Switch Mode

Chapter – 265

တိုက်ခိုက်ခြင်း (၂)

အပိုင်း ၂၆၅
တိုက်ခိုက်ခြင်း (၂)

ကွီ… ကွီ… ကွီ

ဖန်းဝိညာဉ်သခင်အား မြင်လိုက် ရသောအခါ မျောက်ပေါက်စလေး နှစ်ကြိမ်တိုင်တိုင် စူးရှစွာ အော်ဟစ်လိုက်သည်။ ထိုအချိန်မှသာ ထိုဝိညာဉ်သခင်လည်း စိတ်သက်သာရာ သွားတော့သည်။ မျောက်လေး တစ်ကောင်သာ ဖြစ်၏။ ထို့နောက် ထိုမျောက်လေးသည် အော်ဟစ်ပြီးနောက် သစ်ပင်နောက်သို့ ခေါင်းပြန်ဝင် သွားခဲ့သည်။

ဖန်းဝိညာဉ်သခင်သည် သူ ဖြုတ်လာသည့် ဓားကို သေချာဂရုတစိုက် စစ်ဆေးရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိ သွားလေသည်။ အနောက်သို့ ပြန်လှည့်ကြည့် လိုက်သည့် အချိန်တွင် မျက်နှာသည်ပင် လူတစ်ရပ်စာမျှ ရှိသော ကြီးမားသည့် မျောက်ကြီး တစ်ကောင်အား တွေ့လိုက်ရသည်။ ထိုမျောက်ကြီး၏ ပုံစံသည် အလွန် ရက်စက် ခက်ထန်သည့်ဟန် ရှိပေသည်။

ဤမျောက်သည် မျက်နှာ တစ်ခုတည်းကိုပင် လူတစ်ရပ်စာ ရှိနေပြီဖြစ်ကာ နဖူးပြင်နှင့် အထက်သည် လူနှစ်ရပ်စာ နီးပါးရှိ၏။ ဂျင်ဒီနယ်မြေ အတွင်းတွင် ဤကဲ့သို့ ကြီးမားသည့် အကောင်မျိုးသည်ကား တစ်မျိုးတည်းသာ ဖြစ်နိုင်သည့် ကြယ်ခုနစ်ပွင့် သားရဲ တောတွင်း လူဝံကြီးပင် ဖြစ်လေသည်။

ကြယ်ခုနစ်ပွင့် ဆိုသည်မှာ အရွယ်ရောက် တောတွင်းလူဝံကြီး တစ်ကောင်သည် သတ္တမအဆင့် ဝိညာဉ်သခင်နှင့် အဆင့် အတူတူဟု ဆိုလိုခြင်းပင် ဖြစ်၏။ အချို့ အလွန်တော်သည့် အကောင်များသည် ကြယ်ရှစ်ပွင့် အဆင့်ပင် ရှိနိုင်ပေသည်။

ယခု ကြုံတွေ့လိုက်ရသည့် တောတွင်း လူဝံမှာ အရွယ်ရောက် လူဝံတစ်ကောင် ဖြစ်ပေရာ သူသည် ကြယ်ခုနစ်ပွင့် သားရဲပင်ဖြစ်၏။

ဖန်းဝိညာဉ်သခင်နှင့် ခန္ဓာကိုယ်ကိုပင် မမြင်ရသည့် တောတွင်းလူဝံတို့ အကြည့်ချင်း ဆုံသွားခဲ့သည်။ ဝမ်ရှန်းအပါအဝင် အခြားလူများ အားလုံးသည် ဖန်းဝိညာဉ်သခင်အား ခွေးတစ်ကောင်ကို ကြည့်သည့် အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ ထို့နောက် “ဂလု” ခနဲ မြည်အောင် တံတွေးမျိုချ လိုက်ကြသည်။ အခုတစ်ခေါက်တော့ ပြဿနာ အကြီးကြီး တက်ပြီဖြစ်၏။

ဝမ်ရှန်းသည် သူ၏ထက်သန်လှသည့် အလိုလိုသိစိတ်ဖြင့် သူတို့ကို အန္တရာယ်အတွင်းမှ အကြိမ်ပေါင်းများစွာ ကယ်ထုတ်ခဲ့ပြီး ဖြစ်သည်။ အဲဒါကို ယခုတစ်ကြိမ်တွင် သူက ဘာလို့ မယုံမကြည် ဖြစ်ခဲ့ရသနည်း…

ယခုတစ်ကြိမ်တွင် ဤဖန်းမိသားစုမှ ဝိညာဉ်သခင်သည် ဒုတိယမြောက် နေရာ၌ ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အား နံပါတ်နှစ်ဟု ခေါ်ကြ၏။ ယခုအချိန်တွင် သူသည် တောတွင်း လူဝံကြီးနှင့် အကြည့်ချင်း ဆုံနေကာ သူတို့နှစ်ယောက်ကြားတွင် သစ်ပင် ပင်စည်တစ်ခုသာ ခြားနေလေသည်။ တောတွင်း လူဝံကြီးဘက်မှ တုတ်တုတ်မျှ မလှုပ်ရှားခဲ့သော်လည်း နံပါတ်နှစ်၏ ခေါင်းနှင့် မျက်နှာထက်တွင် ချွေးများ ရွှဲနစ်နေပြီဖြစ်၏။

သူသည် ဝမ်ရှန်း၏ စည်းကမ်းကို စိန်ခေါ်ခဲ့ခြင်းလား… မဟုတ်ပါ၊ ထိုကဲ့သို့ မဟုတ်ပါ… ဝမ်ရှန်း၏ စည်းကမ်းကို စိန်ခေါ်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ပေ။ အဆုံးထိ ဝမ်ရှန်း နှင့်အတူ ပူးပေါင်း မည်ဟုပင် တွေးထားခဲ့ခြင်း ဖြစ်၏။ သို့သော် သူသည် သူ့ဘိုးဘေး အသုံးပြုခဲ့သည့် ဓားကို ရုတ်တရက် မြင်လိုက် တွေ့ခဲ့ရသည်။

သူ့ခေါင်းထဲ ထိုအတွေးဝင်သွားကာ နံပါတ်နှစ်သည် သူ့ကိုယ်သူအတွက် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှာတွေ့သွားခဲ့သည်။ သို့သော် သူ့အကြောင်းပြချက်သည် မည်မျှပင် ခိုင်လုံနေစေသော်လည်း ယခုအချိန်တွင် သူသည် ဤကြောက်စရာ ကောင်းသည့် တောတွင်းလူဝံနှင့် ရင်ဆိုင်ရတော့မည်ဖြစ်၏။

တစ်ကောင်ပင် မဟုတ်၊ နှစ်ကောင်ဖြစ်၏။ အစောပိုင်း သူတွေ့ခဲ့သည့် အကောင်ငယ်လေးသည် မကြာသေးခင်ကမှ မွေးခဲ့သည့် တောတွင်း လူဝံဖြစ်ကြောင်း သိသာပေသည်။ ထို့ကြောင့် ဤကြီးမားသည့် လူဝံသည် ယခုလေးတင် ကလေးမွေးပြီးသည့် လူဝံအမကြီး ဖြစ်ကာ သူ၏ ကာကွယ် လိုစိတ်ကလည်း အလွန် ပြင်းထန်နေမည်ပင်။

သတ္တဝါများ၏ မိခင်စိတ်သည် သူတို့ကလေးကို ကာကွယ်ရန် အတွက်ဆိုလျှင် ပုံမှန်ထက် သာလွန်သည့် ခွန်အားမျိုး ထုတ်လွှတ်နိုင်သည် မဟုတ်ပါလော။

ဤသို့ဆိုလျှင် ဤကြီးမားသည့် လူဝံအမကြီးသည် အဌမအဆင့် ပြင်းထန်သည့် အင်အားကို ထုတ်လွှတ် နိုင်သည်ဟု ဆိုနိုင်ပေသည်။ ပိုဆိုးသည်မှာ သူတို့သည် ဤအမကို သူ့ကလေး မွေးပြီးခါစ အချိန်၌ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးရမည်လား…

တောအုပ်အတွင်းတွင် တောတွင်းလူဝံနှင့် ယှဉ်ကာ ထွက်ပြေး၍ မလွတ်နိုင်ပေ။ ဤအကြံသည် ရယ်စရာပင် ကောင်းပေမည်။ တောတွင်းလူဝံတွင် တောတွင်းဟူသည့် နာမည်ကို ရှေ့၌ ထည့်ထားခြင်းမှာ သူတို့သည် မွေးဖွားသည့် အချိန်မှစ၍၊ အရွယ်ရောက်သည့် အချိန်၊ သေသည့်အချိန်အထိ တောတွင်း၌ နေထိုင်သောကြောင့်ဖြစ်၏။ သူတို့ အမူအကျင့်ကို ထည့်မတွက် သေးသည့်တိုင် အရွယ်အစားနှင့်တင် သူတို့၏ခြေလှမ်း တစ်လှမ်းသည် သာမန်လူ၏ ဆယ်လှမ်းခန့် ရှိနေပြီဖြစ်၏။

သို့မဟုတ် ဤတောတွင်းလူဝံနှင့် ယှဉ်ပြိုင်ရမည်လော။ ထိုအကြံ ထွက်လာသည်ကိုသာ သိလျှင် အားလုံး သူ့ကို ဝိုင်းထုနှက်မည် ဖြစ်သည်။ တောတွင်းလူဝံသည် သူပုန်းနေသည့် သစ်ပင်ကြီးကိုပင် သာမန် တုတ်ချောင်း တစ်ချောင်းကဲ့သို့ အမြစ်နုတ် မ,တင်နိုင်ပေသည်။

တိုက်ခိုက်မည်… နံပါတ်နှစ်၏ စိတ်ထဲတွင် ထိုအသံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ကာ သူ၏တိုက်ခိုက်လိုစိတ် မြင့်တက် လာခဲ့သည်။ သို့သော်လည်း သူသည် သူ့ခြေထောက်များကိုပင် မ,မရဘဲ အဆက်မပြတ် တဆတ်ဆတ် တုန်နေလေသည်။

ကြယ်ရှစ်ပွင့်အဆင့် တောတွင်းလူဝံ… ဖန်းဝိညာဉ်သခင်သည် ပဥ္စမအဆင့် ဝိညာဉ်သခင် တစ်ယောက်သာ ဖြစ်၏။ အများဆုံး အနေဖြင့် ပဥ္စမအဆင့် အထွတ်အထိပ် အဆင့်သာ ဖြစ်သည်။ ထိုအဆင့်ဖြင့် ကလေးကို ကာကွယ် ပေးနေသည့် အဌမအဆင့် တောတွင်းလူဝံကို မည်သို့မှ ယှဉ်ပြိုင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ယခုအချိန်တွင် သူ၏အဖွဲ့ဝင်များထဲမှ တစ်ယောက်ယောက်သာ ဤတောတွင်းလူဝံ အမကြီးကို သွားနှောင့်ယှက်မည် ဆိုလျှင် သူသည် ထိုလူကို သူ့အကြည့်အတိုင်း ခွေးတစ်ကောင်ကို ကြည့်သည့် အကြည့်ဖြင့် ပြန်ကြည့်ပစ်မည် ဖြစ်သည်။

အတွေးများက ယောင်ယက်ခတ်နေကာ သူ့စိတ်ထဲ၌ အတွေးပေါင်း များစွာ ရှိနေတော့သည်။ သို့သော် သူ၏ခန္ဓာကိုယ်ကတော့ ကျောက်ရုပ်ကဲ့သို့ တောင့်တင်းစွာ ရပ်နေလျက် ဇောချွေးများ တပြိုက်ပြိုက် ကျနေပြီဖြစ်၏။

သို့သော် တောတွင်းလူဝံသည် ဒေါသထွက်နေဟန် မရှိပေ။ နှာမှုတ်ကာသာ သူ့ကလေးကို ကာကွယ်သည့် အမူအရာ ပြလိုက်၏။ ဤတောတွင်းလူဝံ အမ၏ မျက်လုံးများက ကြမ်းတမ်း မနေတော့ဘဲ ထွက်သွားတော့မည့် ဟန်ကို မြင်လိုက်ရသောအခါ နံပါတ်နှစ် စိတ်သက်သာရာ ရသွားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်မှာပင် မွေးထားခါစ ချစ်စရာကောင်းသော တောတွင်းလူဝံ ပေါက်စလေးသည် မွေးကင်းစ ဆိုသည့်အတိုင်း ကမ္ဘာကြီးအကြောင်း စူးစမ်း လေ့လာချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် လက်ဆန့်ထုတ်ကာ နံပါတ်နှစ် လက်အတွင်းရှိ ဓားကို ရုတ်တရက် လှမ်းဆွဲ လိုက်လေ၏။

ထိုလူဝံပေါက်စသည် သာမန်လူ အရွယ်အစား တစ်ဝက်ခန့်သာ ရှိကာ ကြီးမားသည့် လူဝံနှင့်ယှဉ်လျှင် အရွယ်အစား သေးငယ်လှ၏။ မွေးကင်းစ ဖြစ်သည့် အတွက်ကြောင့် သူ၏အရေပြားသည်လည်း အလွန်ပါးလျ နူးညံ့လှသည်။ ဒါ့ပြင် တောတွင်း၌ သူ၏မိဘများမှာ ဘုရင်များ ဖြစ်ကြောင်းကိုလည်း မတွေးတတ်သေးပေ။ စပ်စုစူးစမ်းချင်စိတ်သာ ပြင်းထန်နေကာ အရာအားလုံးကို ထိတွေ့စမ်းသပ် ကြည့်ချင်နေ၏။

ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသည့် ဖန်းမိသားစု စီနီယာများ အားလုံးသည် တောတွင်း ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ဒါ့ပြင် သူတို့နှင့်အတူ သယ်ဆောင်သွားသည့် လက်နက်များကလည်း အကောင်းဆုံး လက်နက်များပင် ဖြစ်၏။ ဤဓားက နွှယ်ပင်များကြား၌ အချိန် ဘယ်လောက်ကြာအောင် ရစ်တွယ်နေသည်ကို မသိသော်လည်း ဓားသွားသည် အလွန် ထက်ရှနေဆဲ ဖြစ်သည်။

ထို့ကြောင့် တောတွင်းလူဝံ ပေါက်စလေး ဓားသွားအား လှမ်းဆွဲလိုက်သည့် အချိန်တွင် လက်ရှသွားကာ သွေးများ ပန်းထွက် သွားတော့သည်။ ထိုအချိန်တွင် နံပါတ်နှစ်သည် သူ ဤဓားကို ဘယ်တုန်းကမှ မမြင်ခဲ့လျှင် ကောင်းမည်ဟု စိတ်ကူးလိုက်မိ၏။

ထို့ပြင် သူ့အိမ်မှ လက်နက် ပြုလုပ်သူများကိုလည်း မမုန်းစဖူး မုန်းတီးမိပေသည်၊ သူတို့သည် လက်နက်ကို ဘာကြောင့် ဒီလောက်ထိကောင်းအောင် လုပ်ခဲ့ကြသနည်း…

အီ…. အီ…..

သွေးအနံ့နှင့် သူ့ကလေး အော်ဟစ်သံကို ကြားလိုက်ရသော သူတို့အုပ်စုအား ကြည့်နေသည့် တောတွင်းလူဝံ အမေကြီး၏ မျက်လုံးများ ချက်ချင်း ရဲရဲတွတ် သွားခဲ့သည်။

ဂါး….

ဒုန်း… ဒုန်း… ဒုန်း…

မိုးကြိုးပစ်သံသမျှ ကျယ်လောင်လှသည့် အသံနှင့်အတူ ပေါက်ကွဲ ထွက်တော့မည့်အလား ဒေါသတကြီး ရင်ဘတ်စည်တီးသံ ထွက်ပေါ်လာခဲ့သည်။ ယခု တစ်ကြိမ်တော့ ပြဿနာ အကြီးအကျယ် တက်ပြီဖြစ်၏…

ကံကောင်းသည်က တောတွင်း လူဝံများသည် ကလေး မွေးဖွားသည့် အချိန်တွင် သူတို့အုပ်စုမှ ရက်အနည်းငယ် ခွဲထွက် နေတတ်ခြင်း ဖြစ်သည်။ ကလေးမွေးပြီးသည့် အချိန်မှသာ သူတို့အုပ်စုထံသို့ ပြန်သွားကြခြင်း ဖြစ်သည်။

ထို့ကြောင့် ပြောရမည်ဆိုလျှင် ယခုအချိန်တွင် သူတို့အားလုံးသည် တောတွင်းလူဝံ တစ်ကောင်တည်းနှင့်သာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။ ကြိုးစားပြီး အတူတကွ ပူးပေါင်း တိုက်ခိုက်ကြမည်ဆိုလျှင် အသက်ရှင်နိုင်ခြေ ရှိသေးပေသည်။

ထွက်ပြေးဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။ ဝိညာဉ်အဆင့်ကို ဖုံးကွယ်ထားသည့် ဤလူများထဲတွင် သတ္တမအဆင့် တစ်ယောက် နှစ်ယောက်လောက် ပါနေဖို့တော့ ဝမ်ရှန်း မျှော်လင့်မိပေသည်။

“တိုက်ကြ…”

ထိုအချိန်တွင် ဝမ်ရှန်းသည် တိတ်တိတ် နေရန်နှင့် သားရဲကို မနှောင့်ယှက်ရန် အစရှိသည့် သတိပေးချက်များကို ဂရုစိုက် မနေတော့ချေ။ လူအုပ်ကြီးအား ထိုစကားသာ အော်ဟစ် ပြောဆိုလိုက်၏။

“အခု တစ်ကောင်ပဲ ရှိသေးတယ်။ သူ တခြားအကောင်တွေကို ခေါ်တာ စောင့်နေမယ်ဆိုရင် ဘာအခွင့်အရေးမှ ရှိတော့မှာ မဟုတ်ဘူး…”

ထိုကဲ့သို့ ပြောပြီးသည်နှင့် ဝမ်ရှန်းကိုယ်တိုင် လူဝံအမကြီးအား စတင် တိုက်ခိုက် လိုက်သည်။

ချက်ချင်းပင် သူ့လက်ထဲ၌ သံလုံးနှစ်လုံး ပေါ်လာခဲ့ကာ သူသည် ထိုသံလုံးများကို လက်မဖြင့် တောက်လိုက်ပြီး တောတွင်း လူဝံအမ၏ မျက်လုံးများကို ဦးတည် တိုက်ခိုက် လိုက်သည်။ သံလုံး၏ အလျင်သည် အလွန် လျင်မြန်လှကာ ပြင်းအားသည်လည်း သေနတ်ဖြင့် ပစ်လွှတ်သည့် ကျည်ဆံ၏ ပြင်းအားထက် ပိုပြင်းပေသည်။

“ဝှီး…”

“ဝှစ်”
***

Comment

Leave a Reply

Options

not work with dark mode
Reset