Switch Mode

Chapter – 262

ပြောပြလို့ရပါတယ် (၁)

အပိုင်း ၂၆၂
ပြောပြလို့ရပါတယ် (၁)

ထိုနေရာက ဝိညာဉ်အဆင့်ကို လှုံ့ဆော် ပေးနိုင်သည်လား…

ဤသို့ဆိုလျှင် အဓိက အင်အားစုများ ဂျင်ဒီနယ်မြေ အတွင်းသို့ ဝင်ရောက်ရန် အသည်းအသန် ကြိုးစား နေကြသည်မှာ အံ့သြစရာ မရှိတော့ပေ။

ဤကဲ့သို့ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းကို ရှာတွေ့နိုင်မည် ဆိုလျှင် မည်သည့် ဂိုဏ်းဖြစ်စေ၊ မည်သည့် မိသားစုဖြစ်စေ၊ မည်သည့် အင်အားစုဖြစ်စေ အခြားသူများကို လွှမ်းမိုး အုပ်ချုပ်နိုင်ပြီဖြစ်၏။ ထို့ကြောင့် ဤကိစ္စထဲတွင် တော်ဝင် မိသားစုလည်း ဘာလို့ ပါဝင်ချင်ခဲ့တာလဲ ဆိုတာ နားလည်ရန် မခက်ပေ။

သို့သော် မကောင်းဆိုးဝါး အိုကြီးများ လေ့ကျင့် သင်ကြား ပေးနေသည့် တော်ဝင် အဆောက်အဦး၌ တစ်လ သွားနေရပေမည်။ ဝမ်ရှန်း ထိုအကြောင်း တွေးကြည့်ကာ ခေါင်းခါယမ်း လိုက်သည်။ ထိုသို့ဆိုလျှင် သူ ထိုနေရာသို့ သွားခြင်းသည် ကျော့ကွင်းထဲ ကိုယ့်ဘာသာကိုယ် ဝင်ရောက် သွားသည့် သားကောင်နှင့် ကွာခြားတော့မည် မဟုတ်ပေ။ သူတို့သာ လုပ်ချင်သည်ဆိုလျှင် ဝမ်ရှန်းသည် သူ့ကိုယ်သူ ဘယ်လို သေသွားမှန်းပင် သိလိုက်မည် မဟုတ်ချေ။

တော်ဝင် မိသားစုအပေါ် ဖိအားများ ပိုမို ကျရောက်လာစေရန် ဤသတင်း အကြောင်းကို အပြင်သို့ ထုတ်လွှင့်မည်ဟု တွေးမိသော်လည်း ထိုကဲ့သို့ ဖြစ်သွားလျှင် –

“လေ့ကျင့်စဉ်၌ မတော်တဆ သေဆုံးသွားခြင်း” ဟူသည့် အဖြစ်အပျက်မျိုး ဖြစ်သွားသည်ဟု ဆိုလိုက်လျှင် ဝမ်ရှန်းအနေဖြင့် ဘာမှ ပြောစရာမရှိ ဖြစ်သွားပေမည်။

“အရင်ဆုံး ကျွန်တော့်ကို မြို့တော်ထဲမှာ အိမ်တစ်အိမ် အရင် ပြင်ပေးထားလိုက်။ အဲ့ဒါဆို အဲ့အိမ်မှာ အချိန်မရွေး နေလို့ရတာပေါ့”

ဝမ်ရှန်း လိုအပ်သည်များကို ခဏစဉ်းစားကာ တည်တည်ငြိမ်ငြိမ်ဖြင့် တောင်းဆိုလိုက်၏။

“ဟုတ်ပြီ။ တခြားရော ဘာရှိသေးလဲ”

အိမ်တစ်လုံးသာ ဖြစ်သောကြေင့် မိန်းမစိုး ထိုနေရာ၌ ချက်ချင်း ခေါင်းညိတ် လိုက်သည်။ ဝမ်ရှန်း မပြောခဲ့လျှင်လည်း သူသည် ထိုအိမ်ကိစ္စကို သူ့စိတ်ထဲ၌ တွေးထားပြီးသား ဖြစ်၏။ ဝမ်ရှန်းအတွက် ကြီးကျယ် ခမ်းနားသည့် အိမ်တော်တစ်လုံး ပြင်ပေးထားမည် သာမက ထိုထဲတွင် သူသဘောကျသည့် ခြေတံသွယ်သွယ်၊ ရင်သားကြီးကြီး အလှလေးများကိုပါ ထည့်ပေး ထားဦးမည် ဖြစ်သည်။

တစ်ခါတစ်ရံတွင် ဝမ်ရှန်း ကဲ့သို့သော လူငယ်အရွယ်များကို စိတ်ယိမ်းယိုင် သွားအောင် လုပ်နိုင်ပေသည်။ ဝမ်ရှန်းသည် ကိလေသာ ကုန်ခန်းနေသည့် လူတစ်ယောက် မဟုတ်သ၍ ဤကဲ့သို့သော ဆွဲဆောင်မှုမျိုးကို တောင့်ခံနိုင်မည် မဟုတ်ချေ။

“ပဥ္စမအဆင့်အတွက် အပ်စိုက်မှတ် အရေအတွက် အများဆုံးပါတဲ့ ကျင့်စဉ်တစ်ခု”

ထို့နောက် ဝမ်ရှန်းမှ ဆက်ပြောလိုက်သည်။

“နောက်ပြီး အားလည်း ကောင်းရမယ်”

“ဒီလောက် အားကြီးနေပြီကို ခွန်အား တိုးမြှင့်စေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့ လိုသေးလို့လား…”

မိန်းမစိုးမှ ချက်ချင်း ပြန်မဖြေဘဲ ပြန်မေးလိုက်သည်။ အခြား လူများသည် ဝမ်ရှန်း၏ ခွန်အားအကြောင်း သိကြမည် မဟုတ်ပေ၊ သို့သော် သူနှင့် ဟန်ဘင်းလီတို့သည် ဝမ်ရှန်း အဆင့်တက်ပြီးသည့် အချိန်ကို ပထမဆုံး မြင်ခဲ့ရသည့် လူများဖြစ်၏။ ထို့ကြောင့် ဝမ်ရှန်း၏ စွမ်းအားက တကယ်ပဲ မည်မျှ ကြောက်စရာ ကောင်းကြောင်း သူတို့ ကောင်းကောင်းကြီး သိကြပေသည်။

“ကျွန်တော့်အတွက် မဟုတ်ပါဘူး”

ဝမ်ရှန်းသည် ရှက်ကိုး ရှက်ကန်း ဖြစ်ဟန်ဖြင့် လိမ်လည် ပြောလိုက်၏။

“ကျွန်တော့်အတွက် ဆိုရင်ကတော့ လုံလောက်တဲ့ အပ်စိုက်မှတ်တွေ မရှိနေတာက တော်တော်ကို နှမြောစရာ ကောင်းတယ်”

မိန်းမစိုးသည် ဝမ်ရှန်း၏ အပ်စိုက်မှတ် အရေအတွက်က နည်းပါးကြောင်းကိုလည်း သိပေသည်။ ထို့ကြောင့် ဝမ်ရှန်းစကားနှင့် ပတ်သက်ပြီး သူ သံသယ မဖြစ်ခဲ့ပေ။ အစပိုင်းတွင် ဘယ်သူ့ အတွက်လဲ ဆိုတာကို မေးချင်သော်လည်း နောက်ဆုံး၌ မမေးလိုက်တော့ပေ။ တစ်ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ် လိုက်သည်။

“အင်း တစ်မျိုးတော့ ရှိတယ်…”

“တော်ဝင် မိသားစုထဲမှာ ကံကောင်းခြင်း ဆေးပြားထက် အားပိုပြင်းတဲ့ ဆေးပြားမျိုး ရှိလား…”

ဝမ်ရှန်း နောက်ထပ် ထပ်မေးလိုက်သည်။

“ရှိတယ်ဆိုရင် အပေးအယူ အကြီးကြီး လုပ်မယ်။ ဂျင်ဒီနယ်မြေထဲကို ခင်ဗျားတို့ တော်ဝင် မိသားစုချည်းပဲ ခေါ်သွားပေးမယ်”

“တကယ်လား…”

ဝမ်ရှန်း၏ စကားကို ကြားသည်နှင့် မိန်းမစိုးသည် မတ်တပ် ထရပ်ကာ အံ့သြတကြီး မေးလိုက်၏။ လူအချို့သည် အခြားအင်အားစုများ နှင့်အတူ အသင်းအဖွဲ့အဖြစ် သွားကြရသည်။ သို့သော် ယခု ကမ်းလှမ်းချက် ဝမ်ရှန်းသည် တော်ဝင် မိသားစုများမှ လူများနှင့်သာ သွားမည်ဖြစ်၏။ ထိုနှစ်ခုသည် လုံးဝကို ကွာခြားလွန်းကာ မိန်းမစိုး မအံ့သြဘဲ မနေနိုင်ပေ။

“တကယ်လား… ဟုတ်လား”

ဝမ်ရှန်း၏ မျက်လုံးများ တောက်ပသွား၏။ သူသည် ဒီတိုင်း သာမန်ကာလျှံကာ မေးလိုက်ခြင်း ဖြစ်သည်။ ဤကဲ့သို့ အလားအလာများ ရှိသည့် အဖြေမျိုး ရလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော် မိန်းမစိုး၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဤကဲ့သို့သော ပစ္စည်းမျိုးသည် အမှန်တကယ် ရှိနေဟန်ရှိ၏။

“ငါ သွားမေးကြည့် လိုက်မယ်”

ဘာစကားမှ မပြောတော့ဘဲ မိန်းမစိုး တစ်ဖက်သို့ လှည့်ကာ ပြန်ထွက် သွားသည်။ နံရံပေါ်သို့ ခုန်တက်သွားပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ဝမ်ရှန်းသည် ဘာမေးခွန်းမှ ထုတ်ချိန်ပင် မရလိုက်ချေ။

“တကယ်ပါပဲ၊ စိတ်ကို မရှည်ဘူး”

ဝမ်ရှန်း ခေါင်းခါယမ်းကာ ပြောလိုက်သည်။ ထို့နောက် ကျန်တာ ဘာမှ ဆက်မပြောတော့ဘဲ သူ့ဘာသာသူသာ လေ့ကျင့် နေလိုက်၏။

သူသည် လက်ရေးလှနှင့် စာလုံးကိုးလုံး မန္တန်ကိုသာ လေ့ကျင့်နေဆဲ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ လေ့ကျင့်နေရင်း အင်အားစု အသီးသီးတွင် မကောင်းဆိုးဝါး အိုကြီးများ ရှိနေသည့် အကြောင်းကို တွေးမိသွားကာ ရုတ်တရက် အထီးကျန် ဆန်သည်ဟု အနည်းငယ် ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် လေ့ကျင့်နေသည်ကို ရပ်ကာ သူ့အကြောင်းကိုသူ ပြန်စဉ်းစား ကြည့်လိုက်၏။

သူ့ထံတွင် မည်သည့် အားသာချက်များ ရှိသနည်း…

သူ့ကမ္ဘာမြေပေါ်မှ လေ့လာသိရှိခဲ့သည့် သိပ္ပံနည်းပညာ ဗဟုသုတများနှင့် အမျိုးမျိုးသော စွမ်းရည်များအပြင် သူထံတွင် လက်နက် ကိရိယာများ ရှိသေးသည်။ သို့သော် ယခုအချိန်တွင် G ၁၇ ပစ္စတိုသည် ကျည်ကုန် သွားပြီဖြစ်ကာ အသုံးမဝင်တော့။ M ၂၀၀ တွင် ကျည်တစ်ဒါဇင်ကျော် ကျန်သေးသော်လည်း ထိုလက်နက်သည် သာမန် ဝိညာဉ်သခင်များကိုသာ ပစ်ခတ်နိုင်ပြီး အဆင့်မြင့် ဝိညာဉ်သခင်များနှင့် ဆိုလျှင် အသုံးမဝင်တော့ကြောင်း သူ သိပေသည်။

အများဆုံး အနေဖြင့် စနိုက်ပါ သေနတ်သည် စတုတ္ထအဆင့် ဝိညာဉ်သခင်များကို ပစ်ခတ်နိုင်၏။ ယခင်က သိုက်စီရီကဲ့သို့ အဆင့်နှင့် ဝိညာဉ်သခင်မျိုး ဖြစ်သည်။ ပဥ္စမအဆင့် ဝိညာဉ်သခင် ဆိုလျှင်တော့ စနိုက်ပါဖြင့် တစ်ချက်တည်း ပွဲသိမ်းပေး၍ မရနိုင်လောက်ချေ။

သို့သော် ဝမ်ရှန်း၏ လက်ရှိ ခွန်အားနှင့်ဆိုလျှင် သူသည် စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက်နှင့် ရင်ဆိုင်ရန် စနိုက်ပါ သေနတ်ကို အသုံးပြုရန် မလိုတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ရှန်းသည်လည်း ချီဝမ်နဂါး ပြောင်းလဲခြင်း၊ တောက်တိ ပြောင်းလဲခြင်း၊ ပီရှဲ့ ပြောင်းလဲခြင်းနှင့် ပုလောင် ပြောင်းလဲခြင်းတို့ကို အောင်မြင်ခဲ့သည့် ဝိညာဉ်သခင် တစ်ယောက်၊ ဒါ့ပြင် စတုတ္ထအဆင့် ဝိညာဉ်သခင် တစ်ယောက်ဖြစ်သည်။

သို့သော် ဝမ်ရှန်း၏ စတုတ္ထအဆင့် ဝိညာဉ်သခင်အဆင့်မှာ နဂါးသားတော်များကို အဆင့်ဆင့် ပြောင်းလဲရာမှ ရရှိခဲ့ခြင်းဖြစ်၏။ ယခင်က အင်အား ကြီးမားခဲ့သော သိုက်စီရီသည် သူ့ထံတွင် ဤသို့ ပြောင်းလဲမှုများ ရှိခဲ့ပါသလော။

သူ ကောလာဟလ တစ်ခုကို မှတ်မိပေသည်။ သိုက်စီရီသည် သိုက်ဟွမ်၏ နဖူးအတွင်းရှိ ကျည်ကို ထုတ်ကာ ပစ်လွှတ်သည့် အချိန်တွင် သေနတ်မှ ပစ်လိုက်သကဲ့သို့ ပြင်းထန်သည့် အရှိန်ဖြင့် လွှင့်ထွက်သွားကြောင်း ကြားခဲ့သည်။

ထိုအကြောင်း တွေးမိသွားကာ ဝမ်ရှန်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။ ယခုအချိန်တွင် သူသည် သိုက်စီရီထက် ပိုမို ခွန်အားကြီးနေပြီ ဖြစ်သည်။ သိုက်စီရီပင် လုပ်နိုင်သည်ဆိုလျှင် သူလည်း လုပ်နိုင်ရမည် မဟုတ်ပါလား…

ထို့နောက် ဝမ်ရှန်းသည် ဒီတိုင်း ကျောက်တုံးတစ်တုံး ကောက်ယူကာ ကျောက်တုံးကို သူ ငယ်ငယ်က ဂေါ်လီလုံး ကိုင်သကဲ့သို့ ကိုင်ရင်း ပစ်လွှတ်လိုက်သည်။

ဝှီး… ဘုန်း

လေတိုးသံ ထွက်ပေါ်လာကာ ထို့နောက် ကျောက်နံရံကြီးအား ပြင်းထန်စွာ ဆောင့်ရိုက်မိသည့် အသံ ထွက်ပေါ် လာခဲ့သည်။ သူ ပစ်လွှတ်လိုက်သည့် ပြင်းအားသည် ပစ္စတိုတစ်လက်၏ ပြင်းအားထက် ပိုမို ပြင်းထန်သည်ဟု ဝမ်ရှန်း တွေးလိုက်၏။ နံရံပေါ်တွင် လက်သီး အရွယ်အစား ချိုင့်ခွက် တစ်ခုအလား ဖြစ်ပေါ်လျက် ‌ကျောက်တုံးမှာ နစ်ဝင် နေခဲ့သည်။

ဝမ်ရှန်း နံရံနား လျှောက်သွားကာ ထိုချိုင့်ခွက်ကို သေချာဂရုတစိုက် စစ်ဆေး ကြည့်လိုက်သည်။ သူသည် ကြုံရာ ကျောက်ခဲ တစ်လုံးကိုသာ ကောက်ပစ်လိုက်ခြင်း ဖြစ်သည်။ ဤမျှလောက်ထိ အားပြင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ဤကျောက်တုံး နံရံကို မြို့ရိုးများ တည်ဆောက်သည့် ကျောက်တုံးများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အကြမ်းခံမှုမှာ ပြောစရာပင် မလိုပေ။ သို့သော် ယခုချိုင့်ခွက် ဖြစ်ပေါ်စေသည့် ပြင်းအားသည် ရိုင်ဖယ် တစ်လက်၏ ပြင်းအားနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

နံရံအတွင်း စိုက်ဝင်နေသည့် ကျောက်တုံးကို ထိကြည့်လိုက်ရုံနှင့် ကျောက်တုံးသည် ချက်ချင်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားခဲ့၏။ ဤကဲ့သို့ ပြင်းထန်လှသည့် ပစ်အား၏ ပြင်းအားနှင့် နံရံအား ဆောင့်တိုက်ထားသည့် အရှိန်တို့ကြောင့် ထိရုံမျှနှင့် ကြေမွသွားသည်မှာ ပုံမှန်ပင် ဖြစ်သည်။

ဤရလဒ်ကို မြင်ပြီးနောက် ဝမ်ရှန်း အချိန်ဖြုန်း မနေတော့ဘဲ ပန်းပဲဖိုဆိုင်သို့ ချက်ချင်း ထသွားလိုက်သည်။ ပန်းပဲဆရာအား အလေးချိန် ၁၀ ဂရမ်ခန့်ရှိသည့် သံစေ့များ ပြုလုပ်ပေးခိုင်း လိုက်၏။ ထိုအလုံးများသည် ချောမွေ့ နူးညံ့နေစရာ မလို အလုံးပုံစံ ရှိလျှင်ပင် ရပေသည်။

သာမန်ရိုင်ဖယ် ကျည်ဆံများသည် ၇ ဂရမ်၊ ၈ ဂရမ်ခန့်သာ ရှိသည်။ ဝမ်ရှန်း မှာယူခဲ့သည့် ၁၀ ဂရမ် သံလုံးများသည် သူ့အားနှင့် ကိုက်ညီအောင် မှာယူထားခြင်း ဖြစ်သည်။ ထိုကဲ့သို့ဆိုလျှင် အချိန်မရွေး ရိုင်ဖယ်သေနတ်ကို အသုံးပြုသည်နှင့် အတူတူ ဖြစ်သွားပြီဖြစ်၏။

၅၀ မီတာ အတွင်းတွင် ဝမ်ရှန်း၏ သံလုံးများသည် အဆင့်နိမ့် ဝိညာဉ်သခင်များ အတွက် အသက်ကို နုတ်ယူသွားနိုင်သည့် သံလုံးများပင် ဖြစ်၏။ အဆင့်မြင့် မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရသော်ငြား ဤသံလုံးများက အချိန်အနည်းငယ်တော့ ဆွဲပေးနိုင်ပေသည်။ ထိုသံလုံးများသည် သေချာပေါက် ဝမ်ရှန်းနှင့် လိုက်ဖက် ကိုက်ညီသည့် အဝေးပစ် လက်နက်များပင်။

ဝမ်ရှန်းထံ၌ ရှိသည် သိုလှောင်လက်စွပ် သုံးခုတွင် အကြီးဆုံး တစ်ခု၌ စနိုက်ပါ ရိုင်ဖယ်များနှင့် သူ ကမ္ဘာမြေပေါ်မှ ယူဆောင် လာခဲ့သည့် အခြားပစ္စည်း ပစ္စယများ ထည့်ထားသည်။

ထို့အပြင် ဝမ်ရှန်းထံတွင် နေရာ သိပ်မကျယ်သည့် အခြား သိုလှောင်လက်စွပ် နှစ်ခုလည်း ရှိနေသေးပေသည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset