Switch Mode

Chapter – 268

အလှည့်ကျ မေးမြန်းခြင်း (၁)

အပိုင်း ၂၆၈
အလှည့်ကျ မေးမြန်းခြင်း (၁)

ဝမ်ရှန်းသည် ကြယ်ခုနစ်ပွင့်အဆင့် အိမ်မွေးသားရဲ တစ်ကောင် မလိုချင်ခြင်း မဟုတ်။ ပြဿနာမှာ လူဝံပေါက်စလေးသည် လွန်ခဲ့သည့်ရက် အနည်းငယ်ကမှ မွေးခဲ့ခြင်းဖြစ်ကာ ခွန်အားအရာတွင် ဉာဏ်အမြင် မပွင့်သေးသည့် ဝိညာဉ် ကလေးတစ်ယောက်နှင့် အတူတူ ဖြစ်သည်။

အရွယ်ရောက်သည့် လုပ်ငန်းစဉ်တွင် သူသည် တစ်ဆင့်ချင်း သွားရကာ တဖြည်းဖြည်းချင်းပြီးမှ သူ့အမေ တောတွင်းလူဝံ အဆင့် ရောက်လာမည် ဖြစ်သည်။ ထိုသို့ အရွယ်ရောက်ရန် အရင်းအနှီးပေါင်း မြောက်မြားစွာ စိုက်ထုတ်ရပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်မည်ဖြစ်၏။

ယခင်က ဝမ်ရှန်း မြွေဥများကို ရောင်းချခဲ့ခြင်းမှာလည်း ဤအကြောင်းပြချက်ကြောင့် ဖြစ်၏။ ထိုမြွေများသည် အရွယ်ရောက်ရန် နှစ်ပေါင်း ရာနှင့်ချီ ကြာမြင့်ပေမည်။ ယခုတွင်လည်း ဝမ်ရှန်းသည် ဤလူဝံကို သဘောကျသည် ဆိုလျှင်ပင် သူအရွယ် ရောက်လာရန် ထိုအမျှ အချိန်အကြာ မစောင့်နိုင်ပေ။

ထို့ကြောင့် အကျိုးအမြတ် ရရှိရန်အတွက် ရောင်းချရန်သာ ရှိတော့သည်။ ထို့အပြင် ဤအကောင်ပေါက်အား ဖမ်းရာတွင် ဝမ်ရှန်း တစ်စုံတစ်ခုကိုလည်း နားလည်ခဲ့ရသည်။

စာလုံးကိုးလုံး မန္တန်ထဲမှ စိတ်ချင်း ဆက်နွှယ်မှုကို ကိုယ်စားပြုသည့် “阵 (ကျန့်)” ဟူသည့် စာလုံးကို အသုံးပြုလိုက်သည့် အချိန်တွင် မမျှော်လင့်ထားသည့် ရလဒ်ကို ရရှိခဲ့သည်။

မွေးကင်းပေါက်စ လူဝံများသည် သဘာဝအားဖြင့် သူတို့အမေနား ကပ်ကြလေ့ရှိသည်။ သို့သော် သူတို့အမေက ပုံမှန်အခြေအနေ၌ ရှိနေမှဖြစ်၏။ ထိုအချိန်တွင် လူဝံအမေကြီးသည် ဒေါသအကြီးအကျယ် ထွက်နေခဲ့ကာ လူဝံပေါက်စလေးသည်လည်း သူ့အမေအား ကြောက်လန့် နေခဲ့သည်။

ဝမ်ရှန်းသည် ထိုအခြေအနေကို သတိထားမိ သွားကာ ထိုစာလုံးကို သုံးရန် ကြိုးစားကြည့်ခဲ့ခြင်း ဖြစ်၏။ ဝမ်ရှန်းသည် အခြားလူများနှင့် စိတ်ချင်း ဆက်နွှယ်နိုင်သည့် စွမ်းအား မရှိသည်မှာ အားလုံးအသိ ဖြစ်သည်။ သို့သော် လူဝံပေါက်စလေးသည် လွန်ခဲ့သည့် နှစ်ရက် သုံးရက်ကမှ မွေးဖွားခဲ့ခြင်း ဖြစ်သည့်အပြင် ရန်လိုနေစိတ်လည်း မရှိနေပေ။ ထို့ကြောင့် နုနှယ်လှသည့် သူ၏စိတ်နှင့် ဆက်နွှယ်ရန်က အရွယ်ရောက် သားရဲတစ်ကောင်ထက် ပိုမိုလွယ်ကူပေသည်။

ထို့ကြောင့်သာ လမ်းတစ်လျှောက်တွင် လူဝံပေါက်စလေး အလွန် ငြိမ်သက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဝမ်ရှန်းသည် စာလုံးကိုးလုံး မန္တန်ကိုလည်း မကြာခဏ အသုံးပြုခဲ့၏။ အကောင်ပေါက်လေးသည် ဝမ်ရှန်းအား သူနှင့် အနီးစပ်ဆုံး၊ သူ့အား ဂရုစိုက်ပေးသည့် သူ့အမျိုးဟု တွေးထင်သွားကာ ဝမ်ရှန်း၏ ကျောပေါ်၌ နာနာခံခံ အိပ်စက်နေခဲ့ခြင်း ဖြစ်သည်။

ဝမ်ရှန်း၏ ဤလျှို့ဝှက်ချက် အကြောင်းကို မည်သူမှ မသိပေ။ ထို့ကြောင့် အိမ်ပြန်လမ်း တစ်လျှောက်တွင် နံပါတ်တစ်နှင့် အခြားလူများသည် ဝမ်ရှန်းအား နတ်ဘုရား တစ်ပါးကဲ့သို့ ပြုမူဆက်ဆံ ခဲ့ကြတော့၏။

ဝမ်ရှန်းက ဤအကောင်ပေါက်လေးအား လေလံတင်မည်ဟု ကြားလိုက်ရသည့် အချိန်တွင် အားလုံး အလွန်ပျော်ရွှင် သွားခဲ့သည်။ သူတို့သည် အခုချက်ချင်း သူတို့မိသားစုဆီ ပြန်ကာ သတင်းပြန်ပို့ချင်စိတ်ပင် ပေါက်သွားခဲ့ကြ၏။ သို့သော် သူတို့ စိုးရိမ်နေရသည့် အရာလည်း ရှိပေသည်။ ဝမ်ရှန်းသည် ဤအကောင်လေးအား ဈေးကောင်းကောင်းဖြင့် ရောင်းမည်ဖြစ်ကာ ခေါ်ဈေးက သေချာပေါက် မြင့်ပေလိမ့်မည်။

ထိုပုံစံဖြင့် ဝမ်ရှန်းသည် လူဝံပေါက်လေးကို ကျောပေါ်တင်ကာ သူ့အိမ် ပြန်သွားခဲ့သည်။ ကျန်သည့် ၁၀ ယောက်သည်လည်း သူတို့မိသားစု အသီးသီးမှ ချက်ချင်း လာခေါ်သွားခဲ့ကြ၏။ ဘာတွေဖြစ်ခဲ့လဲဆိုတာ တိတိကျကျ ပြောပြစေပြီး သူတို့တင်ပြချက်များကို နားထောင်ရပေမည်။

ယခုအချိန်တွင် မိသားစု တစ်စုချင်းစီ၏ အသိချင်ဆုံး အရာမှာ ဂျင်ဒီနယ်မြေအကြောင်း ဖြစ်သည်။ သူတို့ မနက်ပြန်ရောက်သည် ဆိုလျှင် နေ့လယ်စာ စားချိန် မတိုင်ခင်မှာပင် ဖြစ်ပျက်ခဲ့သမျှတို့ကို အဝေးဆုံး မိသားစုများပင် သိသွားကြပြီဖြစ်၏။

ယခုတစ်ကြိမ် ပူးပေါင်းမှုက နောက်ဆုံး အကြိမ်တုန်းကထက် ပိုမို စည်းလုံးခဲ့သည်ဟု ပြော၍ ရပေသည်။ သူတို့သည် ဝမ်ရှန်း၏ တားမြစ်ချက်ကို ချိုးဖောက်ခဲ့သော်လည်း ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့၏။

ယခုတစ်ကြိမ်တွင် အမှား လုပ်ခဲ့သည့်လူမှာ ဖန်းမိသားစုမှ နံပါတ်နှစ် ဖြစ်သည်။ နံပါတ်နှစ်သည် ထိုအချိန်က သူ စိတ်မရှည် ဖြစ်ခဲ့သည်ဟု မပြောပေ၊ သူ့ဘိုးဘေး အသုံးပြုခဲ့သည့် လက်နက်ကို မြင်လိုက်ရသောကြောင့် အံ့သြသွားကာ အသိစိတ်တစ်ချက် လွတ်သွားခြင်း ဖြစ်သည်ဟုသာ ပြောခဲ့၏။

နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲတွင် ဝမ်ရှန်းနှင့် အခြားလူများက အတော်ကို ဖြောင့်မတ် မှန်ကန်သည့်လူများ ဖြစ်သည်ဟု ပြော၍ ရပေသည်။ နံပါတ်နှစ်ကြောင့် ဒုက္ခတွေ့ခဲ့ရသည့်တိုင် ပြန်ဆုတ်ကြသည့် အချိန်တွင် သူတို့သည် ဒဏ်ရာရနေသည့် နံပါတ်နှစ်ကို တွဲခေါ်ရန် မမေ့ခဲ့ကြ။ ဤကျေးဇူးကို တောင်တစ်လုံးမျှ ကြီးများသည်ဟု ပြော၍ရပေသည်။

ယခုလို အချိန်မျိုးတွင် ဖန်းမိသားစုဘက်မှ ဘာတုံ့ပြန်မှုမှ မရှိဘူးဆိုလျှင် နောင်ကျလျှင် မည်သူကမှ ဖန်းမိသားစုအား အကူအညီ ပေးတော့မည် မဟုတ်ချေ။

အခြား အင်အားစုကြီးများ ပါဝင်သည့် အဖြစ်အပျက်တွင် လှပသေသပ်စွာ ကိုင်တွယ်နိုင်မည် ဆိုလျှင် ကောင်းမွန်သည့် ဆက်ဆံရေးအဖြစ် ဦးတည် သွားနိုင်ပေသည်။

ဝမ်ရှန်း အိမ်ပြန်ရောက်ပြီး တစ်ညသာ နားလိုက်ရသည်။ နောက်တစ်နေ့မနက် ထလာသည့် အချိန်တွင် ဖန်းမိသားစုမှ လက်ဆောင်များသည် လူစုံတက်စုံဖြင့် သူ့အိမ်ပေါက်ဝသို့ ရောက်နေပြီဖြစ်၏။

ရွှေဒင်္ဂါးတစ်သောင်း၊ တော်ဝင်ရတနာစံအိမ်မှ အဆိပ်ဖြေဆေး ၁၀ စုံ၊ ထို့အပြင် ရတနာစံအိမ်မှ ထုတ်လုပ်သည့် ထိပ်တန်း အကာအကွယ် ဝတ်စုံထက် သာလွန် အားကောင်းသည့် အကာအကွယ် ဝတ်စုံတစ်စုံ…

ယခင်က ဝမ်ရှန်း မှာယူခဲ့သည့် ဝတ်စုံသည် ကြယ်ခြောက်ပွင့် သားရဲ ညအမှောင်ယံ ကြယ်ဝံပုလွေ၏ သားရေဖြင့် ပြုလုပ်ထားသည့် စစ်ယူနီဖောင်းသာ ဖြစ်၏။ ဒါ့ပြင် ဘွတ်ဖိနပ်များသည် ကြယ်ငါးပွင့်သားရဲ၏ သားရေနှင့် အစွယ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

သို့သော် ယခု ဖန်းမိသားစုမှ ပေးလာခဲ့သည့် အကာအကွယ် ဝတ်စုံသည် ကြယ်ရှစ်ပွင့်သားရဲ၏ သားရေကို အသုံးပြုထားပြီး လင်းလုံစံအိမ်မှ ဆရာများကို ဖိတ်ခေါ်ကာ ပြုလုပ်ခိုင်းထားခြင်း ဖြစ်သည်။ ပြီးလျှင် ဤဝတ်စုံများသည် ဖန်းမိသားစု၏ အကြီးအကဲများ ဝတ်ဆင်သည့် ဝတ်စုံများပင်ဖြစ်၏။

ဤလက်ဆောင် အလွန်ကို တန်ဖိုး ကြီးမားလှပေသည်။ သူ့တန်ကြေးသည် နံပါတ်နှစ်၏ အသက်ထက်ပင် ပိုမိုတန်ဖိုးရှိ၏။ သို့သော် ဖန်းမိသားစုမှ နှမြော တွန့်တိုခြင်းမရှိ ဝမ်ရှန်းအား ပို့ပေးခဲ့သည်။ ထို့ကြောင့် ဖန်းမိသားစုသည် ဤအဖြစ်အပျက်ကို အလွန် အရေးထားသည်ဟု ပြော၍ရပေသည်။

ဝမ်ရှန်း လက်ဆောင်များ အားလုံးကို လက်ခံကာ လက်ဆောင်များ ယူလာပေးသည့် အိမ်တော်ထိန်းအား ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဖန်းမိသားစုမှ လူများသည်လည်း ဝမ်ရှန်းအား ကျေးဇူးတင်စကားများ ထပ်ကာ တလဲလဲ ဆိုနေခဲ့၏။ ထို့နောက် ပျော်ပျော်ရွှင်ရွှင်ပင် ပြန်လည် ထွက်ခွာ သွားခဲ့ကြသည်။

ဖန်းမိသားစုမှ လူများ ထွက်သွားပြီး ဘယ်လောက်မှ မကြာလိုက်ပေ၊ ချင်းဝေ ရောက်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် လူဝံအကောင်ပေါက်လေးအား လေလံတင်မည့် ကိစ္စကို ချင်းဝေအား အပြည့်အဝ လွှဲအပ် ထားလိုက်၏။

ယခုတစ်ကြိမ် သွားသည့်အဖွဲ့တွင် ချင်းဝေ၏ ကိုင်ရွှယ်စံအိမ်မှ တစ်ယောက်မှ မပါခဲ့ပေ။ ထို့ကြောင့် ထိုလူဝံက ဘာလဲဆိုတာ သိရန် မဆိုထားနှင့် ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဆိုသည်ကိုပင် သူတို့ မသိချေ။ သို့သော် ဤအကောင်သည် ဂျင်ဒီနယ်မြေ အတွင်းမှ အကောင်ဖြစ်သည့် အတွက်ကြောင့် သေချာပေါက် သာမန်တော့ ဟုတ်မည် မဟုတ်ပေ။

“နင်က ဒါကို တောတွင်းလူဝံရဲ့ ကလေးလို့ ပြောနေတာလား… ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မွေးထားတာ ဟုတ်လား…”

အကောင်ပေါက်လေး၏ ဇာစ်မြစ်ကို ကြားပြီးနောက် ချင်းဝေ၏ ပထမဆုံး တုံ့ပြန်မှုသည် မယုံကြည်နိုင်ခြင်း ဖြစ်သည်။

ဘာတွေ လာနောက်နေတာလဲ… တောတွင်းလူဝံပေါက်စ ဟုတ်လား… အနည်းဆုံး အကောင် ဒါဇင်ရှိတဲ့ လူဝံအုပ်ကြီးထဲကနေ အကောင်ပေါက်လေး တစ်ကောင်ကို ဖမ်းလာတာတဲ့လား… ဝမ်ရှန်း ခေါ်သွားသည့် အင်အားစု အသီးသီးမှ ဝိညာဉ်သခင် ၁၀ ယောက်မဆိုထားနင့် ဝမ်ရှန်းက သူ့လူများကိုပဲ ခေါ်သွားမည် ဆိုလျှင်ပင် အသက်ရှင်နေသည့် တောတွင်းလူဝံထံမှ သူ့ကလေးကို ဖမ်းဆွဲဖို့ရန်က မဖြစ်နိုင်ချ။

“ယုံနိုင်စရာတော့ မကောင်းပေမယ့် အမှန်ပဲ…”

ဝမ်ရှန်းမှ ရယ်ရယ်မောမောပင် ပြန်ဖြေလိုက်သည်။ ယုံကြည်သွားပြီ ဖြစ်သော်လည်း အနည်းငယ် တွေဝေနေဆဲ ဖြစ်သည့် ချင်းဝေအား ကြည့်ကာ ဝမ်ရှန်းမှ-

“အဲ့နေရာမရှိတဲ့ လူတွေအားလုံး မျက်မြင် တွေ့ခဲ့တာပဲ”

ဝမ်ရှန်း ပြောသည်မှာ မှန်လောက်ပေသည်။ သူသည် လူ ၁၀ ယောက်လုံးကို တစ်လေသံတည်း လိမ်ညာအောင် သိမ်းသွင်းနိုင်မည် မဟုတ်ပေ။ ထို့အပြင် သားရဲထိန်းကျောင်းသည့် ဆရာတစ်ယောက်သည် ဤလူဝံပေါက်လေးကို မြင်သည်နှင့် သူ၏အမျိုးအစားကို အလွယ်တကူ မှတ်မိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ရှန်း လိမ်ညာနေရန်က မဖြစ်နိုင်ချေ။

ဤကဲ့သို့ အလွန်ချစ်စရာ ကောင်းလှသည့် လူဝံပေါက်လေးက ထိုမျှလောက်ထိ တန်ကြေး ရှိနေသည်မှာ အံ့သြစရာ မကောင်းတော့ပေ။
***

Comment

Leave a Reply

Options

not work with dark mode
Reset