အပိုင်း(၂၆၄)
တိုက်ခိုက်ခြင်း(၁)
ထိုအချိန်တွင် မည်သူမျှ စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ချေ။ မေးလို့ရ၊ အဖြေတောင်းလို့ ရသည်ဆိုမှတော့ အားလုံး မပျော်ရွှင်ကြပဲ နေပါတော့မည်လော။ တစ်နည်းအားဖြင့် ဆိုရမည်ဆိုလျှင် ဝမ်ရှန်း၏ စည်းမျဉ်း စည်းကမ်း နှစ်ခုတွင် တစ်ခုကိုသာ အတည်ယူ၍ ရသည်ဖြစ်၏။
ဝမ်ရှန်းသည် ပထမ စည်းမျဉ်းကိုသာ ဖောက်ဖျက်၍ မရသည့် စည်းမျဉ်းဟု အလေးထား ပြောခဲ့ပြီး ဒုတိယ စည်းမျဉ်းကို ထိုကဲ့သို့ ပြောခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ ထိုစည်းမျဉ်းကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိလျှင် ဖောက်ဖျက်၍ရပေမည်။
ပထမစည်းမျဉ်း စည်းကမ်းကို ဖောက်ဖျက်ဖို့ရန် အတွက်တော့ မည်သူကမျှ ရူးမနေပေ။ သံမဏိကဲ့သို့ ခိုင်မာသည့် ဤပထမ စည်းမျဉ်းသည် ကိုယ့်အသက်ကို ကယ်ပေးမည့် စည်းမျဉ်း မဟုတ်ပါလော။ ထို့ကြောင့် ဤသည်ကို ချိုးဖောက်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ထို့နောက် လူဆယ်ယောက်၏ သက်ဆိုင်ရာ အကြီးအကဲများမှ သူတို့လူအား မျက်လုံးတစ်ချက် မှိတ်ပြကာ အချက်ပြလိုက်၏။ သူတို့လည်း သဘောတူသည့် အနေဖြင့် ခေါင်းပြန် ညိတ်ကြလိုက်၏။ မေးခွန်း ၁၀ ခု လမ်းတစ်လျှောက်၌ မည်သည့် မေးခွန်းကို မေးသင့်ကာ မည်သည့် မေးခွန်းကို မမေးသင့်ကြောင်း ကောင်းကောင်း စဉ်းစားခဲ့ရပေသည်။
အခြားမေးချင်တာများ ရှိလျှင်လည်း မေးခွန်းကို ထပ်တိုးမေး၍ ရနိုင်သည်။ ဝမ်ရှန်းသည် နှလုံးသန့်စင် ဆေးပြား သို့မဟုတ် ထိုဆေးပြားနှင့် အဆင့်တူသည့် ဆေးပြားများကို ရလျှင် ကျေနပ်သည်ဟု အရိပ်အမြွက် ပေးခဲ့သည်။ ဆေးပြားတစ်ပြားကို မေးခွန်း ၁၀ ခု နှုန်းစီဖြစ်၏။
ပထမအကြိမ် အဖြစ်အပျက်မှ သင်ခန်းစာ ယူကာ အင်အားစု တစ်ခုချင်းစီသည် ဂျင်ဒီနယ်မြေ အတွင်း၌ ဝမ်ရှန်းအား ကလန်ကဆန် မလုပ်ရန် သူတို့ဂိုဏ်းသားများကို တင်းတင်းကြပ်ကြပ် အမိန့်ပေး ထားပေသည်။ သို့မဟုတ်ပါက သူတစ်ဦးတည်း သေသွားခြင်းမှာ ကိစ္စမရှိ သော်လည်း သူတို့အင်အားစု၏ တာဝန်ပါ ကျဆုံးသွားမည်က ပိုအရေးကြီး ပေသည်။ ထို့ကြောင့် ယခုတစ်ချိန် ချင်ဒီနယ်မြေ အတွင်းသို့ သွားရာတွင် ဝမ်ရှန်း၏ စကားကို မည်သူမျှ ဆန့်ကျင်ခြင်း မပြုခဲ့ကြ အရာအားလုံးသည် ချောချောမွေ့မွေ့နှင့်သာ သွားနေခဲ့သည်။
ဤလူများသည် နှစ်လကျော်ကြာ လေ့ကျင့်ထားသည့် လူများဖြစ်၏။ ထို့ကြောင့် တောအုပ်များနှင့် မစိမ်းသက်နေပေ။ ဝမ်ရှန်းက မှန်ကန်သော နည်းလမ်းနှင့် ဦးတည်ချက်များကို ပြသနေသ၍ အားလုံးသည် ထိုအတိုင်း တသွေမသိမ်း လိုက်လုပ် နိုင်ကြပေသည်။
ယခုတစ်ချိန်တွင် လမ်းကြောင်းသည် ယခင် တစ်ခေါက်ကနှင့် မတူတော့ပေ။ သူတို့သွားသည့် ဦးတည်ချက်ကလည်း ကွဲပြားသွား၏။ ဝမ်းရှန်းသည် ဤလူများကို တောတွင်း အလည်အပတ် လမ်းလျှောက်ဖို့ရန် ခေါ်သွားခြင်းမျိုး အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် ယခုအခါ သူတို့သည် တောအုပ် အလယ်သို့သာ တည့်တည့် သွားလိုက်ကြသည်။
ထိုနေရာသည် ချီရှုံးခန်းမ၊ ရှန့်ယင် အကျဉ်းထောင် သို့မဟုတ် ရှီမိသားစု တည်ရှိခဲ့သည့် နေရာ မဟုတ်ပေ။ ဗဟုသုတရရန် တောတောင်ရေမြေ ထူထပ်သည့် တောအတွင်းသို့ သွားခြင်းသာ ဖြစ်သည်။ ထိုနေရာ၌ အခြေအနေ ဘယ်လိုရှိကြောင်းနှင့် ဘာတွေဖြစ်မလဲ ဆိုတာကို ဝမ်ရှန်း အပါအဝင် မည်သူမျှ မသိပေ။
ဥပမာ ယခုအခါ အားလုံးသည် ကြီးမားသည့် သစ်ပင်ကြီး တစ်ပင်ကို သုံးလေးယောက် တစ်စု ဝိုင်း၍ မှီနေကြကာ တိတ်ဆိတ်စွာ ရပ်နေကြ၏။ ရုတ်တရက် ဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်ဆိုင်းနေကြကာ မည်သူမဆို တုတ်တုတ်မျှ မလှုပ်ရှားရဲပေ။
ဤအဖြစ်အပျက်သည် အလွန် ရုတ်တရက်ဆန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဝမ်ရှန်းသည် အားလုံးနှင့်အတူ လမ်းလျှောက် နေစဉ်ပင် ရုတ်တရက် တိတ်တိတ်နေရန် အချက်ပြခဲ့ခြင်း ဖြစ်၏။ အားလုံးသည်လည်း သူတို့ခြေလက်များကို ရပ်တန့် လိုက်ကြကာ ဝမ်ရှန်းအား နားမလည်စွာ ကြည်လိုက်ကြသည်။
သို့သော် မည်သူကမျှ ဝမ်ရှန်းအား မေးခွန်း မထုတ်ခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် ဝမ်ရှန်း၏ အလိုလို သိစိတ်သည် သူတို့ကို အကြိမ်ပေါင်း များစွာ သက်သေပြခဲ့ပြီး သောကြောင့်ပင်ဖြစ်၏။
ဝမ်ရှန်းသည် သူ့အား ဝန်းရံနေသည့် သူထက် ဝိညာဉ်အဆင့် မြင့်မားသည့် ဝိညာဉ်သခင်ထက် အန္တရာယ်များကို ဦးစွာ ရှာတွေ့လေ့ ရှိသည်။ သို့သော် သူဘယ်လို ရှာတွေ့ခဲ့သည်ကို မည်သူမျှ မရှင်းပြနိုင်ပေ။ ထို့ကြောင့် ထိုအရာက အလိုလို သိစိတ်တာ ဖြစ်ရမည်ဟု အားလုံး ကောက်ချက် ချလိုက်၏။
လတ်တလောတွင် သူတို့သည် ဝမ်ရှန်း၏ လုပ်ရပ်ကို မည်သူမျှ နားမလည်နိုင်ပေ။ သူသည် အားလုံးကို သစ်ပင်ကြီး တစ်ပင် နောက်၌ ဂရုတစိုက် ပုန်းနေပြီး ဘယ်မှ မထွက်ရန် သို့မဟုတ် အသက်ပင် ပြင်းပြင်း မရှူရန် ပြောထားလေသည်။
ဘယ်လို ရန်သူမျိုးလဲ ဆိုတာကို ဘယ်သူမှ မသိပေ။ သို့သော် အားလုံးသည် ဝမ်ရှန်း၏ ညွှန်ကြားချက် အတိုင်း တစ်တဝေမသိမ်း နားထောင် လိုက်ကြ၏။ ဘာပဲပြောပြော တစ်ခဏလောက်တာ မလှုပ်မရှား နေရမည်ဖြစ်သည်။ ဝမ်ရှန်းက ဟန်ဆောင်နေသည် ဆိုသည်တောင် ဘာမှ ထွေထွေထူးထူး ကိစ္စမရှိချေ။
အန္တရာယ် ဖြတ်ကျော် သွားမည့် အချိန်ကို အားလုံး တိတ်တဆိတ် စောင့်ဆိုင်း နေစဉ်မှာပင် ဝိညာဉ်သခင်များထဲမှ တစ်ယောက်သည် သူ၏မျက်လုံးဖြင့် တောင်တောင်ဤဤ လျှောက်ကြည့် နေခဲ့၏။ ထိုအခိုက်အတန့် အတွင်းမှာပင် သူ၏အကြည့်များ ရုတ်ခြည်း ရပ်တန့် သွားခဲ့သည်။
သူနှင့် မျက်နှာချင်းဆိုင် သူ၏ခေါင်းအပေါ် လက်တစ်လှမ်း အကွာရှိ နွယ်ပင်များ ကြား၌ ရစ်ပတ်နေသည့် ပစ္စည်းတစ်ခုကို သူတွေ့လိုက်ရသည်။ နွယ်ပင်များသည် အထက်မှအောက်သို့ ကျနေခြင်းဖြစ်ကာ သေချာဂရုတစိုက် မကြည့်ဘူးဆိုလျှင် ထိုနွယ်ပင်များ အောက်၌ ဘာရှိနေမည် ဆိုတာကို မသိရပေ။
ထိုပစ္စည်းကို မြင်လိုက်ရသည့် ဝိညာဉ်သခင်၏ မျက်လုံးများ တောက်ပ သွားသည်။ နွယ်ပင်များကြားမှ ထွက်နေသည့် အရာသည် ဓားတစ်ချောင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်ရပေသည်။
ထိုနေရာ၌ ချိတ်မိနေသည်မှာ ဘယ်လောက်ပင် ကြာနေသည်မှန်း မသိတော့။ ဓားသွားသည် အနည်းငယ်ပင် သံချေး တက်နေပြီ ဖြစ်သည်။
ဂျင်ဒီနယ်မြေ အတွင်း၌ လူများရှိနေခြင်းမှာ မထူးဆန်းပါ။ ဤနေရာ၌ လူများ သေဆုံးခဲ့ပြီး သူတို့ပစ္စည်းများ ကျန်နေခဲ့သည်မှာလည်း မထူးဆန်းပါ။ သို့သော် ဤဓား၏ ဓားသွားသည် သူနှင့်အဘယ်ကြောင့် အလွန် ရင်းနှီးနေရသနည်း…
ထိုဝိညာဉ်သခင်သည် ဖန်းမိသားစုမှ ဖြစ်သည်။ သူ ဓားလက်ကိုင်နှင့် အလွန် ရင်းနှီးနေရခြင်းမှာ ဓားလက်ကိုင်၏ ပုံစံသည် သူတို့ ဖန်းမိသားစု ကိုင်သည့် ဓားသွားနှင့် တစ်ထေရာတည်း တူနေသောကြောင့်ဖြစ်၏။ နွယ်ပင်များကိုသာ ဖယ်လိုက်မည် ဆိုလျှင် ဓားသွားပေါ်၌ “ဖန်း” ဟူသည့် စာလုံး ပေါ်လာမည် ဖြစ်သည်။ ဤဓားသည် ယခင်က ဂျင်ဒီနယ်မြေ အတွင်းမှ ကိုင်ခဲ့ဖူးသည့် ဖန်းမိသားစုမှ ဘိုးဘေးတစ်ဦး ကိုင်ဆောင်ခဲ့သည့် ဓားဖြစ်သည်။
အားလုံး ထိုနေရာ၌ ရပ်နေသည်မှာ နာရီဝက် ကြာပြီဖြစ်၏။ သို့သော် ဘာမှ မဖြစ်လာခဲ့သေး။ အားလုံးသည် ဘာမှ မပြောကြသော်လည်း ဝမ်ရှန်းက သူတို့အပေါ် လှည့်စားနေသည်ဟု ထင်ကာ ဝမ်ရှန်အား အော်ဟစ် ကြိမ်းမောင်းနေပြီ ဖြစ်၏။
ဤအခြေအနေမျိုးတွင် ဖန်းမိသားစုမှ ဝိညာဉ်သခင်သည် သူ့ဘိုးဘေး၏ဓားနှင့် လက်တစ်ကမ်း အကွာတွင် တွေ့လိုက်ရမည်ဆိုလျှင် ဘာလုပ်မည်နည်း…
အမှန်တကယ်တော့ ထိုဝိညာဉ်သခင်သည် အလွန်ပင် စိတ်ရှည်လှပေသည်။ သူ့ဘေး ပတ်ပတ်လည်တွင် အန္တရာယ်ရှိသည်နှင့် သူသည် မလှုပ်မယှက် တည်ငြိမ်စွာ နေခဲ့၏။ ဝမ်ရှန်းက သူတို့အား လှည့်စားနေလျှင်ပင် သူသည်စိတ်ထဲ၌သာ မှတ်ထားမည် ဖြစ်သည်။ ဘာမှပြောမည် မဟုတ်ပေ။ သို့သော် အချိန်ကြာလာသည် နှင့်အမျှ သူသည် ထိုဓားကို ကြည့်ပဲကြည့် မနေနိုင်တော့ချေ။
သို့သော် ထိုဝိညာဉ်သခင်မှ ဘာပြဿနာမှ မရှိဟု ထင်နေသည့် အချိန်မှာပင် သူ့ဘေးနှစ်ဖက်၌ ရှိနေသည့် ဝိညာဉ်သခင် နှစ်ယောက်သည်လည်း ဘေးပတ်ပတ်လည်အား လျှောက်ကြည့် နေကြကာ နောက်ဆုံး သူ့ဘက်သို့ အရောက်တွင် အကြည့်များ ရပ်သွားခဲ့ကြသည်။ သူတို့နှစ်ယောက်သည်လည်း နွယ်ပင်များကြား၌ တွဲလောင်းကျနေသည့် ဓားများကို တွေ့သွားကြဟန်ရှိ၏။
ထိုအဖြစ်အပျက်ကြောင့် ဖန်းမိသားစုမှ ဝိညာဉ်သခင် ရုတ်တရက် စိုးရိမ်ကာ စိတ်လှုပ်ရှား လာခဲ့သည်။ အခြားလူများလည်း ရှာတွေ့သွားမည်ဆိုလျှင် သူသည် ဤဓားကို သူတစ်ယောက်တည်း သီးသန့် ရှာတွေ့သွားခဲ့ခြင်း မဟုတ်တော့။ သူတို့ကြားတွင် ယှဉ်ပြိုင်ရမှုများ ဖြစ်ချင် ဖြစ်လာနိုင်ပေသည်။ ထိုအချိန်မျိုးတွင် အရင်လှုပ်ရှားခြင်းက ပိုကောင်းပေသည်။
ထို့ကြောင့် ဖန်းမိသားစုမှ ဝိညာဉ်သခင်သည် သူ့လက်ကို တဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ နွယ်ပင်များ ရစ်သိုင်းနေသည့် ဓားကိုယူရန် ပြင်လိုက်သည်။
ထိုလှုပ်ရှားမှုကြောင့် သစ်ရွက်အချင်းချင်း ပွတ်တိုက် လှုပ်ခတ်သံများ ထွက်ပေါ်လာခဲ့၏။ ထိုအသံကြောင့် အားလုံး၏ အကြည့်များ သူ့အပေါ်သို့ ကျရောက် လာခဲ့သည်။ ထိုအခိုက်အတန့်မှာပင် ဖန်းမိသားစုသည် နွယ်ပင်များ ကြား၌ ရစ်ပတ်နေသည့် ဓားရိုးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီ ဖြစ်၏။
ဟုတ်ပါသည် ဝမ်ရှန်းသည်လည်း ဤမြင်ကွင်းကို မြင်ခဲ့လေသည်။ သို့သော် သူ၏မျက်နှာသည် အခြားသူများကဲ့သို့ လောဘကြောင့် မတောက်ပသွားဘဲ ရုတ်တရက် စိတ်ညစ်သည့် အမူအရာ ဖြစ်ပေါ်လာ၏။
ဝူး….. ဝူး….
ဖန်းမိသားစုသည် သူဆုပ်ကိုင်ထားသည့် ဓားရိုးသည် အနည်းငယ် လှုပ်ခါ သွားစဉ်မှာပင် ရုတ်တရက် အနောက်မှနေ၍ ပြင်းထန်သည့် အသက်ရှူသံ တစ်သံကို ကြားလိုက်ရသည်။
ထိုအသက်ရှူသံကို ကြားလိုက် ရသည်နှင့် တစ်ပြိုင်နက် ဖန်းမိသားစုမှ ထိုဝိညာဉ်သခင်မှာ ရုတ်ခြည်းပင် ကျောချမ်း သွားတော့၏။ သို့သော် ယခုအချိန်တွင် ရပ်၍လည်းမရ ဘာမှပြော၍လည်း မရတော့ပေ သူသည် အားသုံးကာသာ ဓားကို ဆွဲထုတ် လိုက်တော့၏။
ဆိုးတော့မဆိုးပေ။ ထိုဓားသည် အချိန်ဘယ်လောက် ကြာပြီကို မသိနိုင်သော်လည်း မကျိုးမပဲ့သေး အက်ရာများလည်း မရှိသေးပေ။ ဓားကို ဆွဲထုတ်၍ ရသေးမှတော့ အရည်အသွေးက အလွန် ကောင်းသည်ဟု ပြော၍ ရပေသည်။
သို့သော် အားလုံးသည် ထိုဓားပေါ်ကို အာရုံမစိုက် နိုင်တော့ပေ။ သူတို့၏ အာရုံများသည် ပြင်းထန်သည့် အသက်ရှူသံ နှစ်သံပေါ်သို့ ကျရောက် သွားပြီဖြစ်၏။
ထိုအချိန် ဖန်းမိသားစုမှ ဝိညာဉ်သခင်သည် သူပုန်းနေသည့် သစ်ပင်မှ အနည်းငယ် ခေါင်းပြူကာ ကြည့်လိုက်ချိန်တွင် ချစ်စရာ ကောင်းသည့် မျောက်ပေါက်လေး တစ်ကောင်အား တွေ့လိုက်ရလေသည်။
***