အပိုင်း ၂၆၃
ပြောပြလို့ရပါတယ် (၂)
ထိုလက်စွပ် နှစ်ကွင်းထဲမှ တစ်ကွင်းသည် ဝမ်ရှန်း လိုက်သတ်ခံရသည့် အချိန်၌ ရခဲ့ခြင်းဖြစ်ကာ အခြားတစ်ကွင်းသည် အစ်ကိုတစ်ထံမှ ရခဲ့ခြင်း ဖြစ်သည်။ လက်စွပ်နှစ်ကွင်း၏ အကျယ်အဝန်းသည် အတူတူဖြစ်ကာ နှစ်ပေ ကျယ်ဝန်း၏။ ဝမ်ရှန်း၏ ခြောက်ပေကျယ် သိုလှောင် လက်စွပ်ထက် များစွာ ပိုကျဉ်းသော်လည်း ထိုအရွယ်အစားကို အဆင့်မြင့် လက်စွပ်ဟု သတ်မှတ်၍ ရပြီဖြစ်သည်။
ယခုအချိန်တွင် ဝမ်ရှန်းသည် သူ့ထံ၌ သိုလှောင်လက်စွပ် ရှိကြောင်း အခြားသူများ သိသွားမည်ကို စိုးကာ လျှို့ဝှက်ထားနေစရာ မလိုတော့ပေ။ လက်ချောင်း တစ်ချောင်းပေါ်တွင် သိုလှောင်လက်စွပ် နှစ်ကွင်း ဝတ်ထားကာ တစ်ကွင်းစီတွင် သံလုံး အလုံးနှစ်ရာရှိ၏။ ထိုကဲ့သို့ဆိုလျှင် ဝမ်ရှန်းသည် အချိန်မရွေး အဝေးမှနေ၍ တိုက်ခိုက်၍ ရပြီဖြစ်သည်။
ယခင်က ခြေတံသွယ်သွယ်နှင့် အမျိုးသမီးမှာ သူ့အား နောက်တစ်ကြိမ် လုပ်ကြံမည် ဆိုလျှင်လည်း အချိန်မရွေး ပြန်တုံ့ပြန်နိုင်ပြီ ဖြစ်သည်။
စာလုံးကိုးလုံး မန္တန်၏ လုပ်ဆောင်ပုံကို လေ့လာခြင်း၊ အဝေးမှနေ၍ တိုက်ခိုက်၍ရသည့် လက်နက်ကို ပြီးစီး အောင်မြင်ခြင်း၊ မိန်းမစိုးနှင့် သဘောတူညီမှု စသဖြင့် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်နေခဲ့သည်။
သို့သော် ဝမ်ရှန်းသည် သူ၏လက်ရှိ နာမည်ကျော်ကြားမှုကို လျှော့တွက်ခဲ့မိသည်။ အချိန်အတော်ကြာ အိမ်အောင်းပြီးနောက် ချင်းဝေ သူ့ထံ ရောက်လာခဲ့သည်။
ဝူရုံမြို့တွင် ချင်းဝေ၏ တရားဝင် ဂုဏ်ပုဒ်သည် ကြေးစားခန်းမမှ ဝန်ထမ်း၊ ဝမ်ရှန်း တစ်ယောက်တည်းကိုသာ ဝန်ဆောင်မှု ပေးရသည့် အဖွဲ့ဝင် ဖြစ်သည်။ သို့သော် သူမထံတွင် နောက်ထပ် လျှို့ဝှက် ဂုဏ်ပုဒ်တစ်ခု ရှိနေသေးပေသည်။ ဤသည်မှာ လျှို့ဝှက်ဂိုဏ်းမှ ဂိုဏ်းသားဖြစ်၏။
“ငါ နင့်ရဲ့ ကံကောင်းခြင်း ဆေးပြားအတွက် ဆုကြေးကို ဖယ်လိုက်ပြီး ပိုအဆင့်မြင့်တဲ့ ဟွေထျန်း ဆေးမှုန့်နဲ့ ပြန်လဲထားတယ်”
ချင်းဝေသည် ကြေးစားခန်းမမှ အပြောင်းအလဲ အကြောင်းကို ဝမ်ရှန်းအား အရင် ပြောပြလိုက်သည်။
ဝမ်ရှန်း၏ နားမလည်သည့် အကြည့်ကို မြင်လိုက် ရသောအခါ ဟွေထျန်း ဆေးမှုန့်က ဘာလဲဆိုတာကို ဝမ်ရှန်း မသိကြောင်း သူမ နားလည်သွားသည်။
“ဟွေထျန်းဆေးမှုန့်က အသက်ကယ်ဆေးပဲ၊ နင့်မှာ ဝိညာဉ်စွမ်းအား ရှိနေသေးသ၍ ဟွေထျန်းဆေးမှုန့် သောက်တာနဲ့ သေဘေးက လွတ်ပြီ”
“ဟုတ်ပြီ…”
ဝမ်ရှန်းသည် သူ့အသက်ကို ကယ်တင် ပေးနိုင်သည့် မည်သည့် အရာကိုမှ အလကား ဖြစ်သည်ဟု မခံစားရပေ။ ထို့အပြင် ကြေးစားခန်းမ၌ အလုပ်ကြော်ငြာ ထားခြင်းသည် ဝူရုံမြို့အတွင်း၌ အသက်ရှင်နိုင်ခွင့် မြင့်မားရန် အတွက်သာ ဖြစ်သည်။ ကံကောင်းခြင်း ဆေးပြားကိုတောင် မဝယ်နိုင်လျှင် ဟွေထျန်းဆေးမှုန့်ဆိုလျှင် ပြောစရာပင် မလိုချေ။
“ဝမ်ရှန်း၊ ငါတို့ ကိုင်ရွှယ် နန်းတော်က နင်နဲ့ ပူးပေါင်းချင်တယ်။ အဆင်ပြေလား…”
ကြေးစားခန်းမမှ ကိစ္စအကြောင်း ပြောပြီးနောက် ချင်းဝေ သူမဂိုဏ်း၏ အစီအစဉ်အကြောင်း စပြောလိုက်သည်။ ဤအကြိမ်သည် ဝမ်ရှန်းရှေ့၌ သူမဂိုဏ်း နာမည်ကို ထုတ်ဖော် ပြောဆိုသည့် ပထမဆုံး အကြိမ်ပင်ဖြစ်၏။
“နောက်တစ်ခေါက်ကျရင် ငါတို့ ကိုင်ရွှယ်နန်းတော်က ဂိုဏ်းသား တချို့ကို ဂျင်ဒီနယ်မြေထဲ ခေါ်သွားပေးလို့ ရလား”
“အခု ကျွန်တော် လိုချင်နေတာက ကျွန်တော့် ကျင့်စဉ်ကို မြန်မြန် မြင့်တက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာနဲ့ အသက်ဘယ်လို ကယ်ရမလဲ ဆိုတာပဲ”
ဝမ်ရှန်းမှ ချင်းဝေအား ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ဆေးပြားဖြစ်ဖြစ်၊ ကျင့်စဉ်ဖြစ်ဖြစ်၊ တခြား ဘာဖြစ်ဖြစ်ရတယ်။ ကိုင်ရွှယ် နန်းတော်ကသာ ကျွန်တော့်ကို ဒီအပိုင်းမှာ ကူညီပေးနိုင်မယ် ဆိုရင် အစ်မတို့ ဂိုဏ်းသားတွေ ကျင့်စဉ် မြင့်တက်ဖို့အတွက် အစ်မတို့ ဂိုဏ်းသားတွေ ချည်းကိုပဲ ခေါ်သွားပေးလို့လည်း ရတယ်”
မည်သို့ဆိုစေကာမူ သူသည် မိန်းမစိုးကိုလည်း ဤကဲ့သို့ ပြောခဲ့ပြီးဖြစ်၏။ သို့ရာတွင် ချင်းဝေကို နောက်တစ်ကြိမ် ထပ်ပြောလိုက်ခြင်းဖြင့် ပြဿနာ မရှိပေ။ အနည်းဆုံးတော့ အင်အားစုများ အားလုံး ဂျင်ဒီနယ်မြေ၏ လျှို့ဝှက်ချက်များကို တူးဖော်ရန် အတူတကွ ကြိုးစားနေစဉ်တွင် သူ သူ့ကိုယ်သူ ကာကွယ် နိုင်ပေသည်။ သို့သော် ယခု စတုတ္ထအဆင့်သည် ဝိညာဉ်အဆင့် နိမ့်သေးကာ စိတ်ချ၍ မရသေးပေ။
“တကယ်လား…”
ချင်းဝေ သူမနားကိုသူမ မယုံနိုင်သောကြောင့် နောက်တစ်ကြိမ် အတည်ပြု မေးလိုက်သည်။
“ဒါပေါ့…”
ဝမ်ရှန်း ခိုင်မာစွာ ခေါင်းညိတ် လိုက်သည်။
“ဒါပေမယ့်၊ ဂျင်ဒီနယ်မြေထဲ ရောက်ရင် အစ်မလူတွေ ကျွန်တော့်စကား နားထောင်မှ ရမယ်။ မဟုတ်ရင်…”
“ငါ နန်းတော် သခင်ဆီ သတင်း ပြန်သွားပို့ လိုက်မယ်”
ချင်းဝေ အလွန် ပျော်ရွှင်သွားကာ ချက်ချင်း ထထွက်သွား လိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုအား အမှတ်ရ သွားဟန်ဖြင့် တစ်ဖက် ပြန်လှည့်လာကာ ဝမ်ရှန်း၏မျက်နှာ ရှေ့တည့်တည့် ပြေးသွားလိုက်သည်။ ဝမ်ရှန်းမှ မတုံ့ပြန်နိုင်ခင်မှာပင် သူမ ဝမ်ရှန်း၏ပါးအား ညင်သာစွာ နမ်းလိုက်တော့သည်။
“ကျေးဇူးတင်ပါတယ်…”
အနမ်း ပေးပြီးနောက် သူမမျက်နှာ နီရဲသွားကာ ခေါင်းငုံ့ သွားခဲ့သည်။ ထို့နောက် တိုးလျသော အသံဖြင့် –
“နင် ဒီအစ်မကြီးကို မနှစ်သက်တာမျိုး မဖြစ်သ၍ အစ်မကြီးက နင့်ကို အချိန်မရွေး အလုပ်အကျွေး ပြုနိုင်ပါတယ်…”
ထိုသို့ ပြောပြီးနောက် သူမ ဝမ်ရှန်းအား နောက်ထပ် ထပ်မကြည့်ရဲတော့ဘဲ ယုန်တစ်ကောင်ကဲ့သို့ ဝမ်ရှန်း၏ ခြံဝန်းအတွင်းမှ လျင်မြန်စွာ ထွက်ပြေး သွားလိုက်သည်။ မသိလျှင် သူမ နောက်သို့ သားရဲတစ်ကောင်ကောင် လိုက်နေသည့်အလားပင်။
ချင်းဝေ နမ်းသွားသည့် နေရာကို ခပ်ဖွဖွထိကာ ဝမ်ရှန်း၏ မျက်နှာထက်၌ ခြောက်သွေ့သည့် အပြုံးတစ်ခု ဖြစ်ပေါ် လာခဲ့သည်။ ယခုအချိန်တွင် သူသည် ချင်းဝေအပေါ် မည်သည့် ခံစားချက်မျိုးမှ မရှိနေပေ။ ဝမ်ရှန်းသည် အပေးအယူများကိုသာ ကြိုက်နှစ်သက်သည့် လူမျိုးသာ ဖြစ်ပေသည်။
သို့သော် ကိစ္စရပ်များကို အပေါ်ယံသာ ကြည့်၍မရ။ အနည်းဆုံးတော့ ယခုအချိန်တွင် ဝမ်ရှန်းသည် ချင်းဝေ၏ ခွန်အားကို ပိုမိုအတွင်းကျကျ နားလည်သွားပြီ ဖြစ်သည်။ အစပိုင်းတွင် ဝမ်ရှန်းသည် ချင်းဝေအား တတိယအဆင့် ဝိညာဉ်သခင် လောက်ဟုသာ ထင်ခဲ့၏။ သို့သော် သူမ၏အလျင်သည် ဝမ်ရှန်းထက် တစ်ဆ၊ နှစ်ဆခန့် ပိုမို လျင်မြန်နေသည်။ ဤနှုန်းနှင့် ဆိုလျှင် သူမ၏ ဝိညာဉ်အဆင့်သည် အနည်းဆုံး စတုတ္ထအဆင့် သို့မဟုတ် ပဥ္စမအဆင့်ပင် ဖြစ်ချင်ဖြစ် နေနိုင်ပေသည်။
ဤဝူရုံမြို့တွင် ရိုးရှင်းသည့်အရာ ဘာမှမရှိပေ။ ဤနေရာတွင် အင်အားစု အသီးသီးမှ ကျွမ်းကျင်သူများ ရှိကြောင်း မိန်းမစိုးထံမှ သိခဲ့ရသည်။ ချင်းဝေနှင့် မကြာခဏ တွေ့ပြီးနောက်တွင် ဝမ်ရှန်း ထိုအချက်ကို ပိုမိုရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။
……
တစ်လပြည့်ခါနီးတွင် အိမ်တော်ထိန်းမှ နောက်ထပ် ကံကောင်းခြင်း ဆေးပြားနှစ်ပြား ပေးလာခဲ့သည်။ ဤသတ်မှတ်ချက်သည် ယခင်က သဘောတူထားသည့် သတ်မှတ်ချက်ဖြစ်၏။ သို့သော် ယခုတစ်ကြိမ်တွင် ဝမ်ရှန်းဘက်မှ ဘာမှ ထပ်မပြောသောကြောင့် အိမ်တော်ထိန်းသည်လည်း ကံကောင်းခြင်း ဆေးပြားနှစ်ပြားသာ ထပ်ပို့ ပေးလာခဲ့ခြင်းဖြစ်၏။
သို့သော် ဝမ်ရှန်းသည် ထိုဆေးပြားကို မကြိုက်သည်လည်း မဟုတ်။ သူ့ထံတွင် ကံကောင်းခြင်း ဆေးပြား များစွာ ရှိနေပြီ ဖြစ်သော်လည်း ထိုဆေးပြားများသည် ပိုက်ဆံဖြင့် အလွယ်တကူ ဝယ်ယူ၍ မရသည့် ပစ္စည်းကောင်းများ ဖြစ်နေဆဲဖြစ်၏။ အခုချက်ချင်း အသုံးမပြု သေးသော်လည်း နောင်တစ်ချိန်တွင် အခြား ပစ္စည်းကောင်းများဖြင့် လဲလှယ်၍ ရနိုင်ပေသည်။
အင်အားစုများ အားလုံးသည် ဝူရုံမြို့ မြို့အပြင်ဘက်ရှိ ဂျင်ဒီနယ်မြေ တောစပ်နှင့် ကျင့်သားရရန် သူတို့လူများကို စေလွှတ် လေ့ကျင့်စေခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်း သူတို့ကို ဘာမှ ထပ်သင်ပေးစရာ မလိုတော့ပေ။ ထိုလူများကို တောတွင်း အသက်ရှင်နည်း လေ့ကျင့်သင်ကြား ပေးရန်အတွက် ယခု ရက်ပိုင်းအတွင်း မုဆိုးများ၏ ဝင်ငွေသည်လည်း မိုးထိုးမတတ် မြင့်တက်ခဲ့ပေသည်။
ဤသို့ဖြင့် နောက်တစ်လ၏ လအစတွင် ဝမ်ရှန်း မြို့အရှင် စံအိမ်သို့ နောက်တစ်ကြိမ် ထပ်ရောက် လာခဲ့သည်။ ထိုနေရာတွင် ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်မည့် လူ ၁၀ ယောက်ကိုလည်း အသင့်တွေ့လိုက်ရ၏။
ယခုတစ်ကြိမ်တွင် ဤ ၁၀ ယောက်သည်လည်း မတူညီသည့် အင်အားစုများမှ ဖြစ်ကြသည်။ သို့သော် ထိုထဲတွင် တော်ဝင်မိသားစုနှင့် ကိုင်ရွှယ်နန်းတော်မှ လူများ မပါကြောင်းကိုတော့ ဝမ်ရှန်း သိပေသည်။
“မင်းတို့ စည်ကမ်းတွေကို သိလား…”
အဆင်သင့် ဖြစ်နေသည့် ထိုလူများရှေ့ ရပ်ကာ ဝမ်ရှန်း မေးလိုက်သည်။
“သိပါတယ်…”
၁၀ ယောက်လုံး ပြိုင်တူ ဖြေလိုက်၏။
ဝမ်ရှန်း ခေါင်းညိတ် လိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်ကာ စထွက်ရန် ပြင်လိုက်သည့် အချိန်မှာပင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“အထီးကျန်ဝံပုလွေ၊ ငါတို့ အပိုပေးမယ်ဆိုရင် ငါတို့ မေးခွန်းတွေကို ဖြေပေးမလား…”
ထိုမေးခွန်းကို တန်းစီ ရပ်နေသည့် ၁၀ ယောက်ထဲမှ မေးလိုက်ခြင်း မဟုတ်ပေ။ ဘေး၌ ရပ်နေသည့် အဘိုးအို တစ်ယောက်မှ မေးလိုက်ခြင်း ဖြစ်၏။ သူ၏ဝိညာဉ်အဆင့်ကို မမြင်ရသော်လည်း အဆင့်တော့ မနိမ့်လောက်ပေ။ ထို့ပြင် သူသည် မည်သည့် အင်အားစုမှ ဖြစ်သည်ကိုလည်း ဝမ်ရှန်း မသိပေ။
“ဘာပေးချင်လဲ”
ဝမ်ရှန်း သူ့အမေးကို မငြင်းခဲ့ပေ။ မေးခွန်း တစ်ခုသာ ပြန်မေးလိုက်၏။
ထိုမေးခွန်းသည် ကြားလိုက်ရသည့် လူများအားလုံးကို အံ့အားသင့် သွားစေခဲ့သည်။ ကြည့်ရသည်မှာ အားလုံး၏ ခန့်မှန်းချက်သည် မှန်လောက်၏။ နောက်ဆုံးအကြိမ် တော်ဝင်ရတနာ စံအိမ်မှ လင်းအာက ဝမ်ရှန်းအား တန်ကြေးပေးကာ မေးခွန်းနှစ်ခု မေးခဲ့သည့် အချိန်ကတည်းက ဝမ်ရှန်းနှင့် ဆွေးနွေး၍ ရမရဆိုတာကို သူတို့ သိချင်နေကြခြင်း ဖြစ်သည်။ ယခု နောက်ဆုံးတွင် တိကျသည့် အဖြေရလာခဲ့လေပြီ။
“နှလုံးသန့်စင် ဆေးပြားက သာမန် အဆိပ်ဖြေဆေးပြားထက် အဆတစ်ရာ ပိုကောင်းတယ်” ထိုအဘိုးအိုမှ ပြောလိုက်သည်။
“နောက်ဆုံးတစ်ခေါက် မင်း အဆိပ်မြူခိုး တောအုပ်ထဲ ဝင်တုန်းက မင်းဆီမှာ ကျန်နေတဲ့ အဆိပ်တွေက အမြစ်မပြတ် သေးဘူးမလား။ နှလုံးသန့်စင် ဆေးပြားက မင်းခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အဲ့အဆိပ် အကြွင်းအကျန်တွေ အားလုံးကို အမြစ်ပြတ် ရှင်းပေးနိုင်တယ်”
“မေးခွန်း ၁၀ ခု…” အဘိုးဆို စကားမဆုံးခင်မှာပင် ဝမ်ရှန်းမှ –
“ကျွန်တော့်အိမ်ကို ဆေးပြား ယူပြီးလာမေး။ အဲ့ဆေးပြား မရရင်တောင် အဲ့ဆေးပြားနဲ့တူတဲ့ ဆေးပြားဆိုလည်း ရတယ်။ ကျွန်တော် ပြန်ရောက်မှ ဖြေပေးမယ်”
***