Switch Mode

Chapter – 270

သီးသန့်လမ်းကြောင်း (၁)

အပိုင်း ၂၇၀
သီးသန့်လမ်းကြောင်း (၁)

နားမလည်သည့် လူများသည် ဝမ်ရှန်း ဘာလို့ ဒီလိုမျိုး ဂျင်ဒီနယ်မြေ အကြောင်း လျှို့ဝှက်ချက်တွေ ပြောပြနေရတာလဲ ဆိုတာကို ဘယ်တော့မှ နားလည်နိုင်ကြမည် မဟုတ်ပေ။

သို့သော် ဝမ်ရှန်း ဂရုမစိုက်။ သူ လိုချင်သည့် အရာသည် လျှို့ဝှက်ချက်များမဟုတ်၊ သူ့အိပ်မက်ထဲမှ ကောင်မလေးကို ရှာဖွေရန်နှင့်၊ သူမက ဘာလို့ သူမကို သတ်ပေး စေချင်နေတာလဲ ဆိုသည်အား မေးရန်ဖြစ်သည်။

ထိုပန်းတိုင်နှင့် ယှဉ်လျှင် အခြားအရာများသည် အရေးမပါချေ။ ထိုပန်းတိုင် အောင်မြင်ရန် အတွက်ဆိုလျှင် အချိန်မရွေး၊ နေရာမရွေး မည်သည့် အရာကိုမဆို မျှဝေ ပေးနိုင်ပေသည်။ ဟုတ်ပါသည်၊ ထိုအရာသည် သူ၏လုံခြုံရေးကို မထိခိုက် သေးသောကြောင့်လည်းဖြစ်၏။

ပြောရမည်ဆိုလျှင် ဤအင်အားစုများနှင့် အကန့်အသတ်ထား ပူးပေါင်းခြင်းသည် ဝမ်ရှန်း၏ လုံခြုံရေးအတွက် အဓိက လိုအပ်သည့် အရာလည်း ဖြစ်သည်။ သို့မဟုတ်ပါက ဝမ်ရှန်းသည် အင်အားစု တစ်ခုတည်းနှင့်သာ အပြည့်အဝ ပူးပေါင်း လိုက်မည်ဆိုလျှင် အခြား အင်အားစုများသည် မအိပ်နိုင်မစားနိုင် ဖြစ်သွားကြလိမ့်မည်။ ထိုအချိန်မျိုးတွင် ဝမ်ရှန်းသည် အန္တရာယ် အများဆုံး ဖြစ်သွားပြီဖြစ်၏။

ထို့ကြောင့်သာ ဝမ်ရှန်းသည် သူက စုန့်မိသားစု၏ သားမက်ဖြစ်ကြောင်း မထုတ်ဖော်ရသည့် အကြောင်းပြချက်များထဲမှ တစ်ခုဖြစ်သည်။ နောက်တစ်ချက်မှာ ဝမ်ရှန်းသည် စုန့်ရန်ကို အပြည့်အဝ လက်မခံသေးသောကြောင့် ဖြစ်၏။ သူတို့နှစ်ယောက် ကြားတွင် သူငယ်ချင်း ဆက်ဆံရေးသာ ရှိကာ လက်ထပ် ထိမ်းမြား ရလောက်အထိ တိုးတက်သည့် ဆက်ဆံရေး မရှိပေ။

အင်အားစုများ အားလုံး၏ မေးခွန်းများကို ဖြေကြားပြီးနောက် ဝမ်ရှန်း “阵 (ကျန့်)” ဟူသည့် စာလုံးကို စတင် လေ့ကျင့်လိုက်သည်။ ဝမ်ရှန်း ထင်ထားသည့် အတိုင်းပင် ထိုစာလုံးသည် လူဝံပေါက်စလေးအား နွေးထွေး လုံခြုံသည့် ခံစားချက် ပေးစွမ်းနိုင်ကာ ရန်လိုစိတ် လျှော့ကျ စေခဲ့သည်။ ယခုရက်တွင်းတွင် လူဝံပေါက်လေးသည် ဝမ်ရှန်းဘေး၌သာ ကပ်နေကာ ဝမ်ရှန်းကို သူ့အမေဟု ထင်မှတ်နေ၏။

“阵 (ကျန့်)” ဟူသည့် စာလုံးကို တစ်ကြိမ် ရေရွတ်တိုင်း ကျောက်တိုင်ပေါ်မှ ထိုစာလုံးလည်း တစ်ကြိမ် လင်းလက် လာခဲ့သည်။ ထိုအချိန်တွင်းတွင် ဝမ်ရှန်းသည် ထိုစာလုံး အပါအဝင် အစားအသောက်များ စားသောက်ကာ “兵 (ပင်း)” နှင့် “者 (ကျယ်)” ဟူသည့် စာလုံးများကိုလည်း လေ့ကျင့်နေခဲ့သည်။

ဤကျင့်စဉ်သည် လေ့ကျင့်ရေး ကျင့်စဉ်အသစ် ဖြစ်သည်။ တာအိုဘုန်းတော်ကြီး လင်ရှူးသည်ပင် ဤအကြောင်း တစ်ခေါက်မှ ကြားဖူး၊ တွေးဖူးလောက်မည် မဟုတ်ပေ။ အချို့လူများသည် စာလုံး အချို့ကို ရေရွတ်ရုံဖြင့် ကျင့်စဉ် ကျင့်ကြံနိုင်ပေသည်။

“兵 (ပင်း)” “者 (ကျယ်)” “阵 (ကျန့်)” စာလုံး သုံးလုံးနှင့် ယှဉ်လျှင် ဝမ်ရှန်းသည် “临 (လင်)” နှင့် “前 (ချန်)” ဟူသည့် စာလုံး နှစ်လုံးကိုလည်း တစ်ကြိမ် အောင်အောင်မြင်မြင် အသုံးပြုခဲ့ဖူး၏။ သို့သော် နောက်ပိုင်းတွင် သူ မည်မျှပင် ထပ်ကာ ထပ်ကာ လေ့ကျင့်သော်လည်း ထိုစာလုံးများမှာ အရောင်တောက် မလာခဲ့ပေ။ သို့သော် အဆိပ်နှင့် လူဝံပေါက်စလေးတို့ကြောင့် အထက်ပါ စာလုံး သုံးလုံးကတော့ တစ်ဟုန်ထိုး တိုးတက် လာခဲ့၏။

အစေခံ နှစ်ယောက်နှင့် စားဖိုမှူးများသည် မည်သို့ဖြစ်ပျက်နေသည်ကို မသိကြပေ။ သို့သော် သူတို့ဆရာမှာ တဖြည်းဖြည်းချင်း ပိုပို၍ နူးညံ့ကြင်နာ လာသည်ကိုတော့ သူတို့ မသိမသာ ခံစား၍ ရနေ၏။ သူတို့ဆရာ၏ စကားများသည် နွေဦးလေပြေ လေညင်းကဲ့သို့ အလွန်ပျော့ပျောင်း နူးညံ့နေသည်။

သို့သော်လည်း ချင်းဝေ ရောက်လာသည့် အချိန်တွင် သာယာအေးချမ်းသည့် နေ့များ အဆုံးသတ် သွားခဲ့သည်။ ချင်းဝေသည် ဝူရုံမြို့ ကြေးစားခန်းမရှိ အတွေ့အကြုံရှိ စာရေး ဟူသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန် လှပေသည်။ ရက်အနည်းငယ် အတွင်းမှာပင် လေလံတင်ရန် လေလံအိမ် အပါအဝင် အားလုံးကို ပြင်ဆင်ပြီးဖြစ်ကာ လေလံတင်ရန်သာ စောင့်ရတော့မည်ဖြစ်၏။

ဝမ်ရှန်းနှင့်အတူ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်သွားသည့် ဒုတိယမြောက် အုပ်စုသည် ဤအကြောင်းကို အရင်ကတည်းက ကြိုသိထားပြီး ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်စားသည့် လူများသည် ထိုအချိန် ကတည်းက ကြိုတင်ပြင်ဆင် ထားကြ၏။ သို့သော် ထိုအရာကလည်း သိပ်ပြီး အကျိုးမရှိလှပေ။ ဝူရုံမြို့၌ လေလံပွဲ ကျင်းပတော့မည် ဖြစ်လေရာ အခြား အင်အားစု များသည်လည်း ဘယ်လိုလုပ် ကြိုတင် မပြင်ဆင်ထားဘဲ နေမည်နည်း…

လူဝံပေါက်စလေးအား လေလံတင်မည့်ပွဲကို နောက်တစ်လ အကြာ၌ ကျင်းပမည် ဖြစ်သည်။ ကြမ်းခင်းဈေးသည် အနည်းဆုံး ပဥ္စမအဆင့် ကျင့်စဉ်နှင့် ညီမျှသည့် ရွှေဒင်္ဂါးပမာဏ ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်းချင်း ရွှေဒင်္ဂါးများကို တိုးကာ ဈေးတင်သွားမည် ဖြစ်၏။

ထိုသတင်းအပြင် ချင်းဝေသည် ဝမ်ရှန်းအား ကိုင်ရွှယ်စံအိမ်၏ ရည်ရွယ်ချက်ကိုပါ ထည့်သွင်း ပြောဆိုခဲ့သည်။ သူတို့သည် ဝမ်ရှန်းကို သတ္တမအဆင့်ရှိ အနည်းဆုံး အပ်စိုက်မှတ် အခု ၆၀ အတွက် လေ့ကျင့်ရေး နည်းလမ်းပေးရန် သဘောတူ၏။

ဒါ့ပြင် ဝိညာဉ်စွမ်းအား ပိုမိုများပြားစွာ စုပ်ယူနိုင်ရန်အတွက် အပ်စိုက်မှတ်ကို ပိုမိုကြီးမားအောင် လုပ်နိုင်သည့် နည်းကိုပါ ပေးမည်ဖြစ်သည်။ ထပ်မံ၍ ဝိညာဉ်စွမ်းအား သိပ်သည်းရာ၌ ကူညီပေးနိုင်သည့် ဝိညာဉ်သိပ်သည်း ဆေးပြားကိုလည်း ပေးဦးမည်ဖြစ်၏။ တောင်းဆိုချက်ကတော့ ယခင်ကအတိုင်း ကိုင်ရွှယ်စံအိမ်မှလူ ၁၀ ယောက်ကို ဂျင်ဒီနယ်မြေ အတွင်းသို့ ခေါ်သွားပေးရန် ဖြစ်သည်။

သို့သော် ထိုတောင်းဆိုချက်အပြင် သူတို့ထံတွင် နောက်ထပ် အဆိုပြုချက် တစ်ခု ပါရှိနေသည်။ သွားရမည့် နေရာကို ကိုင်ရွှယ်စံအိမ်မှ သတ်မှတ်ပေးမည် ဖြစ်သည်။ ထိုနေရာအထိ သူတို့လူများကို ဘေးကင်းကင်း ခေါ်သွားပေးကာ ဘေးကင်းကင်း ပြန်ခေါ်ထုတ် ပေးလာရန် ဖြစ်သည်။

သူတို့ပေးသည့် တန်ကြေးသည် လုံးဝကို အဆင်ပြေပေသည်။ သို့သော် ဤထပ်ဆောင်း တောင်းဆိုချက်က ဝမ်ရှန်းအား မျက်မှောင်ကြုတ် သွားစေခဲ့သည်။

အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဝမ်ရှန်းသည် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ထွက် သွားလာနိုင်သည် ဆိုသော်လည်း အကန့်အသတ် ရှိပေသည်။ အထူးသဖြင့် ဂျင်ဒီနယ်မြေ၏ အလယ်မှ မိုင်တစ်ရာ ပတ်ပတ်လည်ကို ထိ၍ မရကြောင်း သူ သိပေသည်။ ထိုအကွာအဝေး အတွင်း၌ ရှိနေသည့် မည်သည့် သားရဲမဆို ဝမ်ရှန်းအား အလွယ်တကူ သတ်ပစ်နိုင်၏။ ဝမ်ရှန်းထံ၌ တိုက်ပွဲဝိညာဉ် ရှိနေသည့်တိုင် ထိုအချိန်မျိုးတွင် သူ၏သတိပေးချက်က အသုံးမဝင်တော့ချေ။

သူနှင့် ထိုသားရဲများကြားမှ ခွန်အား ကွာဟမှုသည် အဆင့်တစ်ခုအထိ ရောက်နေပြီ ဖြစ်၏။ ဝမ်ရှန်းက သားရဲ၏ တည်ရှိမှုကို အာရုံခံမိသည့် အချိန်တွင် သားရဲသည် သူ၏တည်ရှိမှုကို သူ့ထက်အရင် အာရုံခံမိနေပြီး ဖြစ်သည်။ သားရဲက သူ့အား ကြိုသိနေခြင်းက ဟာသ မဟုတ်ပါ၊ သူ၏ အဆုံးသတ်သည် သေခြင်းတရားသာ ဖြစ်သည်။

ကိုင်ရွှယ်စံအိမ်သည် ဤကဲ့သို့ တန်ကြေးကြီးကြီး ပေးခဲ့ခြင်းက ထိုနေရာအတွင်း၌ ဒီတိုင်းသာ လှည့်ပတ် သွားလာကြည့်ရန် အတွက်လား… ဝမ်ရှန်းသည် ထိုစကားကို ယုံမည်ဆိုလျှင် နုံအနေ၍သာ ဖြစ်ပေလိမ့်မည်။

သူမတို့ဘက်မှ တောင်းဆိုချက်ကို ပြောပြီးနောက် ချင်းဝေ ဝမ်ရှန်းအား စိုးရိမ်တကြီး ကြည့်နေလိုက်သည်။ ဂိုဏ်းမှ တာဝန်အား သိလိုက်ရသည့် အချိန်တွင် ထိုအရာက နည်းနည်း စွန့်စားရာ ရောက်သည်ဟု သူမလည်း ခံစားမိပေသည်။ သို့သော် ဝမ်ရှန်းသာ ငြင်းလိုက်မည် ဆိုလျှင် ဂိုဏ်းအတွင်းတွင် သူမ၏ရှေ့လျှောက် နေ့ရက်များက မလွယ်ကူတော့မည်ကို သူမ စိုးရိမ်မိပေသည်။

ဝမ်ရှန်း ထိုကိစ္စကို ခဏစဉ်းစားကာ အစေခံအား စာရွက်တစ်ရွက်နှင့် စုတ်တံ တစ်ချောင်း ယူလာခိုင်း လိုက်သည်။ ချင်းဝေမှ နားမလည် ဖြစ်နေစဉ်မှာပင် ဝမ်ရှန်းသည် စာရွက်ပေါ်၌ ဂျင်ဒီနယ်မြေ ပုံကြမ်း ရေးဆွဲလိုက်သည်။ ထို့နောက် အလယ်တွင် စက်ဝိုင်းတစ်ခု ဆွဲလိုက်၏။

“ဘယ်နေရာကပဲဝင်ဝင် မိုင်ပေါင်းလေးရာထက် မကျော်ရဘူး။ ဒီစက်ဝိုင်းအပြင် ဆိုရင်တော့ ကြိုက်တဲ့နေရာ သွားလို့ရတယ်…”

ဝမ်ရှန်းမှ ချင်းဝေအား မော့ကြည့်ကာ ဆက်ပြောလိုက်သည်။

“ကျွန်တော် မသေချင်သေးဘူးဗျ။ ကျွန်တော် ပြောတာတွေကို အစ်မတို့ ခေါင်းဆောင်ကို ပြန်သွား ပြောပြလိုက်ပါ။ သူ သဘောတူတယ်ဆိုရင် ရတယ်။ မတူဘူးဆိုရင်တော့ ဒီအကြောင်း ထပ်မပြောကြရုံပဲပေါ့”

ချင်းဝေ အလွန် ပျော်ရွှင် သွားခဲ့သည်။ ထို့နောက် ဝမ်ရှန်း အကြမ်း ရေးဆွဲထားသည့် ဂျင်ဒီနယ်မြေ မြေပုံကြမ်းကို ကောက်ယူကာ မှင်ခြောက်အောင် သေချာဂရုတစိုက် မှုတ်လိုက်၏။ ချင်းဝေသည် သူမ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်နေခြင်း ဖြစ်၏၊ သူမဂိုဏ်းက မကျေနပ်ဘူးဆိုလျှင် သူမနေရာကို အစားထိုး ပစ်လိုက်၍ ရပေသည်။

မသိလျှင် ကြိုတင်ချိန်းဆို ထားသကဲ့ပင်… ချင်းဝေ ထွက်သွားသည်နှင့် အရိပ်မိန်းမစိုး ရောက်လာခဲ့သည်။ တော်ဝင် မိသားစုသည် အစွမ်းထက်သည့် လေ့ကျင့်ရေး ကျင့်စဉ်နှင့် ဝူရုံမြို့ အတွင်း၌ ဝမ်ရှန်း တစ်ယောက်တည်းကိုသာ ညွှန်ကြား လေ့ကျင့်ပေးမည့် မကောင်းဆိုးဝါးအိုကြီး တစ်ယောက် စေလွှတ်ရန် ဆန္ဒရှိ၏။ ထို့အတွက် အလဲအလှယ်သည် ချင်းဝေတို့ ဂိုဏ်းနှင့် အတူတူပင်ဖြစ်၏။

ဟုတ်ပါသည်၊ သူတို့၏ ထပ်ဆောင်း တောင်းဆိုချက်သည်လည်း ချင်းဝေတို့နှင့် အလားတူပင် ဖြစ်၏။ တော်ဝင်မိသားစုမှ သတ်မှတ်ထားသည့် အကွာအဝေးအတွင်း သွားစေချင်ခြင်း ဖြစ်သည်။

ဝမ်ရှန်းသည် အခြားတစ်ယောက်ကို ကျော်ပြီး အခွင့်အရေး ပေးခြင်းမျိုး မရှိပေ။ အတူတူပင် မိန်းမစိုးကိုလည်း ပုံကြမ်းဆွဲပြကာ သူ သွားနိုင်သည့် အကွာအဝေးနှင့် စက်ဝိုင်း အတွင်းသို့ ဝင်ရောက်၍ မရကြောင်း၊ ထိုထဲဝင်လျှင် သေရမည်ဖြစ်ကြောင်း ရှင်းပြလိုက်သည်။

အတည်ပြုချက် တောင်းရန် ပြန်သွားရသည့် ချင်းဝေနှင့် မတူဘဲ မိန်းမစိုးသည် ချင်းဝေထက် ပိုပြီး လုပ်ပိုင်ခွင့်အာဏာ ရှိပေသည်။ ဝမ်ရှန်းဆွဲသည့် ပုံကြမ်းအား မြင်ပြီးနောက်၊ ဝမ်ရှန်း၏ အကြောင်းပြချက်ကို နားထောင်ပြီး နောက်တွင် ဘာမှမပြောဘဲ သဘောတူကြောင်း ခေါင်းသာ ညိတ်လိုက်သည်။

ဤနေရာတွင် မိန်းမစိုးသည် အလွန် ကောင်းပေသည်၊ သူ ပေးရမည့် အရာများကို ကြိုပေးခဲ့၏။ ကျင့်စဉ်နှင့် မကောင်းဆိုးဝါးအိုတို့သည် လမ်း၌ ရောက်နေပြီ ဖြစ်သည်။ လေလံပွဲကျင်းပမည့် အချိန်ကို ထည့်တွက် လိုက်မည်ဆိုလျှင် ဝမ်ရှန်းသည် လေလံပွဲမပြီးခင် ထိုလူ၏ သင်ကြား ပြသမှုကို လေ့လာ မှတ်သားကာ အဆင့်တက် နိုင်ပေသည်။

မိန်းမစိုးပျော်နေကာ ဝမ်ရှန်းသည် မိန်းမစိုးထက်ပင် ပိုပျော်နေ၏။ ထိုလူများက ဘယ်ချိန် ရောက်လာမလဲနှင့် ဘယ်ချိန်စသင်ပေးမှာလဲ ဆိုတာကို မေးကြည့်လိုက်ပြီး မကြာခင်မှာပင် အရိပ်မိန်းမစိုးလည်း ပြန်သွားလိုက်၏။
***

Comment

Leave a Reply

Options

not work with dark mode
Reset