အပိုင်း ၂၆၇
ထွက်ပြေးခြင်း (၂)
အချိန်တိုအတွင်း ဤကြီးမားသည့် တောတွင်း လူဝံကြီးကို သတ်နိုင်လိမ့်မည်ဟု မည်သူမှ ထင်မှတ် မထားခဲ့ပေ။ ဤလူဝံကြီးထံမှ အကျိုးအမြတ် တစ်စုံတစ်ရာ ရနိုင်လိမ့်မည်ဟုလည်း မည်သူမှ မတွေးထားကြချေ။ အသက်ရှင်နိုင်လျှင်ပင် ကံကောင်းပြီ ဖြစ်သည်။ ထို့ကြောင့် “ထွက်ပြေးလို့ ရပြီ” ဟူသည့် စကား ကြားလိုက်သည်နှင့် အားလုံးသည် တုံ့ဆိုင်း မနေတော့ဘဲ အစီအရီတကျ ချက်ချင်း ပြန်ဆုတ် လိုက်ကြတော့သည်။
နံပါတ်ကိုးသည် သွေးအန် ခဲ့သော်လည်း လှုပ်ရှား နိုင်သေးပေသည်။ သူ့ဘေးမှ လူ၏ အကူအညီဖြင့် သစ်ပင်နောက်သို့ အလျင်အမြန် ပြန်ဆုတ် လိုက်သည်။ အခြားသူများသည်လည်း သူ့အတိုင်းပင်၊ တတ်နိုင်သလောက် လူဝံအမေကြီး၏ မြင်ကွင်းမှ ပုန်းကွယ်နေရန် သစ်ပင်ကြီး နောက်၌ ဝင်နေ လိုက်ကြသည်။
အားလုံး အံ့သြနေရသည်မှာ နံပါတ်နှစ် မသေခဲ့ခြင်း ဖြစ်သည်။ လူဝံကြီးအား တိုက်ခိုက်စဉ်တွင် သူသည် လူဝံကြီး၏ လက်သီးချက် မိခဲ့သော်လည်း ကံကောင်း ထောက်မစွာဖြင့် မြေပြင် အပျော့နေရာသို့ ပြုတ်ကျသွားခဲ့သည့်ပြင် သူ၏ဝိညာဉ် အဆင့်မှာ မြင့်မားသဖြင့် သူသည် အရိုးများသာ ကျိုးသွားကာ အသက်ဘေးမှ ကင်းခဲ့ပေသည်။
သူ မြေပြင်ထက်၌ လှဲနေသည်ကို နံပါတ်သုံး မြင်သွားကာ သူ့အား တွဲထူပေးပြီး ကျောပေါ်၌တင်ကာ အခြားလူများ နှင့်အတူ ထွက်ပြေး သွားလိုက်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့အုပ်စု မီတာတစ်ရာကျော် ရောက်သွားခဲ့၏။
တောတွင်း လူဝံကြီး၏ အော်ဟစ်သံကတော့ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်သည်။ သို့သော် လူဝံကြီး၏ နောက်ဆုံး အခြေအနေကို ပြန်လှည့် ကြည့်ရလောက်သည် အထိ မည်သူမှ သတ္တိမရှိနေပေ။ သူတို့စိတ်ထဲတွင် တတ်နိုင်သလောက် ဝေးဝေး ထွက်ပြေးရန်သာ ရှိပေသည်။
ဤအဖြစ်အပျက်၏ တရားခံဖြစ်သည့် နံပါတ်နှစ် အတွက်မူ လုံခြုံသည့်နေရာ ရောက်မှသာ သူနှင့် တဖြည်းဖြည်းချင်း စာရင်းရှင်းရမည် ဖြစ်သည်။ လတ်တလော အခြေအနေအရ အကွာအဝေး အပိုင်းအခြားမှာ လုံခြုံစိတ်ချမှု မရှိသေးသည့် အတွက် ဆက်ပြေး နေရဦးပေမည်။
“ညာဘက်ကွေ့…”
အားလုံး၏ အနောက်မှနေ၍ ဝမ်ရှန်း၏ အသံ ထွက်ပေါ်လာခဲ့သည်။ ယခုအချိန်တွင် မည်သူကမှ ဒွိဟ အတွေးများ တွေးမနေတော့၊ တင်းတင်းကြပ်ကြပ် လေ့ကျင့်ထားသည့် စစ်တပ် တစ်ခုကဲ့သို့ ချက်ချင်း ညာဘက်ချိုးကွေ့ သွားလိုက်သည်။
ထွက်ပြေးလာပြီး မိုင်အနည်းငယ် အကွာရောက်မှသာ အားလုံး အနည်းငယ် စိတ်အေး သွားခဲ့ကြသည်။ ထိုအချိန်မှသာ ဒဏ်ရာ ရနေသည့် နံပါတ်ခုနစ်နှင့် နံပါတ်နှစ်တို့မှာ သောက်စရာ ရှိသည့် ဆေးများ ဆေးသောက်ပြီး သောက်ရတော့သည်။
“ကျေးဇူးတင်ပါတယ်… အသက်ကယ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်… အသက်ကယ်ပေးတဲ့ အတွက် ဖန်းမိသားစုက ခင်ဗျားတို့ကို ဆုချီးမြှင့်မှာပါ…”
နံပါတ်နှစ်သည် အတော်ကို သန်မာသည်ဟု ပြောရပေမည်။ သူသည် အရိုးများ ဒါဇင်နှင့်ချီ ကျိုးခဲ့သော်လည်း ယခုအချိန်အထိ အံကြိတ်ကာ နှုတ်ဆိတ် နေနိုင်ခဲ့သည်။
“အပြင်ရောက်မှပြော၊ ဒီကိစ္စက…”
နံပါတ်သုံးနှင့် နံပါတ်ငါးတို့သည် နံပါတ်နှစ်၏ အရိုးများကို ပြန်လည် ကုသပေးနေရင်း သူ့အား ပြန်ပြော လိုက်သည်။
“ဒီတစ်ခေါက်က ငါ့အမှားပါ။ အပြင်ရောက်ရင် ဖန်းမိသားစုက ရက်ရက်ရောရောနဲ့ကို လျော်ကြေး ပြန်ပေးပါ့မယ်”
နံပါတ်နှစ်မှ သူ့မိသားစု ကိုယ်စား ကတိကဝတ် ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် နွှယ်ပင်များ ကြားမှ ဖြုတ်ယူလာခဲ့သည့် ဓားကို ထုတ်လိုက်ကာ-
“ဒါက ကျုပ်တို့ ဖန်းမိသားစု ဘိုးဘေးရဲ့ဓားပဲ။ ဓားကို မြင်လိုက်တဲ့ အချိန်မှာ ခဏလောက် စိတ်မထိန်းနိုင် ဖြစ်သွားခဲ့တယ်။ ခွင့်လွှတ်ပေးကြပါ”
အရာအားလုံးသည် ဤဓားတစ်ချောင်းကြောင့် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ထိုဓားကို မြင်လိုက်သည့် လူများ အားလုံးသည် ဓားက ဘယ်လောက်မှ အဖိုးတန်သည်ဟု မထင်ကြပေ။ ဝမ်ရှန်း ရှာတွေ့ခဲ့သည့် မြေပုံလိုမဟုတ်၊ ဖန်းမိသားစု အမှတ်အသားပါသည့် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်ကြာ သံချေး တက်နေသည့် ဓားတစ်ချောင်းသာ ဖြစ်၏…
ယခုတစ်ကြိမ်သည် သင်ခန်းစာ ဖြစ်သည်။ နောင်ကျလျှင် ဝမ်ရှန်း တင်းတင်းကြပ်ကြပ် တားမြစ်ထားသည့် အရာကို ဘယ်လိုမှ လုပ်၍မဖြစ်ပေ။ အားလုံးသည် ဤအဖြစ်အပျက်ကို အချိန်အတော်ကြာ အမှတ်ရ နေကြပေလိမ့်မည်…
“ဆက်ပြေးကြ…”
ထိုအချိန် သူတို့ အနောက်မှနေ၍ ဝမ်ရှန်းအသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အားလုံးသည် ဘာလို့ ဝမ်ရှန်း အသံကိုပဲ ကြားရပြီး သူ့ကို မမြင်ရတာလဲဟု အံ့သြ နေကြစဉ်မှာပင် အဝေးရှိ တောတွင်းလူဝံ ရှိသည့်ဘက်မှ ဒေါသတကြီး အော်ဟစ်သံများကို တော်လဲသံအလား ကြားလိုက်ရသည်။
ထိုအသံသည် တောတွင်းလူဝံ တစ်ကောင်တည်း၏ အသံ မဟုတ်ပေ၊ အနည်းဆုံး တောတွင်းလူဝံ အကောင် တစ်ဒါဇင်ခန့်၏ အသံဖြစ်သည်။ သူတို့သည် တောတွင်းလူဝံ အမ၏ အော်ဟစ်သံကို ကြားသောကြောင့် ထိုနေရာသို့ ပြေးလာခဲ့ဟန် ရှိသည်။
တောတွင်းလူဝံ အုပ်စု၏ ကြောက်စရာ ကောင်းသည့် အင်အားကို တွေးမိသွားကာ သူတို့အားလုံး ကြက်သီး တဖြန်းဖြန်း ထသွားခဲ့ကြသည်။ ထို့နောက် ဘာမှ စဉ်းစား မနေတော့ဘဲ ဆေးကောင်းကောင်းပင် မကုပေးရသေးသည့် နံပါတ်နှစ်ကို မ,ကာ နောက်တစ်ကြိမ် ပြန်လည် ထွက်ပြေး ကြရတော့သည်။
ဝမ်ရှန်း၏ အဆက်မပြတ် လမ်းညွှန်မှု အောက်တွင် နောက်ဆုံး၌ သူတို့ မိုင်ပေါင်း ဒါဇင်နှင့်ချီ ထွက်ပြေး နိုင်ခဲ့ကြသည်။ ထိုအချိန်မှ အားလုံးသည် သက်ပြင်းမော ချလိုက်ကြပြီး လုံခြုံသည့် နေရာတစ်နေရာ ရှာကာ နံပါတ်နှစ်၏ အရိုးများကို ဆက်လက် ကုသပေးလိုက်သည်။
အားလုံး ပြီးစီးသွားပြီး နံပါတ်နှစ်၏ ကျိုးနေသည့် အရိုးများကို နေရာတကျ ပြန်ကုပေးပြီး နောက်မှာမှ အကောင်းဆုံး အကိုက်အခဲ ပျောက်ဆေး သောက်စေလိုက်သည်။ အားလုံးသည် ဝမ်ရှန်းအား မတွေ့မိသည်ကို အံ့သြနေကြစဉ်မှာပင် သူတို့နောက် ပြေးလိုက် လာနေသည့် ဝမ်ရှန်းအား တွေ့လိုက်ရသည်။
ဝမ်ရှန်းအား ပထမဆုံး မြင်လိုက်သည်နှင့် သူတို့အားလုံး ကြက်သေ သေသွားခဲ့ကြသည်။ သို့သော် နံပါတ်နှစ်သည် အရိုးကျိုးသည့် နေရာများတွင် သစ်သားဖြင့် တွဲချည် ထားသောကြောင့် လှုပ်ရရှားရ မလွယ်ကူပေ။
ထို့ပြင် ဝမ်ရှန်း လာနေသည့် ဘက်သို့ သူကျောပေးလျက်သား ဖြစ်နေသည့် အတွက်ကြောင့် အခြားလူများက ဘာလို့ အဲ့လိုပုံစံ ဖြစ်သွားတာလဲ ဆိုတာကိုလည်း သူမသိပေ။ ထို့ကြောင့် ကြိုးစားပမ်းစားဖြင့် တစ်ဖက်သို့ လှည့်ကြည့် လိုက်သည်။ ကံကောင်းသည်က နံပါတ်သုံးမှာ သူ့အားကူကာ လှည့်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှာမှ သူ ဝမ်ရှန်းအား ရှင်းရှင်းလင်းလင်း မြင်လိုက် ရတော့သည်။
ဝမ်ရှန်း၏ ခန္ဓာကိုယ်သည် လုံးဝကို သန့်ရှင်းနေ၏၊ ဒဏ်ရာ သေးသေးလေးပင် မရှိနေ။ သို့သော် ဤအရာသည် ပုံမှန်ပင်ဖြစ်၏။ တောတွင်း လူဝံကြီးအား တိုက်ခိုက်ရာတွင် ဝမ်ရှန်းသည် အဝေးမှသာ တိုက်ခိုက် ခဲ့သောကြောင့် ဖြစ်သည်။
သို့သော် သူ့ကျောပေါ်မှ အမွှေးထူထူနှင့် သတ္တဝါက…
ထိုအကောင်သည် ဤအဖြစ်ဆိုးကြီး၏ အစ၊ နံပါတ်နှစ် လက်ထဲမှ ဓားကို လှမ်းဆွဲခဲ့သည့် တောတွင်း လူဝံပေါက်စလေး မဟုတ်ပါလော…
အစောပိုင်းမှ ဆတ်ဆလူး ထနေသည့် ပုံစံနှင့်ယှဉ်လျှင် ဤမျောက်သည် ယခုအချိန်၌ အလွန်ကို ငြိမ်နေ၏။ ဘာကြောင့်မှန်း မသိသော်လည်း သူသည် ဝမ်ရှန်း ကျောပေါ်၌ မှီနေကာ အေးအေးချမ်းချမ်း အိပ်ပျော်နေသည်။ အေးချမ်းလွန်း၏ သူ့ပါးစပ်မှ သွားရည်များပင် ကျနေသေးသည်.။
တောတွင်း လူဝံပေါက်စလေး အရှင်လား… ထိုအချိန်တွင် အားလုံးသည် ဝမ်ရှန်း ဘယ်လို လုပ်ခဲ့တာလဲ ဆိုတာကို အသည်းအသန် မေးကြည့်ချင် နေကြတော့သည်။
ဤမျောက်သည် သာမန် မျောက်တစ်ကောင် မဟုတ်ချေ။ ကြယ်ခုနစ်ပွင့် တောတွင်းလူဝံ၏ သားပေါက်ဖြစ်၏။ မကြာသေးမီ ရက်ပိုင်းကမှ မွေးဖွားခဲ့ခြင်းဖြစ်ကာ တစ်ယောက်ယောက်သာ သူ့အား ယဉ်ပါးအောင် လုပ်ချင်သည်ဆိုလျှင် ကြီးလာလျှင် သူသည်လည်း ကြယ်ခုနစ်ပွင့် အဆင့်ရှိ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် ဤအကောင်လေးသည် ဂျင်ဒီနယ်မြေ အတွင်းမှ ကြယ်ခုနစ်ပွင့် သားရဲဖြစ်သည်၊ သာမန် ကြယ်ခုနှစ်ပွင့် သားရဲများထက် သေချာပေါက် ပိုမိုသန်မာပေသည်။
တတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်က ကြယ်ခုနှစ်ပွင့် အဆင့် တောတွင်း လူဝံပေါက်စကို ဖမ်းဆီးခဲ့သည်။ အခြားနေရာ၊ အခြားအချိန်အခါမျိုးဆိုလျှင် ဤနေရာ၌ ရှိနေသည့် လူများသည် ဤကဲ့သို့ အငြိမ်နေနေကြမည် မဟုတ်ပေ။ သားပေါက်ကို ထိုလူထံမှ သေချာပေါက် ပြန်လည် ဖမ်းဆီးကာ ထိုလူကို သတ်ပစ်မည် ဖြစ်၏။
ဤအကောင်၏ တန်ဖိုးကို ရွှေဒင်္ဂါးများဖြင့်ပင် သတ်မှတ်၍ မရပေ။ ရွှေတောင်ကြီး တစ်တောင်နှင့်ပင် လဲ၍ရမည်မဟုတ်…
ကံဆိုးသည်က ဤနေရာသည် ဂျင်ဒီနယ်မြေ ဖြစ်ပြီး သူတို့ ရင်ဆိုင်နေရသည့် လူသည် ဝမ်ရှန်းဖြစ်၏။ အားလုံးသည် ဒဏ်ရာရနေသည် ဆိုသော်ငြား ဝမ်ရှန်းထက် အဆင့်နှစ်ဆင့် ပိုမြင့်ကြပေသည်။ သို့သော် ဤအချိန်အခါမျိုးတွင် မည်သူမှ ဘာမှမလုပ်ရဲ။ ဝမ်ရှန်းကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူတို့သည် အစောကတည်းက သေနေပြီဖြစ်၏။ သူတို့သာ လှုပ်ရှားလိုက်မည်ဆိုလျှင် သူတို့ ဤနေရာမှ အသက်ရှင်လျက် ထွက်သွား၍ ရပါဦးမည်လော။
“ကြည့်ရတာ ငါတို့ ပြန်သွားဖို့ အချိန်တန်ပြီ ထင်တယ်”
ဝမ်ရှန်းသည် ဒေါသထွက် နေဟန်လည်း မပေါ်ပေ။ ဆွေးနွေး ညှိနှိုင်းသည့်ပုံစံဖြင့် ပြောလိုက်၏။ သို့သော် သူ၏လေသံထဲတွင် သတိပေးသည့် လေသံများ ပါဝင်နေပေသည်။
“နံပါတ်နှစ်ရဲ့ဒဏ်ရာက တော်တော် ပြင်းတယ်။ ဆက်သွားနေမယ်ဆိုရင် ခရီးလမ်းကြောင်း နှောင့်နှေး ကုန်လိမ့်မယ်။ ပြီးတော့ နံပါတ်ကိုး၊ မင်းလည်း မင်းဒဏ်ရာတွေကို ကောင်းကောင်း ဂရုစိုက်သင့်တယ်။ သေချာ အနားယူပြီးမှ နောက်တစ်ခေါက် ပြန်ဝင်လို့ရတယ်”
မည်သူမှ မကန့်ကွက်ခဲ့ကြ။ ဝမ်ရှန်းပြီးလျှင် သူတို့လည်း ပြီးပြီဖြစ်သည်။ တစ်ခဏ အနားယူပြီးနောက် အားလုံး အပြန်ခရီးဆက် လိုက်ကြသည်။ လာသည့် အချိန်က အတိုင်းပင် တစ်ယောက်တစ်လှည့် အရှေ့မှ သွားကြ၏။ ရက်အနည်းငယ် ကြာပြီးနောက်တွင် ဝူရုံမြို့၏မြို့ရိုးကို အဝေးမှ လှမ်းမြင် လိုက်ရသည်။
မြို့အပြင်ဘက်တွင် လူများသည် နေ့စဉ်နေ့တိုင်း လေ့ကျင့်နေကြ၏။ မကြာမီတွင် တစ်ယောက်သည် ဝမ်ရှန်းနှင့် သူအဖွဲ့ကို သတိထားမိ သွားခဲ့သည်။ ကံကောင်းသည်က ယခုတစ်ကြိမ်တွင် ၁၀ ယောက်လုံး ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့သည် ဒဏ်ရာရခဲ့သည်ဆိုသော်လည်း အပြင်သို့ ရောက်လာခဲ့သေးသည်။ ထိုမြင်ကွင်းကြောင့် သူတို့နှင့် သက်ဆိုင်ရာ အင်အားစုများလည်း စိတ်သက်သာရာ ရသွားခဲ့ကြတော့သည်။
“ဒီမျောက်ကို လိုချင်တယ်ဆိုရင် ဝူရုံမြို့မှာရှိတဲ့ လေလံခန်းမဆီ လာခဲ့ကြ”
ဝမ်ရှန်း ကျောနောက်မှ မျောက်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်၏။ ဝမ်ရှန်းစကားကို ကြားလိုက် ရသောအခါ နံပါတ်တစ်မှနေ၍ နံပါတ်တစ်ဆယ်အထိ သူတို့မျက်နှာထက်တွင် အံ့အားသည့် အမူအရာများ သိသိသာသာ ထွက်ပေါ် လာခဲ့သည်။
သို့သော် ထိုနေရာ၌ ရှိနေသည့် လူများသည် နားမလည်နိုင် ဖြစ်သွားခဲ့ကြ၏။ ဤအကောင်လေးသည် မျောက်တစ်ကောင်သာ ဖြစ်သည်၊ ဘာတွေများ လေလံတင်ဖို့ ထိုက်တန်နေသနည်း…
***