အပိုင်း ၂၆၆
ထွက်ပြေးခြင်း (၁)
ထိုနေရာ၌ ရှိနေသည့် လူများထဲတွင် တစ်ယောက်မှ အသိဉာဏ် မနုံနဲ့ကြပေ။ ဤအဆင့်အထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့် လူများထဲတွင် ဦးနှောက်မပါသည့် လူများလည်း တစ်ယောက်မှမပါ။ ဤအခြေအနေနှင့် အနေအထားအရ ဝမ်ရှန်းပြောခဲ့သည့် အတိုင်း အားလုံး အတူတကွ ပူးပေါင်း တိုက်ခိုက်ပြီး ထွက်ပြေးမည်ဆိုလျှင် အသက်ရှင်နိုင်ခြေ ရှိပေသည်။
လျှပ်တစ်ပြက် အတွင်းမှာပင် ဝမ်ရှန်းသည် တောတွင်းလူဝံ အမေကြီးကို စတင် တိုက်ခိုက်ခဲ့ပြီး ဖြစ်၏။ ယခုနေရာ၌ ရှိနေသည့် လူများထဲတွင် ထွက်ပြေး လွတ်မြောက်နိုင်ခြေ အရှိဆုံးလူကို ပြောပါဆိုလျှင် ဝမ်ရှန်းဖြစ်သည်။ ထို့ကြောင့် သူတောင် တိုက်ခိုက်ခဲ့သည်ဆိုလျှင် သူတို့သည်လည်း အငြိမ်မနေနိုင်ပေ။
ဝှီး.. ဝှီး
သံလုံးနှစ်လုံးသည် တောတွင်းမျောက်ဝံ အမေကြီး၏ မျက်လုံးတည့်တည့် ထိမှန်ခဲ့၏။ သို့သော် မျက်ကြည်လွှာကို ထိပြီးနောက် အခြားတစ်ဖက်သည် အချိန်မီ မျက်လုံး မှိတ်လိုက်သောကြောင့် မျက်လုံးအား မဖောက်ထွက် သွားခဲ့ဘဲ မျက်ခွံကြောင့် ပြန်လည် ပြုတ်ကျ သွားခဲ့သည်။
ကြယ်ရှစ်ပွင့် တောတွင်း လူဝံသည် တကယ့်ကို ကြောက်စရာ ကောင်းသည်ဟု ပြော၍ ရပေသည်။ သေနတ်ပြင်းအားထက်ပင် ပိုမို အားကောင်းသည့် သံလုံးသည်ပင် ကြီးမားသည့် လူဝံ၏ မျက်လုံးအား မဖောက်ထုတ်နိုင်ခဲ့…
သို့သော် မျက်ကြည်လွှာ ထိသွားသည့် အချိန်တွင် လူဝံအမေကြီးသည် အလွန် နာကျင်သွားကာ သူ့ကလေး ထိခိုက်မိသွားသောကြောင့် ထွက်နေသည့် ဒေါသအပေါ် မီးရှို့လိုက်သကဲ့ပင် ဖြစ်သွားလေသည်။
နံပါတ်နှစ်သည်လည်း သူ့လက်ထဲမှ ဓားဖြင့် လူဝံအမေကြီးအား ပစ်ပေါက်လိုက်သည့် အချိန်တွင် ဓားသည် လူဝံကြီးအား မထိသွားခဲ့ပေ။ သို့ရာတွင် သူသည် လူဝံအမေကြီး လွှဲရိုက်လိုက်သည့် အားကြောင့် သံစိုက်သကဲ့သို့ မြေပြင်ပေါ်သို့သာ စိုက်ကျ သွားခဲ့သည်။
ရွှီး…
ထိုအခိုက်အတန့်တွင် ရှည်လျားလှသည့် ဓားတစ်ချောင်းသည် အလွန်တရာ ပြင်းထန်လှသည့် စွမ်းအားဖြင့် လူဝံအမေကြီး၏ အမွှေးများအတွင်း စိုက်ဝင်သွားသည်။
ဒုတ်…
သို့သော် လူဝံအမေကြီး၏ အရေပြားသည် အလွန်မာကျောကာ အထဲသို့ မဖောက်ဝင်နိုင်ပဲ သံအချင်းချင်း ထိရိုက်သည် နှင့်တူသည့် အသံသာ ထွက်ပေါ်လာခဲ့သည်။
ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်သည်လည်း သူ့ခန္ဓာကိုယ် အတွင်းရှိ ရှိသမျှ ဝိညာဉ်စွမ်းအားများကို ဓားထံသို့ စေလွှတ်ကာ ဓားကို အားရပါရ လွဲခုတ် ချလိုက်သည်။ သို့သော် သူသည် လူဝံအမေကြီးအား ခြစ်ရာထင်အောင်ပင် မလုပ်နိုင်ခဲ့ချေ။ ဓားကိုင်ထားသည့် သူ၏ညာဘက် လက်သည်သာ ထုံကျင် သွားခဲ့၏။
ဤအရာသည် ကြီးမားသည့် တောတွင်းလူဝံ၏ ကြောက်စရာ ကောင်းသည့် စွမ်းအားများလား… ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူများ အားလုံးလည်း ထိတ်လန့် သွားခဲ့ကြသည်။ သို့သော် ထိတ်လန့်လျှင်လည်း ထိတ်လန့်ခြင်းသာ တတ်နိုင်၏၊ သို့သော်လည်း သူတို့ တိုက်ခိုက် ရပေဦးမည်။ ချက်ချင်းပင် သူတို့အုပ်စု၏ တိုက်ခိုက်မှုများ တောတွင်း လူဝံပေါ်သို့ အညှာအတာ ကင်းမဲ့စွာ ကျရောက် သွားခဲ့တော့သည်။
တောတွင်းလူဝံကြီး၏ အရွယ်အစားသည် အလွန် ကြီးမားလှကာ ရပ်လိုက်လျှင် ခြောက်မီတာ၊ ခုနစ်မီတာခန့် ရှိပေသည်။ ဤကဲ့သို့ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးနှင့် ဆိုလျှင် သူ့အား အနိုင်တိုက်ရန်က မလွယ်လှပေ။ ရှစ်ချက် တိုက်ခိုက်ခဲ့ပြီး နောက်တွင်လည်း နှစ်ချက်သာ ထိရောက်မှု ရှိခဲ့သည်။
တစ်ချက်သည် လူဝံအမေကြီး၏ ဗိုက်အား လက်ဝါး တစ်ဝက်စာ အနက်လောက်ထိ ထိသွားကာ ကျန်တစ်ချက်မှာမူ လူဝံအမေကြီး၏ ခြေထောက်၌ လက်တစ်ဝါးစာ ရှည်လျားသည့် ခုတ်ရာကြီး ဖြစ်ပေါ်စေခဲ့သည်။ သွေးများစွာမှာ ထိုဒဏ်ရာများမှ ဆက်တိုက် ဆိုသလို ယိုစီးကျနေခဲ့၏။
ထိုဒဏ်ရာ နှစ်ချက်ကို မြင်လိုက်ရသောအခါ ထိုဒဏ်ရာများ ဖြစ်အောင် ခုတ်နိုင်ခဲ့သည့် နံပါတ်ခြောက်နှင့် နံပါတ်ခုနစ်တို့မှာ ဆဌမအဆင့် ဝိညာဉ်သခင်များ ဖြစ်နိုင်ပေသည်ဟု ဝမ်ရှန်း ခန့်မှန်းကြည့် လိုက်သည်။
အခြားလူများ တိုက်ခိုက်နေစဉ်တွင် ဝမ်ရှန်းသည်လည်း အလကား မနေနေပေ။ သူ၏လက်ထဲတွင် သံလုံးများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာခဲ့ကာ စနိုက်ပါ ချိန်ပစ်သကဲ့သို့ တောတွင်းလူဝံမကြီး၏ မျက်လုံးများကို အဆက်မပြတ် ချိန်ပစ်နေခဲ့သည်။
ဝှီး… ဝှီး…
သံလုံး အများစုသည် လူဝံအမေကြီး၏ မျက်လုံးများကို ထိမှန်ခဲ့၏။ သို့သော် ကံဆိုးသည်က မျက်ကြည်လွှာထိသာ ထိမှန်ခဲ့ကာ မျက်လုံးကို မဖောက်ထုတ် နိုင်ခဲ့ချေ။
သို့သော် ဤအရာက အကျိုး မရှိသည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် လူဝံအမေကြီးသည် မကြာခဏ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လာလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံး၏ စိတ်ထဲတွင် ရဲစွမ်းသတ္တိများ နှိုးကြားလာခဲ့၏။
တောတွင်းလူဝံ၏ အနံ့ခံအာရုံသည် သိပ်ပြီး မစူးရှပေ။ လူသားများထက် အနည်းငယ် ပိုသာရုံသာ ရှိ၏။ ထို့ကြောင့် ဝမ်ရှန်းနှင့် အခြားသူများသည် သစ်ပင်နောက်၌ ပုန်းကွယ်ကာ တိုက်ခိုက်နေသ၍ သူတို့သာ ကျယ်ကျယ်လောင်လောင် ဆူညံသံများ မလုပ်သေးသ၍၊ လူဝံမှာ သူတို့အား ရှာတွေ့နိုင်မည် မဟုတ်ပေ။ ဝမ်ရှန်းသာ လူဝံ၏မျက်လုံးများ ကွယ်သွားအောင် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မည် ဆိုလျှင် လူဝံ သူတို့ကို မြင်သွားမည်ကို ပိုပြီး ကြောက်စရာ မလိုတော့ပေ။
သို့သော် တောတွင်းမှ ကြီးမားသည့် လူဝံများသည် လွယ်လွယ်နှင့် သွားရှုပ်၍ ရသည့် အကောင်မျိုး မဟုတ်ပေ။ တစ်ခဏသာ ကြာလိုက်သည်၊ ကြီးမားသည့် လူဝံ၏ လက်သီးချက် သူတို့ပေါ်သို့ နောက်တစ်ကြိမ် ကျရောက် လာခဲ့သည်။
အားလုံးအား ကာပေးထားသည့် သစ်ပင်ကြီး ရှိသော်လည်း ဤလက်သီးချက်သည် သစ်ပင် ပင်စည်များကို တုန်ခါသွား စေခဲ့သေးပေသည်။ သစ်ပင်တုန်ခါမှု နှင့်အတူ သစ်ပင်အား ဖက်တွယ်ထားသည့် နံပါတ်ကိုးသည်လည်း ပြင်းထန်သည့် လှိုင်းအား တစ်ခုအလား ခံစားလိုက်ရ၏။
ဝှီး… ဒုတ်…
နံပါတ်ကိုး လွှင့်ထွက်သွားကာ အနောက်၌ ရှိနေသည့် သစ်ပင်နှင့် ပြင်းထန်စွာ ဆောင့်ရိုက်သွားခဲ့ပြီး အောက်သို့ ပြုတ်ကျ သွားခဲ့သည်။ မြေပြင်ပေါ် ရောက်သည်နှင့် ပါးစပ်အပြည့် သွေးများ အန်ထွက် သွားတော့၏။
“မရပ်နဲ့။ ဆက်တိုက်ကြ။ သူ ဘယ်လောက်မှ ဒီလိုကြာကြာ မရမ်းနိုင်ဘူး။ ခဏနေရင် သူ အားလျော့ သွားလိမ့်မယ်”
အားလုံး၏ တိုက်ခိုက်မှုများ တဖြည်းဖြည်းချင်း လျော့ကျ လာသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန်း အလျင်အမြန်ပင် ကျယ်လောင်စွာ သတိပေး လိုက်သည်။
သူ့ကလေး ဒဏ်ရာ ရသွားသောကြောင့်နှင့် သူ နာကျင်သွားရသောကြောင့်သာ လူဝံအမေကြီးသည် ကြောက်စရာ ကောင်းစွာ ပတ်ရမ်းနေခြင်း ဖြစ်၏။ ကြယ်ခုနစ်ပွင့် အဆင့်သားရဲသည် ပဥ္စမအဆင့် ဝိညာဉ်သခင်များ မတိုက်နိုင်ဘဲ ပြန်ဆုတ်သွားရမည့် သားရဲမျိုး မဟုတ်ပေ။
ထိုအခြေအနေသည် ချက်ချင်း ပြန်လည် တိုးတက် ကောင်းမွန် လာခဲ့သည်။ သူတို့သည် ကြမ်းတမ်းသည့် တောတွင်းလူဝံနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သော်လည်း လူဝံကြီး၏ ခန္ဓာကိုယ်သည် အလွန် ကြီးမားလှ၏၊ ထို့ကြောင့် သူ၏လှုပ်ရှားမှုသည် သူတို့အုပ်စုလောက် လျင်မြန် သွက်လက်မှု မရှိပေ။ ဉာဏ်သုံးကာ အချိန်မီ ရှောင်နိုင်မည်ဆိုလျှင်၊ သင်၏ရဲဘော်များကလည်း သူ့အား မျှားပေး ထားမည်ဆိုလျှင် ဤလူဝံကြီး ဒေါသပြေငြိမ်း သွားသည်အထိ အချိန်ဆွဲနိုင်ရန်မှာ သိပ်ပြီး ပြဿနာ မရှိပေ။
သူ၏ဒေါသ လျော့ကျသွားကာ အနည်းငယ် ငြိမ်သွားသည်နှင့် အားလုံးသည် သူ့အား ထိခိုက်အောင် လုပ်နိုင်ပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ့အား သွေးထွက်သံယို ဖြစ်အောင် လုပ်ကာ အားနည်းသွားအောင် အရင်လုပ်မည်၊ ပြီးသည်နှင့် သတ်ပစ်လိုက်၍ ရပြီဖြစ်သည်။
သူတို့အားလုံးသည် ဉာဏ်ကောင်းသည့် လူများဖြစ်သည်။ ဒါ့အပြင် ဤအတောအတွင်းတွင် သူတို့သည် တစ်နေကုန် တစ်နေခန်း၊ နေ့နေ့ညည အတူရှိခဲ့ကြခြင်း ဖြစ်၏။ ထို့ကြောင့် တစ်ယောက်အကြောင်း တစ်ယောက် အတော်အသင့် နားလည်နေကြပြီ ဖြစ်သည်။ ချက်ချင်းပင် အားလုံးသည် ဆဌမအဆင့် ဝိညာဉ်သခင် နှစ်ယောက်၏ ဦးဆောင်မှု နောက်လိုက်ကာ တောတွင်းလူဝံအား အတူတကွ စတင် ဝိုင်းဝန်း တိုက်ခိုက် လိုက်ကြသည်။
တောတွင်းလူဝံ အမေကြီး၏ အော်ဟစ်သံသည် ကောင်းကင်ကြီး ကွဲထွက်မတတ် ကျယ်လောင် လှပေသည်။ ထို့နောက် သူသည် ရုတ်တရက် ခက်ထန်လာကာ အသည်းခိုက်မတတ် နာကျင်သည့် အသံဖြင့် အော်ဟစ် လိုက်သည်။
ဂါး…
ထို့နောက် လူဝံအမေကြီးသည် သူ့ရှေ့မှ ပစ်မှတ်များကို လျစ်လျူရှုကာ သူတို့အစား သူ့အနောက်မှ ပိုးကောင်များအား ရိုက်ချ လိုက်သည်။
ကြီးမားလှသည့် တောတွင်း လူဝံအမေကြီး၏ အော်ဟစ် လှုပ်ရှားမှုများသည် တောအတွင်းရှိ အဆိပ်ရှိသည့် အကောင်များ အဆိပ်မရှိသည့် အကောင်များ၊ ပုန်းနေသည့် အကောင်များ လျင်မြန်သည့် အကောင်များ၊ ပျံနိုင်သည့် အကောင်များ တွားသွား သတ္တဝါများ အစရှိသည့် သေးငယ်သော သားရဲအင်းဆက် အပါအဝင် ကြီးငယ်မရွေး တိရစ္ဆာန်များ အားလုံးကို ထိတ်လန့် သွားစေကာ သူတို့သည် ဒေါသတကြီးဖြင့် လူဝံအမေကြီးအား အအုံလိုက် စုပြုံ တိုက်ခိုက် လိုက်ကြတော့သည်။
မြွေများ၊ တွားသွားကောင်များ၊ ကြွက်နှင့် ပုရွက်ဆိတ်များက လူဝံကြီးအား ဝိုင်းအုံ တိုက်ခိုက်နေသည့် မြင်ကွင်းကြောင့် ဝမ်ရှန်းနှင့် အခြားသူများ ထိတ်လန့် သွားခဲ့ကြသည်။ သူတို့သည် ထိုလူဝံ၏ သွေးနံ့နှင့် သွေးအရသာကြောင့် ပို၍ တက်ကြွသွားကြကာ လူဝံအမေကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ကွက်ပြီးတစ်ကွက် ဖြစ်ပေါ် လာခဲ့တော့သည်။
သတ္တမအဆင့် သားရဲတစ်ကောင်၏ သွေးသည် ထိုသေးငယ်သည့် အင်အားများကို ကြောက်စရာ ကောင်းလောက်အောင် ဆွဲဆောင်နိုင်ပေသည်။
ဂါးးး…. ဂါးးး…. ဂါး…..
တောတွင်းလူဝံ အမေကြီးသည် အော်ဟစ်နေရင်းပင် ထိုအင်းဆက် ကောင်များအား ဒေါသတကြီး တိုက်ခိုက် လိုက်သည်။ ထိုသို့ အင်းဆက်များကိုသာ သည်းကြီးမည်းကြီး အာရုံစိုက် နေသောကြောင့် သူ၏အာရုံသည် လူအုပ်ကြီးအပေါ်သို့ တဖြည်းဖြည်းချင်း လျော့ကျ လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက် ရသောအခါမှသာ ဝမ်ရှန်း စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်သည်။
ထို့နောက် ချက်ချင်းပင် “ဒဏ်ရာရတဲ့ လူတွေခေါ်ပြီး သွားတာ့” အားလုံး၏ နားအတွင်းသို့ လေးနက်သည့် အသံတစ်သံ ဝင်ရောက် လာခဲ့သည်။ အားလုံးသည် ထိုစကားကို လျစ်လျူမရှုခဲ့ကြပေ။ ချက်ချင်းပင် ဘေးပတ်ပတ်လည်ကို ကြည့်ကာ အကူအညီ လိုနေသည့် လူရှိမရှိ ကြည့်လိုက်ပြီး ရှိလျှင် ထိုလူကို တွဲထူမ,ပေးကာ အလျင်အမြန် ထွက်ပြေး သွားလိုက်ကြသည်…
***