အပိုင်း(၂၆၉)
အလှည့်ကျမေးမြန်းခြင်း (၂)
လူဝံပေါက်စလေးအား လေးလံတင်ခြင်းပင်ဖြစ်စေ ဖန်းမိသားစုမှ လက်ဆောင်များ ရခြင်းဖြစ်စေ ထိုကိစ္စများ အားလုံးသည် ဝမ်ရှန်းအတွက်မူ အသေးအဖွဲမျှသာ ဖြစ်၏။ သူသည် ထိုကိစ္စများကို သိပ်ပြီး အာရုံမစိုက်ပေ။ လူဝံပေါက်စလေး လေလံတင်ရန် အတွက် ချေးငွေမှ တာဝန်ယူမည်ဖြစ်၏။
ဖန်းမိသားစုမှ ရရှိခဲ့သည့် ရွှေဒင်္ဂများနှင့် ဆေးပြားများသည်လည်း ကိုင်တွယ် ရပေမည်။ အနည်းငယ် ပြဿနာ ရှိနေသည်မှာ အဆင့်မြင့် ဝတ်စုံဖြစ်သည်။ ဝမ်ရှန်းသည် ထိုဝတ်စုံကို သေချာပေါက် ချက်ချင်း ဝတ်ဆင် အသုံးပြု၍ရမည် မဟုတ်ချေ။
ထိုဝတ်စုံပေါ်၌ ဖန်းမိသားစု အစီအရင်ဖြင့် ပြုလုပ်ထားကြောင်း၊ မပြုလုပ်ထားကြောင်း မည်သူ သိမည်နည်း။ ဝမ်ရှန်းသည် ဖန်းမိသားစုကို အလွယ်တကူ ယုံကြည်မည်မဟုတ်။ ထို့ကြောင့် သူသည် မြို့တော်သို့ သွားရန် အခွင့်အလမ်းရှာကာ လင်းလုံစံအိမ်မှ ဆရာများနှင့် စကားစမြည်ပြောကာ လူပုဂ္ဂိုလ်ဦးစွာ စစ်ဆေးခိုင်းမည် ဖြစ်သည်။
ယခုအချိန်တွင် ဝမ်ရှန်းသည် စာလုံးကိုးလုံး မန္တန်၏ တတိယမြောက် စာလုံးပေါ်သာ စိတ်ရောက် နေသည်။ လူဝံပေါက်လေးအား သူဝင်ဖမ်းသည့် အချိန်တွင် သူ၏ဝိညာဉ်နယ်မြေ ကျောက်တိုင် အတွင်းရှိ “ကျန့်” ဟူသည့် စာလုံးက အနည်းငယ် တောက်ပသွားသည်ကို သူသတိထားမိခဲ့သည်။ ထိုစာလုံးသည် “ပင်း” နှင့် “ကျယ်” စာလုံးများလောက် မတောက်ပသော်လည်း အနည်းငယ်တော့ တောက်ပ သွားခဲ့ပေသည်။
ထို့အပြင် “လင်” နှင့် “ချန်” စာလုံးများကလည်း “ကျန့်” စာလုံးလောက် မတောက်ပ သေးသော်လည်း မှိန်ဖျော့ဖျော့လေး တောက်သွားသည်ကို ပထမဦးဆုံး သတိထားမိ လိုက်သည်။
အိမ်ပြန် ရောက်ပြီး ထမင်းစားသည့် အချိန်တွင် ဝမ်ရှန်းသည် ရင်းနှီးသည့် အဆိပ်အရသာကို ရလိုက်သည်။ အမှောင်အတွင်း၌ ဖုံးကွယ်နေသည့် ထိုသူသည် လက်မလျော့သေး။ အဆိပ်အစွမ်း ပြလာမည်ကို စောင့်နေဆဲဖြစ်၏။
သို့သော် အဆင်ပြေပါသည်၊ ဝမ်ရှန်းသည်လည်း “ပင်း” နှင့် “ကျယ်” စာလုံးများအား လေ့ကျင့်၍ မရတော့မည်ကို စိုးရိမ်နေခြင်း ဖြစ်၏။ ထို့ကြောင့် ဤအခြေအနေသည် ရေအသင့် ကြာအသင့် အခြေအနေ မဟုတ်လော……
ယခုတစ်ခေါက် ဂျင်ဒီနယ်မြေ အတွင်းသို့ မသွားခင်တွင် အဘိုးအို တစ်ယောက်က မေးခွန်း ၁၀ ခုအတွက် နှလုံးသန့်စင် ဆေးပြားတစ်ပြားနှင့် လဲလှယ်မည်ဟု ပြောခဲ့သည်ကို ဝမ်ရှန်း မမေ့သေးပေ။ ထို့ကြောင့် “လဲ့” နှင့် “ကျယ်” စာလုံးတို့က အဆိပ်ကို အမြစ်ပြတ် မဖယ်ရှား ပေးနိုင်သော်လည်း နှလုံးသန့်စင် ဆေးပြားကတော့ သေချာပေါက် ဖယ်ရှား ပေးနိုင်ပေလိမ့်မည်။
အဆိပ်နောက်ကွယ်မှ လူသည် ဤအကြောင်းအရာကို သိမသိ ဝမ်ရှန်း မသိပါ။ မေးခွန်း မေးချင်သည့် မည့်သည့် အင်အားစုမဆို နှလုံးသန့်စင် ဆေးပြားနှင့် အဆင့်ချင်းတူသည့် ဆေးပြားများ ယူဆောင်ကာ ရောက်လာကြမည်ဖြစ်၏။ ထို့ကြောင့် ဆေးပြားများ ရရှိမည်ဆိုလျှင် ဤအဆိပ်က အလုပ်ဖြစ်တော့မည် မဟုတ်ချေ။
ဝမ်ရှန်း ထိုအကြောင်း တွေးနေစဉ်မှာပင် သူ့ထံသို့ လူတချို့ ရောက်လာခဲ့သည်။ ထိုလူများသည် နံပါတ်၄ နှင့် သူ၏အကြီးအကဲ နှစ်ယောက်ဖြစ်၏။ သူတို့သည် ဝမ်ရှန်းအား မေးခွန်းများ မေးမြန်းရန် ရောက်လာခြင်း ဖြစ်၏။
ယခင်ကတည်းက ပြောထားပြီးသား ကိစ္စတစ်ခု ဖြစ်သည့် အတွက်ကြောင့် နှစ်ဖက်လုံး မည်သည့် ဘက်ကမှ အချိန်ဆွဲမနေ။ ဝမ်ရှန်း၏ အပြင်ခြမ်းရှိ ဧည့်ခန်း အတွင်းတွင် ထိုင်လိုက်ကြကာ အမေးအဖြေ မေးမြန်းခြင်း စတင်လိုက်၏။
မေးခွန်းကို အဖြစ်အပျက်များအား ကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် နံပါတ် ၄ မှ ကိုယ်တိုင် မေးမြန်းမည် ဖြစ်သည်။ ယမန်နေ့ သူ့အင်အားစု တည်ရှိရာ သူ့အိမ်ရာသို့ ရောက်သည်နှင့် သူသည် မေ့လျော့သွားမည် စိုးသောကြောင့် ခရီးစဉ်တစ်လျှောက် နားမလည် သိချင်ခဲ့သည့် မေးခွန်းများကို ချက်ချင်း လျင်မြန်စွာ ချရေးလိုက်သည်။ နောက်ဆုံးမေးခွန်း ရေးအပြီး ရေတွက် ကြည့်လိုက်သည့်အချိန်တွင် မေးခွန်းသည် ရာနှင့်ချီပင် ရှိနေပြီဖြစ်၏။
ထို့နောက် သူတို့မိသားစုသည် လူဒါဇင်နှင့်ချီ အသုံးပြုကာ ထိုမေးခွန်းများကို စိစစ်ခွဲခြား လိုက်သည်။ အချို့သည် မေးခွန်း၏ အဖြေများကို ခန့်မှန်းလိုက်ကြကာ အချို့သည် ထိုအချိန်၌ ဖြစ်ပျက်ခဲ့သည့် အခြေအနေ အသေးစိတ်ကို မေးမြန်းလိုက်ကြသည်။
မေးခွန်းများကို တစ်ကြိမ်ပြီးတစ်ကြိမ် ခွဲခြမ်းစိစစ်ပြီးနောက် အချိန်တို အတွင်းမှာပင် မလိုအပ်၊ အရေးမကြီးဟု ထင်ရသည့် မေးခွန်းပေါင်း တစ်ဝက်ကျော်ကို ပယ်ချ နိုင်ခဲ့သည်။ သို့သော် နောက်ဆုံး ထွက်လာသည့် မေးခွန်းကို ရေတွက ်ကြည့်လိုက်သည့် အချိန်မှာပင် မေးခွန်းသည် တစ်ရာကျော် နှစ်ရာနီးပါး ဖြစ်နေဆဲဖြစ်၏။
ကံကောင်းသည်က ယခုတစ်ခေါက်တွင် ဝမ်ရှန်းသည် မေးခွန်း အရေအတွက်ကို မကန့်သတ်ထားခြင်း ဖြစ်သည်။ သူသည် မေးခွန် ၁၀ ခုကို နှလုံးသန့်စင် ဆေးပြား တစ်ခုသာ သတ်မှတ်ထားခြင်း ဖြစ်၏။
……
မေးခွန်း – “လမ်းတစ်လျှောက်မှာ ဘာလို့ သားရဲတွေနဲ့မတွေ့ခဲ့တာလဲ”
အဖြေ – “သူတို့ကို ရှောင်ဖို့ လမ်းကြောင်း ခဏခဏ ပြောင်းနေလို့”
ဤမေးခွန်း၏ အဖြေကို အားလုံးက အကုန်သိပေသည်။ သို့သော် ဝမ်ရှန်းမှ အားလုံး၏ ခန့်မှန်းချက်ကို အတည်ပြု ပေးလိုက်သည့် အချိန်တွင် နံပါတ်လေးနှင့် အခြားသူများသည် စိတ်လှုပ်ရှား သွားကြပေသည်။
မေးခွန်း – “တောအုပ် အတွင်းမှာ ဘယ်လမ်းကို ဘယ်လို သွားရမယ် ဆိုတာကို ဘယ်လိုလုပ် သိတာလဲ”
အဖြေ – “ကြည့်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ နေကို ကြည့်လို့ရတယ်၊ ကြယ်ကို ကြည့်လို့ရတယ်၊ သစ်ရွက်တွေရဲ့ အခြေအနေတွေ ပြီးတော့ အဲ့မှာရှိတဲ့ သစ်ပင် ပန်းမာန်တွေရဲ့ အခြေအနေတွေ ကြည့်လို့ရတယ်။ ဒီနေရာမှာတော့ နှစ်ခုကို ကြည့်လို့ ရတာပေါ့။ နေကို ကြည့်လို့ရတယ် …… နေကိုကြည့်လို့မရတဲ့ အချိန်မှာ သစ်ရွက်တွေကို ကြည့်လို့ရတယ်… ဒါကလည်း မေးခွန်းပဲလား …..”
မေးခွန်း – “ပထမဆုံးမြစ်ကို စကူးတော့ ဘာလို့ ရေထဲဆင်းလို့ မရတာလဲ။ ဒါပေမဲ့ မြစ်ကို ဆန်တက် လာပြီးလို့ နာရီ အနည်းငယ်ကြာမှာ ဆင်းလို့ ရသွားတယ်။ ပြီးတော့ မြစ်ကို ဆင်းပြီးတဲ့ နောက်မှာ ဘာလို့ အင်္ကျီကို ချွတ်ပြီး စစ်ဆေးကြည့်တာလဲ”
အဖြေ – “ဘာလို့လဲ ဆိုတော့ မြစ်အစပိုင်း ရေအောက်မှာ ကြောက်စရာ ကောင်းတဲ့ ငါးတွေရှိလို့ပဲ။ အဲ့ရေစီးကြောင်း တစ်ခုပေမဲ့ မြစ်အောက်ပိုင်းမှာက အဲ့လောက် မအေးဘူး။ ဒါပေမဲ့ အပေါ်ဘက်ကို နည်းနည်းလောက် ဆန်တက် သွားလို့ရှိရင် ရေက ပိုပိုပြီးတော့ အေးလာတယ်။ အဲဒါကြောင့်မို့လို့ ငါးတွေက အောက်ပိုင်းမှာပဲ နေကြတာ များတယ်။ အင်္ကျီချွတ်ပြီးမှ စစ်ဆေးတာက မျော့တွေ တခြား သွေးစုပ်တဲ့ အကောင်တွေ ခန္ဓာကိုယ်မှာ ကပ်နေမှာ စိုးလို့။ ငါပြောတာယုံ မင်းဘယ်တော့မှ မျော့တစ်ကောင် ကပ်တာကို ခံချင်မှာ မဟုတ်ဘူး။ ကိုယ်လုံးတီး ဖြစ်တာက နည်းနည်းတော့ ရှက်စရာ ကောင်းတယ်ဆိုပေမဲ့ အသက်ရှင်နိုင်တဲ့နည်းပဲ”
မေးခွန်း – “ရေထဲမှာ မျော့တွေရှိတယ် ဆိုမှတော့ ဘာလို့ ရေထဲကို ဆင်းနေတာလဲ”
အဖြေ – “ငါတို့မှာ အကာအကွယ် ဝတ်စုံတွေ ရှိတယ်လေ။ အဲဒါကြောင့် မျော့တွေက လွယ်လွယ်နဲ့ ကပ်နိုင်မှာ မဟုတ်ဘူး။ တစ်ကောင် နှစ်ကောင်လောက် ကပ်နေမယ် ဆိုရင်တောင် ကုန်းပေါ် ရောက်လို့ရှိလျှင် ပြန်ဖယ်လိုက်လို့ ရတယ်။ အဲ့လိုမဟုတ်ပဲနဲ့ မြစ်ကြောင်း တစ်လျှောက် သွားချင်တယ်ဆိုလည်း ရောက်ပါတယ်။ ဒါပေမဲ့ အဲ့မြစ်ကြောင်း တစ်လျှောက်မှာ ပိုအန္တရာယ်များတဲ့ သားရဲတွေ ရှိနေပြီးတော့ လိုရာပန်းတိုင်ကို ရောက်မရောက်တောင် သေချာမှာ မဟုတ်ဘူး”
မေးခွန်း – “ကျုပ်တို့ကို ဘာလို့ အဲ့ပန်းပင်တွေနား မကပ်ခိုင်းခဲ့တာလဲ။ အဲ့ပန်းပင်တွေပေါ်မှာ အဆိပ်ရှိတဲ့ အင်းဆက်တွေ ရှိနေလို့လား”
အဖြေ – “အဲ့ပန်းရဲ့ဝတ်မှုံကိုက အဆိပ်ပြင်း နေတာပဲ။ ပြီးတော့ သူက လူတွေကို စိတ်ချောက်ချားအောင်လည်း လုပ်နိုင်သလို အကြောသေအောင်လည်း လုပ်နိုင်တယ်။ လူတစ်ယောက်က အဲ့ပန်းရဲ့ ဘေးပတ်ပတ်လည် ၃ ပေသို့ ရောက်သွားမယ်ဆိုလျှင် သေမှာပဲ။ သူ့ကို ကယ်လို့ရမှာတောင် မဟုတ်ဘူး”
“ဘာလို့……”
……
မေးခွန်း – “ဒီတစ်ခေါက် တောထဲ ဝင်ရတာရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ပြန်မလာခင်တုန်းက တစ်ခုခု ရှာနေချင် ခဲ့လို့လား၊ ပြန်မလာခင်တုန်းက တစ်ခုခု ရှာနေခဲ့ချင်သေးလား…”
အဖြေ – “အစတုန်းက တောတွင်း မိုင်ပေါင်း ၄၀၀ လောက်အထိ သွားဖို့ ရည်ရွယ်ထားတာ။ ပန်းတိုင်ဆိုလို့ တိတိကျကျ မရှိဘူး။ မင်းတို့ရဲ့ ဂျင်ဒီနယ်မြေထဲကို ဝင်သွားချင်တဲ့ ဆန္ဒကို ဖြေဖျောက် ပေးရုံပဲ”
ပြောရမည်ဆိုလျှင် ဤမေးခွန်းသည် သူ့မိသားစုမှ သိချင်သည့် မေးခွန်းဖြစ်၏။ ဝမ်ရှန်းက ဖြေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ သို့သော် ဝမ်ရှန်းမှ အတည်တကျ ဖြေခဲ့သည့် အတွက် သူတို့ အနည်းငယ်တော့ အံ့ဩသွားခဲ့မိပေသည်။
နောက်ဆုံး ရေတွက်လိုက်သည့် အချိန်တွင် ဝမ်ရှန်းသည် သူတို့မေးသည့် အခု ၁၈၀ ကို ဖြေပေးခဲ့ပြီ။ ထိုအရေအတွက်သည် သူတို့ဘာသာသူတို့ ပေါင်းခဲ့သည့် အရေအတွက်ထက်ပင် များနေ၏။ အဘယ်ကြောင့်ဆိုသော် အချို့မေးခွန်းများတွင် မေးခွန်း နှစ်ခုသုံးခုခန့် ပါနေသောကြောင့် ထိုအရေအတွက်ကိုပါ ထည့်တွက်လိုက်ခြင်း ဖြစ်၏။ သို့သော် နံပါတ်လေးနှင့် အကြီးအကဲ နှစ်ယောက်သည် ထိုကိစ္စနှင့် ပတ်သက်ပြီး ဘာပြဿနာမှ မရှိပေ။
“အဖြေတွေအတွက် ကျေးဇူးတင်ပါတယ်ဗျာ….”
အကြီးအကဲ နှစ်ယောက်သည် ဝမ်ရှန်း၏ အဖြေများကို နားထောင်နေကာ ခေါင်းတဆတ်ဆတ် ညိတ်၍ ကျေးဇူးတင်လိုက်ကြ၏။
“အများကြီး သိလိုက်ရပါတယ်၊ အများကြီး သိခဲ့ရပါတယ်။ ဒီကိစ္စမှာ သင်ယူစရာတွေ ဒီလောက် များလိမ့်မယ်လို့ မထင်ထားခဲ့ဘူး….”
သူတို့သည် ဝမ်ရှန်း၏ အဖြေကြောင့် အလွန်အားရ ကျေနပ်သွားကာ ဝမ်ရှန်းအား နှလုံးသန့်စင် ဆေးပြား အလုံး (၂၀) တိတိပင် ပေးခဲ့၏။
နံပါတ်လေး၏ မိသားစုများ ထွက်ခွာသွားသည့် အချိန်တွင် တံခါး အပြင်ဘက်တွင် အခြားသူများ တန်းစီနေပြီ ဖြစ်၏။ ယခုတစ်ချိန်သည် နံပါတ် (၇) ၏ မိသားစုများ ဖြစ်သည်။ နံပါတ်(၇) နှင့် သူ၏အကြီးအကဲ ၃ ယောက် ဝင်လာခဲ့၏။ ထို့နောက် အနည်းဆုံး တစ်နာရီကျော် နှစ်နာရီနီးပါး ကြာပြီးသည့် နောက်တွင် သူတို့သည်လည်း အားရကျေနပ်စွာ ပြန်ထွက်သွားကြသည်။
ဤသို့ဖြင့် မိသားစုများ တစ်စုပြီးတစ်စု လာရောက်ခဲ့၏။ မိသားစု (၁၀) စုလုံးကို အကြံပေး ဆွေးနွေးပေးရန် နှစ်ရက်တိုင်တိုင် ကြာမြင့်ခဲ့ပေသည်။ နောက်ဆုံးတွင် သူသည် စာလုံးကိုးလုံး မန္တာန်မှ “ကျန့်” ဟူသည့် စာလုံးကို လေ့လာစဉ်းစားရန် အချိန်ရခဲ့ပြီဖြစ်၏။
***