ရသောအခါ ကျန်သည့် လူများအားလုံး ကြောင်အ သွားခဲ့ကြသည်။

ဝူရုံမြို့အတွင်းရှိ နာမည်ကျော် အနီရောင် တံဆိပ်ပြားနှင့် ကြေးစားသည် အပြင်ထွက်လာစဉ် လမ်းလျှောက် လာနေသည့် ထိုမိန်းမစိုး အိုကြီးကို ရုတ်တရက် မြင်လိုက် ရသည်နှင့် တစ်ပြိုင်နက် မျက်နှာအရောင် ပြောင်းသွားခဲ့ပြီး မိန်းမ စိုးအိုကြီးအား ချက်ချင်းပင် အရိုအသေပေး ဦးညွှတ်လိုက်သည်။

ဝူရုံမြို့အတွင်းရှိ အနည်းဆုံး လူ ၁၄ ဦးခန့် ဤမြင်ကွင်းကို မြင်ခဲ့ကြသည်။ ထိုအချိန်တွင် သူတို့သည် ထိုအနီရောင် တံဆိပ်ပြား ကြေးစားက သူတို့အား သတ်တော့မည်ဟု ချက်ချင်း ခံစားလိုက်ရ၏။ ဤကဲ့သို့ အရှက်ရစရာ ကောင်းလှသည့် မြင်ကွင်းမျိုးကို သူတို့ မြင်ခဲ့သည် မဟုတ်ပါလော။

သို့သော် မိန်းမစိုးအိုကြီးက ထိုအနီရောင် တံဆိပ်ပြားနှင့် ကြေးစားအား သာမန်ကာလျှံကာ ချီးကျူးလိုက်သည့် အချိန်တွင် သူတို့ အသည်းခိုက်မတတ် ကြောက်သည့် ထိုကြေးစား၏ မျက်နှာထက်၌ ကျေနပ်ပီတိ ဖြာသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရသည်။ ထိုလူများ နားမလည်နိုင် ဖြစ်သွားကြ၏။ သူတို့ပဲ အမြင်မှား နေခြင်းလား သို့မဟုတ် ကမ္ဘာကြီးကပဲ အလွန် လျင်မြန်စွာ ပြောင်းလဲ နေခြင်းလော။

လမ်းပင် ကောင်းကောင်း မလျှောက်နိုင်သည့် လူအိုကြီး၏ ချီးကျူးခြင်းကို ခံရသောကြောင့် အလွန် ကျေနပ်ပျော်ရွှင် သွားသည်တဲ့လား… ဤချည်နဲ့သည့် အဘိုးအိုကြီးက မည်သူနည်း…

နားလည်လွယ်သည့် လူများသည် အခြေအနေ၏ ထူးခြားမှုကို ချက်ချင်း သဘောပေါက် သွားကာ ထိုနေရာ၌ ကြာကြာ မနေရဲကြတော့ဘဲ အလျင်အမြန် ထွက်ခွာ သွားလိုက်ကြသည်။

ဤသို့ဖြင့် အားလုံး၏ အာရုံစိုက်မှု အောက်တွင် သူတို့သုံးဦး ဝမ်ရှန်း၏ ခြံဝန်းထံသို့ တရွေ့ရွေ့ ဦးတည် သွားလိုက်ကြသည်။

ထိုအချိန်တွင် ဝူရုံမြို့တစ်မြို့လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားလျက် ဝမ်ရှန်း၏ ခြံပေါက်ဝသို့ အကြည့်များ မရေမတွက်နိုင် ကျရောက် သွားခဲ့ကာ အတွင်းမှလည်း အသံတစ်စုံတစ်ရာ ကြားလိုကြားငြား နားစွင့် ထားခဲ့ကြ၏။ သို့သော် သူတို့ စိတ်ပျက် သွားခဲ့ရသည်။ ဝမ်ရှန်း၏ခြံဝန်း အတွင်းတွင် မည်သည့် လှုပ်ရှားမှုမှမရှိနေ၊ မည်သူကမှလည်း အဝင်အထွက် မလုပ်ခဲ့ကြ။

မိန်းမစိုးအိုကြီး ဤနေရာ၌ ရှိနေသည်ကို တစ်စုံတစ်ရာ ကြားချင် နေသေးသည်လား… တကယ်ကို အတွေးလွန်နေတာပဲ၊ အိမ်ပြန်ပြီး လျှော်ဖွတ် သန့်ရှင်းရေး လုပ်ပြီး အိပ်လျှင်ပင် အကျိုးရှိပေဦးမည်။

သူတို့သုံးယောက် ဝမ်ရှန်းခြံဝန်း အတွင်းသို့ ဝင်သွားကာ တစ်နာရီကျော် ကြာပြီးနောက်တွင် မြို့တော်အဆင့် စားဖိုမှူးကြီးက နီရဲနေသော မျက်နှာဖြင့် ပြုံးပြုံးပြုံးပြုံး လုပ်ပြီး ထွက်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ သို့သော် သူတို့အားလုံး ထူးဆန်းသည်ဟု ထင်သည့် မိန်းမစိုးအိုကြီးနှင့် ထိုလူအား တွဲလျှောက်ပေးခဲ့သည့် မိန်းမစိုးငယ်တို့တော့ ပြန်မထွက် လာခဲ့ကြပေ။

သူတို့နှစ်ယောက်က ဝမ်ရှန်းအိမ် အတွင်း၌ နေနေခြင်း ဖြစ်ကြောင်း သိသာပေသည်။ သို့သော် ဝမ်ရှန်းသည် ဘာ့အတွက်ကြောင့် ထိုဧည့်သည် နှစ်ယောက်ကို သူ့အိမ်၌ နေစေသနည်း…

အားလုံး ပို၍ အံ့သြသွားရသည်မှာ ဝမ်ရှန်းအိမ်မှ ထွက်လာခဲ့သည့် စားဖိုမှူးသည် မြို့အရှင် စံအိမ်သို့ တည့်တည့်မတ်မတ် သွားခဲ့ခြင်းဖြစ်၏။ ထိုနေရာ၌ နောက်တစ်ကြိမ် အရေးကြီး ဆွေးနွေးမှု လုပ်ဆောင်မည် ဖြစ်ကြောင်း မြင်နိုင်ပေသည်။ သိပ်မကြာခင်မှာပင် မြို့အရှင်စံအိမ်မှ အိမ်တော်ထိန်းနှင့် ချင်းဝေတို့ ဝမ်ရှန်းအိမ်သို့ အပြေးအလွှား ရောက်လာကာ ထို့နောက် အလျင်အမြန် ပြန်လည် ထွက်ခွာ သွားခဲ့ကြသည်။

အားလုံးသည် ထိုအကြောင်းအရာကို စုံစမ်းရန် ကြိုးစားနေကြသည့် အချိန်မှာပင် ဝမ်ရှန်းမှ ချင်းဝေအား စကားတစ်ခု ဖြန့်ခိုင်းလိုက်သည်။ လေလံပွဲပြီးနောက် တော်ဝင်မိသားစုမှ လူများကို သူနှင့်အတူ ဂျင်ဒီနယ်မြေ အတွင်းသို့ ခေါ်သွား ပေးမည် ဖြစ်ကြောင်း၊ ထို့ပြင် သူတို့သည် တော်ဝင်မိသားစုမှ သတ်မှတ်ထားသည့် နယ်မြေဧရိယာ အတွင်း ဝင်ရောက် ရမည် ဖြစ်ကြောင်းတို့ကို သတင်း ဖြန့်ခိုင်းလိုက်၏။

ဝေါ … ….

ဗုံးတစ်လုံး ပေါက်ကွဲ သွားသကဲ့သို့ ဝူရုံမြို့တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ဒီလို လှည့်ကွက်မျိုးလည်း လုပ်လို့ ရသေးသည်လား…

ထိုသတင်းကြောင့် ဂျင်ဒီနယ်မြေ အတွင်းသို့ လူတစ်ယောက်စီ စေလွှတ်ခဲ့သည့် အင်အားစုများလည်း ရင်ထုမနာ ဖြစ်သွားခဲ့ကြသည်။ ဝမ်ရှန်းကို ဤကဲ့သို့ ဆွဲဆောင်၍ ရမည်မှန်းသိလျှင် ဘာလို့ သူတို့ဂိုဏ်းသား အချင်းချင်း ချနေဦးမည်နည်း…

အားလုံးက နေရာ တစ်နေရာစာအတွက် တိုက်ခိုက် နေကြစဉ်တွင် တော်ဝင်မိသားစုက အုပ်စုလိုက် ဤနေရာသို့ ရောက်နေကြပြီဖြစ်၏။ ပြီးလျှင် ကြီးမားသည့် သဘောတူညီမှုပင် လုပ်ခဲ့ကြသေးသည်။

ယခုအချိန်တွင် ချင်းဝေသည်လည်း အလွန်ကို ပျော်ရွှင်နေသည်။ သူမသည် ဝမ်ရှန်း၏ တောင်းဆိုချက်ကို သူမဂိုဏ်းသို့ သတင်း ပြန်သွားပို့သည့် အချိန်တွင် မောက်မာသည့် ဂိုဏ်းအကြီးအကဲက သူမအား ဝမ်ရှန်းကို ဘယ်လို ဆွဲဆောင် ဖြားယောင်းရမလဲ မသိဘူးလားဆိုပြီး သူမကို ဆူငေါက်ခဲ့သည်။ ယခုကျတော့ရော…

အစပိုင်းတွင် ကိုင်ရွှယ်စံအိမ်သည် အခြား တောင်းဆိုချက်များ ရှိခဲ့၏။ သူတို့သည် ဝမ်ရှန်း၏ မာန်စွယ်ကို ချိုးချင်နေကြခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် တော်ဝင်မိသားစုမှ လူများ ရောက်လာသည့် အချိန်တွင် သူတို့မိသားစု ဘေးရောက် သွားတော့သည်။ ဝမ်ရှန်း၏ တောင်းဆိုချက်ကို ယခုအချိန် သဘောတူလိုက်မည် ဆိုလျှင်တောင် သူတို့သည် ဒုတိယနေရာ ဖြစ်သွားပြီဖြစ်၏။ ယခုအချိန်မှာမှ သဘောမတူသေးဘူး ဆိုလျှင်တော့ နေရာပင် ရတော့မည် မဟုတ်ပေ။

ဟုတ်ပါသည်၊ လျင်လျင်မြန်မြန် လှုပ်ဆောင်တတ်ရန် လို၏။ လူတော်တော် များများသည်လည်း စုံစမ်း မေးမြန်းရန်အတွက် မြို့အရှင်စံအိမ်သို့ အပြေးအလွှား သွားနေကြပြီ ဖြစ်သည်။

အားလုံးသည် ဝမ်ရှန်းနှင့် တိုက်ရိုက် ဆွေးနွေးမည့်အစား ဘာလို့ မြို့အရှင် စံအိမ်ထံသို့သာ အသည်းအသန် သွားနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန်း၏ အိမ်ထဲတွင် ထိုမိန်းမစိုးအိုကြီး ရှိနေသည် မဟုတ်ပါလော။ ထိုလူ ရှိနေလျှင် သာမန်လူများ မဆိုထားနှင့် ဂိုဏ်းခေါင်းဆောင်များသည်ပင် ကိုယ့်ဒုက္ခကို ကိုယ်ရှာကာ ဝမ်ရှန်းအိမ် အတွင်းသို့ ဝင်ရဲကြမည် မဟုတ်ပေ။

အားလုံးသည် တော်ဝင် မိသားစုက ဝမ်ရှန်းအား သွားခိုင်းမည့် နေရာကို စိတ်ဝင်စားကာ မြို့အရှင် စံအိမ်သို့ လာခဲ့ကြခြင်း မဟုတ်။ ထိုကဲ့သို့ ၁၀ ယောက်လုံး တစ်ဖွဲ့သားချင်း သွားနိုင်ရန် တန်ကြေးက ဘယ်လောက်လဲ ဆိုတာကို မြို့အရှင်စံအိမ်၌ လာရောက် စုံစမ်းနေကြခြင်း ဖြစ်၏။

မြို့အရှင်သည် လိမ္မာပါးနပ်သည့် လူတစ်ယောက် ဖြစ်၏။ အခြားလူများက သူ့အား စောင့်နေသော်လည်း သူ မထွက်ခဲ့ပေ။ အိမ်တော်ထိန်းကိုသာ ဂျင်ဒီနယ်မြေ ပုံကြမ်းနှင့် ထွက်သွား ခိုင်းလိုက်သည်။

ဝမ်ရှန်းကဲ့သို့ပင် အိမ်တော်ထိန်းသည်လည်း ပုံကြမ်းအလယ်၌ စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။

“ဒီစက်ဝိုင်း အတွင်း သွားလို့မရဘူး။ အဲ့ဘေး ပတ်ပတ်လည် မိုင်လေးရာ ကတော့ ဘယ်နေရာမဆို သွားလို့ရတယ်”’

“ဘာလို့လဲ”

တစ်ယောက်မှ စိတ်မရှည်စွာ မေးလိုက်၏။

ပြောရမည်ဆိုလျှင် ဤမေးခွန်းသည် အားလုံး သိချင်နေကြသည့် မေးခွန်းပင်ဖြစ်၏။

အိမ်တော်ထိန်းသည် မေးခွန်း မေးလိုက်သည့် လူအား “မင်းက အရူးလား” ဟူသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် အချိန်အတော်ကြာ တိတ်ဆိတ် သွားပြီးမှ အိမ်တော်ထိန်းမှ ခေါင်းခါယမ်းကာ ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ အဲ့ထဲသွားရင် သူ သေမှာမို့လို့ပဲ”

အကြောင်းပြချက်က အလွန် ခိုင်လုံလှသောကြောင့် မည်သူကမှ ဤတောင်းဆိုချက်ကို ချိုးဖျက်ရန် မစဉ်းစားကြတော့ပေ။

“ဒါပေမယ့် အထီးကျန် ဝံပုလွေပြောတာ မင်းတို့ အဲ့ထဲ ဝင်ချင်တယ်ဆိုရင် ၁၀ ယောက်လုံးက သူ့အိမ်ရောက်နေတဲ့ အဘိုးအိုလိုပဲ ဆိုရင်တော့ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိချင် ရှိမှာပေါ့တဲ့”

အိမ်တော်ထိန်းသည် လူများကို မျှော်လင့်ချက် အမှားပေးမိမည်ကို မစိုးရိမ်ပေ။ ဝမ်ရှန်းထံမှ ကြားခဲ့ရသည့် စကားကိုသာ ပွင့်ပွင့်လင်းလင်း ပြန်ပြောပြလိုက်၏။

“ဒါပေမယ့် အထီးကျန် ဝံပုလွေကတော့ မင်းတို့နဲ့ လိုက်မှာ မဟုတ်ဘူး”

ဝမ်ရှန်းအိမ်၌ ရောက်နေသည့် အဘိုးကြီးလို အဆင့်မျိုးတဲ့လား…

မိန်းမစိုးအိုကြီးက မည်သူမည်ဝါ ဖြစ်ကြောင်း မသိသည့် လူများကတော့ ထိုအရာက ဘာမှမဟုတ်ဟု တွေးကြပေလိမ့်မည်။ သို့သော် သူက မည်သူဖြစ်ကြောင်း သိသည့် လူများကတော့ ချက်ချင်းပင် စိတ်ထဲ၌ ကျိန်ဆဲ လိုက်ကြသည်။ ဤစကားသည် ပေါ်တင် ငြင်းလိုက်ခြင်းပင် ဖြစ်၏။ ထိုအဘိုးအို၏ အဆင့်မျိုးက အဖွဲ့လိုသည့် အနေအထား မဟုတ်ပါချေ။

“ပြီးတော့ ကြုံတုန်း အားလုံးကို အကြံတစ်ခု ပေးလိုက်မယ်။ အခုရက်ပိုင်း အထီးကျန် ဝံပုလွေအိမ်နား သိပ်မသွားကြနဲ့။ ပြီးတော့ သူ့ဆီ ရောက်နေတာက ဘယ်သူလဲဆိုပြီး စုံစမ်းမနေကြနဲ့”

အိမ်တော်ထိန်းမှ သတိပေး လိုက်သည်။

“အထီးကျန် ဝံပုလွေပဲ ဆိုရင်တော့ ကိစ္စမရှိဘူး။ ဒါပေမယ့် သူ့အိမ်မှာ ဧည့်သည်နှစ်ယောက် ရောက်နေတယ်မလား… အဘိုးကြီးက လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်တာမျိုးတွေ မကြိုက်ဘူး။ အဲ့ဒါကြောင့် သူတို့ကို ဒီတိုင်းပဲ လွှတ်ပေးထားလိုက်”
***

Comment

Leave a Reply

Options

not work with dark mode
Reset